Thursday, July 12, 2012

မြန်မာ မီဒီယာ ဘာလဲ ဘယ်လဲ ဆွေးနွေးပွဲ



ယနေ့ မီဒီယာအကြောင်းဆွေးနွေးပွ္ပဲမှာ ဦးဆောင်ဆွေးနွေးသူများ၊ ချင်းမိုင်း တက္ကသိုလ်၊ ဓာတ်ပုံများ- ဧရာဝတီ

ဒီကနေ့ ချင်းမိုင်းတက္ကသိုလ်ထဲက Social Research Center မှာ လုပ်တဲ့ Burma Now: Accessing The Reforms, Part 3, Evolving Media Landscapes အမည်ရ ဆွေနွေးပွဲမှာ အဓိက ဆွေးနွေးသူများက မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲ မီဒီယာရဲ့ အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးသွားကြပါတယ်။


ဆွေးနွေးပွဲ တက်ရောက်လာကြသူများ
ဆွေးနွေးပွဲမှာ စာပေစိစစ်ရေးကြောင့် ပြည်တွင်း သတင်းမီဒီယာလောက ပွင့်လင်းမှု မရှိသေးတဲ့ အခြေအနေ၊ ဆက်လက် ရုန်းကန်ကြရ အုံးမယ့် အနေအထား၊ ပြည်ပမီဒီယာတွေရဲ့အခန်းကဏ္ဍနဲ့ အခု မီဒီယာလောကမှာ ထည့်သွင်းရမလိုဖြစ် လာတဲ့ ဖေ့စ်ဘုတ် (Facebook) အသုံး တွင်ကျယ်လာမှုတွေကိုလည်း အလွန် စိတ်ဝင်စား ဖွယ် ပြောဆိုသွားကြပါတယ်။



ဦးဆောင်ဆွေးနွေးသူတွေဖြစ်တဲ့ ချင်းမိုင်တက္ကသိုလ်က Dr. Jennifer Leehey က Burma’s Media in the 1990’s and the Media’s Role in Burma’s Democratic Transition၊ ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်က Media Reforms in Burma and the Capacity of Native Journalists in Burma၊ ကရင် သတင်းစင်တာက အယ်ဒီတာ နန်းဖောဂေး က Burma’s Ethnic Media နဲ့ ဖေ့စ်ဘုတ် သုံးစွဲမှု စောင့်ကြည့် သုတေသနပြုနေသူ မမွန်မွန်မြတ်က The Rise and Impact of Social Media in Burma တို့ကို အလွန် စိတ်ဝင်စားဖွယ် ဆွေးနွေး တင်ပြသွားကြပါတယ်။


အမေးအဖြေတွေကလည်း အတော်အသက်ဝင်ပြီး မေးသူနဲ့ ဖြေသူများကြားပါမက ပရိတ်သတ် ၇၀ ကျော်ကို လည်း ဖမ်းစား ခဲ့ပါတယ်။



လယ်သမားတွေ ထွန်တုံးတိုက်ပွဲ စပြီ


မန္တလေးတိုင်း မိထ္တီလာခရိုင် မြို့နယ် ၄ မြို့နယ်ရှိ သိမ်းဆည်းခံ လယ်မြေများ ပြန်ရရေးအတွက် အဆိုပါ လယ်မြေများပေါ်တွင် ၀င်ရောက် ထွန်ယက်မှုများကို ယနေ့မှ စ၍ ၃ ရက်ကြာ ပြုလုပ်မည်ဖြစ်ကြောင်း လယ်သမားများက ပြောသည်။
“ကျနော်တို့ပိုင်တဲ့ လယ်တွေ ပြန်ရဖို့ လုပ်တာပါ။ ထွန် ရှဉ်း ၉ ရှဉ်းနဲ့ တပြိုင်တည်း ထွန်နေကြတာပါ။ အရေးယူခံရမှာ မကြောက်ပါဘူး။ မစိုးရိမ်ပါဘူး။ ကိုယ်ပိုင်တာ ရအောင်လုပ်လို့ ကိုယ့်ဘက်က မှန်တယ်လို့ ထင်တယ်။ သမ္မတကြီး ဆီကိုလည်း လယ်တွေ ပြန်ရရေး စာတင်ထားပါတယ်” ဟု ၀မ်းတွင်းမြို့နယ် အိုးပြွန်ကန် ကျေးရွာမှ လယ်သမား ဦးကျော်ဝင်းက ပြောသည်။
ထိုကဲ့သို့ ဝင်ရောက်ထွန်ယက်ခြင်းကို လယ်သမားများက ထွန်တုံးတိုက်ပွဲဟု အမည်ပေးထားကြောင်း သိရသည်။
ဒေသခံ တောင်သူ ၁၈ ဦးပိုင် လယ်ယာမြေ ဧက ၇၀ ကျော်ကို ကောင်းကင် ကုမ္ပဏီက ကုမ္ပဏီပိုင်မြေအဖြစ် ယမန်နှစ် နိုဝင်ဘာ လက သိမ်းဆည်းခဲ့ကြောင်း၊ လျော်ကြေး တစုံတရာလည်း မရရှိကြောင်း၊ ယခုအခါ အဆိုပါ မြေများ၏ တချို့အစိတ်အပိုင်းများတွင် သရက်ပင်နှင့် သနပ်ခါးပင်များကို စိုက်ပျိုးထားကြောင်း ဦးကျော်ဝင်းက ဆိုသည်။
ထို့အတူ မိထ္ထီလာမြို့နယ်၊ မလှိုင်မြို့နယ်၊ ၀မ်းတွင်းမြို့နယ်နှင့် သာစည်မြို့နယ်များရှိ အဓမ္မ သိမ်းဆည်းခံထားရသော လယ်မြေ ဧက ၃၀၀ နီးပါးတွင်လည်း သိမ်းဆည်းခံ လယ်မြေပြန်ရရေးအတွက် ထွန်ယက် စိုက်ပျိုးမှုများလုပ်နေပြီး တချို့လယ်ယာမြေများမှာ ထွန်ယက်မရသည့်အတွက် မိမိပိုင်မြေအဖြစ် တိုင်စိုက်မှတ်သားမှုများ ပြုလုပ်ကြသည်ဟု လယ်ပိုင်ရှင်များက ပြောသည်။
လယ်ယာမြေ ပြန်လည်ရရှိရေးအတွက် သိမ်းဆည်းခံလယ်မြေများတွင် ၀င်ရောက်ထွန်ယက်မှုများ ပြုလုပ်သည်ကို မြို့နယ်အုပ်ချုပ် ရေးရုံး တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့မှ စောင့်ကြည့်မှုများ၊ ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်း ရိုက်ယူခြင်းများ ပြုလုပ်နေသည်ဟု လယ် သမား များကို ကူညီသူများက ပြောသည်။
“အနှောင့်ယှက်တော့ မပေးပါဘူး။ ကုမ္ပဏီနဲ့ လယ်သမားတွေကြား ညှိနှိုင်းပေးမယ်ဆိုတဲ့ သဘောမျိုး၊ ပြဿနာ မဖြစ်အောင် ထိန်း ထိန်းသိမ်းသိမ်းလုပ်တဲ့ အနေအထားမျိုးပေါ့လေ။ ခရိုင်အုပ်ချုပ်ရေးမှူးကတော့ ဒီကိစ္စကို ဖြေရှင်းပေးပါမယ် ပြောတယ်” ဟု မိထ္တီလာမြို့ ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ဒေါ်မြင့်မြင့်အေးက ပြောသည်။
မလှိုင်မြို့နယ် တပ်ကုန်းအုပ်စု သရက်ခြံကျေးရွာ အမြန်လမ်းမ မိုင်တိုင် ၂၄၇ အနီးရှိ လယ်ယာမြေများကို ရန်ကုန်-မန္တလေး အဝေးပြေးလမ်း ဖောက်လုပ်စဉ်က ခေတ္တသိမ်းယူခြင်းဟုဆိုကာ သိမ်းဆည်းခဲ့ပြီး ယနေ့ချိန်အထိ လယ်ပိုင်ရှင်များ ပြန်လည် ထွန်ယက်ခွင့် မရခဲ့ကြောင်း သူက ဆိုသည်။
“အမြန်လမ်းဖောက်ဖို့ ခေတ္တသိမ်းတယ်ဆိုပြီး ဆောက်လုပ်ရေးဌာနက သိမ်းထားတာ၊ အခုထိ ပြန်မရသေးဘူး။ လယ်ယာမြေ ဥပဒေ အရ တောင်သူတွေ ပြန်ရပိုင်ခွင့်ရှိတဲ့မြေ ဖြစ်တဲ့အကြောင်း၊ သမ္မတဆီ ပြီးခဲ့တဲ့အပတ်က စာတင်ထားတယ်။ သာစည် ဘက်က ဆိုရင်လည်း အသိမ်းခံရတာ နှစ် ၂၀ ကျော်တဲ့ လယ်မြေတွေပါတယ်” ဟုလည်း ဒေါ်မြင့်မြင့်အေးက ပြောသည်။
၎င်းကဆက်၍ “မလှိုင် မြို့နယ်၊ ရွာသစ်နဲ့ မန်ကျည်းကန်ကြားဆိုရင်လည်း ၂၀၀၄ ခုနှစ်ကတည်းက ရွာတဆက်တည်း ဖြစ်အောင် လုပ်ဖို့ တန်ဖိုးနည်း အိမ်ရာ စီမံကိန်း လုပ်မယ်ဆိုပြီး သိမ်းထားတာကို စာသင်ကျောင်းပဲ ဆောက်ထားသေးတယ်။ ကျန်တာဘာမှ မလုပ်ဘူး။ သိမ်းထားတာကြာတော့ လယ်တွေက အခု ပြန်ဖော်နေရတယ်” ဟု ပြောဆိုသည်။
မိတ္ထိလာ မြို့နယ်တွင်သာမက တခြားသော ပြည်နယ်နှင့် တိုင်းတချို့တွင်လည်း အလားတူ လယ်ယာမြေများ သိမ်းဆည်းခံ ထားရသဖြင့် လယ်သမားများက ၎င်းတို့ပိုင် လယ်မြေများအတွင်း ဝင်ရောက်ထွန်ယက်သော ထွန်တုံးတိုက်ပွဲ လှုပ်ရှားမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။
လယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် ဥပဒေပြဌာန်းခဲ့သည့် ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် စီမံကိန်းများအတွက် လယ်မြေများ သိမ်းယူခြင်း၊ လက်ဝါးကြီးအုပ် မြေရှင်စနစ် ကြီးစိုးလာခြင်း၊ မြို့ပြချဲ့ထွင်မှု၊ စက်မှုဇုန်များ ထူထောင်မှု၊ တပ်မြေတိုးချဲ့မှု၊ နိုင်ငံပိုင် စက်ရုံအလုပ်ရုံများနှင့် စိုက်ပျိုးမွေးမြူရေး ပုဂ္ဂလိက ချထားပေးခြင်း ဆောင်ရွက်မှုများတွင် မြေသိမ်းဆည်းမှုများ ဖြစ်ပွားပြီး လယ်ယာမြေ ပိုင်ရှင်များမှာ ထိခိုက်နစ်နာမှုများ ကြုံတွေ့ခဲ့ကြရသည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်နှင့် ပွင့်လင်းမြင်သာမှုများ ရှိလာသည်ဟု ဆိုကြသည်နှင့် အညီ လယ်ယာမြေသိမ်းဆည်းခံ တောင်သူလယ်သမားများ၏ လယ်ယာမြေ ပြန်လည်ရလိုမှု ဆန္ဒထုတ်ဖော်မှုများ၊ လှုပ်ရှားမှုများလည်း ဆက်တိုက် ဆိုသကဲ့သို့ ဖြစ်ပေါ်လာနေသည်။
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့အပါအ၀င် အခြားသော လူမှုရေး၊ ဥပဒေရေးရာ ကျွမ်းကျင်သူများက တောင်သူ လယ်သမားများ၏ အခွင့်အရေးအတွက် ကူညီဆောင်ရွက်မှုများ တိုးမြင့်ပြုလုပ်လာကြပြီး ဧရာဝတီတိုင်း ဇလွန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် အမတ် ဦးတင်ထွတ်ကလည်း လယ်ယာမြေ သိမ်းဆည်းခံထားရခြင်းများကို စုံစမ်းလေ့လာ ဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှု မရှိစေရေး၊ တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရေးတို့အတွက် လက်ရှိကျင်းပနေသော လွှတ်တော်တွင် အဆိုတင်သွင်း မှုများ ပြုလုပ်သည်။
ဇာနည်မာန်

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း တတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ပွဲ







ရွှေဂုံတိုင် တော်ဝင်နှင်းဆီ ငြိမ်းချမ်းခန်းမတွင် ယနေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည့်
ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း၏ တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲနှင့် အလှူရှင်များဂုဏ်ပြုပွဲ အခမ်းအနား မြင်ကွင်းဓာတ်ပုံများ။

ပြည်ထောင်စု အနာဂတ် အတွက် တိုင်းရင်းသားများ စည်းလုံးစို့... နေမျိုးဇင်




 
မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှ ညှိနှိုင်း ဆောင်ရွက်ရေး တာဝန်သိသူ ကိုနေမျိုးဇင်သည် ကချင်ပြည်နယ်မှ ငြိမ်းချမ်းရေး ဖေါ်ဆောင်ကြိုးပမ်းသူ ကချင် လူငယ်အဖွဲ့ တဖွဲ့ဧ။် ဖိတ်ကြားချက်အရ အခြားသော ငြိမ်းချမ်းရေး လှုပ်ရှားသူ အဖွဲ့ ၆ ဖွဲ့နှင့် အတူကချင်ပြည်နယ်သို့သွားရောက်ခဲ့ပါသည်။ကျနော်က လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း ၊ ဦးရဲလွင်တို့ အဖွဲ့မှာလည်း ငြိမ်းချမ်းရေးစစ်ဘေးသင့် ပြည်သူများကူညီရေး ရန်ပုံငွေ ရှာဖွေဖျော်ဖြေတဲ့ပွဲ တွေမှာလည်း ပါဝင်ခဲ့ပါတယ်။ ပန်းရဲ့ လမ်း အဖွဲ့ဝင်လည်း ဖြစ် မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှာလည်း ပါဝင်လုပ်ဆောင်နေသူဖြစ်ပါတယ်။

    • အခု ကျနော် သွားခဲ့တဲ့ ခရီးစဉ် ကိုးရက်ကြာ အတွင်း နိုင်ငံ့ ရှေ့ရေးနဲ့ ပတ်သက်ပြီး အလွန် အရေးကြီးတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဟာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မရှိမဖြစ် ကဏ္ဍမှာ တည်ရှိကြောင်း လေ့လာသိရှိခဲ့ရပါတယ်။

      ကချင်လူငယ် ငြိမ်းချမ်းရေး ကွန်ယက်တခုက ဦးဆောင်ပြီး ကျနော်တို့ကို ဖိတ်ခေါ်လို့ ကျနော်လည်း တခါ မှ မရောက်ဖူးတဲ့ မူဆယ် မြို့ကနေ တရုတ်နိုင်ငံထဲထိ လည်ပတ် လေ့လာခွင့်ရခဲ့ပါတယ်။ ကျနော့် ဘ၀ အတွက်တော့ ဒီ ခရီးစဉ်ဟာ ပထမဆုံးပါ။ ရှမ်းပြည်ဆို နောင်ချိုမြို့ကို လွန်ခဲ့တဲ့ ငါးနှစ်လောက်က တခါပဲ ရောက်ခဲ့ဖူးပါတယ်။ အခုတော့ မိတ်ဆွေများ ကောင်းမှုနဲ့ ကျနော်ဟာ တရုတ်ပြည် ရွှေလီ( သူတို့အခေါ် ရွေလီ) နဲ့ ယန်ကျန်း မြို့တွေ တခြား နယ်မြို့တွေကို ကားနဲ့ ငါးနာရီလောက် ဖြတ်သန်းမောင်းနှင်သွားတဲ့ ခရီးကို သွားရပါတယ်။

      တရုတ်နိုင်ငံ ကြယ်ခေါင် အ၀င်ဂိတ်တွင် ဇူလိုင်လ ငါးရက်နေ့က အမှတ်တရ

      မြန်မာဘက်ခြမ်း မူဆယ် လောက် ရောက်ရင်ကိုပဲ နယ်စပ်နဲ့နီးလာတဲ့ တိုးတက်မှု ခေတ်မှီမှုနဲ့ တရုတ် ဘာသာ ကြီးစိုးနေမှုတွေကို သိသိသာသာ တွေ့လာရပါတယ်။ နေရာ တကာ တရုတ် လုပ် ပစည်းတွေ ချည်း လွှမ်းမိုးထားပါတယ်။

      ဒါပေမယ့် နယ်စပ် ကူးမယ့် ဂိတ်ကြီးလည်း ရောက်ရော အရမ်းကို ကြေကွဲဝမ်းနည်းရလောက် အောင် တရုတ်တွေ ဘက်က ခမ်းနားကြီးကျယ်စွာ အဆောက်အဦးတွေ စီတန်း စနစ်ကျနစွာ တည်ရှိနေတာကို ဓါတ်ပုံပါ အတိုင်း မြင်လိုက်ရတော့ နေရာတကာ အမှိုက်တွေ ဓါတ်ကြိုးတွေနဲ့ ကွမ်းတံတွေးတွေ ပွရှုပ်နေတဲ့ အမိမြန်မာပြည်က မြို့တွေ၊ အထူး သဖြင့် ရန်ကုန်ကို ရမ်းရော် မှန်းမျှော် ၀မ်းနည်း မိပါတယ်။ ကျနော်တို့ နိုင်ငံဟာ အချင်းချင်း စစ်တွေဖြစ်၊ နိုင်ငံသားချင်း အတင်း ဖိနှိပ်အုပ်ချုပ် ရက်စက်ခဲ့တဲ့ စစ်အုပ်ချုပ်ရေး စနစ်အောက်မှာ ပြားပြားမှောက်ရင်း တိုင်းပြည် အခုလို သိပ်ဆင်းရဲ နောက်ကျ ကျန်ခဲ့ပါလား ဆိုတဲ့ အတွေး တစ က တရုတ်နယ် ခြေ အချမှာပဲ တ၀ဲလည်လည်ပါ။

      ဘတ်စ်ကားပဲ စီးစီး ကိုယ်ပိုင်ကားပဲ မောင်းမောင်း အမြဲ ခါးနာလောက်အောင် ချိုင့်ခွက်တွေ လမ်းပျက်တွေ ပြည့်နေတဲ့ မြန်မာ့ အမြဲဖါ လမ်းမ များနဲ့ တရုတ်ပြည်က ဖြူးဖြောင့်ရှင်းလင်း သပ်ရပ်ညီညာလှပ ချောမွေ့နေတဲ့ လမ်းတွေကတော့ တကယ့်ကို တခြားစီပါပဲ။ လမ်းခင်းတဲ့ အင်ဂျင်နီယာတွေ လမ်းခင်းပညာ မတတ်လို့လား သို့မဟုတ် ခေတ်ကိုက အပြိုင်အဆိုင် ပြည်သူ့ဘဏ္ဍာ ဒို့ ဘဏ္ဍာဆိုပြီး ဘုန်းခဲ့ ကြလို့ တနိုင်ငံလုံး လမ်းပီသ တဲ့ လမ်းတွေ မရှိခဲ့တာလား ဆိုတာကို ငြိမ့်ညောင်းလှတဲ့ တရုတ်လုပ် ကားပေါ်မှာ စီးရင်း ကိုယ့် အမိမြေကိုပဲ ရမ်းရော်ပုံဖေါ်ခဲ့မိပါတယ်။



      တရုတ်နိုင်ငံ ကြယ်ခေါင်၊ ရွှေလီနဲ့ ယန်ကျန်းမြို့တွေဖြတ်ပြီး မြန်မာနိုင်ငံ ကချင် တိုင်းရင်းသားများ နေထိုင်ရာ ဒေသ ဖြစ်တဲ့ လိုင်ဇာမြို့ကို ငါးနာရီလောက် ကားစီးခဲ့ရပါတယ်။ ငြိမ့်ညောင်းလှတဲ့ ကားနဲ့ ချောမွတ်နေတဲ့ တောင်ပတ်လမ်းတွေကို အရှိန်ပြင်းပြင်း မောင်းနှင်တာတောင် ကား တချက် မခုန်ပါ။ ကျနော် တိုင်းတပါး တရုတ်ပြည်က တိုးတက်မှုတွေကိုတော့ အားကျပါတယ်။ ဒါပေမယ့် အမိပြည်ထောင်စု မြန်မာနိုင်ငံကနေ ဂုတ်သွေးစုပ်နေတဲ့ စီးပွားရေး စနစ်နဲ့ နိုင်ငံရေး အရ စီးပိုးချယ်လှယ်မှုတွေကိုတော့ လုံးလုံး သဘောမကျပါ။

      ဒါနဲ့ပဲ ကချင် ကေအိုင်အို ထိန်းချုပ်ရာ လိုင်ဇာမြို့ဆီ ရောက်ခဲ့ပါတယ်။

      ကချင် ဒေသ လည်း ရောက်ရော စစ်ဘေးဒါဏ်ကြောင့် အတိ ဆင်းရဲ ဒုက္ခ္ခ္ခရောက်နေကြတာကို တွေ့ရတော့ ရင်ဆို့မတတ် ၀မ်းနည်းမိပါတယ်။ သနားစရာ ကလေးသူငယ်လေးတွေ ၊ ဖခင်မဲ့နေတဲ့ ကလေးတွေ၊ စားစရာချို့ငဲ့စွာနဲ့ ငရုတ်သီးစိမ်းကို ဟင်း အဖြစ် တို့စားနေရတာလေးတွေ တွေ့ပြီးတဲ့ နောက် ကျနော်ဟာ စစ် ဆိုတာကို အတော်လေး ရွံရှာလာမိပါတော့တယ်။

      ပိုပြီး စိတ်မကောင်းဖြစ်စရာ အဖြစ် ကချင် ကလေးသူငယ် လူမှန်းသိတတ်စ ကိုးနှစ်ဆယ်နှစ်သား လေးတွေဟာ ဗမာ ဆိုရင် ခါးခါးသည်းသည်း မုန်းတည်းနာကျည်းနေတာပါပဲ သူတို့ အဖေကို ဗမာ သတ်တယ်။ သူတို့ ယာကို ဗမာဖျက်တယ်။ သူတို့ ကျွဲနွားကို ဗမာသိမ်းသွားတယ်။ သူတို့ အခုလို တောထဲ တောင်ထဲမှာ ပုန်းအောင်းနေရတာဟာ ဗမာစစ်တပ်က သူတို့ကို လိုက်သတ်နေလို့ ဆိုတဲ့ အမြင်လေးတွေ ကြားရတော့ မြေပြန့်သား ဗမာ ကျနော်တို့တွေ လွန်စွာ စိတ်မကောင်းဖြစ်ရပါတော့တယ်။ လက်ရှိ တိုင်းရင်းသား ဒေသတွေမှာ ထိုးစစ်ဆင်နေတာတွေ၊ တိုင်းရင်းသား တပ်ဖွဲ့ အချင်းချင်း ရက်စက်စွာ အပြန်အလှန် သတ်ဖြတ်နေကြတာတွေ၊ စတဲ့ ပြည်တွင်းစစ်မီး တောက်လောင်နေမှု အတွက် ဗမာမြေပြန့်သား အရပ်သူ အရပ်သားတွေထဲမှာ ၉၉ ရာခိုင်နှုန်းက မနှစ်သက် မထောက်ခံဘူး လို့ ဆိုနိုင်ပါတယ်။ ဘယ်သူ ဘယ်ဘက်က လွန်တယ်၊ ရက်စက်တယ်လို့တော့ မဝေဖန်လိုပေမယ့် ။ အင်အားကြီးသူက အငသက်ညှာစွာနဲ့ ပြည်ထောင်စု အနာဂတ် အရေးအတွက် ရင့်ကျက်တဲ့ အမြော်အမြင်ဆင်ခြင်တုံ တရားနဲ့ ပြုကျင့်သင့်တယ်ဆိုတာကိုတော့ ပြည်သူတိုင်းက သိကြပါတယ်။ ဖြစ်စေချင်ကြပါတယ်။

      ဖြစ်သလို ဆောက်လုပ်ထားတဲ့ ၀ါးတဲတွေမှာ ယာယီ ရွက်ဖျင်တဲ ကြီးတွေမှာ မိသားစုလိုက် ပြွတ်သိပ်ကျပ်စွာ နေထိုင်စားသောက်ရင်း ကူညီစောင့်ရှောက်ပေးကမ်းမယ့် သူကို မျှော်နေရတဲ့သူတို့ ဘ၀ ဟာ တနှစ်ကျော်လာခဲ့ပါပြီ။

      ငြိမ်းချမ်းရေး ရဲ့ အရိပ်အယောင်ကိုတောင် သူတို့ မမြင်ရသေးပါ။

      ကျနော်တို့ ပြည်ထောင်စု မြေပြန့်သားတွေ အနေနဲ့ တောင်ပေါ်ဒေသ နယ်စပ်တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပွားနေတဲ့ လူမျိုးရေး မုန်းတီးမှုကြီးထွားစေတဲ့ အခုလို ပြည်တွင်း စစ်တွေကို ပြည်ထောင်စုကြီး ရေရှည်တည်တံ့ ငြိမ်းချမ်းရေး အတွက် ရှေးရှုသော ရင့်ကျက်တဲ့ အမြင်တွေနဲ့လူမျိုးရေး ကို အခြေခံတဲ့ အမုန်းတရားတွေ မဖြစ်စေဖို့ ၀ိုင်းဝန်းထိန်းသိမ်း ကြရမှာဖြစ်တယ်။ ဒါမှသာ ပြည်ထောင်စု ရေရှည် တည်တံ့ခိုင်မြဲပြီး တိုင်းရင်းသားတိုင်း တန်းတူညီမျှတဲ့ အခြေခံ ရပိုင်ခွင့်တွေ နဲ့ မျှတသော အခွင့်အရေးအသိအမှတ်ပြုမှု ဥပဒေတွေ ပေါ်ထွက်လာအောင် လွှတ်တော်တွင်းပြင် လှုပ်ရှားမှုတွေနဲ့ တည်ဆောက်ရမှာဖြစ်သလို၊ အပြင်ပ လက်တွေ့ဆက်ဆံရေး ယဉ်ကျေးမှုတွေအားဖြင့်လည်း တိုင်းရင်းသားအချင်းချင်း အပြန်အလှန် နားလည်မှုနဲ့ ယိုင်းပင်း ယုံကြည်စိတ်တွေ ခိုင်မြဲလာအောင် နွေးထွေးလှိုက်လှဲမှုနဲ့ ဖေးမ ကူညီစောင့်ရှောက် လက်တွဲကူညီ ကာကွယ်မှုတွေကို ကျနော်တို့လို မြေပြန့်သားတွေက စူးစိုက် လုပ်ဆောင်သင့်တဲ့ အချိန်လည်းဖြစ်ပါတယ်။

      ယခု ကျနော် တင်ပြတဲ့ ဓါတ်ပုံ ၊ ဗီဒီယိုဖိုင်တွေဟာ ပြီးခဲ့ ရက်ပိုင်းအတွင်းက တွေ့ဆုံ မှတ်တမ်းတင်လာတဲ့ တိုင်းရင်းသား လက်တွေ့ဘ၀ တွေဖြစ်ပါတယ်။ နှလုံးသားဖြင့် စူးစိုက်ပြီး ပြည်ထောင်စု စိတ်ထားဖြင့် မြန်မာနိုင်ငံသား အားလုံး တန်းတူညီမျှ ပါဝင် တည်ထောင်ကြိုးပမ်းမှ တိုးတက်လာမည်ဖြစ်သော မြန်မာ့ အနာဂတ် အရေး အတွက် တတ်နိုင်သည့်ဘက်မှ အားလုံး ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ပါကြောင်း ကူညီကြရန် မေတ္တာရှေ့ ထားပြီး ကျွန်တော်ဆီသို့ ဆက်သွယ်ကြရန် အထူးတင်ပြအပ်ပါသည်။ဂျိမ်းဖောမြေ ကချင်ဒေသသို့ နောက်တစ်ခေါက် သွားရောက်ရန် အစီစဉ်ရှိပါသဖြင့် မိမိတို့ တတ်နိုင်သမျှ အလှူများအရေးပေါ်လိုအပ်နေပါကြောင်း တင်ပြလိုက်ရပါသည်။ကချင်ဒေသ အတွက် တတ်နိုင်တဲ့ အကူအညီအားလုံး လိုအပ်နေပါတယ်။ ကျနော် ဖုန်းနံပတ်ကတော့ ၀၉၄၉၃၂၈၅၅၉ ဖြစ်ပါတယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ
       အားလုံးကို လေးစားလျက်
       နေမျိုးဇင်



မြန်မာစာ မြန်မာစကား

Myanmar Sar Myanmar Sarkar

အာဇာနည်နေ့..ဒို့မမေ့




အာဇာနည်နေ့..ဒို့မမေ့

နှစ်တွေဘယ်လိုဟောင်းဟောင်း
ခေတ်တွေဘယ်လိုပြောင်းပြောင်း
မဟောင်းနိုင် မပြောင်းနိုင်တာက
အာဇာနည်နေ့…။

အာဇာနည်နေ့ ဒို့မမေ့
အာဇာနည်စိတ်ဓါတ် ဒို့စိတ်ထဲမှာစွဲကပ်
အာဇာနည်သွေး ဒို့ခန္ဓာကိုယ်မှာမွေး
အာဇာနည်သတ္တိ ဒို့စိတ်ထဲမှာ အမြဲရှိ။

တက္ကသိုလ်ဘုန်းကြွယ်
(ဇူလိုင် ၁၁ ၂၀၁၂)

Who Kill Aung San? ဗိုလ်ချုပ်ကို ဘယ်သူ လုပ်ကြံသတ်ဖြတ်သလဲ?


Who Kill Aung San?
ဗိုလ်ချုပ်ကို ဘယ်သူ လုပ်ကြံသတ်ဖြတ်သလဲ?

ကျနော်တို့ကျောင်းမှာငယ်ငယ်က သင်ခဲ့ရသလို ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်များကို ဦးစော နဲ့ အပေါင်းပါများက လုပ်ကြံခဲ့ပါတယ်ဆိုတဲ့ စာတွေ့သမိုင်းကိုပဲသင်ဖူးခဲ့ပါတယ်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်ကျော်ဇောကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်များကို အင်္ဂလိပ်တွေကပဲ လုပ်ကြံသတ်ဖြတ်တယ်လို့ သမိုင်းမှတ်ချက်ချပါတယ်။

နိုင်ငံလွတ်လပ်ရေးကြိုးဖမ်းခဲ့ကြစဉ်မှာ အာဇာနည်ပေါင်းမြောက်များစွာ အသက်ပေးစတေးခဲ့ကြရပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်များကျဆုံးရတာတော့ သပ်လျှိုသွေးခွဲ ဒလံလုပ်ခံသူ မျက်ကမ်းမျိုးချစ်တွေရယ် နယ်ချဲ့ထောက်လှမ်းရေးမှုးတွေကပဲ လျှို့ဝှက်လုပ်ကြံတာခံလိုက်ရ တာဖြစ်ပါတယ်။ အထောက်အထားတွေကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်များကျဆုံးရမှုကို လိုက်လံစုံစမ်းသူ လန်ဒန်ကရှေ့နေကြီး နဲ့ ရန်ကုန်က အိုင်စီအက်စ် ဦးတင်ထွဋ် တို့ အဖြောင်ခံလိုက်ရတာတွေဟာ လုပ်ကြံခံရမှု ကွင်းဆက်တွေပြတ်သွားစေပါတယ်

မေးခွန်းတွေ မြောက်များစွာကျန်ရစ်ခဲ့ပါတယ်။ မကြာခင်ကျရောက်တော့မဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ ဂျူလိုင် ၁၉ရက်ဟာ နီးကပ်လာပြီမို့ မြန်မာ့လွတ်လပ်ရေးအာဇာနည်များကို တသလွမ်းဆွတ်မိပါတယ်။ တသတယ်ဆိုတာထက် ယူကျုံးမရဖြစ်ရတာပါ။ ကျနော်တို့နိုင်ငံလွတ်လပ်ရေးမရခင်ကလေးဖြစ်တဲ့ မြန်မာ ခေတ်သစ် ရာဇ၀င်သစ်တခုမစခင် လက်မတင်လေးမှာပဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်များကျဆုံးခဲ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်များ သွေးစွန်းခဲ့ရတဲ့ အဖြစ် ဇစ်မြစ်ကို လိုက်ချင်တယ် ဗဟုသုတရချင်တယ် သမိုင်းသိချင်တယ် ဆိုရင်ဖြင့် ဘီဘီစီက ၁၉၉၇ မှာ ထုတ်လွှင့်ခဲ့ဖူးတဲ့ မှတ်တမ်းအစီအစဉ် ငါးပိုင်းကို ကြည့်ရှူ့ကြပါလို့တိုက်တွန်းလိုပါတယ်။

၁)http://www.youtube.com/watch?v=N003jRV75kc&feature=player_embedded
၂) http://www.youtube.com/watch?v=0EP-3-wTBj8&feature=player_embedded
၃) http://www.youtube.com/watch?v=39jnsh0LyNg&feature=player_embedded
၎) http://www.youtube.com/watch?v=LvLBHhlkeA0&feature=player_embedded
၅) http://www.youtube.com/watch?v=r3huRoNnq2A&feature=player_embedded

အာဇာနည် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်အပေါင်း ကောင်းရာသုဂတိလားပါစေ။

အိုင်စီအက်စ် ဦးတင်ထွဋ် ဆိုတာဘယ်သူလဲ သူ့ကိုယ်ရေး သမိုင်းအထောက်အထား ဝက်ဘ်ပေ့ခ်ျလင့်ခ်
http://wikimyanmar.co.cc/wiki/index.php?title=%E1%80%A1%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%85%E1%80%AE%E1%80%A1%E1%80%80%E1%80%B9%E1%80%85%E1%80%B9_%E1%80%A6%E1%80%B8%E1%80%90%E1%80%84%E1%80%B9%E1%80%91%E1%80%BC%E1%80%8B%E1%80%B9

ကိုကြည့်ရှုကြပါကုန်။

အိုင်စီအက်စ် ဦးတင်ထွဋ်

ဦးတင်ထွဋ်သည် ကိုလိုနီခေတ်အတွင်း မြန်မာ တိုင်းရင်းသားများထဲမှ အိန္ဒိယ ပဋိညာဉ်ခံဝန်ထမ်း (အိုင်စီအက်စ်) အဖြစ် ပထမဆုံး ရွေးချယ်ခန့်ထားခဲ့ရသူ ဖြစ်သည်။ အုပ်ချုပ်ရေး စာရင်းအင်းနှင့် ဥပဒေ ပညာရပ်များကို အင်္ဂလန်တက္ကသိုလ်တွင် လေ့လာဆည်းပူးခဲ့၍ အထူးချွန်ဆုံး ဝန်ထမ်းတစ်ဦး ဖြစ်သည်။ ၁၉၄၁ ခုနှစ်တွင် ဒိုမေနီယန် အုပ်ချုပ်ရေး တောင်းရန် အင်္ဂလန်သို့ သွားသည့် နန်းရင်းဝန် ဦးစော၏ အကြံပေးအဖြစ် တာဝန်ယူခဲ့ရသည်။ ဒုတိယကမ္ဘာစစ် အပြီး အိုင်စီအက်စ် ဝန်ထမ်းဘဝမှ နုတ်ထွက်၍ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရ လက်ထက်၌ ဘဏ္ဍာရေး ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ မြန်မာ့ လွတ်လပ်ရေး အတွက် နောက်ဆုံး နှလုံးရည်တိုက်ပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ ဦးဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

၁၈၉၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြင်းခြံမြို့၌ ဖွားသည်။ အဖ အရေးပိုင် ဦးဖိန်း (ကေအက်စ်အမ်၊ အေတီအမ်)နှင့် အမိ ဒေါ်မိမိ တို့ဖြစ်သည်။ မွေးချင်း ခုနစ်ယောက်တွင် သားအကြီးဆုံး ဖြစ်သည်။ ညီအစ်ကို ၄ ဦးစလုံး အင်္ဂလန်မှ ဘားအက်လော (Barat-Law) ဝတ်လုံဘွဲ့များရ၍ ထူးချွန်ထက်မြက် ထင်ရှားသူများ ဖြစ်ကြသည်။

ရန်ကုန် စိန့်ပေါလ် အထက်တန်းကျောင်း၊ အစိုးရ အထက်တန်းကျောင်း ပဲခူး အစိုးရ အထက်တန်းကျောင်း၊ ရန်ကုန် ကောလိပ်တို့တွင် ပညာသင်ခဲ့သည်။ ရန်ကုန်ကောလိပ်တွင် လပိုင်းမျှသာ နေ၍ ၁၉၁၁ ခုနှစ်တွင် အင်္ဂလန် ဂျူးဝစ် ကောလိပ်၊ ၁၉၁၄ ခုနှစ်တွင် ကိန်းဘရစ် တက္ကသိုလ် ကွင်းန်ကောလိပ်၊ ၁၉၁၄ ခုနှစ်တွင် အိုင်ယာလန် ဒဗ္ဗလင် ထရီနတီ ကောလိပ်တို့တွင် ဆက်လက် ပညာသင်သည်။ ၁၉၁၅ ခုနှစ်တွင် မက်ခ်သစ်ထရစ်ပို စာမေးပွဲ၊ ၁၉၁၇ ခုနှစ်တွင် အီကောနောမစ်ထရစ်ပို စာမေးပွဲများ အောင်သည်။ ၁၉၁၆ ခုနှစ်တွင် အင်္ဂလိပ် အက်ဆေးပြိုင်ပွဲ၌ ဟူးစ်ပရိုက်ဆု ရသည်။ ၁၉၁၇ ခုနှစ်တွင် ကိန်းဘရစ် တက္ကသိုလ်မှ ဘီအေဘွဲ့ကို သင်္ချာ၊ ဘောဂဗေဒ ဂုဏ်ထူးတို့ဖြင့် ရရှိသည်။ ၁၉၂ဝ ပြည့်နှစ်တွင် ဒဗ္ဗလင် ထရီနတီကောလိပ်မှ ဘီအေ (တီ၊ စီ၊ ဒီ) နှင့် အမ်အေဘွဲ့များ ရသည်။ ၁၉၂၁ ခုနှစ်တွင် အင်္ဂလန် မစ်ဒယ်တန်ပယ်လ် ဥပဒေကျောင်းမှ ဘရစ်စတာ (Barrister at Law) ဝတ်လုံဘွဲ့ ရသည်။

အင်္ဂလန်တွင် ပညာ သင်ကြားနေစဉ် အားကစား၌ ထူးချွန် ထင်ရှားသည်။ ဂျူးဝစ်ကောလိပ် ရတ်ဘီ အားကစား လက်ရွေးစင်၊ ပတ်ဘလစ်စကူး လက်ဝှေ့ ချန်ပီယံ၊ ကိန်းဘရစ် တက္ကသိုလ် ရတ်ဘီ ခေါင်းဆောင်နှင့် လှေလှော်အသင်း ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရသည်။

၁၉၁၇ ခုနှစ်တွင် မြန်မာ တိုင်းရင်းသားများထဲမှ အိန္ဒိယ စစ်တပ် ကော်မရှင် အရာရှိ ၄ ဦးတွင် တစ်ဦး အဖြစ် ခန့်အပ်ခံရသည်။ ၁၉၁၉ ခုနှစ်တွင် မြန်မာ တိုင်းရင်းသားများထဲမှ ပထမဆုံး အိုင်စီအက်စ် ဝန်ထမ်း အဖြစ် ရွေးချယ်ခံရကာ ၁၉၁၉-၂၁ ခုနှစ်တွင် အောက်စဖို့ဒ် တက္ကသိုလ်၌ အလုပ်သင် အဖြစ် ပညာသင်ခဲ့သည်။

၁၉၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်တွင် မြန်မာပြည်သို့ ပြန်ရောက်သည်။ ၁၉၂၂ ခုနှစ်တွင် ပဲခူးတိုင်း ကမာစဲမှ ဦးဘိုးမင်း၏ သမီး မသန်းတင်နှင့် လက်ထပ်သည်။ ၁၉၂၂ ခုနှစ်တွင် ပဲခူးဝန်ထောက်၊ ၁၉၂၄ ခုနှစ်တွင် သစ်တောဌာန အတွင်းဝန်ထောက်၊ သစ်တော ကော်မတီ အတွင်းရေးမှူး၊ ၁၉၂၅ ခုနှစ်တွင် ဘဏ္ဍာရေးဌာန အတွင်းဝန်ထောက်၊ ၁၉၂၆ ခုနှစ်တွင် အခွန်တော်နှင့် သဿမေဓ စုံစမ်းရေး ကော်မတီ အတွင်းရေးမှူး၊ ၁၉၂၇ ခုနှစ်တွင် သမဝါယမ တွဲဖက် ရီဇစ္စတြာ ဝန်ထောက် အဖြစ် ဆောင်ရွက်သည်။ ၁၉၂၈ ခုနှစ်၊ ဧပြီလ ၁ဝ ရက်မှ ၁၉၃၃ ခုနှစ်၊ ဧပြီ ၁၇ ရက် အထိ ဒေလီမြို့နှင့် ဆင်းမလားမြို့တို့တွင် အိန္ဒိယ အစိုးရ စက်မှုနှင့် အလုပ်သမားဌာန အတွင်းဝန်ထောက်၊ ဒုတိယအတွင်းဝန်၊ တွဲဖက်အတွင်းဝန် အဖြစ် အမှုထမ်းခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် ပြည်အရေးပိုင်၊ ၁၉၃၅ ခုနှစ်တွင် အတွင်းဝန်ရုံး ဘဏ္ဍာရေးဌာန ဒုတိယအတွင်းဝန်၊ ၁၉၄၁ ခုနှစ်တွင် ဝန်ကြီးချုပ်၏ အတွင်းဝန် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၃၉ ခုနှစ်မှ ၁၉၄၂ ခုနှစ်တိုင် ရန်ကုန်တက္ကသိုလ် အဓိပတိ အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၄၁ ခုနှစ်၊ အောက်တိုဘာလတွင် နန်းရင်းဝန် ဦးစော (ဂဠုန်ဦးစော) နှင့် အင်္ဂလန်သို့ လိုက်ပါ၍ အကြံပေး အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ဆင်းမလားရှိ မြန်မာပြည်ပြေး ဒေါ်မန်စမစ် အစိုးရ၏ အကြံပေး၊ ၁၉၄၅ ခုနှစ်၊ ကန္နီဆွေးနွေးပွဲ အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့သည်။ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဗြိတိသျှ အစိုးရ၏ အော်ဒါအော့ဖ် ဗြိတိသျှ အင်ပါယာဘွဲ့ (အိုဘီအီး) ချီးမြှင့်ခဲ့ရသည်။ ၁၉၄၆ ခုနှစ်တွင် အိုင်စီအက်စ် ဝန်ထမ်းဘဝမှ နုတ်ထွက်၍ The Burmese Review (သည်ဘားမိစ် ရီဗျူး)၊ New Time of Burma (နယူးတိုင်းမ်အော့ဖ် ဘားမား) သတင်းစာများကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သည်။ လန်ဒန်တိုင်း သတင်းစာ၏ အထူးသတင်းထောက် အဖြစ်လည်း ဆောင်ရွက်၍ မြန်မာပြည်နှင့် ပတ်သက်သော သတင်းနှင့် ဆောင်းပါးများ ရေးသားခဲ့သည်။

၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရ အဖွဲ့၌ ဘုရင်ခံခန့် ဝန်ကြီး၊ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလတွင် အောင်ဆန်း အက်တလီ စာချုပ် ချုပ်ဆိုရေး မြန်မာ ကိုယ်စားလှယ် အဖွဲ့ဝင်၊ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပင်လုံစာချုပ် ချုပ်ဆိုရေး မြန်မာကိုယ်စားလှယ်၊ ရီးဝီလျံ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သော နယ်ခြားဒေသ စုံစမ်းရေး ကော်မတီ အဖွဲ့ဝင်၊ ၁၉၄၇ ခုနှစ်၊ ဧပြီလတွင် တိုင်းပြုပြည်ပြု လွှတ်တော် (ဟင်္သာတခရိုင်) အမတ်၊ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီ အဖွဲ့ဝင်၊ အခြေခံဥပဒေ အချောကိုင် ကော်မတီ အဖွဲ့ဝင်၊ ၁၉၄၇ ခုနှစ်၊ ဇွန်လတွင် အင်္ဂလန်သွား မြန်မာ ချစ်ကြည်ရေး အဖွဲ့ဝင်၊ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်တွင် လန်ဒန် မြန်မာပြည်ဆိုင်ရာ ကော်မရှင်နာ မင်းကြီး၊ ၁၉၄၇ ခုနှစ်၊ အောက်တိုဘာလတွင် သခင်နု (ဦးနု) ဦးဆောင်သော ကြားဖြတ်အစိုးရ ဘဏ္ဍာရေး ဝန်ကြီး၊ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရ၏ နိုင်ငံခြားရေး ဝန်ကြီး၊ ၁၉၄၈ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်တွင် မြန်မာ့ အရန်တပ်မတော် တပ်မင်းကြီး တာဝန်များကို ယူခဲ့သည်။ ထိုသို့ တာဝန်ယူနေစဉ် ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် နယူတိုင်းမ်အော့ဖ် ဘာမား သတင်းစာတိုက်မှ နေအိမ်အပြန် ကားပေါ်အတက်တွင် ဗုံးခွဲ လုပ်ကြံခံခဲ့ရသည်။

ဘ၀နိဂုံး

အိုင်စီအက်စ် ဦးတင်ထွဋ်သည် ဗုံးဒဏ်ရာဖြင့် ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက် ည ၇ နာရီ ၃၅ မိနစ်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်သန်းတင်နှင့် သမီး ၃ ယောက် ကျန်ရစ်သည်။
 ZAW WIN

သမိုင်းရဲ့ အရိပ်မဲတွေအောက်က ရုန်းထွက်နိုင်ဖို့-----







ပြုပြင်ပြောင်းလဲရေးလုပ်ချင်ပါတယ် ဆိုတဲ့ အစိုးရသစ်ဟာ အာဏာရှင်ဟောင်းတွေ ကျူးလွန်ခဲ့တဲ့ သမိုင်းရဲ့ အရိပ်ဆိုးတွေအောက်မှာ အထိတ်တလန့်နေ နေကြတဲ့အဖြစ်ကို စဉ်းစားလို့မရအောင်ပါပဲ။


လွတ်လပ်တဲ့အာရှအသံရဲ့ အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ တင်ဆက်ခဲ့တဲ့ ဆောင်းပါးလေးပါ။

သောတရှင်များခင်ဗျား


မကြာသေးမီရက်များအတွင်းက ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံခဲ့တဲ့ ဦးစော မိသားစု မျိုးဆက်ရဲ့ လူမသိ သူမသိနေထိုင်ခဲ့ရတဲ့ ၊ လူ့အဖွဲ့အစည်းကို ပေါ်ပေါ်ထင်ထင် မိတ်မဆက်ရဲရှာတဲ့ ဆောင်းပါးလေးတပုဒ်ကို ဖတ်ခဲ့မိပါတယ်။ သမိုင်းဆိုတဲ့ အရာက သင်ခန်းစာယူစရာတွေ၊ သံဝေဂ ရစရာတွေ၊ ပြစ်ဒဏ်ခပ်မှုတွေ နဲ့ ပြည့်နှက်နေတာကို တွေ့မြင်ရပါတယ်။ တကယ်တော့ ဒီလိုအဖြစ်အပျက်တွေက ဦးစော မိသားစု တခုတည်းကြုံတွေ့ခဲ့ရတာ မဟုတ်ပါဘူး။ နိုင်ငံရေးလောကမှာလည်း ပြည်သူလူထုရဲ့ ခံစားမှုအပေါ် မထေမဲ့မြင်ပြုလုပ်ပြီး၊ အကြမ်းဖက်မှုတွေ နဲ့ တုန့်ပြန်ခဲ့မှုတွေကြောင့် အဖွဲ့အစည်းတခုလုံး ဂုဏ်သိက္ခာပျက်၊ နလံပြန်မထနိုင်တော့တဲ အဖြစ်မျိုးတွေကိုလည်း တွေ့မြင်နေခဲ့ရပါတယ်။
“ ၁၉၉၀ ရွေးကောက်ပွဲ ပြီးခါစ က အဖြစ်အပျက်တချို့ကို သတိယနေမိတယ်ဗျ။  မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ကို အသွင်ပြောင်းထားတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဟာ ၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပြီးရင်၊ ဒုတိယအများဆုံး အနိုင်ရတဲ့ ပါတီတခုဖြစ်တယ်။ တစည ပါတီ ခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲရလဒ်ကိုကြည့်ပြီး နောက်ထပ်ရွေးကောက်ပွဲအတွက် အားကြိုးမာန်တက်ပြင်ဆင်ကြပြန်တယ်။ သူတို့ရဲ့ အနာဂတ်အတွက် မျှော်လင့်ချက်ကြီးကြီး ပြန်ထားကြတယ် ဆိုတာ အဆန်းတော့မဟုတ်ဘူး။  တချို့နယ်တွေမှာဆိုရင် အန်အယ်ဒီ ကိုယ်စားလှယ်တွေရဲ့ နောက်ခံသမိုင်းတွေ၊ ကိုယ်ကျင့်သိက္ခာတွေကို မကြိုက်ကြတဲ့ အသံတွေကို ကြားနေရသလို၊ တောင်သာလို နယ်မြေတွေမှာလည်း  မဲက သိတ်ပြတ်လှတာမဟုတ်ဘူး ဆိုတော့၊ သူတို့ရဲ့ ပါတီအတွေ့အကြုံကို အသုံးချပြီး နောက်ထပ်ရွေးကောက်ပွဲမှာ၊ အနိုင်ရနိုင်တယ် ဆိုတဲ့ ယုံကြည်မှုတွေကလည်း ရှိနေတာပေါ့။ ဒီလို ယုံကြည်မှုတွေကို ၂၀၁၀ ရွေးကောက်ပွဲကာလတုံးက တစညပါတီ ရဲ့ အင်တာဗျုးတခုမှာ အထင်အရှားတွေ့ရမယ်”


၂၀၁၀ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဝင်ရောက် ယှဉ်ပြိုင်မှု မပြုလုပ်ခဲ့တဲ့အခါ၊ တစည ပါတီရဲ့ခေါင်းဆောင်တယောက်က “ အန်အယ်ဒီ ပါတီ နဲ့ တပွဲတလမ်း ပြန်ပြီး ပြိုင်ချင်ပါသေးတယ်ဗျာ” လို့ ပြောခဲ့ဘူးပါတယ်။ ဒါပေမဲ့ အားလုံးမြင်ကြတဲ့အတိုင်းပါပဲ။ ပြည်သူလူထုကြားမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဆိုတာ  ပြန်အဖတ်ဆယ် လို့မရတော့တဲ့ အဖွဲ့အစည်းတခုဖြစ်ခဲ့ပါတယ်။ တကယ်တော့ တစည ပါတီ ရဲ့ အရှုံးကို သင်ခန်းစာယူပြီး နိုင်ငံရေးဇာတ်ခုံကို စံနစ်တကျ ပြန်အသက်သွင်းခဲ့သူတွေက အာဏာသိမ်းစစ်ခေါင်းဆောင်တွေပဲဖြစ်ပါတယ်။ သူတို့ဟာ စစ်အာဏာသိမ်းပြီး နှစ်အနည်းငယ်အတွင်းမှာ ဗိုလ်ချုပ်ကြီးနေဝင်း ကို ဆက်လက် သစ္စာစောင့်သိပြီးကာကွယ်ခဲ့ပါတယ်။ မတ်လ (၂၇) တော်လှန်ရေးနေ့အခမ်းအနားတွေမှာ ဦးနေဝင်းရဲ့ပုံတွေကို အစိုးရသတင်းစာရဲ့ မျက်နှာဖုံးတွေမှာ ဝေဝေဆာဆာဖေါ်ပြခဲ့ဘူးပါတယ်။ ဒါပေမဲ့ ၉၀ ရွေးကောက်ပွဲရလဒ်ဟာ သူတို့ရဲ့ သစ္စာစောင့်သိမှုကို အကြီးအကျယ် ထိတ်လန့်စေခဲ့ပါတယ်။ ပြည်သူလူထုရဲ့ ဒီမိုကရေစီရေးတောင့်တမှု ဆန္ဒတွေ ကို တားဆီးနှောက်ရှက်နိုင်ဖို့မဖြစ်နိုင်တော့ဘူး ဆိုတာ သဘောပေါက်လိုက်တဲ့အခါမှာတော့ ဦးနေဝင်း မိသားစု နဲ့ ခပ်ခွာခွာနေဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အာဏာရှင်ဟောင်းတွေရဲ့ သြဇာခံတွေ ကို သူတို့ရဲ့အာဏာပြိုင်ဘက်တွေလို သဘောထားပြီး ဖမ်းဆီးအရေးယူခဲ့ကြတယ်။
“  အာဏာသိမ်းစစ်ခေါင်းဆောင်တွေဟာ ဦးနေဝင်းအပေါ် ပုဂ္ဂိုလ်ရေးကိုးကွယ်မှု ကို ကျောခိုင်းပစ်လိုက်ယုံသာမကဘူး စစ်ခေါင်းဆောင်တွေရဲ့ ထောက်ပံ့မှုတွေနဲ့ ရှင်သန်ရပ်တည်နေတယ် လို့ ပြည်သူလူထုက စွပ်စွဲဝေဖန်နေတဲ့ တစည ပါတီ ကိုလည်း အဆက်ဖြတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူတို့မျိုးဆက်အတွက် နိုင်ငံရေးဆက်လက် လုပ်ကိုင်နိုင်ခွင့်ရမဲ့ အဖွဲ့အစည်းတခုကို အသက်သွင်းခဲ့ပါတယ်။ မကြာခင်နှစ်ကာလများအတွင်းမှာတော့  ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အဖြစ် ပေါ်ပေါက်လာခဲ့ပြီး အနာဂတ်နိုင်ငံရေးကို လွှမ်းမိုးခြယ်လှယ်ချင်တဲ့ အစိုးရအဖွဲ့အစည်းအဖြစ်လူသိများခဲ့ကြတယ်”

မြန်မာစစ်အစိုးရရဲ့ စံနစ်တကျပုံလောင်းထားတဲ့ နိုင်ငံရေးအစီအစဉ်တွေ၊ ပြုပြင်ပြောင်းလဲရေးတွေကို အနောက်အုပ်စု နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကကြိုဆိုခဲ့ကြပါတယ်။ နိုင်ငံရေးအကျဉ်းသမားတွေကို လွတ်ပေးခဲ့တယ်။ သတင်းမီဒီယာတွေကို အတိုင်းအတာတခုအထိ လွတ်လပ်ခွင့်ပေးခဲ့တာကြောင့်၊ အာဏာရှင်တွေ ကြောက်လန့်တကြီးအုပ်မိုးထားတဲ့ အမှောင်ထုဟာ ပျောက်ကွယ်သွားတော့မယ် လို့၊ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့် နဲ့ ကျောင်းသားသမိုင်းဆိုင်အရာအဖြစ်အပျက်တွေအပေါ်မှာ ပြုမူဆက်ဆံနေတဲ့ လက်ရှိအစိုးရရဲ့ သဘောထားတွေဟာ ယုံကြည်မှုတွေကို သံသယနွံထဲမှာ ပစ်ချလိုက်သလိုဖြစ်နေခဲ့ရပါတယ်။


သောတရှင်များခင်ဗျား
လွတ်လပ်ရေး၊ အမျိုးသားရေးနဲ့နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲတွေမှာ ထိပ်ဆုံးကနေ အလံလွှင့်တိုက်ပွဲဝင်လေ့ရှိတဲ့                   
ကျောင်းသားသူရဲကောင်းတွေ စုဆုံရာ၊ သမဂ္ဂအဆောက်အဦ ကို ဖြိုခွဲဖျက်ဆီးဖို့ကြိုးစားခြင်းဟာ အင်မတန်ကြီးလေးတဲ့ ရာဇဝတ်မှုကြီး ဖြစ်တယ် ဆိုတာကို ဗိုလ်ချုပ်ကြီး နေဝင်းကိုယ်တိုင် သဘောပေါက်နားလည်နေခဲ့ပါတယ်။ ဒါကြောင့်လည်း သမဂ္ဂဖြိုခွဲမှုဟာ သူနဲ့တိုက်ရိုက်မသက်ဆိုင်သလိုလို နဲ့ သမိုင်းဆိုးကို အဖတ်ဆယ်ဖို့ကြိုးစားခဲ့ပါတယ်။ မဆလ ပါတီရဲ့ နောက်ဆုံးဥက္ကဋ္ဌဖြစ်ခဲ့သူ ဒေါက်တာမောင်မောင်ကလည်း “ ကျောင်းသားသမဂ္ဂကြီးကို ပျော်ပျော်ပါးပါးကြီး အုတ်မြစ်ချကြတာပေါ့” လို့ အလေးအနက်ပြောဆိုခဲ့ဘူးပါတယ်။ အတိတ်ရဲ့ အရိပ်မည်းကြီးတွေထဲကနေ ခွဲထွက်ပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလုပ်နေပါတယ် လို့ ဂတိပေးပြောဆိုနေတဲ့ မြန်မာအစိုးရသစ်ဟာ အာဏာရှင်ဟောင်းတွေ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ပြည်သူလူထုကြားမှာ ဖေါ်ထုတ်ပြီး သမိုင်းသံဝေဂ ရတဲ့ သင်ခန်းစာတွေကို လေ့လာသင့်ပါတယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်နေပါတယ် ဆိုတဲ့ မြန်မာစစ်အစိုးရကို မြင့်မြတ်တဲ့ ခွပ်ဒေါင်းတို့ ဆုံဆည်းရာ သမဂ္ဂအလံတော်အောက်မှာ အပြုံးတွေဖလှယ်ပြီး လက်ဆွဲနှုတ်ဆက်ကြတဲ့ အနာဂတ်တခု ပိုင်ဆိုင်စေချင်ပါတယ်။

 Aung Moe Win
on Thursday, July 12, 2012
 at 12:43pm ·

လက်တွဲညီညီ ဒီမိုပန်းတိုင်သို့ချီ

                                                                             ဆရာတက္ကသိုလ် ဘုန်းကြွယ်
                                     
                                        


အမျိုးသား ဒီမို ကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကို ပြည့်သူ့  လွှတ်တော် ဥက္ကဌ သူရ ဦး ရွှေမန်း က ထောက်ခံ သူ တစ် ယောက် အဖြစ် ရပ်တည် လာတာကို အစိုးရအဖွဲ့ အတွင်း က သဘော ထား တင်းမာ သူတွေ က သဘောကျပုံ မရ ဘူး လို့  လွှတ်တော် အမတ် တစ် ဦး က ပြောပါတယ်။


လက်တွဲညီညီ ဒီမိုပန်းတိုင်သို့ချီ

မီးများမီးနိုင် ရေများရေနိုင်တဲ့လောက
ပြောကြ သြချကြစတမ်းဆိုရင်
လမ်းမှန်ကိုလျှောက် အမှားပြင်ရန်မကြောက်
နောက်ကြောင်းမကောင်းလည်း
အကြောင်းအကျိုး ကောင်းဆိုးမြင်လာတဲ့ခါ
ကောင်းတာကိုမြတ်နိုး
ကောင်းအောင်ကြိုးချင်းတဲ့စိတ်နဲ့
အတိတ်ကအမှားတွေကိုသံဝေဂ
အမှန်မသွေပ ရလာကြပြီး
လက်နက်ချ အညံ့ခံ အမှားကိုဝန်ခံ
အသစ်တဖန်မွေးဖွားလာသလို
အပြေးအလွှားနဲ့ အရေးထားဆောင်ရွက်ကြလော့။

လွှတ်တော်အတွင်း ပြဿနာပေါင်းဖြေရှင်းတဲ့ခါ
နေ၀င်းလို မာန်မထနဲ့ သန်းရွှေလို ကန်မချနဲ့
ဟန်ကျပန်ကျ ဒီမိုကရေစီနည်းလမ်းကျကျ
သုံးသပ်ကြ…ဆုံးဖြတ်ကြ….
လမ်းပြတဲ့ဒေါ်စုနဲ့ အဖေါ်ပြုပြီး
လူထုအတွက် တိုင်းပြည်အတွက်
သွက်သွက်ဆောင်ရွက်ပေးကြပါလို့
စေတနာအရင်းခံနဲ့ အကြောင်းဖန်
တောင်းပန်လိုက်ရပါတယ်ဗျာ…။

ပြည်သူလူထု အများစု ကိုယ်စား

တက္ကသိုလ်ဘုန်းကြွယ်
(ဇူလိုင် ၁၀ ၂၀၁၂)



ရန်ကုန် စီးပွားရေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဖွဲ့စည်း ကြောင်း ထုတ်ပြန်ကြေငြာချက် ။

ဗကသများ အဖွဲ့ချုပ် (အထက်ဗမာပြည်လုပ်ငန်းကော်မတီ)


ရန်ကုန် စီးပွားရေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဖွဲ့စည်း ကြောင်း ထုတ်ပြန်ကြေငြာချက် ။
ကျောင်းသား သမဂ္ဂ တွေ သာမက လူထုလူတန်းစား အသီးသီးမှာ ကိုယ်စားပြုတဲ့ အဖွဲ့အစည်းသမဂ္ဂတွေ ပေါ်ထွန်းလာဖို့လိုပါတယ်။
ဒါကို အစိုးရအနေနဲ့ အပြုသဘောနဲ့ အကောင်းမြင်လက်ခံကြိုဆိုဖို့လိုတယ်။ ဒီလို ပေါ်လာတာဟာ လူထုလူတန်းစားအသီးသီး ကို ကိုယ်စားပြုတဲ့ အသံတွေ အမြင်တွေ အစိုးရနဲ့ လွယ်လွယ်ကူကူ ဆက်သွယ်၊ ဆက်ဆံ ပြောဆိုနိုင်ရေးအတွက် အများကြီး အထောက်အကူ ဖြစ်စေမှာပါ။
အစိုးရအနေနဲ့ ဒီအဖွဲ့အစည်းတွေဟာ “လမ်းပေါ်ထွက်ရေး” လမ်းစဉ်ကနေ၊ “စားပွဲဝိုင်းမှာ ညှိနှိုင်းဆွေးနွေးအဖြေရှာရေး” လမ်းစဉ် ကို ဦးတည်ဖို့ အလားအလာကောင်းတွေ အထောက်အပံ့တွေ လို့ မြင်မှ၊ လက်ခံမှသာ ဒီမိုကရေစီ ရှင်သန်ထွန်းကားတဲ့ လူ့အဖွဲ့အစည်းတရပ်ဆီကို အမှန်တကယ် ဦးတည်ပြောင်းလဲ နိုင်မှာ ဖြစ်ပါတယ်။ ဒီလို အဖွဲ့အစည်းတွေ ပေါ်လာတာ
ပြည်သူက ပြောင်းလဲ ဖို့ အသင့်ပါလို့ ပြသနေတာပါ။

အစိုးရ က သာ ဘာလဲ၊ ဘယ်လဲ မေးခွန်းထုတ်ရပါတော့မယ်။

ချိုတူးဇော်

သိပ္ပံနည်းကျ ပြုစားခြင်း

on Thursday, July 12, 2012 
at 7:56am ·
 
တစိမ့်စိမ့် ယိုစီးနေတဲ့
နှလုံးသား လယ်ကွင်းထဲ
ခံစားချက် ကဗျာဆိုတာ မရှိတော့ရင်
ကမ္ဘာကြီး ပျက်သုန်းသွားလိမ့်မယ်..။

ဓာတ်စာမတူညီတဲ့
မျက်ဝန်းအိမ် ကင်မရာထက်မှာ
မျက်တောင်တစ်ချက် ခလုတ်နှိပ်မိတယ်
ဒဏ်ရာတော့ မရခဲ့ဘူး..
အရှိုက်ထိသွားတယ်...။

အား...
ထိခိုက်သွားတဲ့ နာကျင်မှု တစ်ခုက
စူးစူးနစ်နစ် ခံစားလိုက်ရတယ်
တိုဆေးမိသွားတာလား
ခဏတော့ မေ့သွားသလို ဖြစ်ခဲ့
သတိရလာတော့ ဖျက်ကနဲ ရှာကြည့်လိုက်တယ်
မရှိတော့ဘူး ဘာမှ မရှိတော့ဘူး သွားပြီ..။

ဒီလိုနဲ့ အမှောင်ထုအောက်
အိပ်စက်ဖို့ ကြိုးစားရုန်းကန်ရင်း
အလင်းတစ်ချက် ဝင်ရောက်တိုက်ခိုက်လို့
ဘုရား... ဘုရား... ဘုရား..
သုံးကြိမ် ရေရွတ်မိရင်း
ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်တော့
ဘာမှ မရှိ အမှောင်ထုသာ ကြီးစိုးနေဆဲ
တကယ်... လှုပ်ရှားနေတဲ့
နှလုံးသားက အကြည်းတန်သွားပြီလေ..။

အဲဒီည တစ်ညလုံး ခုတ်မောင်းနေတယ်
တေလေတွေလို လွင့်မျောနေတယ်
စွန်တွေလို ရစ်ဝဲနေတယ်
ဒီရေတွေလို စီးဆင်းနေတယ်
စိတ်ကူးယဉ် ခံတွင်းခြောက်သွေ့လာတဲ့
အသိတရား မမျှတလို့ တစ်လမ်းသွား
ကားလမ်းပေါ်မှာ မှောက်လဲလို့
နေဝင်ဆည်းဆာ ပြိုလဲကျခဲ့ပြန်ပြီပေါ့..။

နောက်ဆုံးခလုတ် တိုက်မိခဲ့တဲ့
ကျောက်ခဲတစ်ခုကို ကောက်ယူရင်း
အစာမကြေ အကြည့်နဲ့
ကဗျာ နှလုံးသားကို ရေးခြစ်ခဲ့
ကျောက်သင်ပုန်းတာ အက်ကွဲသွားတယ်
ရမှတ်က ဒဏ်ရာတွေပြည့်လို့
အနိုင် အရှုံး သံသရာ လည်ခဲ့ကြပြီလေ..။

နိယာမ ဆွဲငင်အား မတူကြတဲ့
ကဗျာပြိုင်ပွဲထဲ ဝင်ရောက်ယှဉ်ပြိုင်ရင်း
အကိုးအကား မတက်တဲ့ အနာတစ်ခုနဲ့
ဆေးစပ်ရင်း မလှမပ ပန်းချီကားတစ်ချက်က
နိဂုံးအဆုံးသတ် မကောင်းခဲ့လို့
သိပ္ပံနည်းကျ ပြုစားခံလိုက်ရတာ
ကမ္ဘာ အသင်္ချေ အနန္တထိတိုင်ပေါ့...။


တက္ကသိုလ်မြတ်မင်း

စစ်တပ်က လယ်ထွန်မင်္ဂလာပွဲ ဆင်နွဲမည်



၁၁.၇.၂၀၁၂ရက်နေ.တွင် စစ်တပ်များနှင့် စက်ရုံများက သိမ်းပိုက်ထားသောလယ်မြေများကို ပြန်လည် ထွန်ယက်ခြင်းများ မစတင်မီ ....တောင်သူလယ်သမားများသည်... .ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နှင့် အမိမြေကြီးကို သစ္စာရှိကြောင်းနှင့် မြတ်နိုး တန်းဖိုးထားကြောင်းကို ယခုလိုပြသခဲ့ကြသည်

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှာ လေကြောင်းရန် ကာကွယ်ရေးတပ်က သိမ်းယူထားတဲ့ လယ်မြေ ဧက (၃၀၀) ၀န်းကျင်ရှိလယ်မြေ မူလပိုင်ရှင် လယ်သမားတွေဟာ လယ်လုပ်ခွင့် ပြန်ရဖို့၊ သီးစားချထားပေးဖို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးအဆင့် ကနေ နိုင်ငံတော် သမ္မတအထိ အဆင့်ဆင့် မေတ္တာရပ်ခံစာတွေ အကြိမ်ကြိမ် တင်ပြခဲ့ပေမယ့် မည်သည့် တုံ့ပြန်မှုမျှ မရခဲ့ဘူးလို့ ဆိုပါတယ်။
ကိုယ်လယ်ကို ပြန်ထွန်ယက်နေကြတဲ့ လယ်သမားတွေ
ဒါကြောင့် ၀မ်းရေးအခက် ရင်ဆိုင် ကြုံတွေ့လာရတော့ ကိုယ့်လယ်မြေ ကိုယ်ပြန်ထွန်ယက် စိုက်ပျိုးမှုတွေကို ဇွန်လ ၂၃ ရက်က စတင်ပြီး လုပ်ခဲ့ကြပါတယ်။
အသိမ်းခံခဲ့ရတဲ့ လယ်မြေတွေနဲ့ လယ်ပိုင်ရှင် လယ်သမားတွေ
အခုတော့ ကိုယ့်လယ်ကို ပြန်ထွန်ယက်နေကြတဲ့ လယ်သမားတွေကို ယူနီဖောင်းအမျိုးမျိုးဝတ် အာဏာပိုင်အဖွဲ့အစည်း အသီးသီးက ခြိမ်းခြောက်လာပါတယ်။ မနက်ဖြန် ဇူလိုင်လ ၁၂ ရက်နေ့မှာ အခုလို လယ်ထွန်ယက်နေတာတွေ ဆက်လုပ်မယ်ဆိုရင်တော့ ဖမ်းဆီးထောင်ချမယ်လို့လည်း အတိအလင်း ခြိမ်းခြောက် ပြောဆိုလာနေတယ်လို့ သိရပါတယ်။
အာဏာပိုင်တွေက လယ်သမားတွေကို လာခြိမ်းခြောက်နေကြစဉ်
လယ်သမားတွေကလည်း လုပ်ကိုင်စားသောက်စရာ လယ်အလုပ်မှ တပါး လုပ်စရာလည်း မရှိတဲ့ အတွက် ဆက်လက်ပြီး ဒီလယ်မြေတွေပေါ် လယ်ထွန်ယက်တာတွေကို နောက်ဆုတ်ပေးဖို့ မရှိဘူးလို့ ပြောဆိုထားကြ ပါတယ်။

"ကျနော်တို့ လယ်သမားတွေကလည်း ၀မ်းရေးအတွက် အခြားရွေးချယ်စရာ နည်းလမ်းမရှိတော့လို့ ဆက်လက် ထွန်ယက်စိုက်ပျိုးဖို့ ဆုံးဖြတ်ထားပါတယ်" လို့ လယ်သမားတဦးက ပြောပါတယ်။

ဒါကြောင့် အခုအခြေအနေမှာ ထိပ်တိုက်တွေ့နေတဲ့ အခြေအနေဖြစ်နေပြီး လယ်သမားတွေကို အာဏာပိုင်တွေ က ဖမ်းဆီးတိုက်ခိုက်ခံရဖို့ မလွဲမသွေဖြစ်ပေါ်တော့မယ်လို့ ဆိုလာပါတယ်။
လာရောက်ဟန့်တားအင်အားပြခြိမ်းခြောက်နေကြတဲ့ လုံခြုံရေး အဖွဲ့တွေ
ယနေ့ ဇူလိုင်လ ၁၂ ရက် မနက် ၇ နာရီမှာတော့ လယ်သမားတွေက စစ်တပ်က သိမ်းပိုက်ထားတဲ့ သူတို့ရဲ့ လယ်မြေတွေမှာ လယ်ထွန်မင်္ဂလာပွဲ ဆင်နွဲဖို့လည်း ပြင်ဆင်ထားပါတယ်လို့ သိရပါတယ်။
ပန်းတောင်းမြို့နယ် တောင်သူလယ်သမားများ အရေးနှင့်ပတ်သက်၍
သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများသို့
အရေးပေါ် မေတ္တာရပ်ခံချက်
နေ့စွဲ။ ၁၁၊ ၇၊ ၂၀၁၂။
၁။ ပဲခူးတိုင်းဒေသကြီး၈ ပန်းတောင်းမြို့နယ်အတွင်းတွင် ဘိုးဘွားပိုင် လယ်ယာမြေများအား နယ်မြေခံစစ်တပ်နှင့် ဌာနဆိုင် ရာ တို့မှ ၁၉၇၀၊ ၁၉၈၀ ပြည့်လွန်နှစ်များမှစ၍ ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေးဥပဒေ၈ နည်းဥပဒေ လုပ်ထုံး လုပ်နည်းများနှင့် ညီညွတ်မှုမရှိဘဲ လယ်ယာမြေများအား ဧကပေါင်းမြောက်များစွာ သိမ်းဆည်းခဲ့ပါသည်
၂။ ယင်းလယ်ယာမြေများအား တောင်သူလယ်သမားများမှ သက်ဆိုင်ရာသိမ်းဆည်းသည့် အဖွဲ့အစည်းများသို့ သီးစားခ ဖြင့် နှစ်စဉ်ပေးသွင်း လုပ်ကိုင်ခဲ့ကြရပြီး တောင်သူလယ်သမားများမှာ မ်းစာမလုံလောက်မှုသင့်တင်မျှတသော ဈေးနှုန်း မရရှိမှု ထွက်နှုန်းကျဆင်းမှု စိုက်ပျိုးစရိတ်ချေးငွေများ မရရှိမှု အခက်အခဲပေါင်းစုံ ရင်ဆိုင်ခံစားနေခဲ့ကြရပါသည်
၃။ ယင်းလယ်ယာမြေများအား လွတ်လပ်စွာ လုပ်ကိုင်စားသောက်ခွင့်ပြုရန် တောင်သူလယ်သမားများမှ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များသို့ အစဉ်တစိုက် အသနားခံ တင်ပြခဲ့ကြပါသည်
၎။ ၅၊ ၊ ၂၀၁၂ ရက်နေ ပြည် ပန်းတောင်း သဲကုန်း ကံမလေးမြို့နယ်အတွင်းရှိ တောင်သူလယ်သမား (၇၀၀) ကျော်မှ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကျင်းပပြုလုပ်၍ ၂၃-၂၄၊ ၃၊ ၂၀၁၂ ရက်နေ့များတွင် နိုင်ငံတော်သမ္မတထံ လိပ်မူ၍ အသနားခံ စာတစ်စောင် တင်ပြခဲ့ပြီး ဖြစ်ပါသည်
၅။ သို့သော် ရှင်းလင်းတိကျသော ဖြေရှင်းဆောင်ရွက်ပေးခြင်းများ မျှတကောင်းမွန်သော ဖြေရှင်း ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးခြင်း မရှိသောကြောင့် တောင်သူလယ်သမားများမှာ ယခုနှစ် စိုက်ပျိုးရေးရာသီတွင် ကြီးမားလေးလံသော လူမှု စီးပွား ပဿနာများ ကြုံတွေ့ခံစားနေကြရပါသည်
၆။ ထို့ကြောင့် ၂၉၊ ၆၊ ၂၀၁၂ ရက်နေ့ ရန်ကုန်မြို့တွင် မြို့နယ်ပေါင်း (၂၆) မြို့နယ် တောင်သူလယ်သမား (၁၆၉) ဦးတို့မှ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပ၍ မိမိတို့၏ အခက်အခဲ ပြဿနာများကို တင်ပြရှင်းလင်းခဲ့ပြီး ဖြစ်ပါသည်
၇။ ၂၃၊ ၆၊ ၂၀၁၂ ရက်များမှ စတင်၍ တောင်သူ လယ်သမားများမှ သိမ်းယူခံခဲ့ရသည်လယ်ယာမြေများ စီမံကိန်းများ အကောင် အထည် မဖော်ဆောင်နိုင်သည့်လယ်ယာမြေများ ဥပဒေ နည်းဥပဒေ၈ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မျှတစွာ သိမ်းဆည်းခဲ့ခြင်း မရှိသည့် လယ်ယာမြေများပေါ်တွင် ငြိမ်းချမ်းစွာဖြင့် မိမိတို့မ်းစာအတွက် ထွန်ယက် စိုက်ပျိုးနေကြပြီ ဖြစ်ပါသည်
၈။ သို့သော် ၁၁၊ ၇၊ ၂၀၁၂ ရက်နေ့တွင် ပန်းတောင်းမြို့နယ်အတွင်း ထွန်ယက်စိုက်ပျိုးနေသော တောင်သူလယ်သမားများ အား ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်းကို မြို့နယ် အုပ်ချုပ်ရေး ရဲ သက်ဆိုင်ရာ ဌာနဆိုင်ရာတို့မှ အင်အားပြ၍ ပြောကြား လာပါသည်
၉။ သက်ဆိုင်ရာ နိုင်ငံတော် အဆင့်ဆင့်သို့ ပန်ကြားမေတ္တာရပ်ခံလိုသည်မှာ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘကို ထောက်ရှု၍ ယင်းလယ်ယာမြေများပေါ်တွင် စိုက်ပျိုးထွန်ယက်နေကြသော တောင်သူလယ်သမားများအား သက်ညှာ ခွင့်ပေးပါရန် မေတ္တာရပ်ခံလိုပါသည်
၁၀။ ယင်းဒေသရှိ တောင်သူလယ်သမားများမှာ လူမှု အကြပ်အတည်းများဖြင့် ရင်ဆိုင်နေကြရပြီး လယ်ယာလုပ်ငန်း သာ လျှင် ယင်းတို့၏ အသက်မွေးမ်းကြောင်းကို အာမခံနိုင်သောဒေသ၏ တစ်ခုတည်းသော စီးပွားရေးလုပ်ငန်း ဖြစ်နေသည့် အတွက် လယ်ယာမြေများအား လွတ်လပ်စွာ စိုက်ပျိုးခွင့်ပေးပါရန် အလေးအနက် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်
Civil and Political Rights Campaign Group
နိုင်ငံသားနှင့်နိုင်ငံရေး အခွင့်အရေး လှုပ်ရှားဆောင်ရွက်ရေးအဖွဲ့
ဆက်သွယ်ရန်
civilandpoliticalrightscg@gmail.com
www.facebook.com/Civil and Political Rights Campaign Group
Ph: 09-4300-6830, 09-4950-1030

8888 ကျောင်းသားများ ကချင်ပြည်နယ်သို့  ၂ဖွဲ့ ခွဲကာသွားရောက်ကြသည့်မှတ်တမ်းများ





 
ယနေ့(ဇူလိုင်၁၁ရက်)နေ့လည်၁နာရီခွဲခန့်တွင်စစ်တွေမြို့သို့ရောက်ရှိနေသော ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲမှ စစ်တွေမြို့ မြို့မကျောင်းရှိ ဒုက္ခသည်များထံသို့ သွားရောက်တွေ့ဆုံပြီး အလှူငွေကျပ် ငါးသိန်းကို ပေးအပ်ခဲ့သည်။ (ဓာတ်ပုံ-ဖိုးသီဟ)























 ဓါတ်ပုံများ 8888 News Generations
စစ်တွေ ၊ မြို့မ ပရိယတ္တိစာသင်တိုက် ဒုက္ခသည်စခန်း အတွက် အလှူငွေ ပေးအပ်ခဲ့ပါသည်။ ( ဇူလိုင်လ၊ ၁၁ ရက်၊ မွန်းလွဲ ၁း၂၀ နာရီ)

ဇူလိုင်လ၊(၆) ရက်က ကချင်ပြည်နယ် လိုင်ဇာမြို့၌ကို မြအေး ဦးဆောင်သည့်၈၈မျိုးဆက်ကျောင်းသားများဖြစ်ကြသောထွန်းမြင့်အောင်၊ စိုးထွန်း၊ ပဏ္ဍိတ်ထွန်း၊မီမီလွင်နှင့် စမ်းစမ်းမော်တို့သည်KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်အက်စ်ဂွန်မော်၊ KIO တွဲဖက်အထွေထွေအတွင်းရေးမှုး ဦးလနန်တို့နှင့် တွေ့ဆုံခဲ့ကြပြီး ပြည်တွင်းစစ်ရပ်စဲရေးနှင့် စစ်မှန်သော ငြိမ်းချမ်းရေး ဖြစ်ထွန်းမှုအတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြစဉ်....။
ဓာတ်ပုံ- ၈၈

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ကိုမြအေး ဦးဆောင်တဲ့ အဖွဲ့ဟာ ကချင်ပြည်နယ်ကို သွားရောက်ပြီး လိုင်ဇာမှာ ကချင်ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေး ကိစ္စ တွေ့ဆုံပြီး အပြန် ယမန်နေ့ ဇူလိုင်လ၊(၁၀)ရက် ညနေ ၃း၀၀ နာရီမှာ နေပြည်တော်မှာစစ်ပွဲများရပ်စဲပြီး ငြိမ်းချမ်းမှုဖော်ဆောင်နိုင်ရေး အတွက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
၈၈ အဖွဲ့နဲ့ ကချင်ခေါင်းဆောင်တွေရဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်စေရေးတွေ့ဆုံမှုနဲ့ အမှတ်တရ ဓာတ်ပုံရိုက်ကြတာပါ။ ကချင်ပြည်နယ်က ဒုက္စသည်စခန်းတွေကိုလည်း သွားရောက်ခဲ့ကြပါတယ်။ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ကလည်း ကချင် ပြည်သူတွေကို Skype ကနေ တဆင့် နုတ်ဆက်စကားပြောခဲ့ကြပါသေးတယ်။


ကချင်ခေါင်းဆောင်တွေဟာ အပစ်အခတ်ရပ်စဲရေးလိုလားပြီး ငြိမ်းချမ်းရေးကို အလွန်လိုလားနေတယ်ဆိုတာ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုကို ဂျပန်နည်းပညာက အထောက်အကူပြုလိမ့်မည်ပာု မြန်မာဝန်ကြီးပြောကြား


(The Japan Times မှ 11 Jan 2012 ရက်စွဲပါ “Myanmar aninister view Japanese tech hopes it will help nation develop”သတင်းကို ဘာသာပြန်ဆိုသည်)

တိုကျိုမြို့ အသေးစားစက်ရုံတစ်ခုသို့လာရောက်လည်ပတ်သော မြန်မာစီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်က ၎င်းအနေနှင့် ဂျပန်နိုင်ငံ၏ နည်းပညာကို နှစ်သက်ချီးကျူးကြောင်းနှင့် ယင်းကဲ့သို့သော လုပ်ငန်းငယ်များသည် မြန်မာ့စီးပွားရေးဖွံ့ဖြိုးအောင်မောင်းနှင်ရာတွင် အထောက်အကူ ပြုနိုင်ကြောင်း ပြောဆိုလိုက်သည်။

“ ကျွန်တော်တို့ကို ဂျပန်နည်းပညာနဲ့ လုပ်နည်းကိုင်နည်းတွေ သင်ကြားပေးဖို့အခွင့်အလမ်းကို ခင်ဗျားတို့ ရယူဖမ်းဆုပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ပာု ဦးဝင်းမြင့်က တိုကျိုမြို့စက်ရုံငယ်များတည်ရှိရာ အိုတာရပ်ကွက်ရှိ ခွဲစိတ်လေ့ကျင့်သင်တန်းသုံးပစ္စည်းများထုတ်လုပ်သော EMB Crop သို့ တနလာင်္နေ့တွင် လာရောက်လည်ပတ်ပြီးနောက် သတင်းထောက်များအား ပြောကြားခြင်းဖြစ်သည်။

အင်္ဂါနေ့တွင် တိုကျိုမြို့နှင့် ကြာသပတေးနေ့တွင် အိုဆာကာတို့၌ စီးပွားရေးဆွေးနွေးပွဲများတက်ရောက်ရန် ဂျပန်နိုင်ငံသို့ရောက်ရှိလာသော ဝန်ကြီးဦးဝင်းမြင့်နှင့်အတူ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၂၅ ဦးလိုက်ပါလာသည်ပာု သိရသည်။

၂၀၀၆ ခုနှစ်တွင် ပတ်ယွန်ကွမ်က ချေးငွေဖြင့်စတင်ထူထောင်ခဲ့သော EBM Corp သည် အိုတာရပ်ကွက်၌ အခြားစက်ရုံငယ် ၄၅ ခုအကြားရှိ အဆောက်အဦးတစ်ခုတွင် တည်ရှိသည်။ ပတ်ယွန်ကွမ်က ၎င်း၏ စက်ရုံထုတ် ဆေးပစ္စည်းကိရိယာများကို ဂျပန်နိုင်ငံရှိ ဆေးရုံပေါင်း ၁၀၀ ခန့်တွင် အသုံးပြုနေကြပြီး၊ အမေရိကန်၊ တရုတ်နှင့် ဂျာမဏီကဲ့သို့ နိုင်ငံများသို့လည်း တင်ပို့ရောင်းချနေသည်ပာု ပြောကြားသည်။

“ဒီလိုနေရာ ကျဉ်းကျဉ်းလေးမှာ ငွေအရင်းအနှီးနည်းနည်းနဲ့ ဒီလိုထုတ်လုပ်ရေးလုပ်ငန်းတွေ လည်ပတ်နေတာကို ကျွန်တော်အထင်ကြီး လေးစားမိပါတယ်။ ဒီလိုတိုက်ခန်းပုံစံစက်ရုံမျိုးပာာ မြေကွက်တန်ဖိုးဈေးကြီးတဲ့ မြန်မာနိုင်ငံအတွင်း အသုံးတည့်ပါတယ်။ အလားတူစနစ်ပုံစံမျိုး ထူထောင်ရာမှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို တခြားဝန်ကြီးဌာနတွေနဲ့ ဆွေးနွေးနိုင်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်”ပာု ဦးဝင်းမြင့်က ဆိုသည်။

ထို့ပြင် ဦးဝင်းမြင့်က “ပစ္စည်းအစိတ်အပိုင်းထုတ်လုပ်တဲ့ အလတ်စား၊ အသေးစားကုမ္ပဏီတွေက ကုမ္ပဏီကြီးတွေရဲ့ ထုတ်လုပ်မှုကို အထောက်အကူပေးနေတယ်ဆိုတာကိုသိရတာ အလွန်အသုံးဝင်ပါတယ်”ပာု ဆက်လက်ပြောကြားသည်။

အထက်ပါစက်ရုံသို့ ဦးဝင်းမြင့်ရောက်ရှိစဉ်အတွင်း ပတ်ယွန်ကွမ်၏ညွှန်ပြမှုဖြင့် နှလုံးခွဲစိတ်မှု(heart bypass surgery) လေ့ကျင့်ရာတွင်အသုံးပြုသော Simulator ကို လက်တွေ့ကိုင်တွယ်ခွင့်ရရှိခဲ့သည်။

ပတ်ယွန်ကွမ်က “၎င်းကဲ့သို့ စက်ရုံငယ်များ၏ အားသာချက်မှာ ခွဲစိတ်ဆရာဝန်များ၏ လိုအပ်ချက်နှင့်ကိုက်ညီသော ကိရိယာကို လျင်မြန်စွာ ထုတ်လုပ်ပေးနိုင်ခြင်းပင်ဖြစ်ပြီး၊ မြန်မာတို့နှင့် ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ပါသည်”ပာု ပြောကြားသည်။

ဦးဝင်းမြင့်သည် အဆိုပါ စက်ရုံခရီးစဉ်အပြီးတွင် ဂျပန်နိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ တာဒါရှီကာမူရာနှင့် ဆက်လက်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် ဂျပန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုကို အားပေးရန်အတွက် ဂျပန်ကုန်သည်ကြီးများအသင်း၏ အကူအညီကို တောင်းခံခဲ့သည်ပာု သိရသည်။

“မြန်မာနိုင်ငံသည် အခွန်နှုန်းထား၊ နိုင်ငံခြားငွေလဲနှုန်း၊ အစိုးရစည်းမျဉ်း၊ စည်းကမ်းများ စသော ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ နယ်ပယ်များကို တိုးတက်အောင်ကြိုးပမ်းလျက်ရှိပြီး လယ်ယာကဏ္ဍပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကိုလည်း စတင်လည်ပတ်ဆောင်ရွက်နေသည်”ပာု ဦးဝင်းမြင့်က အိုကာမူရာအား ပြောကြားသည်။

အိုကာမူရာကလည်း မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုအရှိန်ရလာလိမ့်မည်ပာုမျှော်လင့်ကြောင်းနှင့် ဂျပန်အသေးစားနှင့် အလတ်စားကုမ္ပဏီများ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံကြအောင် ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

စက်တင်ဘာလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့စေလွှတ်မည်ပာု ဂျပန်ကုန်သည်ကြီးများအသင်းက ထုတ်ပြန် ကြေညာထားသည်။
yangonchronicle