Friday, July 20, 2012

"မျှော်လင့်ခြင်းအသစ် ရင်တွင်းဖြစ်တည်"

by Khant Nyi Pe on Friday, 
July 20, 2012 at 5:32pm ·
                     
 ကျောင်းဆင်းခေါင်းလောင်းသံက စည်းချက်မကျ မြည်ဟီးလာသည်။ ကလေးငယ်တို့၏ နိုင်ငံတော်သီချင်းသီဆိုသံက သံပြိုင်ထွက်ပေါ်လာ၏။ တိတ်ဆိတ်ငြိမ်သက်နေသော ကျောင်းပတ်ဝန်းကျင်သည်လည်း ကလေးငယ်တို့၏ ဆူဆူညံအသံများကြား သက်ဝင်လှုပ်ရှားလာပါသည်။ ကျောင်းရှေ့သစ်ပင်ပေါ်မှ ၀ုန်းကနဲ ထပျံသွားသော ခိုငှက်တစ်အုပ်နှင့် မြေပြင်ပေါ်မှ ကျောင်းသားအုပ်တို့ အပြိုင်ကျဲနေကြသလို ရုတ်ရုတ်သည်းသည်း ရှိလွန်းလှ၏။ သူ့ထက်ငါ ဦးအောင် ကျောင်းတံခါးဝတွင် စုပြုံတိုးနေကြသော ကျောင်းသားများ၏နောက်နားတွင် ဖိုးကျော် တစ်ယောက် တဖြည်းဖြည်းချင်း လိုက်လာနေပါသည်။ အမြန်မရောက်လျှင် အိမ်ကထွက်ပြေးတော့မတတ် တိုးဝှေ့နေကြသော ကျောင်းသူ၊ ကျောင်းသားများကို ဖိုးကျော် နားမလည်စွာ ငေးကြည့်နေမိသည်။ တစ်နေကုန် မိဘနှင့်ခွဲပြီး အိမ်အပြန်တွင်တွေ့ကြရမည့် သူများတွေဘ၀ကို စာနာမိသလိုလိုတော့ ဖြစ်မိ၏။ လာရောက်ကြိုနေသော မိဘများ၏လက်ကိုဆွဲပြီး ခုန်ပေါက်မြူးတူးစွာ ပြန်သွားကြသော အဖော်များကို အားကျစွာငေးမောရင်း ဖိုးကျော်တစ်ယောက် တလှမ်းချင်း လမ်းလျှောက်ပြန်လာခဲ့တော့သည်။

                                        ×××××××××××××××××××××××××××××××

                         ဆယ်မိနစ်ခန့်လမ်းလျှောက်ရုံဖြင့် ဖိုးကျော်တို့ ရပ်ကွက်ကလေးသို့ ရောက်သည်။ မညီမညာလမ်းလေးအတိုင်း ၀င်လာခဲ့၏။ တဲသာသာ၊ အိမ်မကျတကျ အိမ်လေးများကို မမြင်ဘူးသကဲ့သို့ ငေးမောရင်း ဖိုးကျော် အိမ်ပြန်ရောက်လာသည်။ ဆိုးရွားလှသောအနံ့ဆိုးများက ဖိုးကျော်အား ထူးထွေအနှောက်အရှက် မပေးတော့ပေ။ ကျင့်သားရပြီးဖြစ်နေသဖြင့် သူ့နှာခေါင်းမှာ ယဉ်နေပေပြီ။ ခနော်နီ ခနော်နဲ့ ၀ါးခြေတက်ခုံလေးမှတဆင့် အိမ်ပေါ်သို့ တက်လာခဲ့၏။ မဟတဟ တံခါးပေါက်မှာလည်း လူတက်ရုံဖြင့် အလိုလိုပွင့်သွားသည်။ အိမ်၏၀ါးကြမ်းခင်းများမှာ လူတစ်ယောက်၏ အလေးချိန်ကို မခံနိုင်သလို ချိုးချိုးချွတ်ချွတ် ငြီးငြူသံထွက်ပေါ်နေ၏။ ဆယ်ပေပတ်လည်ခန့် အိမ်လေးအတွင်းသို့ တစ်ချက်ဝေ့ကြည့်လိုက်ရင်း ဖိုးကျော် အသာလှမ်းဝင်လာခဲ့သည်။ တစ်ခုတည်းသော အိမ်ခန်းအတွင်းမှ သူ့အဖေအိပ်ပျော်နေသည်ကို မြင်နေရ၏။ အိမ်ထောင့်တစ်နေရာတွင် လွယ်အိတ်ကိုချပြီး အခန်းတွင်းသို့ ၀င်လာခဲ့သည်။ သူ့အဖေကတော့ တရှူးရှူး အိပ်ပျော်နေဆဲ။ လဲကျနေသော ပုလင်းလွတ်ကို ဘေးတွင်ထောင်လိုက်ပြီး သူ့အဖေ၏တင်ပါးအောက်လျောကျနေသည့် ပုဆိုးကို  အပေါ်ဆွဲတင်ပေးလိုက်၏။ဝတ်ထားသော ကျောင်းစိမ်းလုံချည်ကိုချွတ်ချလိုက်ပြီး အသံမထွက်အောင် ဂရုစိုက်ခါလိုက်၏။ ပြီးနောက် အသာခေါက်လိုက်ပြီး ခေါင်းအုံးအောက်သို့ ထိုးထည့်ထားလိုက်သည်။ပြီးမှ  အိမ်နောက်ဖက် မီးဖိုရှိရာ ကပျဉ်လေးဆီ ထွက်လာခဲ့သည်။ ထမင်းစားပွဲခုံအပုလေးပေါ်မှ အုပ်ဆောင်းကို ဖယ်လိုက်ပြီး သူ့အမေပြင်ထားခဲ့သည့် ညနေစာကို တစ်ချက်လှမ်းကြည့်လိုက်၏။ ဘဲဥဟင်းအရည်ကျဲတွင် ဘဲဥတစ်ခြမ်းက အထင်းသားပေါ်နေ၏။ ငါးပိရည်ပန်းကန်မှာလည်း လက်ကျန်ဖြစ်သဖြင့် ပန်ကန်လုံးအောက်ခြေ ကပ်နေလေသည်။ ထမင်းခဲကတော့ အနည်းငယ် အပေါ်ကြောတင်းနေပြီ။ ဖိုးကျော်လည်း လက်ဆေးအင်တုံထဲ လက်နှိုက်ဆေးပြီး စားပွဲဝင်ထိုင်လိုက်၏။ အေးစက်စက် ထမင်းခဲကို လက်ဖြင့်ချေနေရင်း သူ့အဖေ၏ တဟွတ်ဟွတ်ချောင်းသံကြောင့် အသာနားစွင့်နေလိုက်သည်။ ခဏအကြာ ဘာသံမှမကြားတော့၊ ဇရက်မင်းစည်းစိမ်နှင့် ဆက်ငြိမ့်နေလောက်ပြီ။ ထမင်းမစားဖြစ်သေးပဲ ဖိုးကျော် တစ်ယောက် သူ့အဖေအကြောင်း တွေးနေသည်။ သူ့အဖေ၏ နာရီပြင်ဆိုင်လေးမှာ ရပ်ကွက်ဈေးလေးထိပ်တွင်ရှိသည်။ ဟိုးအရင်ကတော့ အထိုက်အလျောက် အလုပ်ဖြစ်သော်လည်း ခုနောက်ပိုင်း သိပ်အဆင်မပြေချင်တော့။ နာရီပျက်လည်း ပြင်မည့်သူက မရှိလောက်တော့ဘူးထင်၏။ တရုပ်နာရီများ အလွန်ပေါသည့် အခုချိန်မျိုးတွင် ပြင်ခနှင့် အသစ်ဈေးက ဘာမျှမကွာတော့။ သူ့အဖေအတွက် ငုတ်တုတ်ထိုင်နေရချိန်များ များလာသည်။ ရှူနာရှိုက်ကုန်း သူ့အဖေမှာလည်း ပင်ပင်ပန်းပန်း တစ်ခြားအလုပ် အလုပ်နိုင်၊ မလုပ်တတ်။ ဒီတော့ နဂိုဝါသနာအခံရှိသည့် အသောက်အစားနှင့်သာ အချိန်ကုန် များနေသည်။ ရံဖန်ရံခါမှ ရသည့်ဝင်ငွေကလည်း သူ့အရက်ဖိုးပင် အလျှဉ်မမှီ။ နံရံတွင်ချိတ်ထားသော ပြက္ခဒိန်အဟောင်းလေးကို လှမ်းကြည့်ပြီး သူ့အမေကို သတိရသွား၏။ ဒီနေ့ အမေအိမ်အပြန် နောက်ကျလိမ့်မည်။ ညနေအဆိုင်းကျသည့်နေ့များတွင် အစောဆုံး ဆယ့်တစ်နာရီခန့်မှ အိမ်ပြန်ရောက်လေ့ရှိသည်။ အမေ့ဝင်ငွေနှင့် သူတို့သုံးယောက်မနည်းရုန်းကန်နေရသည်ကိုလည်း သူအသိပင်။ ဒီကြားထဲ အဖေ့အရက်ဖိုးက ခွဲပေးရသေး၏။ တစ်ခါတစ်ရံ အမေက အပိုဝင်ငွေလေး ရရနေးသေးသဖြင့် တော်ပါသေးသည်။ သို့သော် ဆေးရုံမှ မွေးလူနာ၊ မီးနေသည်အညစ်အကြေးများကို လျှော်ဖွတ်ပေးမှရသည့် အပိုဝင်ငွေအတွက် အမေ့ကို သနားမိသေးသည်။ ဆေးရုံသန့်ရှင်းရေးအလုပ်ကလည်း မည်မျှပင်ပန်းကြောင်း သူကောင်းကောင်းသိ၏။ ဖိုးကျော် တစ်ယောက် သက်ပြင်းချရင်း ထမင်းကိုသာ ကုန်းလွေးလိုက်ပါတော့သည်။

                            ×××××××××××××××××××××××××××××××

                         ဖိုးကျော် အိမ်စာလုပ်အပြီးတွင်တော့ ညနေငါးနာရီခန့် ရှိလိမ့်မည်။ မလှမ်းမကမ်းရှိ စက်ရုံဆီမှ သံချောင်းခေါက်သံ မကြားသေး။ လွယ်အိတ်ထဲမှ စာအုပ်များကို သွန်ချလိုက်ပြီး အိမ်ထောင့်တွင် ပုံထားခဲ့သည်။ ၄င်းနောက် ဘုရားစင်ပေါ်မှ ထီလက်မှတ်အုပ်များနှင့် စာရင်းစာအုပ်ကို လွယ်အိတ်ထဲထည့်လိုက်၏။ ရေအိုးစင်မှ သောက်ရေတစ်ခွက်ခပ်သောက်ပြီး သူအဖေကို တစ်ချက်လှမ်းကြည့်လိုက်သေးသည်။ တရှူးရှူးနှင့် အိပ်ကောင်းနေဆဲ။ အိမ်တံခါးကို နောက်ပြန်ကြောနှင့်ကပ် ပိတ်ခဲ့ပြီး ဖိုးကျော် လမ်းထိပ်ထွက်လာခဲ့တော့၏။
                  "ဟေ့ကောင် ဖိုးကျော်..မြန်မြန်လာကွာ၊ မင်းတစ်ယောက်ကျန်တော့တာ၊ ဘာတွေအလုပ်ရှုပ်နေတာတုန်း"
                           လမ်းထိပ်ရောက်လုရောက်ခင် မြင့်ဆွေ၏ အော်သံကြောင့် ခပ်သွက်သွက်လျှောက်ရင်း ပြန်အော်ပြောလိုက်သည်။
                   "အေးပါကွာ လာနေပါပြီ၊ မင်းတို့ကလည်း လောလိုက်တာ၊ ငါအိမ်စာလက်စသတ်နေလို့ပါကွ"
                    "မင်းကလည်းကွာ..ခုနှစ်တန်းစာလောက်ကတော့ အေးဆေးပါ၊ မျက်စေ့မှိတ်ဖြေတောင် ရသေး"
                     မြင့်ဆွေ၏ စကားကို မတုန့်ပြန်တော့ပဲ ဆိုင်ကယ်နောက်သို့ ဖိုးကျော် တက်လိုက်ပါသည်။ သူ့နောက်မှ မြင့်ဆွေ နှင့် ချစ်ထွေး ကလိုက်တက်လိုက်ကြ၏။ ဆိုင်ကယ် ကယ်ရီနောက်တွင် ထိုင်လိုက်လာနေရင်း အတွေးကိုယ်စီဖြင့် ငြိမ်သက်နေကြသည်။ ဖိုးကျော်တို့ မြို့သစ်မှ မြို့ထဲရောက်ရန် နာရီဝက်ခန့် အချိန်ပေးရ၏။ နေ့စဉ် ဆိုင်ကယ်ကယ်ရီတစ်စင်းကို ဖိုးကျော်တို့ထီယူရောင်းသည့်ဆိုင်မှ စီစဉ်ပေးသည်။ မြို့ထဲလူစည်ကားသော လ္ဘက်ရည်ဆိုင်၊ ဘီယာဆိုင်များအနီးတွင် ချထားပေးခဲ့ပြီး ညဆယ့်တစ်နာရီခန့်မှ တစ်ခေါက်ပြန်လာကြိုသည်။ ဖိုကျော်တို့အတွက် အပိုဝင်ငွေ ကျောင်းစားရိတ်တော့ အနည်းငယ် ကာမိပါ၏။ တစ်ခါတစ်ရံ သူ့အမေ အကျပ်အတည်းဖြစ်ချိန်မျိုးတွင် သူ့စုဘူးလေးကိုပင် အားကိုးရတတ်သေးသည်။ ထီဆိုင်ကလည်း ရောင်ပြီးမှသာ စာရင်းနှင့်ငွေချေရသဖြင့် အရင်းအနှီးလည်း မလိုပေ။ အနည်းအကျဉ်း အမြတ်ငွေနှင့် ဧည့်သည်များမှ တစ်ခါတစ်ရံပေးတတ်သည့် မုန့်ဘိုးကြောင့် ဖိုးကျော်တို့ သည်အလုပ်ကို စွဲစွဲမြဲမြဲ လုပ်ဖြစ်နေကြပါသည်။

                              ×××××××××××××××××××××××××××××××××××

                               ဖိုးကျော် ဒီနေ့ စိတ်ထဲ တင်းနေသည်။ ဖြစ်ပုံကိုလည်း မကျေမနပ် ခံစားရ၏။ ကိုယ့်ဖက်ကလည်း ဘာမှမတတ်နိုင်တော့ စိတ်သာလျှော့ထားရုံ ရှိတော့သည်။ ဖြစ်စဉ်ကို ပြန်တွေးနေမိပြန်သည်။ ဒီနေ့ အခါတိုင်းလိုပင် ညနေစောင်း ထီရောင်းထွက်လာခဲ့ကြပါသည်။ ဘီယာဆိုင်ထဲ အာပေါက်မတတ်ပြောလွန်းသဖြင့် ဧည့်သည်က စိတ်ကြိုက်ရွေးပြီး သုံးစောင်တွဲ တစ်တွဲထိုး၏။ ဖြစ်ချင်တော့ ဧည့်သည်ရွေးသည့်အတွဲက နှစ်စောင်ထဲဖြစ်နေသည်။ တစ်စောင်မှာ ဘယ်လိုကဘယ်လို လျော့နေသည်ကို သတိမထားလိုက်မိ။ အိတ်ကတော့ ပွင့်နေ၏။ လွယ်အိတ်ကို သွန်ချရှာတော့လည်း မတွေ့။ စာရင်းစာအုပ်ကြားတွင်လည်း မရှိ။ ဧည့်သည်ကို မနည်းတောင်းပန်ပြီး တစ်ခြားအတွဲကို ထိုးခိုင်းလိုက်ရသည်။ မြင့်ဆွေ နှင့် ချစ်ထွေး မေးတော့လည်း ဘာမှမသိသလို။ ဘ၀င်ကတော့ သိပ်မကျချင်၊ လက်ဆုပ်လက်ကိုင်လည်း မပြနိုင်သဖြင့် သူ့စိုက်လျှော်ရုံသာ ရှိတော့၏။ ထီသုံးစောင်အတွက် စုဘူးထဲမှ တစ်ထောင်တန်တစ်ရွက်ကိုသာ မြင်ယောင်နေပြီး စိတ်မကောင်းဖြစ်နေတော့သည်။ အိမ်သို့ပြန်လာခဲ့ရသော်လည်း ဖိုးကျော်တစ်ယောက် တိတ်ဆိတ်နေတော့၏။ မတတ်နိုင်သည့်အဆုံး ထီနှစ်စောင် ထိုးဖြစ်သည်ဟုသာ သဘောပိုက်ထားလိုက်တော့သည်။
                             သည်စိတ်က ဖိုးကျော်ကို အချိန်ပြည့် နေရာယူထားသည်။ ခံစားချက်မျိုးစုံနှင့် ၀မ်းသာလိုက်၊ ၀မ်းနည်းလိုက် ဖြစ်နေရ၏။ သံသယ၀င်သည့်အချိန်တွင် ဒေါသကလည်း ဖြစ်ရသေးသည်။ စိတ်အထင်ကြောင့်လားမသိ၊ မြင့်ဆွေ နှင့် ချစ်ထွေး ကိုကြည့်ရသည်မှာ ပုံမှန်မဟုတ် ထင်နေမိသေးသည်။ ဘ၀တူခြင်း မလုပ်သင့်ဟုတွေးနေမိ၏။ တစ်ညက အိပ်မက် မက်အပြီး ဖိုးကျော် တစ်ယောက် အတွေးတွေ ယောက်ယက်ခတ်နေတော့၏။ သူ့အိပ်မက်ထဲတွင် သူ့အမေနှင့်အဖေက ၀တ်ကောင်းစားလှတွေနှင့်။ ဆိုင်ကယ်အသစ်ကြီးကို သူ့အဖေကမောင်းပြီး သူ့ကို ကျောင်းလာကြိုသည်ဟု အိပ်မက်ကို အစအဆုံး မှတ်မိနေသည်။ အိပ်နေရာမှ ထထိုင်လိုက်မိပြီး ခေါင်းအုံးအောက်မှ ထီလက်မှတ်လေး နှစ်စောင်ကို ထုတ်ကြည့်ဖြစ်ခဲ့သေး၏။ စိတ်ကူးထဲတွင် ပီတိဖြင့် ကြည်နူးမည်ကြံကာရှိသေး ပျောက်သွားသော ထီလက်မှတ်တစ်စောင်ကြောင့် ဇောချွေးများ ပျံလာပါသည်။ ထီပေါက်တာတော့ပေါက်ပြီး ဟိုတစ်စောင်က ထပေါက်လျှင်တော့...ဆက်မတွေးရဲတော့။ စိတ်ကို ဖြေသိမ့်ပြီး အိပ်ရန်ကြိုးစားပါသော်လည်း အချီးအနှီးပင်။ တွေးလိုက်တိုင်း ထမင်းလုံးတစ္ဆေခြောက်သလို တနုံ့နုံ့ခံစားနေရသည်။ ကျောင်းသွားရသည်မှာလည်း စိတ်မပါ၊ ထီရောင်းထွက်တော့လည်း စိတ်မပါ။ ဘယ်သူ့မှဖွင့်မပြောရပဲ တစ်ယောက်ထဲ ကြိတ်ခံစားနေရသော သူ့အဖြစ်က အတော်ဆိုးသည် ထင်မိ၏။ အားသည့်အချိန်တိုင်းတွင်တော့ စာအုပ်ကြားမှ ထီလက်မှတ်လေး နှစ်စောင်ကို ထုတ်ထုတ်ကြည့်ရလွန်းသဖြင့် ဟောင်းနွမ်းနေသည်ပင် ထင်ရ၏။ ထီပေါက်ရင်ဆိုသောအတွေနှင့် ပျော်မည်ကြံကာရှိသေး ဟိုတစ်စောင်က အတွေထဲရောက်ရောက်လာပြီး ငိုင်ငိုင်သွားရသည်။

                                ×××××××××××××××××××××××××××××××××××

                           လဆန်းတစ်ရက်နေ့ မနက်ဖြစ်၏။ ဖိုးကျော် မနက်အစောကြီးကတည်းက နိုးနေမိသည်။ ဖြစ်ချင်တော့ သည်နေ့ အမေကသိပ်နေမကောင်း။ ကျောင်းသွားခါနီး လှဲအိပ်နေသောအမေကို နှုတ်ဆက်ပြီးထွက်သွားတော့မည်အပြု
                             "ဖိုးကျော်..သားကျောင်းသွားတော့မှာလား၊ သားဖြည်းဖြည်းသွားနော်...အမေကတော့ ဒီနေ့နေမကောင်းတော့ အလုပ်မသွားနိုင်လောက်ဘူး၊ ပြီးတော့ သားဆီက အမေ ပိုက်ဆံနည်းနည်းလိုချင်သေးတယ်၊ လကုန် အိမ်လခပေးဖို့ရယ်၊ ညနေ ဆေးသွားထိုးရအောင်ရယ်၊ သားထဲမှာ ဘယ်လောက်လောက် ရမလဲသားရယ်၊ အမေလည်း လက်ကျန်ကနည်းနေတော့ ..အော်ဒုက္ခ..ဒုက္ခ ငွေပြတ်တဲ့အချိန်မှ နေမကောင်းဖြစ်ရတယ်လို့။ သားပိုက်ဆံလဲ အမေယူမသုံးရက်ပါဘူးကွယ်၊ တကယ်လို့ ဆေးဘိုးမရှိလည်း အိမ်လခအတွက် ငါးထောင်လောက်ဆို ပြေလည်မှာပါ"
                               ဖိုးကျော်လည်း တစ်စုံတစ်ခုကို စဉ်းစားမိဟန်ဖြင့်
                                " ရတယ်အမေ..သားညနေကျောင်းက ပြန်လာရင် အဆင်ပြေမှာပါ၊ ဒီကြားထဲ နေ့ခင်းအဆင်ပြေရင်တောင်ပြေမှာ၊ ခုတော့ သားကျောင်းသွားတော့မယ်အမေ၊ လိုတာရှိရင် အဖေ့ကို နှိုးခိုင်းလေ"
                                သူ့အတွေးနှင့်သူသဘောကျပြီး ဖိုးကျော် တစ်ယောက် ပြုံးနေ၏။ စိတ်ကူးထဲတွင်တော့ နေ့လည်ကျောင်းသို့ မောကြီးပန်းကြီးပြေးလာမည့် သူတို့ထီဆိုင်ပိုင်ရှင် ဦးမောင်၏ ပုံစံသာ မြင်နေမိတော့သည်။ ကျောင်းတက်ရသည်မှာ ကြာလွန်းလှသည်ဟုဖိုးကျော် စိတ်တွင် ထင်နေမိ၏။ ကျောင်းတက်သက်တမ်းတစ်လျောက် ဒီနေ့က အကြာဆုံးထင်နေသည်။ ညနေကျောင်းဆင်းချိန်နီးလာလေ ရင်တွေအခုန်မြန်လာလေဖြစ်နေ၏။ နေ့လည်က ဘာအကြောင်းမှမထူးသဖြင့် စိတ်ထဲတွင်တော့ တထင့်ထင့်။ နိုင်ငံတော်သီချင်းဆိုအပြီး ဖိုးကျော် ကျောင်းပေါက်တွင် ရှေ့ဆုံးမှရောက်နေသည်။ ခပ်သုတ်သုတ် လမ်းလျှောက်လာခိုက် နောက်မှ ဆိုက်ကားဘဲလ်သံကြောင့် လမ်းဘေးကပ်ပေးလိုက်ရင်း လှည့်ကြည့်မိသည်။ လမ်းထဲမှ ဆိုက်ကားဆရာ ဦးလှရွှေက
                            "ဟေ့ ဖိုးကျော် ..ကျောင်းပြန်လာပြီလားကွ၊ မင်းသူငယ်ချင်းမြင့်ဆွေ အကြောင်း ကြားပြီပြီလားကွ"
                             " ဗျာ...ဘာဖြစ်လို့လည်းဗျ၊ ကျွန်တော်လည်းခုမှ ကျောင်းပြန်လာတာဆိုတော့ ဘာမှမသိသေးဘူး...ပြောစမ်းပါဦး ဘိုးရွှေ ရ"
                             "အော်..မင်းမသိသေးပဲကိုး၊ ငါလည်းလမ်းထိပ်က ကြားလာတာပဲ၊ မြင့်ဆွေ ထီပေါက်တယ်လို့ ပြောနေကြတာပဲ၊ ဘာတဲ့ သိန်းငါးဆယ် ဆိုလားကွ၊ မင်းသွားမေးလိုက်ဦး၊ ကဲ သွားပြီဟေ့"
                              ဦးလှရွှေ၏ စကားအဆုံး ဖိုးကျော် ကတုန်ကယင်ဖြစ်သွားသည်။ ကမ္ဘာမြေကြီး အိုးထိန်းစက်ကဲ့သို့ ချာချာလည်သွားသည် ထင်လိုက်မိ၏။ တစ်စုံတစ်ခုက ဦးခေါင်းတက်ဆောင့်သလို ဒိန်းကနဲ ဖြစ်သွားသည်။ ပြီးနောက်မှ သတိပြန်ရပြီး အိမ်သို့ အမြန် သုတ်ခြေတင်တော့၏။ အိမ်ရောက်ရောက်ချင်း ဘာကိုမှမသိတော့၊ လွယ်အိတ်ကို ဘုန်းကနဲ ပစ်ချပြီး ခေါင်းအုံးအောက်မှ ထီလက်မှတ်နှစ်စောင်ကိုယူပြီး ဦးမောင်ထီဆိုင်သို့ သုတ်ချေတင်တော့သည်။ စိတ်ဇောဆောင်နေသဖြင့် ဘာကိုမှသတိမထားမိတော့။ ထီဆိုင်အရောက် ဘာစကားမှမပြောနိုင်သေးပဲ ဟောဟဲလိုက်နေသည့်သူ့ကိုကြည့်ရင်း ဦးမောင်က
                             "ဖိုးကျော်ရာ၊ ၀ီရိယ ကောင်းလှပါလား၊ ကျောင်းကနေ အိမ်တောင်ရောက်ခဲ့ရဲ့လားကွ၊ ဘာလဲ မင်းသတင်းကြားလာပြီပေါ့၊ အေးကွာ တကယ့် မင်္ဂလာ သတင်းကွ၊ မင်းတို့တွေလည်း ၀မ်းသာစရာပေါ့"
                                ဦးမောင်၏ စကားအဆုံး ဖိုးကျော် က လက်ထဲတွင်ဆုပ်ကိုင်လာသော ထီလက်မှတ်နှစ်စောင်ကို ဦးမောင်လက်အတွင်း ဇွတ်ထိုးထည့်ပေးရင်း ငိုသံပါကြီးဖြင့်
                                "မဟုတ်ဘူး..မဟုတ်ဘူး၊ အဲ့ဒါကျွန်တော့်လက်မှတ်။ မယုံရင်ကြည့် ကျွန်တော့်စုံတွဲထဲက တစ်စောင်ဗျ၊ မြင့်ဆွေ ခိုးသွားတာ၊ တကယ်ပေါက်တာ ကျွန်တော်ဗျ ကျွန်တော်...ဦးမောင် လုပ်ပါဦးဗျ...အီးးဟီး..ဟီး"
                                 ပြောလဲပြော၊ ငိုလည်ူငိုနေသော ဖိုးကျော်ကိုတလှည့်၊ ထီလက်မှတ်လေးနှစ်စောင်ကိုတလှည့် ကြည့်ရင်း ဦးမောင် နားမလည်တော့
                               "နေပါဦး ဖိုးကျော်ရာ၊ ဘာတွေဖြစ်လာတာတုန်းဟ..မင်းနှယ် မထိတ်သာမလန့်သာကွာ၊ ပြောဦးဟ ဘာဖြစ်တာလဲ"
                                  "ဦးမောင်..ဒီနေ့ မြင့်ဆွေထီပေါက်တယ်ဆို၊ အဲ့ဒီကိစ္စဗျ"
                               ဦးမောင်က မျက်မှောင်တစ်ချက်ကုပ်လိုက်ပြီး
                                  "မင်း ဘယ်သူပြောလဲ၊ အေးသိန်းငါးဆယ်ထီဆုကြီးပေါက်တာ မြင့်ဆွေတော့ မြင့်ဆွေပဲ၊ ဘာလဲ မင်းသူငယ်ချင်းမြင့်ဆွေ ထင်လို့လား၊ ဘယ်ကလာ ငါ့ဆိုင်အရောင်းကပေါက်တဲ့ စစ်ကိုင်းကဦးမြင့်ဆွေပါကွာ။ ကဲကဲ..ငါ့ဆိုင်လည်း ကံဇာတာတက်လာပြီ၊ မင်းတို့တွေကိုလည်း မုန့်ဘိုးပေးမလို့ကွ၊ ပြီးရင် ဟိုကေင်တွေရော လွတ်လိုက်ဦး...ရော့ ရော့"
                                    ဖိုးကျော်လည်း ဦးမောင်ပေးလိုက်သော တစ်ထောင်တန်သုံးရွက်ကို စိတ်အမှတ်မဲ့ လှမ်းယူလိုက်ရင်း နှုတ်ဆက်ပြန်လာခဲ့တော့သည်။ ဘာမှန်းမသိသော စိတ်ခံစားချက်တို့ကြောင့် ကြောင်စီစီဖြစ်နေ၏။ အိမ်သို့ ဘယ်လိုနည်းနှင့် ပြန်ရောက်လာသည်ကိုပင် သတိမထားမိတော့ချေ။ တစ်ထောင်တန်သုံးရွက်ကတော့ လက်ထဲတွင် တင်းတင်းဆုပ်ကိုင် ထား၏။ အိမ်အရောက်တွင်တော့ အမေ့ကိုပိုက်ဆံပေးရန် ဘုရားစင်ပေါ်ရှိ စုဘူးလေးကို လှမ်းယူလိုက်သည်။ လက်က ကတုန်ကယင်မို့ ဘုရားသောက်တော်ရေခွက်ကို တိုက်မိသွား၏။ ရေခွက်ကို ပြန်ထောင်လိုက်ပြီး ရေအနည်းငယ်စိုသွားသော ပရိတ်ကြီးစာအုပ်ကို ရေခါရန်ယူလိုက်သည်။ အသုံးနည်းသောစာအုပ်မို့ ဖုန်တွေကသောသောထနေ၏။ စာအုပ်ကိုလှမ်း အမလိုက်တွင် မြင်လိုက်ရသည့် အရာတစ်ခုကြောင့် ဖိုးကျော်လည်း ဆတ်ကနဲဖြစ်သွားသည်။ ဖုန်နှင့်ရေများ ပေကျံနေသည့် ထီလက်မှတ်လေးတစ်စောင်ပင်။ ဖိုးကျော် လည်းသေချာအောင်ပွတ်ကြည့်မိ၏။ သေချာပါသည်. ပျောက်ဆုံးနေသည့် ထီလက်မှတ်လေးတစ်စောင်ပင်။

                                   ××××××××××××××××××××××××××××××××××

                                  ဖိုးကျော်က လက်ထဲတွင် တစ်ထောင်တန်ရှစ်ရွက်ကို ကျစ်ကျစ်ဆုပ်ရင်း သူ့အမေ အိပ်နေသည့် အခန်းတွင်းသို့ ၀င်လာခဲ့သည်။ ဖိုးကျော် လက်ထဲမှ ငွေရှစ်ထောင်ကို ယူလိုက်ရင်း ပျော်သွားသည့် သူ့အမေမျက်နှာကိုကြည့်နေရင်း ပီတိစိတ်အဟုန်ကြောင့် ဖိုးကျော်၏ မျက်နှာမှာ ၀င်းပနေပါသည်။ ကာလကြာ သယ်ပိုးထားရသည့် ၀န်အလေးကြီးအား ခုမှလွတ်ချလိုက်သလို ဖိုးကျော်၏ စိတ်မှာလည်း လွတ်လပ်ပေါ့ပါးသွား၏။ သူ့အမေ၏ လက်ကိုဆုပ်ကိုင်ထားရင်းဖိုးကျော်တစ်ယောက် အခန်းအပြင်သို့ ငေးမောနေပါသည်။ လေအတိုက်တွင် လွင့်ပါသွားသော ထီလက်မှတ်အပိုင်းပြတ်များနှင့်အပြိုင် ဖိုးကျော် ၏ စိတ်သည်လည်း................။

                                   "ခန့်ညီဖေ"  20-07-2012, Friday,02:30 P:M

                                   


လက်နှစ်ဖက်


ဝတ္တုတိုများ 
on Friday, July 20, 2012 at 2:44am ·
ကျွန်တော်ဟာ အရက်ကို သိပ်များများစားစား သောက်တတ်တဲ့လူတစ်ယောက်မဟုတ်ဘူး။ စွဲစွဲမြဲမြဲ သောက်လေ့မရှိဘူး။
    တစ်ခါတလေ ကြုံတဲ့အခါ အတော်အသင့်သောက်တာလောက်ပဲ။ ဘာကြောင့်လဲ အရက်ကို မကြိုက်တတ်လို့လား၊ ဒါမှမဟုတ် ကြိုက်လွန်းလို့လား။
    နှစ်ခုစလုံးဖြစ်နိုင်တယ်။ ဒီလိုဆိုလိုက်တော့ ရှင်းပြဖို့ လိုအပ်လာတာပေါ့။
    အရက်ကို မကြိုက်ဘူးဆိုတာ ဖြစ်နိုင်သလားလို့ စဉ်းစားကြည့်ရအောင်။ ဒါ ပထမဆုံးအတွေ့အကြုံနဲ့ ဆိုင်နေမလားပဲ။
    ကျွန်တော့်ရဲ့ ပထမဆုံးအရက်အတွေ့အကြုံကတော့ ပထမနှစ် တက္ကသိုလ်ကျောင်းသားဘ၀ကပါပဲ။ သူငယ်ချင်းတစ်ယောက်ရဲ့မိသားစုက အိမ်တစ်လုံး ၀ယ်တယ်။
    မူလအိမ်ကနေ မပြောင်းခင်အတွင်းမှာ ကျွန်တော့်သူငယ်ချင်းက အိမ်သစ်ကို ညည သွားစောင့်အိပ်ရတယ်။ ဒီမှာ သူငယ်ချင်းတစ်ယောက်တစ်စု အဲဒီအိမ်မှာ အရက်ကို စမ်းသပ်ကြဖို့ စီစဉ်ကြတာပါပဲ။
    အိမ်ပိုင်ရှင်သူငယ်ချင်းက အရက်နဲ့ပတ်သက်လို့ သောက်စသောက်နရှိတယ်။ သူ့ကို ဆရာတင်ရတာပေါ့။ သူက လေးယောက်ဆို နှစ်ပုလင်းမှ လောက်မယ်လို့ပြောတယ်။ တကယ်တေ့ သူလည်း သိပ်သိတာမဟုတ်ဘူး။
    သူ့ဦးလေးငယ်သောက်နေကျ ချက်အရင်ဆိုင်ကိုတော့ သိတယ်။ ဒီလိုနဲ့ အရက်ပုလင်းနှစ်ပုလင်းဝယ်၊ စားစရာတွေဝယ်ပြီး သောက်ကြရော။ ရေရောပြီးသောက်ကြည့်တော့ မလွယ်ဘူး။ အနံ့ကလည်း ဆိုးသေးသည်။
    ဆက်မသောက်ဘဲ လက်လျှော့မလား၊ ဘယ်ဖြစ်မလဲ။ ကုန်အောင်တော့ သောက်ရမှာပဲ။ ရေရောလိုက်ရင် သောက်ရတာ ပိုများလာမယ်။
    ဒီတော့ မရောဘဲ ကျိတ်မှိတ်မျိုချ။ မြန်မြန်ကုန်အေးတာပဲဆိုပြီး တစ်ခွက်ပြီးတစ်ခွက် ဆေးမျိုသလို မျိုချလိုက်ကြတာ ဘာပြောကောင်းမလဲ။
    ဟိုသုံးယောက်ကတော့ မူးပြီး ယိုင်ထိုးကုန်ကြတာလောက်ပဲ။ အဆိုးဆုံးက ကျွန်တော်။ အိမ်ကြီးတစ်ခုလုံး ချာချာလည်နေတယ်ထင်ရတယ်။
    အန်လိုက်တာကလည်း တစ်အိမ်လုံးပေပွကုန်တာပဲ။ ခံလိုက်ရတာလည်း တော်တော်ဆိုးတဲ့ဒုက္ခ။ ထိုင်လို့မရ၊ ရပ်လို့မရ၊ လှဲအိပ်ပြန်တော့လည်း ခေါင်းကို တူနဲ့ထုထုနေသလိုဖြစ်ပြီး လူးလှိမ့်နေရတယ်။
    ကျွန်တော် လန့်သွားတယ်။ အရက်ကို လန့်သွားတာတော့မဟုတ်။ အရက်မူးတာကို လန့်သွားတာ။ ဒါကြောင့် နောက်ဆိုရင် အရက်ကိုမူးအောင် မသောက်ရဲတော့တာဖြစ်လိမ့်မယ်။
    နောက်တစ်ခုကတော့ ကျန်းမာရေးနဲ့ပတ်သက်တယ်။ နည်းနည်းပဲသောက်သောက်၊ များများပဲသောက်သောက် နောက်နေ့ တစ်နေ့လုံး မစားချင်၊ မသောက်ချင် မအီမလည်ခံရတဲ့ကိစ္စ။
    အဲ့ဒါကြောင့် မကြာခဏမသောက်ဖြစ်တော့ဘူးပေါ့ဗျာ။ ဒီတော့ အရက်ကို မကြိုက်ဘူးဆိုတာလည်း တစ်နည်းအားဖြင့် မှန်တယ်လို့ ဆိုရပေမှာပဲ။ ကောင်းပြီ။
    ဒါဖြင့် အရက်ကိုကြိုက်တတ်လို့ကော ဖြစ်နိုင်သလားဆိုရင် ဖြစ်နိုင်တာပဲလို့ ပြောရမယ်။ စက်ဘီးရယ်၊ အချစ်ရယ်၊ အရက်ရယ်ဟာ တူတဲ့အချက်တွေရှိတယ်။
    လူတစ်ယောက်ဟာ မလဲမကွဲဖူးဘဲနဲ့ စက်ဘီးမစီးတတ်နိုင်ဘူး။ စီးတတ်သွားပြီဆိုရင်လည်း တစ်သက်လုံး ဘယ်အချိန်တက်စီးစီး တတ်သွားတော့တာပဲ။
    စက်ဘီးစီးတဲ့အတတ်ပညာဟာ မေ့လျော့သွားတဲ့ဟာမျိုးမဟုတ်ဘူး။
    အချစ်လည်း ဒီလိုပဲ။ အသည်းမကွဲဖူးဘဲနဲ့ ချစ်တတ်ပြီလို့မဆိုနိုင်ဘူး။ ချစ်တတ်သွားပြီဆိုရင်လည်း တစ်သက်စာပဲ။
    အရက်ကျတော့ကော။ အရက်မူးလွန်တဲ့ဝေဒနာကို မခံစားဖူးဘဲနဲ့ အရက်သောက်တတ်တဲ့သူမဖြစ်နိုင်ဘူး။ သောက်တတ်သွားပြီဆိုရင်လည်း တစ်သက်လုံးမမေ့နိုင်တော့ဘူး။
    ရောဂါရလို့ဖြစ်စေ၊ တခြားအကြောင်းကြောင့်ဖြစ်စေ အရက်ဖြတ်ထားတဲ့လူတွေဟာ အရက်ကို မမုန်းနိုင်ဘဲ မတတ်သာ ခပ်ခွာခွာနေကြဦးစို့လို့ သဘောထားကြတာတွေ့ဖူးတယ်။
    ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆိုရင် အရက်သောက်လွန်းလို့ ရောဂါရနေတာတောင် အရက်ကို စွဲလမ်းနေတုန်းပဲ။ နောက်ဆုံး အစာမ၀င်တော့ဘဲ သေအံ့မူးမူးဖြစ်နေတဲ့အချိန်မှာတောင် ဂွမ်းစလေးမှာ အရက်ဆွတ်ပြီး နှုတ်ခမ်းကို တို့ပေးရတယ်။
    အဲဒီလောက်ထိတော့ ကျွန်တော်မဖြစ်ချင်ဘူး။ နည်းနည်းပါးပါးနဲ့အန္တရာယ်ကင်းကင်းတစ်သက်လုံး သောက်သွားရရင် မကောင်းဘူးလား။
    ဘာကြောင့် အရက်ကို နည်းနည်းပဲသောက်တာလဲလို့မေးရင် အရက်ဖြတ်ရမှာစိုးလို့လို့ ဖြေမှာပဲ။ ဒါကြောင့် ချွေချွေတာတာပဲသောက်တယ်။ မိန်းကလေးတစ်ယောက်ကို မြတ်နိုးလွန်းအားကြီးလို့ မထိရက် မကိုင်ရက်ဘဲ ဆံပင်ကလေးကိုသာ ပွတ်သပ်မိနေတာနဲ့ အတူတူပဲလေ။
    ကျွန်တော်က အရက်ကို တစ်ယောက်တည်းမသောက်တတ်ဘူး။ အဖော်နဲ့မှ။ အဖော်ဆိုရာမှာလည်း လူရွေးရသေးတယ်။ မူးရင်သွေးဆိုးတဲ့လူ၊ ရစ်တတ်တဲ့လူ၊ တစ်ဆိုင်တည်းမပြီးဘဲ တစ်နေရာပြီးတစ်နေရာ လိုက်လျှောက်သောက်တတ်တဲ့လူ၊ တစ်လောကလုံးမှာ သူတစ်ယောက်သာ ကံအဆိုးဆုံးဆိုပြီး တစ်ချိန်လုံး ညည်းညူနေတတ်တဲ့လူ၊ မူးလာရင် ၀မ်းနည်းစရာရှာကြံပြီး ရှိုက်ကြီးတငင် ငိုတတ်တဲ့လူ အဲဒါမျိုးတွေကို ရှောင်ရတယ်။
    နောက်ပြီး ကိုယ်လေးစားရတဲ့လူ၊ ကိုယ်ကြောက်ရမယ့်လူမျိုးနဲ့လည်း မသောက်ချင်ဘူး။ အဲဒီပုဂ္ဂိုလ်မျိုးနဲ့တစ်ဝိုင်းတည်းထိုင်ရတဲ့အခါ ကိုယ်က နားထောင်သမားသက်သက်ဖြစ်သွားရော။
    ရိုသေထိုက်တဲ့လူရှေ့မှာ အရက်ဖန်ခွက်ကိုကိုင်ပြီး မော့ရတာကလည်း စိတ်ကျဉ်းကျပ်စရာပဲ။
    တစ်ပုလင်းထဲက အရက်ကို ခွက်ပြိုင်သောက်ရတာကိုက သူတို့ကို စော်ကားသလိုများဖြစ်နေမလားဆိုတဲ့အတွေးနဲ့ သောက်ရတာ မလွတ်လပ်တော့ဘူး။
    စကားမှားမှာလည်း ကြောက်ရသေးတယ်။
    ဒါကြောင့် အရက်သောက်ရင် သူငယ်ချင်းတွေနဲ့ပဲ သောက်တယ်။ လူငယ်ချင်းဆိုတော့ ရစ်တဲ့ကောင်ပါလည်း ဟောက်ပစ်လို့ရတယ်။
    သွေးဆိုးလာရင် ၀ိုင်းထိန်း။ ထိန်းလို့မရရင် ဆွဲထိုးပစ်လိုက်ရတယ်။ သူငယ်ချင်းချင်းဆိုတာတောင် တစ်ခါတစ်ခါ နာလောက်တဲ့စကားမျိုးတွေ ပြောမိတတ်ကြသေးတယ်။
    သို့ပေမယ့် တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိနေကြတဲ့လူတွေမို့ စိတ်ဆိုးလည်း ခဏပဲလေ။
    စိတ်ညစ်လို့ အရက်ကိုသောက်တယ်ဆိုတာ ကျွန်တော် လက်မခံဘူး။ အရက်သောက်ရင် စိတ်ညစ်ပြေတယ်ဆိုတာကို မယုံကြည်ဘူး။
    ကျွန်တော်စိတ်ညစ်ရင် စာဖတ်တယ်။ အရက်က အပျော်သောက်တာ အကောင်းဆုံးပဲ။
    အဲ၊ တစ်ခါတစ်ခါ ခေါင်းရှုပ်လာတဲ့အခါမှာတော့ နည်းနည်းပါးပါးသောက်ပြီး တဒင်္ဂလောက် စိတ်အပန်းဖြေရတာတော့ မဆိုးပါဘူး။
    အရက်ကလေး တစ်ခါသောက်ဖို့အရေး ဟိုရှောင်ရ ဒီရှောင်ရ ဟိုစည်းကမ်း ဒီစည်းကမ်းတွေကို ထုတ်လိုထုတ်နဲ့ တော်တော်ကြီးကျယ်တဲ့ကောင်လို့ ထင်ကြမှာပဲ။
    ဒီလောက် စိစိစစ်စစ်လုပ်တာတောင် စိတ်မချမ်းမြေ့စရာအဖြစ်နဲ့ ကြုံဖြစ်အောင် ကြုံရသေးတယ်။ ကျွန်တော် ပဓာနထားပြီး ပြောပြချင်တာက အဲဒီအကြောင်းပါပဲ။
    တစ်ရက်မှာ တက္ကသိုလ်မှာတုန်းက တစ်တန်းတည်းနေခဲ့တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တယ်။
    သိပ်ကြီးခင်ခဲ့ကြတာမဟုတ်ပေမယ့် ခုလိုနှစ်တွေကြာမှ ပြန်ဆုံတော့ ဟိုအကြောင်း ဒီအကြောင်းလေးတွေ ပြောချင်လာကြတာပေါ့။
    သူကပဲစပြီး နည်းနည်းသွားသောက်ရအောင်ဗျာလို့ ပြောတယ်။ ဒါနဲ့ အလယ်အလတ်တန်းအဆင့်လောက်ရှိတဲ့ဆိုင်တစ်ဆိုင်ကို ရောက်သွားကြတယ်။
    ဖြစ်ချင်တော့ ဟိုမှာရောက်နှင့်နေတဲ့လူနှစ်ယောက်နဲ့ သွားဆုံတယ်။ ကျွန်တော့်သူငယ်ချင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေလို့ ဆိုတာပဲ။
    သူတို့က အတင်းဖိတ်ခေါ်တာနဲ့ သူတို့ဝိုင်းထဲပဲ ၀င်ထိုင်မိကြတယ်။ သူငယ်ချင်းက အဲဒီနှစ်ယောက်နဲ့မိတ်ဆက်ပေးတယ်။
    တစ်ယောက်က ကျွန်တော့်ဝတ္ထုတွေ ဖတ်ဖူးတယ်။ လေးလေးစားစားပါပဲ။ နောက်တစ်ယောက်ကတော့ ကျွန်တော့်ရဲ့နာမည် ကြားဖူးပါတယ်လို့ ပြောတယ်။ သူကလည်း လူအေးတစ်ယောက်ပါပဲ။
    ဘာပြဿနာမှမရှိဘူး။ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက် ရှေးဟောင်းနှောင်းဖြစ်တွေ ပြောနေကြတာကို လူနှစ်ယောက်က စိတ်ဝင်စားစွာ နားထောင်ကြတယ်။ အေးအေးချမ်းချမ်းပဲ။
    ဒီအချိန်မှာ ဆိုင်ထဲကို လူတစ်ယောက်ဝင်လာတယ်။ ပုံစံက သားသားနားနားမဟုတ်ပေမယ့် ငွေကြေးချောင်လည်နေတဲ့လူမှန်း သိသာတယ်။
    လူက တုတ်တုတ်ခိုင်ခိုင်။ ဗိုက်နည်းနည်းရွှဲနေပြီ။ အသားအရေပွစိစိမို့ အရက်သမားမှန်းတော့ သိသာတယ်။
    ခုလည်း တစ်နေရာရာမှာသောက်ပြီးမှ မ၀လို့ ဒီကိုဝင်လာတာထင်တယ်။ ဆိုင်ကယ်ခေါင်းစွပ်ကို လက်ကကိုင်လာတယ်။
    ကျွန်တော့်သူငယ်ချင်းကိုမြင်တော့ 'ဟာ အတော်ပဲ'ဆိုပြီး ကျွန်တော်တို့ဝိုင်းမှာ ထိုင်လိုက်တယ်။ ကျွန်တော့်သူငယ်ချင်းက မိတ်ဆက်ပေးတယ်။
    သူက သံနန်းဆွဲတဲ့လုပ်ငန်းလုပ်နေတယ်လို့ သိရတယ်။
    'အိုကေ၊ ဒီဝိုင်းကို ကျွန်တော်ဝယ်လိုက်ပြီ'
    သူကပြောတယ်။ သဘောကတော့ ဒီဝိုင်းအတွက် ကျသင့်ငွေကို သူရှင်းမယ်ပေါ့။
    ကျွန်တော့်စိတ်ထဲက ထင့်ခနဲဖြစ်သွားတယ်။ အဲဒီလူမျိုးက ကြောက်ဖို့ကောင်းတယ်။ ဒီဝိုင်းအတွက် သူက ငွေရှင်းမှာဖြစ်တဲ့အတွက် သူဟာ ၀ိုင်းရဲ့အရှင်သခင်ဖြစ်သွားပြီ။
    ဒီတော့ အားလုံးက သူ့ကို ဦးစားပေးရမယ်။ ကျန်တဲ့လူအားလုံးကို သူက အထက်စီးက ဆက်ဆံမယ်။ ဒါပဲ။
    ဟုတ်လည်းဟုတ်တယ်။ သူ့လေသံကိုက ခပ်မာကျောကျော။ သူကချည်း စကားတွေပြောတယ်။
    ကျွန်တော့်ကိုလည်း 'ခင်ဗျားတို့စာပေလောကမှာ ရှဲဒိုးတွေ သောင်းကျန်းနေတယ်ဆို'လို့ မေးတယ်။
    ကျွန်တော်က ပြန်ရှင်းပြတယ်။ သို့ပေမယ့် ကျွန်တော့်စကားကို ဆုံးအောင်နားမထောင်ဘူး။ သူပြောချင်တာ ဆက်ပြောတယ်။
    'ခင်ဗျားတို့စာရေးဆရာတွေက လက်ကြောတင်းအောင်မလုပ်ဘဲနဲ့ အချောင်ပိုက်ဆံလိုချင်တာကိုးဗျ'
    ကျွန်တော့်မျက်နှာ တင်းခနဲဖြစ်သွားတာ ကိုယ့်ကိုယ်ကိုယ် သိလိုက်တယ်။
    သူငယ်ချင်းကို အားနာလို့သာ အောင့်ခံလိုက်ရတယ်။ သူငယ်ချင်းက ကြားဝင်ဖို့ကြိုးစားတယ်။
    'ဒီလိုရှိပါတယ်လေ၊ စာရေးဆရာအများစုကတော့ လေးစားစရာ'
    သူငယ်ချင်းစကားဆုံးအောင် ပြောခွင့်မရ။ ထုံးစံအတိုင်း ထိုလူက သူပြောချင်တာတွေကိုပဲ ဖြတ်ပြောတယ်။
    'ဘာထူးလဲ၊ တောင်ရေး မြောက်ရေး ပေါက်ကရတွေ လျှောက်ရေးနေကြတာပဲ'
    'ဒီမှာမိတ်ဆွေ'
    ကျွန်တော်က ခပ်ဆတ်ဆတ်လေသံနဲ့ခေါ်လိုက်တယ်။ သူက ကျွန်တော့်ကိုကြည့်ပြီး
    'ဘာလဲ၊ ဒီဝိုင်းကို ကျွန်တော် ၀ယ်ထားတယ်ဆိုတာ သတိပြုဦးနော်'
    'ခင်ဗျား ၀ိုင်းကိုသာဝယ်လို့ရမယ်၊ လူကို ၀ယ်လို့မရဘူး'
    'ရတာပေါ့၊ သိပ်ရတာပေါ့'
    'တခြားလူကို ၀ယ်လို့ရချင်ရမယ်၊ ကျုပ်ကို ၀ယ်လို့မရဘူး၊ ဒီမှာ ဒီဝိုင်းကို ခင်ဗျား ငွေရှင်းစရာမလိုဘူး၊ ကျုပ်ရှင်းမယ်'
    သူက ဟဲခနဲ တစ်ချက်ရယ်လိုက်ပြီးတော့
    'ကျွန်တော် ၀ယ်ထားပြီးသားပဲ၊ ခင်ဗျားလိုချင်ရင် ကျွန်တော့်ဆီက ပြန်ဝယ်လေ၊ ဘယ်လောက်ပေးနိုင်သလဲ'
    ကျွန်တော့်ပုံစံကိုကြည့်ပြီး အထင်သေးပုံရတယ်။ ဒီဝိုင်းက သုံးရာကျော်လောက်ကျမယ်လို့ ခန့်မှန်းရတယ်။ ကျွန်တော့်လွယ်အိတ်ထဲမှာ ငွေတစ်ထောင်ပါတယ်။
    နေ့လယ်ကပဲ ထုတ်ဝေသူဆီက ယူလာတာ။ ကျွန်တော်ဟာ ဒီတစ်ဝိုင်းစာလောက်ငွေကို တစ်ထိုင်တည်းဖြုန်းနိုင်တဲ့လူမဟုတ်ပါဘူး။


ကျွန်တော့်စိတ်ထဲက ထင့်ခနဲဖြစ်သွားတယ်။ အဲဒီလူမျိုးက ကြောက်ဖို့ကောင်းတယ်။ ဒီဝိုင်းအတွက် သူက ငွေရှင်းမှာဖြစ်တဲ့အတွက် သူဟာ ၀ိုင်းရဲ့အရှင်သခင်ဖြစ်သွားပြီ။ ဒီတော့ အားလုံးက သူ့ကို ဦးစားပေးရမယ်။ ကျန်တဲ့လူအားလုံးကို သူက အထက်စီးက ဆက်ဆံမယ်။ ဒါပဲ။ ဟုတ်လည်းဟုတ်တယ်။ သူ့လေသံကိုက ခပ်မာကျောကျော။


    သို့ပေမယ့် ဒီလိုကောင်မျိုးကျောတာကိုတော့ မခံဘူးကွာဆိုတဲ့မာနက ထောင်းထောင်းထလာတော့
    'ကျသင့်ငွေရဲ့ နှစ်ဆပေးမယ်'
    'ဒီလောက်မလိုချင်ပါဘူးဗျာ။ ဒီလိုလုပ်လေ၊ ခင်ဗျားနဲ့ကျွန်တော် ပညာပြိုင်ရအောင်၊ ရှုံးတဲ့သူက ငွေရှင်းလိုက်ပေါ့၊ မကောင်းဘူးလား'
    အဲဒီအခိုက်အတန့်မှာ ကျွန်တော် ရူးသွားတယ်လို့ ထင်ကြမှာပဲ။ ဘာကြောင့်လဲဆိုတော့
    'ခင်ဗျားနဲ့ကျွန်တော် လက်လှဲမယ်'
    လို့ ကျွန်တော်ပြောလိုက်လို့ပါပဲ။ ကျန်တဲ့လူတွေက ဟာခနဲဖြစ်သွားတယ်။ ကျွန်တော့်သူငယ်ချင်းက
    'ဘာဖြစ်လဲဗျာ။ အင်အားချင်းမှ မမျှတာ'
    ကျွန်တော်က
    'ဒီမှာဗျ၊ နိုင်လောက်တယ်ထင်လို့ပြိုင်ရဲတာ သတ္တိမဟုတ်ဘူးဗျာ။ ရှုံးမယ်မှန်းသိလျက်နဲ့ ယှဉ်ပြိုင်ရဲတာကိုမှ သတ္တိလို့ခေါ်တယ်'
    'ကြိုက်ပြီဟေ့၊ ဒါပေမယ့် ခင်ဗျားကို တစ်မောင်းအကျောပေးပါတယ်'ဆိုပြီး ဟိုလူက စားပွဲပေါ်တံတောင်ကိုထောက်ပြီး အသင့်ပြင်ထားလိုက်တယ်။
    'မလိုပါဘူး'
    လို့ပြောပြီး ကျွန်တော်က သူ့လက်ဝါးကို ဆုပ်ကိုင်လိုက်တယ်။ လက်ချင်းယှဉ်လိုက်တော့ တခြားစီပဲ။
    ကျွန်တော့်လက်ဖ၀ါးနဲ့ လက်ချောင်းတွေက သူ့လက်ထဲမှာ နစ်မြုပ်သွားတယ်။ လက်ဖျံချင်းယှဉ်လိုက်တော့လည်း သစ်ကိုင်းကြီးတစ်ကိုင်းကို ၀ါးလုံးကလေးနဲ့ထောက်ထားသလို ဖြစ်နေတယ်။
    'ကဲ... တစ်၊ နှစ်၊ သုံး စပြီ'
    သူက အလွယ်တကူနိုင်မယ်ဆိုတာ သိနေတော့ အားမစိုက်ဘဲ အသာကလေးတောင့်ခံထားတယ်။
    ကျွန်တော်ကသာ အတင်းဖိတွန်းပေမယ့် အလကားပဲ။ သူက ပြုံးပြုံးလေးကြည့်ရင်းက ကျွန်တော့်ဘက်ကို တဖြည်းဖြည်းဖိချလာတယ်။
    ကျွန်တော်အားစိုက်ပြီး ခံထားပေမယ့် မရဘူး။ တဖြည်းဖြည်းကျလာပြီ။ ကျွန်တော့်စိတ်မှာလည်း ရှုံးမယ်ဆိုတာ သိပြီးသားပဲ။
    သို့ပေမယ့် ကြာနိုင်သမျှကြာအောင် တောင့်ခံထားဖို့ ကြိုးစားတယ်။ ကျွန်တော့်လက်ဟာ တဖြည်းဖြည်းယိုင်ကျလာတယ်။
    သူ့အနေနဲ့လည်း သိပ်လွယ်လွယ်ကူကူတော့ မရဘူးဆိုတာ သိသွားတယ်နဲ့တူပါတယ်။ ပေါ့ပေါ့ဆဆမဟုတ်တော့ဘဲ အင်အားကို ပြည့်ပြည့်၀၀သုံးလာတယ်။
    ကျွန်တော် အံကြိတ်ပြီး တင်းခံရင်းက လက်တွေ တဆတ်ဆတ်တုန်လာတယ်။ ကျွန်တော့်လက်ဟာ စားပွဲမျက်နှာပြင်ကိုထိဖို့ လက်နှစ်လုံးလောက်ပဲ လိုတော့တယ်။
    လူမှာ အရေးပေါ်အင်အားဆိုတာရှိတယ်။ သာမန်အချိန်မှာ ငုပ်လျှိုးနေတတ်ပြီး အရေးအကြောင်းရှိမှ ရုတ်တရက်ပေါ်ထွက်လာတတ်တဲ့အားမျိုးပဲ။ သာမန်အချိန်မှာ ဘယ်လိုမှ လွတ်အောင်မကျော်နိုင်တဲ့ အတားအဆီးတစ်ခုကို သေပြေးရှင်ပြေး ပြေးနေရတဲ့အချိန်မှာ လွှားခနဲ ခုန်ကျော်နိုင်တဲ့သဘောမျိုးပဲ။
    ခုလည်း ကျွန်တော့်မှာ အရေးပေါ်အင်အားဝင်လာတယ်။ တစ်ကိုယ်လုံးမှာရှိတဲ့အသားတွေကို လက်ဖျံဆီ စုပုံပို့လိုက်ပြီး ဆတ်ခနဲမတင်လိုက်တယ်။ 'ဟင်'ခနဲရေရွတ်သံတွေနဲ့အတူ ကျွန်တော့်လက်ဟာ ပြန်မတ်လာတယ်။ ထောင့်မှန်အခြေအနေကိုပြန်ရောက်လာပြီ။
    သူ အရမ်းအံ့သြသွားတယ်။ မထင်မှတ်တဲ့အခြေအနေကိုး။ တစ်ပြိုင်နက်တည်းမှာ စိုးရိမ်တဲ့အရိပ်အယောင်တွေ သူ့မျက်လုံးထဲမှာ ပေါ်လာတယ်။ ဒါကို အခွင့်ကောင်းယူပြီး သူ့ကို ကျွန်တော် မမှိတ်မသုန်စိုက်ကြည့်နေလိုက်တယ်။ စိတ်ဓာတ်ရေးရာအရ ကျွန်တော်က အထက်စီးရောက်သွားပြီ။ ရှိသမျှအားကို ဖျစ်ညှစ်ထုတ်ပြီး သူ့လက်ကို ဖိတွန်းလိုက်တယ်။ ကျွန်တော့်ကိုယ်ကျွန်တော်လည်း အံ့သြပါရဲ့။ သူ့လက်ဟာ လေးဆယ်ငါးဒီဂရီလောက် စောင်းကျသွားပြီ။
    သူ ထိတ်လန့်တုန်လှုပ်လာပြီး မျက်နှာပေါ်မှာ ချွေးသီးချွေးပေါက်တွေ စို့ထွက်လာတယ်။ တကယ်တော့ သူဟာ စိတ်ဓာတ်ကြံ့ခိုင်သူတစ်ယောက်မဟုတ်ဘူး။ နည်းနည်းလေးအရေးနိမ့်တာနဲ့ စိတ်ဓာတ်ကျသွားတာကို သိလိုက်တယ်။ ကျွန်တော် နောက်တစ်ကြိမ် ဖိချလိုက်တဲ့အခါ သူ့လက်ဟာ စားပွဲမျက်နှာပြင်ပေါ်ကို ကျသွားတော့တယ်။
    စက္ကန့်ပိုင်းလောက် ငြိမ်သက်တိတ်ဆိတ်နေပြီးမှ လက်ခုပ်သံတွေ ဆူညံစွာ ထွက်ပေါ်လာတယ်။ ဒီတော့မှ တခြားဝိုင်းက လူတွေကလည်း ကျွန်တော်တို့ပွဲကို စိတ်ဝင်စားစွာကြည့်နေကြတယ်ဆိုတာ သိရတော့တယ်။ ကျွန်တော့်သူငယ်ချင်းကတော့ ဟန်မဆောင်တော့ဘဲ ကျွန်တော့်ကို လက်ဆွဲနှုတ်ဆက်လိုက်တယ်။
    ဟိုလူကတော့ မျက်စိမျက်နှာ အကြီးအကျယ်ပျက်နေပြီ။ ဂျင်းဘောင်းဘီအိတ်ထဲက ကိုးဆယ်တန်ငွေစက္ကူ လေးငါးရွက်ကိုထုတ်ပြီး စားပွဲပေါ် ပစ်ချတယ်။ ပြီးတော့ အမြဲပဲအနိုင်ယူချင်တတ်တဲ့လူတွေရဲ့ထုံးစံအတိုင်းပဲ 'ကျုပ်က ခင်ဗျားကို သနားလို့ တမင် အရှုံးပေးလိုက်တယ်လို့ မှတ်ထားပါ'လို့ပြောပြီး ထထွက်သွားတယ်။ ကျွန်တော်ကတော့ သူ့ကိုဘာကြောင့် အနိုင်ရလိုက်တာလဲဆိုတာကို စဉ်းစားအဖြေရှာကြည့်နေမိတယ်။

[ရုပ်ရှင်အမြုတေ၊ မေ၊ ၁၉၈၉]




အာဇာနည်ကိုးဦးအတွက် ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ ဆွမ်းကပ်

Burma VJ Media Network

အာဇာနည်ကိုးဦးအတွက် ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ ဆွမ်းကပ်
မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးသွားခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ မန်းဘခိုင်၊ သခင်မြ၊ ဦးအုန်းမောင်၊ ဦးဘ၀င်း၊ ဦးရာဇတ်၊ မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဒီးဒုတ်ဦးဘချို၊ ရဲဘော်ကိုထွေး အစရှိတဲ့ အာဇာနည်ခေါင်းဆောင် ကိုးဦး ကျဆုံးခဲ့တာဟာ ၆၅ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ သူမရဲ့နေအိမ်မှာ ဖခင်ဖြစ်သူနဲ့အတူကျဆုံးခဲ့တဲ့ သူရဲကောင်း အာဇာနည်တွေအတွက် ရည်စူးပြီး ကွယ်လွန်ခြင်း ၆၅ နှစ်မြောက်နှစ်ပတ်လည်အတွက် ပဏ္ဏိတရာမကျောင်းတိုက်က သံဃာတော် ၅ ပါးနဲ့ ချမ်းမြေ့ရိပ်သာ ကျောင်းတိုက်က သံဃာတော် ၅ ပါး စုစုပေါင်း သံဃာတော် ဆယ်ပါးကို နံနက် ၁၀း၀၀ နာရီဝန်းကျင်က နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ပါတယ်။အဲဒီနောက် ဘာသာပေါင်းစုံ ဝတ်ပြုဆုတောင်းအဖွဲ့တွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ရောက်ရှိလာပြီး ကျဆုံးသွားတဲ့ သူရဲကောင်းအာဇာနည်တွေအတွက် မိမိတို့ဘာသာတွေအလိုက် ဝတ်ပြုဆုတောင်းမှုတွေ ပြုလုပ်ပေးခဲ့ကြပါတယ်။နေ့ဆွမ်းဆက်ကပ် လှူဒါန်းမှုအပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားကိုတက်ရောက်ဖို့ သွားရောက်ခဲ့တယ်လို့ သိရှိရပါတယ်ခင်ဗျာ။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ နာမည် (၆)မျိုး




(၆၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ်ဗိုလ်ချုပ်အောင်ဆန်းရဲ့ နာမည် (၆)မျိုးကို တင်ပြလိုက်ပါတယ်.....
သတင်း  မြိတ်..
News of Myeik 

စပိန်တွင်သောင်း နဲ့ ချီဆန္ဒပြ


 
 
 
 
 
 
 
 
ဘဏ္ဍာရေးအကျပ်တည်းကိုဖြေရှင်းဖို့  စပိန်အစိုးရကထောက်ပံဖြတ်တောက်မူတွေ
 ထပ်တိုးလုပ်ဖို့ စီစဉ်လာတဲ့ အတွက်စပိန်နှိုင်ငံ
လူသောင်းနဲ့ ချီဆန္ဒပြနေကြပါတယ်။

နှိုင်ငံအနှံမြို့ ပေါင်း၈၀ကျော်ဆန္ဒပြနေကြပါတယ်။

မဒရမ်မြို့တော်မှာလူပေါင်း၈၀ကျော်ဆန္ဒပြတယ်လို့ ရဲပြီး ၆ သိန်းရှိလို့ 
စီစဉ်သးတွေကပြောပါတယ်။

လမ်းဆုံးလခွတွေမှာပိတ်ဆို့ ဆန္ဒပြသူတွေ မီးးသက်သမားတွေ ၊
ရဲတွေ ရောထွေးနေကြပါတယ်။

ဒုတိယမြို့ တော် ဘာစီလိုနာလဲ အလုပ်သမားသမင်္ဂတွေအဆိုအရ 
လူလေးသိန်းအစိုးရ ကိုန်းဂဏန်းတွေအရ။လေးသောင်ဆန္ဒပြနေကြပါတယ်။

BBC

ဆီးရီးယား စစ်ခေါင်းဆောင်များ လုပ်ကြံခံရမှု



~


လဝီဝင် ~
ဆီးရီးယားနိုင်ငံ ဒမတ်စကပ်မြို့လယ်ကောင် စစ်ရုံးချုပ်မှာ
လုံခြုံရေး တင်းတင်းကြပ်ကြပ် ချမှတ်ထားလျက်နဲ့ ဗုဒ္ဓဟူးနေ့မှာ အသေခံဗုံးခွဲသမားတယောက်
ဝင်ရောက် ဗုံးခွဲခဲ့ပါတယ် တဲ့။

ဒီဖြစ်ရပ်မှာ ဆီးရီးယား အာဏာရှင်အာဆတ် အားကိုးရသူတွေထဲက ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရသွားပါတယ်။

အသေခံဗုံးခွဲသတ်ဖြတ်သွားသူဟာ ယုံကြည်စိတ်ချရတဲ့ ဘော်ဒီဂတ်တယောက် ဖြစ်တယ် ဆိုတဲ့ သတင်းကြောင့် အာဏာရှင်အာဆတ်က ဒီလို အဖြစ်ဆိုးမျိုး သူကြုံတွေ့နိုင်ခြင်း မရှိဖို့ အထိန့်တလန့် စဉ်းစားနေပုံ ရပါတယ်။
သေဆုံးသူ စစ်အရာရှိကြီး ၃ ဦးအကြောင်း


Daoud Rajha ဆိုသူက ကာကွယ်ရေး ဝန်ကြီးဖြစ်ပါတယ်။ အသက် ၆၅ နှစ်ရှိပြီးတော့ ဒီရာထူးရလာတာ တနှစ်တောင် မပြည့်သေးပါဘူး။
အာဏာရှင်အာဆတ်၏ သက်စိုးရှည်ရေးကို ဝိုင်းဝန်ထောက်ပံ့ပေးခဲ့တဲ့ ပုဂ္ဂိုလ်တဦးပါ။
လူနည်းစု ဆီးရီးယား ခရစ်ယာန်တွေကြားထဲမှာတော့ အင်မတန် ထင်ပေါ်သူပါ။
ဆီးရီးယားပြည်သူတွေအပေါ် အကြမ်းဖက် ချေမှုန်းတာကို မထောက်ခံတဲ့ စစ်ဗိုလ်ချုပ်တချို့ထဲမှာ သူလည်း ပါတယ်လို့ တချို့က ဆိုပါတယ်။
သူဟာ ဆီးရီးယား စစ်တက္ကသိုလ်ကနေ ၁၉၆၇ ခုနှစ်မှာ ကျောင်းဆင်းလာသူပါ။ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့ခံရသူတဦးလည်း ဖြစ်ပါတယ်။

အသေခံဗုံးသမားက လက်မှန်တယ်လို့ ပြောရမလား၊ အခု ဒုတိယ သေသွားတဲ့ Asef Shawkat ဆိုသူက အာဆတ် အစိုးရထဲမှာ အာဏာအရှိဆုံး ထိပ်တန်းပုဂ္ဂိုလ်တွေထဲမှာ ပါပါတယ်။ အာဆတ်ရဲ့ ယောက်ဖလည်း ဖြစ်ပါတယ်။
ရက်စက်ကြမ်းကြုပ်တဲ့ နာမည်ကျော် စစ်ထောက်လှမ်းရေး ခေါင်းဆောင်တယောက်လည်း ဖြစ်ပါတယ်။ ပြည်သူတွေကို အကြမ်းဖက် နှိမ်နင်းရေးပေါ်လစီကို
ကြိုးကိုင်နေသူပါ။ ဒါ့အပြင် သူပုန်တွေနဲ့ ငြိမ်းချမ်းဆွေးနွေးရာမှာ ပါဝင်သူပါ။
ဓာတ်ပုံအရိုက်ခံလေ့မရှိပါဘူး။

Hassan Turkmani က အာဏာရှင်ကြီး အာဆတ်ရဲ့ စစ်ဘက်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ပါ။
ပြည်သူတွေအပေါ် အကြမ်းဖက်နေတာနဲ့ ပတ်သက်ပြီး သတင်း ဘယ်လို ထုတ်ပြန်မလဲ ဆိုတဲ့ဟာကို ကြီးကြပ်နေသူပါ။
သူက အာဆတ်နဲ့ လူမျိုးချင်းတူ ဆူနီမူဆလင်ဖြစ်ပြီးတော့ အာဆတ် လုံခြုံရေးအတွက် တာဝန်ယူနေသူတဦးလည်း ဖြစ်ပါသည်။
စစ်တက္ကသိုလ်ကနေ ၁၉၃၅ ခုနှစ်မှာ ကျောင်းဆင်းပြီးတော့ အာရတ်နဲ့
အစ္စရေးစစ်ဖြစ်တဲ့ ၁၉၇၃ ခုနှစ်မှာ တပ်မှူးတယောက် ဖြစ်လာပါတယ်။

၂၀၀၄က အစပြုပြီး ကာကွယ်ရေးဝန်ကြီး အဖြစ် ၅ နှစ် တာဝန်ယူခဲ့သူပါ။
နောက်ပိုင်း ပဋိပက္ခချေမှုန်းဖြေရှင်းစီမံကိန်းတွေရဲ့ အကြီးအကဲဖြစ်လာပြီး သူဟာ နှိပ်စက်ညှဉ်းပန်းမှုတွေမှာ တာဝန်ရှိတယ်လို့ လူသိများပါတယ်။

ဒါကတော့ ဗုံးကွဲမှုမှာ ထိသွားသူ ၃ ယောက် အကြောင်းပါ။

နောက်ဆက်တွဲသတင်း ပြောရရင် အာဏာရှင်အာဆတ်ရဲ့ ဆီးရီးယားအစိုးရအပေါ် ထပ်ပြီးတော့ ပိတ်ဆို့အရေးယူဆို့ ကုလ လုံခြုံရေး ကောင်စီမှာ ပြင်ဆင်ကြပါတယ်။ ထုံးစံအတိုင်း ဖျက်မြင်း တရုတ်၊ ရုရှ တို့က ဗီတိုအာဏာနဲ့ ပယ်ချလိုက်ပါတယ်။

မိုးမိုး အင်းလျား ရဲ့ ပျောကိသောလမ်းမှာ စမ်းတ၀ါးဝါး

မိုးမိုး(အင်းလျား) ရဲ့ ဘယ်သူလာကူပါ့မယ် ဆိုတဲ့ စာအုပ်လေးပါ . .
အားလုံးအကြိုက်စာအုပ်လေးပါပဲ . . မိသားစုတာဝန်ကိုယူရင်း မှောင်ခိုကုန်ကူးသူဖြစ်ခဲ့တဲ့ မိန်းကလေးတစ်ယောက်အကြောင်းပါ . .
အောက်ပါ လင့်မှာလည်း ဒေါင်းလို့ရပါတယ်. .မည်သူမဆို ၀င်ယူနိုင်ပါပြီ..။

Moe Moe Inla

ဧရာဝတီ အနာဂတ်အတွက် စိတ်မချရသေး၊ မြစ်ဆုံဆည်အား မဖြစ်မနေ တည်ဆောက်ရမည်ဟု အာဏာရ USDP ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း ပြောကြား




ဧရာဝတီ အနာဂတ်အတွက် စိတ်မချရသေး၊ မြစ်ဆုံဆည်အား မဖြစ်မနေ တည်ဆောက်ရမည်ဟု အာဏာရ USDP ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း ပြောကြား

မကြာသေးမီက သမ္မတ ဦးသိန်းစိန်က မိမိ၏ သက်တမ်းကာလအတွင်း တည်ဆောက်မှုများ ရပ်ဆိုင်းထားမည်ဟု ဆိုသော ဧရာဝတီ မြစ်ဆုံဆည်အား မဖြစ်မနေ ပြန်လည် စတင် တည်ဆောက်သွားရမည် ဖြစ်ကြောင်း အာဏာရ
USDP ပါတီ ဗဟို အလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက တရုတ် နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြား ပြောဆိုသွားခဲ့ပါသည်။

မြန်မာနိုင်ငံတွင်းမှ နိုင်ငံရေး အဖွဲ့အစည်းများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များနှင့် လူထုလူတန်းစား အဖွဲ့အစည်းများ မီဒီယာများနှင့် ပြည်သူအများအပြားက ဆန့်ကျင် ဝေဖန်မှုများ ပြုလုပ်အပြီး ပြည်သူ့အသံကို နားထောင်ကာ သမ္မတက ၄င်း စီမံကိန်းရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သော သမ္မတ၏ ဆုံးဖြတ်ချက်အား ယခင် ရန်ကုန်မြို့တော်ဝန်ဟောင်း အငြိမ်းစား ဗိုလ်မှူးချုပ်အောင်သိန်းလင်းက တွေ့ဆုံ မေးမြန်းရာတွင် စိန်ခေါ်သွားခဲ့ခြင်းဖြစ်ပါသည်။

ဦးအောင်သိန်းလင်းက "ဒါဟာ သူ (သမ္မတ) ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ပါ၊ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒါကို ဆန့်ကျင် ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အမျိုးသားရေး မူဝါဒမဟုတ်ပါဘူး။ သမ္မတ ဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်ပြားအောင်လုပ်ခဲ့ပါတယ်" ဟု ဖြေကြားသွားပြီး ယခု မြစ်ဆုံဆည်အား ပြန်တည်ဆောက်သင့်သလားဟု မေးမြန်းရာတွင် "ဆောက်ကို ဆောက်ရမှာပေါ့၊ ကျွန်တော်တို့
လျှပ်စစ် ဓာတ်အား လိုတယ်။ အနောက်နိုင်ငံတွေက ဒါကိုရပ်ဆိုင်းဖို့နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး ပျက်ပြားအောင် လုပ်ခဲ့တာပါ " ဟု ဖြေကြားခဲ့သည်။

USDP ပါတီ၏ အဓိက အလုပ်အမှုဆောင်တစ်ဦးဖြစ်သော ဦးအောင်သိန်းလင်းသည် NLD ပါတီနှင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်းပြင်ထန်ထန်ဝေဖန်သွားခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်အားလည်း " ကျွန်တော်သူ့ကို မယုံဘူး။ ကုလသမဂ္ဂ ကိုလည်းမယုံဘူး " ဟုဖြေကြားသွားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်ခြင်းမှာ " ကျွန်တော်တို့ပြည်သူတွေအတွက် ကျွန်တော်တို့နိုင်ငံအတွက် လာတာမဟုတ်ဘူး။ ဒီအမျိုးသမီး (ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွှန်းသည် ) အတွက်လာတာ" ဟုဖြေကြားခဲ့ပါသည်။ ဦးအောင်သိန်းလင်းက EU နှင့် US အား " သူတို့ကိုမယုံဘူး။ သူတို့က သူတို့လိုချင်တဲ့ ရုပ်သေးအစိုးရတင်ဖို့ ဂိုဏ်းဖွဲ့နေကြတာ " ဟုဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်NLD အပေါ် လူအများအပြားက လှိုက်လှဲစွာ ထောက်ခံနေကြခြင်းအပေါ် မေးမြန်းရာ သူက " လူတွေက ရူးနေကြတာပါ။ သူက လူကြိုက်များရတာ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်လို့ပါ " ဟု ပြောကြားခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ရခြင်းနှင့်ပတ်သက်၍ ဦးအောင်သိန်းလင်းက " ကျွန်တော်တို့ သင်ခန်းစာတွေရတယ်။ လူထုနဲ့ အများကြီးဆက်ဆံရမယ်။ လူထုလိုအပ်ချက် ဆန္ဒတွေကိုသိရမယ် " ဟုဆိုပါသည်။

သို့ရာတွင်မြန်မာနိုင်ငံရှိ လူဦးရေ ၉၀ ရာခိုင်နှုန်းကျော်က မြစ်ဆုံဆည်တည်ဆောက်ရေးကို လိုလားခြင်းမရှိကြောင်းကို ဦးအောင်သိန်းလင်းအနေဖြင့်မသိကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦး က သုံးသပ်ပါသည်။ အဆိုပါ သုံးသပ်သူက " သူတို့ ထပ်နိုင်ရင် ဒီမြစ်ဆုံဆည်ကို မဖြစ်မနေ ဆောက်မယ်လို့ ဦးအောင်သိန်းလင်းက ဆိုရင် ၂၀၁၅ အတွက် အဖြေက ထွက်ပြီးသားပဲပေါ့။ ပြိုင်စရာတောင်မလိုတော့ပါဘူး" ဟု မှတ်ချက်ပြုပါသည်။

USDP ပါတီ၏ ဗဟိုအလုပ်အမှုဆောင်နှင့် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံဖြစ်သော ဦးအောင်သိန်းလင်းသည် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပြီး အငြင်းပွားဖွယ်ရာ မဲရလဒ်ဖြင့် အနိုင်ရခဲ့သူဖြစ်ပါသည်။ အဆိုပါ အငြင်းပွားမှုမှာ ကြိုတင်မဲ အများအပြားဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ထို့အပြင် ဦးအောင်သိန်းလင်းသည် ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ရန်ကုန်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကာလအတွင်း မဲဆွယ်စည်းရုံးရေးအတွက် လမ်းခင်းခြင်းများပြုလုပ်ရာ၌ ၄င်းသည် ပါတီငွေကြေးနှင့် ရန်ကုန်မြို့တော်စည်ပင်ငွေကြေးများကို ရောထွေးသုံးစွဲခဲ့သည်ဟု စွပ်စွဲဝေဖန်ခြင်းများကိုလည်း ခံခဲ့ရသူဖြစ်သည်။

မြန်မာ့ အပြောင်းအလဲအတွက် Quality က Speed ထက်ပိုအရေးကြီးကြောင်း ဒဲရစ်မစ်ချယ်ပြောကြား





by Yangon Media Group on Friday, July 20, 2012 at 5:12pm ·

ဇော်ထိုက် (Yangon Media Group)
မြန်မာ နိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲ လုပ်ငန်းစဉ်များကိုဆောင်ရွက်ရာတွင် speed(လျှင်မြန်ခြင်း) ထက် quality (အရည်အသွေး)ကို ပို၍ အရေးကြီး ပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် မကြာမီက ခန့်အပ်ခြင်းခံထားရသော မစ္စတာ ဒဲရစ်မစ်ချယ် ကပြောကြား လိုက်သည်။
ယင်းနှင့် စပ်လျဉ်း၍ ယနေ့ (ဇူလိုင်၂၀)တွင် အမေရိကန်သံရုံး၌ ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။


"ကျွန်တော်ကတော့ လုပ်စရာ အလုပ်တွေထက် အချိန်အတိုင်းအတာ ကန့်သတ်ချက်တွေတော့ မထားလိုပါဘူး ပြောချင်တာ ကတော့ အစိုးရအတွက် speed က အဓိကမဟုတ်ပါဘူး quality ကအဓိကဖြစ်ပါတယ် တစ်ခါ တရံမှာ မြန်လွန်းတာကလည်း ရန်သူလို အန္တရယ်ပေးတတ်ပါတယ် ကျွန်တော်တို့ အနေနဲ့ကတော့ အပြောင်းအလဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး သိသာတဲ့ အရာတွေ ကို သေသေချာချာဖြစ်စေချင်ပါတယ် ၊ ကျွန်တော်တို့အနေနဲ့ လုပ်ဖို့လိုအပ်တဲ့အရာတွေကို လုပ်နေ ပါတယ် " ဟု ယင်းကပြောကြားသည်။


အဆိုပါ သတင်းစာရှင်းလင်းပွဲသို့တက်ရောက်လာသည့် သတင်းမီဒီယာတစ်ခုက မစ္စတာဒဲရစ်မစ်ချယ် အနေဖြင့်နှစ်၂၀အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဖြစ်လာရာ မြန် မာနိုင်ငံနှစ်စပ်လျဉ်းပြီး မည်သည့်လုပ်ငန်း ကိုကနဦး ဦးစားပေးအဖြစ်ဆောင် ရွက်မည်နည်းဟုမေးမြန်းရာတွင် သံအမတ်ကြီးကထိုကဲ့သို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ကာတွန်း သော်က (အရိုင်း) အမှတ်တရ ပြပွဲ ဇူလိုင် ၂၇ မှ ဇူလိုင် ၃၁ထိ
















ပြပွဲကျရင် ဝေမယ့် ဦးသော်ကရဲ့ ဘဝအကြောင်း Pamphlet Front










APK Fan Page မှ ကူးယူဖော်ပြပါတယ်။

(၆၅) ကြိမ်မြောက် အာဇာနည်နေ့နှင့် ဒေါ်အောင်ဆန်းစုကြည်



ဆောင်းပါး - ဆောင်းပါး
D1mnhgdefကျွန်မက ဒေါက်တာဘွဲ့ မရှိပါဘူး။ ဂုဏ်ထူးဆောင်ပေးတယ် ဆိုတာဟာ ဒေါက်တာဆိုတဲ့ အသုံးအနှုန်းကို မသုံးသင့်ပါဘူး။ သုံးပိုင်ခွင့် မရှိပါဘူး။ ကျွန်မကို ဒေါ်အောင်ဆန်းစုကြည်လို့ပဲ ရိုးရိုးဆက်ပြီးခေါ်သွားလို့ရပါတယ်။ ဒေါက်တာ အခေါ်ခံ စေချင်ရင် စာမေးပွဲ ဖြေရတော့မလိုဖြစ်နေပြီ၊ အားလုံးဒီလို အာဇာနည်နေ့မှာ သိုက်သိုက် ၀န်းဝန်း ရောက်လာတဲ့အတွက် ကျွန်မ၀မ်း သာပါတယ်။ ကျွန်မတို့ အာဇာနည်နေ့ ကျင်းပတယ် ဆိုတာဟာ အခုနှစ်တင် မဟုတ်ပါဘူး။ နှစ်ပေါင်း ၂၀ ကျော်ကတည်းက ဘယ်လိုပဲ အခက်အခဲတွေ ရှိခဲ့ရှိခဲ့ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အာဇာနည်နေ့ကို ကျင်းပဖြစ်အောင် ကျင်းပခဲ့ပါတယ်။
ဒီလို ကျင်းပရတဲ့ အကြောင်းဟာ ကျွန်မတို့ အခြေခံအားဖြင့်တော့ နိုင်ငံရေး အကြောင်းပဲလို့ ပြောရမှာဖြစ်ပါတယ်။ ကျွန်မတို့က နိုင်ငံရေး အဖွဲ့အစည်းဆိုတော့ နိုင်ငံရေး အကြောင်းကို အခြေခံပြီးတော့ ဒီလိုပွဲတွေကို ကျင်းပတာပါ။ အာဇာနည်စိတ်ဓာတ်ကို ကျွန်မတို့နိုင်ငံမှာ ပြန့်ပွားစေချင်လို့။ ဒီလို အာဇာနည် စိတ်ဓာတ်ပြန့်ပွားစေချင် တယ်ဆိုလို့ရှိရင် အာဇာနည်စိတ်ဓာတ်ကို လေးစားတယ်ဆိုတာဟာ ကျွန်မတို့ နိုင်ငံမှာရှိရမယ်။ အများ မလေးစားတဲ့ဟာကို ပြန့်ပွားအောင်လုပ်ဖို့ဆိုတာ အင်မတန်မှ ခက်ပါတယ်။ ဒီတော့ ကျွန်မတို့ အာဇာနည် စိတ်ဓာတ်က ဘာလဲဆိုတော့ ပြောနိုင်တာတွေက အမျိုးမျိုး ပေါ့ နော်။ ကျွန်မအမြင်မှာတော့ အာဇာနည် စိတ်ဓာတ်ကို အများက မြင်တာက သတ္တိရှိခြင်းနဲ့ပဲ ဆိုင်တယ်လို့ မြင်ကြတာများ တယ်။
သတ္တိရှိတာကို အာဇာနည် စိတ်ဓာတ်ပေါ့ ၊ ရဲရဲရင့်ရင့်နဲ့ လုပ်ရဲ ကိုင်ရဲတာကို အာဇာနည် စိတ်ဓာတ်လို့မြင်ကြတယ်။ ကျွန်မ ကတော့ ဒီလိုပဲ ကြည့်လို့ မဖြစ်ဘူးပေါ့နော်။ အာဇာနည်ဆိုတဲ့ စကားကတော့ သက္ကတဘာသာကနေပြန်ကြည့်မယ်ဆိုရင် မြင့်မြတ်တဲ့ မျိုးရိုးကို ဆိုလိုတာပါ။ ဒါပေမယ့် ဒီခေတ်က မျိုးရိုးကိုကြည့်တဲ့ခေတ် မဟုတ်တော့ပါဘူး။ ဒီတော့ မြင့်မြတ်တဲ့မျိုး ရိုး အစား မြင့်မြတ်တဲ့ စိတ်ဓာတ်လို့ပဲ ကျွန်မပြောချင်ပါတယ်။ အဲဒီတော့ မြင့်မြတ်တဲ့ စိတ်ဓာတ်ကို အခြေခံမှ အာဇာနည် စိတ်ဓာတ်လို့ အခေါ်ခံရမှာပါ။ သတ္တိရှိတယ်ဆိုတာလည်း မြင့်မြတ်တဲ့ စိတ်ဓာတ်ကို အခြေခံတဲ့ သတ္တိမျိုးဖြစ်ရပါမယ်။
သတ်ရဲဖြတ်ရဲတိုင်း သတ္တိမဟုတ်ပါဘူး။ တိုက်ရဲခိုက်ရဲတိုင်းလည်း အာဇာနည် မဟုတ်ပါဘူး။ အာဇာနည် စိတ်ဓာတ်ရဲ့ အ ခြေခံက မြင့်မြတ်တဲ့ စိတ်ဓာတ်လို့ ကျွန်မပြောချင်ပါတယ်။ မြင့်မြတ်တဲ့ စိတ်ဓာတ်တွေ ကျွန်မတို့နိုင်ငံမှာ ပွားများအောင်လို့ ကျွန်မတို့ဟာ အာဇာနည် ခေါင်းဆောင်ကြီးတွေကို လေးစားသင့်တယ်။ ဒီခေါင်းဆောင် ကြီးတွေရဲ့ကျေးဇူးကို မမေ့သင့် ဘူး လို့ ကျွန်မတို့ ဒီလိုပဲ ယူဆပါတယ်။ မြင့်မြတ်တဲ့ စိတ်ဓာတ်ဆိုတာ ဘာလဲဆိုရင်တော့ လူတိုင်းလူတိုင်းဟာ သိသင့်ပါတယ်။ တကယ်တမ်း မြင့်မြတ်ခြင်းဆိုတာ ဘာလဲဆိုတာ မသိတဲ့သူတွေရှိလားလို့ တစ်ခါတလေ ကျွန်မစဉ်းစားမိတယ်။
Ag_San_02eeeကျွန်မငယ်ငယ် တုန်းက မရှိဘူးလို့ ထင်မိတယ်။ အသက်ကြီးလာတော့ ရှိတယ်ဆိုတာမြင် ခဲ့တယ်။ တကယ်ပဲတချို့က မြင့် မြတ်ခြင်းဆိုတာ ဘာလဲဆိုတာနားမလည် တာတွေရှိကြတယ်။ အဲဒီနားမလည်တာတွေက ပြုစုပျိုးထောင်မှု၊ ပညာရေးစ နစ် ၊ဗီဇလည်းပါပါတယ်။ ဗီဇဆိုတာ ဘယ်လိုမှ ငြင်းလို့မရပါဘူး။ တစ်ယောက်နဲ့တစ်ယောက်ဟာ မွေးကတည်းကတူလာတာမ ဟုတ်ပါဘူး။ ပညာရေး စနစ်ကနေပြီးတော့ အများကြီးပြုပြင်ပေးနိုင်တယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့ ကျွန်မ တို့နိုင်ငံမှာ ပညာရေးစနစ် အရေးကြီးတယ် ဆိုတာကို အမြဲပဲ မီးမောင်းထိုးရတဲ့ ကိစ္စက ဒါပါပဲ။ ကျွန်မတို့ နိုင်ငံသူနိုင်ငံ သား တွေဟာ တန်ဖိုးရှိတဲ့ လူသားတွေဖြစ်လာအောင်လို့ ကျွန်မတို့ဟာ ပညာရေး စနစ်ကိုပြုပြင်ချင်တာပါ။ ပညာရေး စနစ်ပြုပြင်ပြီးတော့မှ ကျွန်မတို့ပိုပြီးတော့ အမြင်ကျယ်တဲ့ ပိုပြီးတော့ စိတ်ထားမြင့်တဲ့ နိုင်ငံ သူနိုင်ငံ သားတွေကို ပြု စုပျိုးထောင်ချင်ပါတယ်။ မိဘများမှာလည်း တာဝန်ရှိပါတယ်။ လက်ဦးရာတွေက မိဘတွေပဲ ။မိဘတွေ ကိုယ်တိုင်က သား  သမီးတွေကို မှန်ကန်တဲ့ အတွေးအခေါ်တွေ မှန်ကန်တဲ့ တန်ဖိုးထားတွေ သိအောင်လို့ လုပ်ပေးရမှာပါ။ အဲဒီလိုလုပ်ပေးမှ ကျွန်မတို့ဟာ အာဇာနည်တွေများတဲ့ တိုင်းပြည်ဖြစ်လာပါလိမ့်မယ်။ တချို့က အာဇာနည်ဆိုတာ စွန့်လွတ်ပြီး အနစ်နာခံပြီး အသေခံသွားတဲ့ သူလို့ ထင်မှတ်တဲ့ သူတွေလည်း ရှိပါတယ်။
ဒါက သူရဲကောင်းနဲ့ အာဇာနည်ကို အဓိပ္ပါယ်အသဲမကွဲ ဖော်ထုတ်လိုက်တာပဲလို့ ကျွန်မကတော့ မြင်ပါတယ်။ သူရဲကောင်း ကသူရဲကောင်းပဲ၊ အာဇာနည်က အာဇာနည်ပဲ။ အာဇာနည်ဆိုတာဟာ မြင့်မြတ်တဲ့ စိတ်လည်းပါရမယ်လို့ ကျွန်မထင်ပါ တယ်။ ရိုးရိုးသူရဲကောင်း စိတ်ဓာတ်နဲ့ မလုံလောက်ပါဘူး။ တစ်နည်းအားဖြင့် ဆိုရမယ်ဆိုလို့ရှိရင် သူရဲကောင်း အာဇာနည် ၊ အာဇာနည် သူရဲကောင်း စတာမှာတော့ သူရဲကောင်းဘက်က စပေမယ့် အာဇာနည် စိတ်ဓာတ်ရှိမှ အာဇာနည်ဖြစ်မှာပါ။ သူရဲကောင်းတိုင်းက အာဇာနည်ဖြစ်တာ မဟုတ်ပါဘူး။ ဒါပေမယ့် အာဇာနည်တိုင်းကတော့ သူရဲကောင်းဖြစ် တတ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အာဇာနည် စိတ်ဓာတ်ဆိုကတည်းက ဘယ်ဟာကို တန်ဖိုးထားရမလဲဆိုတာ သိတဲ့အခါကျတော့ ဒီတန်ဖိုးထားမှုကို အခြေခံပြီးတော့ ဒီသတ္တိရှိသင့်တဲ့ နေရာမှာ ရှိကြတယ်။
သတ္တိထုတ်သင့်တဲ့ နေရာမှာ ထုတ်ကြတယ်။ သတ္တိကို မထုတ်သင့်တဲ့နေရာမှာ ထုတ်တာလည်း အာဇာနည် စိတ်ဓာတ်မ ဟုတ်ဘူးလို့ ကျွန်မမြင်ပါတယ်။ အာဇာနည် စိတ်ဓာတ်ဆိုတာ မြင့်မားတဲ့စိတ်၊ ဆင်ခြင်တုံ တရားပါတဲ့စိတ်နဲ့ သတ္တိကို တွဲ ထားတဲ့ စိတ်လို့ ဒီလိုပဲ ကျွန်မက အဓိပ္ပာယ် ဖော်ချင်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ဟာ ကျွန်မတို့ အာဇာနည်ခေါင်း ဆောင် ကြီးတွေကို တကယ်ပဲ လေးစားတယ်၊ တကယ်ပဲ တန်ဖိုးထားတယ်ဆိုလို့ရှိရင် ဒီကိစ္စကိုနား လည်ဖို့ လိုပါတယ်။ တကယ်တန်ဖိုးကို နားမလည်ဘဲနဲ့ လေးစားတယ်ဆိုတာဟာ မဖြစ်နိုင်ပါဘူး။ မှားပြီးတော့ ဒီလူဟာ မလေးစားသင့်တဲ့ အရည်အချင်းကို ကြည့်ပြီး အားကျပြီး လေးစားတယ်ဆိုတာလည်း တစ်နည်းအားဖြင့် တကယ့်မြင့်မြတ်တဲ့ လူတွေကို စော်ကားရာရောက် တယ်လို့ ကျွန်မကတော့ ဒီလိုပဲမြင်ပါတယ်။
အဲဒါကြောင့်မို့ အာဇာနည် စိတ်ဓာတ်ဆိုတာ ဘာလဲဆိုတာကို ကိုယ့်ကိုယ်ကို သေသေချာချာ တစ်ယောက်ချင်း တစ်ယောက် ချင်းကနေပြီး ကိုယ့်ဘာသာကို လေ့လာပြီး ကြည့်စေချင်ပါတယ်။ အထူးသဖြင့် ကျွန်မတို့ရဲ့လူငယ်တွေကို ကြည့်စေချင်ပါ တယ်။ လူတိုင်းလူတိုင်းဟာ အာဇာနည်ဖြစ်နိုင်ပါတယ်။ လူတိုင်းလူတိုင်း အာဇာနည်ဖြစ်ဖို့ဆိုတာ အသက်ကို စွန့်လွှတ်ဖို့ မလိုပါဘူး။ တစ်ခါတလေ မသက်မစွန့်ဘဲနဲ့တကယ့်ကိုနေသွားရတာတောင်မှ အာဇာနည်စိတ်ဓာတ်နဲ့နေ သွားတာတွေရှိပါ တယ်။
အဲဒါကြောင့်မို့ ကျွန်မတို့လူငယ်တွေဟာ မြင့်မြင့်ကြံကြပါ။ ကိုယ့်ကိုယ်ကို အာဇာနည် စိတ်ဓာတ်နဲ့နေနိုင်တဲ့ ပုဂ္ဂိုလ်တွေဖြစ် အောင် လေ့ကျင့်ကြပါ။ လေ့ကျင့်နေလို့ရှိရင်ရပါတယ်။ အာဇာနည် စိတ်ဓာတ်ထဲမှာ ကိုယ်ကျိုးမရှာတဲ့ မြင့်မြတ်တဲ့ စိတ် ထားတစ်ခုလည်းပါပါတယ်။ ကိုယ်ကျိုးရှာတဲ့စိတ်ပါသွားပြီဆိုလို့ရှိ ရင် ကိုယ့်ရဲ့တိုးတက်ရေးအတွက် ကိုယ့်ရဲ့အကျိုး တိုး တက်ရေးအတွက် သိပ်ပြီးတော့အလေးထားသွားပြီဆိုလို့ရှိရင် ဒါအာဇာနည်မဟုတ်တော့ပါဘူး။
D_Arzarni
တခြားနေရာတွေမှာ တော်တဲ့သူဖြစ်နိုင်ပါတယ်။ လူတော်ဖြစ်နိုင်ပါတယ်။ အင်မတန်မှ တော်တဲ့သူဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အာဇာနည်လို့တော့ ကျွန်မက သတ်မှတ်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တချို့ဆိုလို့ရှိရင် ကိုယ့်ရဲ့ပစ္စည်းအတွက်၊ ကိုယ့်ရဲ့တိုးပွားရေးအတွက် အများကြီး စွန့်စားတဲ့သူတွေရှိတယ်။ စွန့်စွန့်စားစားနဲ့လုပ်တဲ့ စီးပွားရေးသမားတွေ လည်းရှိတယ်။ စွန့်စွန့်စားစားနဲ့ ကိုယ်လုပ်ချင်တဲ့အရာကို ရအောင်လို့ လုပ်တဲ့သူတွေလည်းရှိတယ်။ ဒါပေမယ့် ကိုယ့်အတွက် လုပ်တယ်ဆိုတဲ့ အခြေခံတာကြောင့်မို့ ဒါကို ကျွန်မကတော့ အာဇာနည် စိတ်ဓာတ်လို့ မသတ်မှတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ ပြည်သူပြည်သား အားလုံးဟာ အာဇာနည် စိတ်ဓာတ်ဘာလဲဆိုတာကို သေသေချာချာ စဉ်းစားကြပါ။ စဉ်းစားပြီးတော့မှ ဒီလို စိတ်ဓာတ်မျိုးကို ကိုယ့်အတွင်းမှာလည်း တိုးပွားအောင်လို့လုပ်ပါ။ တခြားသူတွေ ဒီလို စိတ်ဓာတ်ရှိလို့ ရှိရင်လည်း အဲဒီ လို ပုဂ္ဂိုလ်တွေကို တန်ဖိုးထားပါ လို့ ကျွန်မပြောချင်ပါတယ်။ မှားပြီးတော့ သွားပြီး တန်ဖိုးမထားနဲ့နော်။ မှားပြီး တန်ဖိုးထား ရင် ကျွန်မတို့နိုင်ငံ အများကြီး ဒုက္ခရောက်နိုင်ပါတယ်။ တန်ဖိုးထား မှန်ဖို့ဆိုတာဟာ အင်မတန်မှ အရေးကြီးပါတယ်။
 ဒါကြောင့်မို့ ပညာရေးမှာပဲဖြစ်ဖြစ်၊ ကျန်းမာရေးမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ လူမှုရေးမှာပဲဖြစ်ဖြစ်၊ ဘာကိုတန်ဖိုးထား သင့်တယ်။ ဘယ်လိုကိစ္စတွေကို တကယ် အထင်ကြီးသင့်တယ်ဆိုတာကို၊ အထူးသဖြင့် ကျွန်မတို့လူငယ်တွေကို သေသေ ချာချာ စဉ်းစားစေချင်ပါတယ်။ ဘာပဲကြည့်ကြည့် အပေါ်ယံပဲမကြည့်ပါနဲ့။ သေသေချာချာ လေးလေးနက် နက်စဉ်းစား ပြီး တော့ ငါတို့ဟာ ဘာတွေကို တန်ဖိုးထားရမလဲဆိုတာ ကို စဉ်းစားပါ။
အရေးမကြီးတဲ့ ကိစ္စနဲ့ပတ်သက်လို့ အထင်မသေးပါနဲ့။ တချို့တွေကဆိုရင် အပေါ်ယံကြောပဲကြည့်ကြတယ်။ အပေါ်ယံ ကြောကြည့်ပြီးတော့ အထင်သေးတာတွေရှိခဲ့ပါတယ်။ ဥပမာ ဒီနေ့ အာဇာနည်နေ့မို့ ပြန်ပြောရမယ်ဆိုရင် ဖေဖေက ငယ် ငယ်က ကျောင်းသားဘ၀တုန်းက ဖိုသီဖတ်သီနဲ့နေတတ်တာ နောက်ပြီးတော့ နေပုံထိုင်ပုံက မယဉ်ကျေးတာ၊ မသိမ်မွေ့ တာ အဲဒါတွေကိုကြည့်ပြီးတော့ အထင်သေးတဲ့သူတွေလည်းရှိခဲ့ပါတယ်။
ဒါပေမယ့် အဲလိုအထင်သေးတာ မှားသလားဆိုတော့လည်း မမှားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယဉ်ကျေးတဲ့သူနဲ့ ရိုင်းစိုင်း တဲ့သူဟာ ယဉ်ကျေးတဲ့သူက ပိုပြီးတော့ တန်ဖိုးရှိပါတယ်။ ဖေဖေကိုယ်တိုင်လည်း ဒီဟာကို မဆုံးခင်မှာ အသိအမှတ်ပြု သွားပါတယ်။ ကျွန်မဖေဖေအကြောင်းရေးတဲ့ အထုပ္ပတ္တိအတိုလေးမှာလည်း ရေးထားပါတယ်။ ကျွန်မတို့အင်မတန်မှ နီးစပ် ဖူးတဲ့ မိတ်ဆွေ တစ်ယောက်ကပြောတယ်။ ဖေဖေကပြောခဲ့ဘူးတယ်တဲ့ ငယ်ငယ်တုန်းက ကျောင်းသားဘ ၀တုန်းက လို သူဒီလိုနေလို့ မဖြစ်ဘူးပေါ့နော်။ အခုသူက အမျိုးသားခေါင်းဆောင် အဆင့်ရောက်နေပြီဆိုတော့ ကျောင်းသား ဘ၀တုန်းကလို ခပ်ရိုင်းရိုင်း ခပ်ကြမ်းကြမ်း နေဖို့မသင့်ဘူး။ သူ့ကိုယ်သူပြုပြင်ဖို့ လိုတယ်ဆိုတာကိုသူက ဖေဖေက အသိအမှတ်ပြုတယ် ။
သူကြိုးစားသွားမယ်လို့ ပြောပါတယ်။ ကြိုးစားလည်းကြိုးစားပါတယ်။ ဒါကြောင့်မို့လို့လဲ နောက်ဆုံး အပိုင်းမှာ ဖေဖေဟာ အ ပြောအဆိုကတော့ နောက်ဆုံး မိန့်ခွန်းအထိ ဗမာတွေ မမေ့အောင်တော့ ခပ်ကြမ်းကြမ်း ပြောသွားတာပဲ။ ဒါပေမယ့် ဆက်ဆံ ရေးနဲ့ ပတ်သက်လို့ရှိရင် အထူးသဖြင့် လူကြီးတွေကို ဒါကတော့ ဖေဖေက ငယ်ငယ်ထဲကပါ ငယ်ငယ်ကတည်းက လူကြီး တွေကို လေးလေးစားစားနဲ့ ဂါရ၀တရားပြည့်ပြည့်၀၀နဲ့ ဆက်ဆံခဲ့တာတွေရှိပါတယ်။ နောက်ပိုင်းမှာလည်း ပိုပို ပိုပိုပြီး ယဉ် ကျေးသိမ်မွေ့လာတယ်ဆိုပြီးတော့ မြင်ရတာပေါ့လေ။
ဒါက မေမေ့ရဲ့ကျေးဇူးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ပိုပြီးတော့ ယဉ်ကျေးသိမ် မွေ့လာတယ် ဆိုတော့ ငြင်းလို့ မရနိုင်ပါဘူး။ တကယ့်အာဇာနည် စိတ်ဓာတ်ရှိတဲ့သူ ဆိုတာဟာ စိတ်နှိပ်ချမှုလည်း ရှိရမယ်။ ကိုယ့်မှာပြုပြင် ဖို့လိုတယ်ဆိုတာကိုလည်း နားလည်ရမယ်။ ကိုယ်နဲ့ မတန်တဲ့ အဆင့်ကို ကိုယ်ရောက်နေပြီဆိုပြီးတော့ မာန်တက်နေတယ် ဆိုတာလည်း ဒါအာဇာနည် စိတ်ဓာတ် မဟုတ်ဘူး။ အာဇာနည် မှန်ရင် အတွေးအခေါ်မှန်ရတယ်။
အတွေးအခေါ်မှန်တဲ့အခါကျရင် ကိုယ့်အားနည်းချက်ကို ကိုယ်တွေ့ရတယ်။ တခြားသူရဲ့အားသာချက်ကိုလည်း သိရတယ်။ တရားတော်ထဲမှာ ဆိုလို့ရှိရင် ကျွန်မ အင်မတန်မှ ကြိုက်တဲ့ ဆုံးမစကား တစ်ခုရှိပါတယ်။ ဒီကိစ္စကိုလည်း ကျွန်မမကြာ ခဏ ပြောပါတယ်။ ဒါကတော့ ရှင်းရှင်းလေးပါ ။ သူတော်ကောင်းဆိုတာ ကိုယ့်ရဲ့ကျေးဇူးကို ကျုံ့ပြီးတော့မြင်တယ်။
Ag_San_009e33gegသူများရဲ့ကျေးဇူးကိုချဲ့ပြီးတော့မြင်တယ်။ သူယုတ်မာကတော့ပြောင်းပြန်ပေါ့နော်။ ကိုယ့်ရဲ့ကျေးဇူးကိုချဲ့ပြီးတော့မြင်တယ်။ သူများရဲ့ကျေးဇူးကို ချုံ့ပြီးတော့မြင်တယ်။ အဓိက ပြောရမယ်ဆိုရင် သူတော်ကောင်းဆိုတာ ကိုယ့်ရဲ့အားနည်းချက်ကို ကိုယ်သိရတယ်။ ကိုယ့်ရဲ့အားနည်းချက်ကို ကိုယ် အလေးထားရတယ်။ တခြားသူတွေရဲ့အားနည်းချက်တွေကိုမြင်ပြီးတော့ သိပြီးတော့ အင်မတန်မှ ချဲ့ကားပြီးတော့ ကိုယ့်ရဲ့အားနည်းချက်ကို ကျတော့ လစ်လျူရှုထားတဲ့သူတွေသာ သူတော် ကောင်းမဟုတ်ဘူး ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ အဲဒီတော့ အာဇာနည်ဆိုကတည်းက သူတော်ကောင်းဖြစ်ရ မယ်။့မြင့်မြတ်တဲ့ စိတ်ရှိရမယ်။ မြင့်မြတ်တဲ့ စိတ်ရှိတဲ့ စိတ်ရှိတဲ့သူဟာ ကိုယ့်ရဲ့အားနည်းချက်ကို သိရမယ်။ သိရုံတင်မကဘူး ။ပြုပြင်ချင် တဲ့စိတ်လည်းရှိရမယ်။
အဲဒါကြောင့် ကျွန်မ ဒီနေ့ ဖေဖေနဲ့တကွ ကျဆုံးသွားတဲ့ ခေါင်းဆောင်ကြီးတွေ အကြောင်းပြောနေတဲ့ နေရာမှာ ဖေဖေကိုယ် တိုင်ပြောသွားတဲ့စကား သူ့ကိုယ်သူပြုပြင်ဖို့လိုတယ်။ ကျောင်းသား ဘ၀တုန်းကလို ပုံစံနဲ့ သူနေလို့ မရတော့ဘူး။ သူဟာ ကျောင်းသား မဟုတ်တော့ဘူး။ သို့သော်ငြားလည်း အဲဒီတုန်းက ဖေဖေ တော်တော်ငယ်ပါသေးတယ်။ ၃၂ နှစ် ။ဒီစကား ပြောခဲ့တုန်းက ၃၂ နှစ် မပြည့်သေးခင်ပေါ့။ ဘုရင်ခံရဲ့ကောင်စီမှာ ဒုဥက္ကဋ္ဌဖြစ်ပြီးတဲ့အချိန် ၃၂ နှစ်မပြည့်သေးတဲ့ အချိန်မှာ ဒီစကားပြောခဲ့တာပါ။
အခုခေတ်ဆိုရင် ၃၂ နှစ်မပြည့်သေးတာကို ကလေးလို့ တချို့ကတောင်ထင်ကြတယ်။ ကျွန်မ တို့လည်း အမှန်ပြောရင် တစ် ခါတလေ ကလေးလို့မြင်ပါတယ်။ လူငယ်ပေါ့နော်။ ဒါပေမယ့် ဖေဖေကတော့ လူကြီးစိတ်အပြည့်အ၀နဲ့ သူဟာ လူကြီး တစ် ယောက်ဖြစ်သွားလို့ လူကြီးပီပီနေရမယ်။ သူ့ရဲ့အားနည်းချက်တွေကို သူပြုပြင်ရမယ်။ ဒီဟာတွေကို တစ်နေ့ထက်တစ်နေ့ တိုင်းပြည်အတွက်ပိုတန်ဖိုးရှိအောင်လို့ နေသွားရမယ်ဆိုတာကို လက်ခံသွားတာကြောင့်မို့လို့ကျွန်မအနေနဲ့ကတော့ ဖေ ဖေ ဟာ တကယ့်အာဇာနည်စိတ်ဓာတ်နဲ့ပြည့်စုံတယ်လို့ ဒီလိုပဲသတ်မှတ်ပါတယ်။
ကျဆုံးသွားရလို့ ၊ ဒီလို အနစ်နာခံသွားရလို့ အာဇာနည်ရယ်လို့ ဒီလိုကျွန်မ သတ်မှတ်တာမဟုတ်ပါဘူး။ မှန်ကန်တဲ့ ၊ မြင့်မြတ်တဲ့ စိတ်ဓာတ်ရှိလို့ အာဇာနည် လို့ကျွန် မကသတ်မှတ်တာပါ။ ဒါကြောင့်မို့ ကျွန်မတို့ရဲ့နိုင်ငံမှာ အာဇာနည်တွေ အများကြီးမွေးဖွားရှင်သန်နိုင်ကြပါစေလို့ ကျွန်မ အနေနဲ့ ဆန္ဒပြုရင်းနဲ့ နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ရွှေ ဟင်္သာ သတင်းမှ ကူးယူးဖော်ပြပါတယ်။

ဗိုလ်ချုပ် အောင်ဆန်း ဘယ်သူ ဖြစ်မလဲ ???



ဓာတ်ပုံ- Bogyoke Aung San Movie


ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ဇာတ်ကားအတွက် သရုပ်ဆောင်များ ရွေးချယ်နေရာ ယနေ့ ဇူလိုင်လ ၂၀ ရက် နံနက် ၉ နာရီက တက္ကသိုလ် ရိပ်သာလမ်းနေအိမ်မှာ ဇကာတင်ရွေးချယ်ထားသူတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လူတွေ့ မေးမြန်းမှု လုပ်ခဲ့ကြောင်း Bogyoke Aung San Movie ဖေ့စ်ဘုတ် စာမျက်နှာ မှာ ဖော်ပြ ထားပါတယ်။
ဇကာတင် ရွေးချယ်ထားတဲ့ ဗိုလ်ချပ်အောင်ဆန်း ဇာတ်ရုပ် နေရာ သရုပ်ဆောင်ရန် ရွေးချယ် ထားတဲ့ အမျိုးသား ၇ ဦးနဲ့ ဒေါ်ခင်ကြည်ဇာတ်ရုပ်နေရာ သရုပ်ဆောင်ရန် ရွေးချယ်ထားတဲ့ အမျိုးသမီး ၄ ဦးတို့ ကို ဒေါ်အောင်ဆန်းစုကြည်က မေးမြန်း စစ်ဆေးခဲ့တာလည်းဖြစ်ပါတယ်။

ဇာတ်ကားဖြစ်မြောက်ရေးနဲ့ပတ်သက်ပြီး လူရွှင်တော် ကိုဇာဂနာ အပါအ၀င် ထင်ရှားတဲ့ အနုပညာရှင်တွေက
လည်း ၀ိုင်းဝန်းအားဖြည့် အကြံပြုကူညီနေကြပါတယ်။
အမျိုးသားရုပ်ရှင် ပိုင်ရှင် ဦးစိန်တင်၊ ဒေါ်မြသန်းနဲ့ သား ကျော်သူ (နာရေး ကူညီမှု အသင်း- ရန်ကုန် ) မိသားစုရဲ့ ရုပ်ရှင် ထုတ်လုပ်ရေး လုပ်ငန်းတွေ ကို ဗိုလ်ချုပ် ရုပ်ရှင် ဖြစ်မြောက်ရေးအတွက် လှူဒါန်းခဲ့ရာ မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်ခံရ ယူခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ က ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မွေးနေ့ အသက် ၁၀၀ ပြည့် ဖြစ်တဲ့ ၂၀၁၅ ခုနှစ် မှာ အများပြည်သူ ကြည့်နိုင်ဖို့ ကြိုးစားသွားမှာလို့လည်း သိရပါတယ်။



ဒေါ်အောင်ဆန်းစုကြည်ကတော့ ဗိုလ်ချုပ် အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး နာယကအဖြစ် တာဝန်ယူ ထားတဲ့အတွက်ရယ် ဖခင်နဲ့ မိခင်တို့ရဲ့ ဇာတ်ရုပ်ကို ဘယ်သူနဲ့ ပို သင့်တော်မလည်းဆိုတာတွေ ကို သေချာ စစ်မေးခဲ့တယ်လို့ သိရပါတယ်။


ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် ထင်ရှားတဲ့ ဆရာတော် အရှင်ဆန္ဒဓိက အပါအ၀င်၊ အနုပညာရှင်တွေနဲ့ စိတ်ဝင် စားသူတွေကလည်း ကျပ်ငွေ သိန်းပေါင် ရာနှင့် ချီ၍ လှူဒါန်းထားပါတယ်။




ရုပ်ရှင် ရိုက်ကွင်းနေရာကိုတော့ ပဲခူးတိုင်း အစိုးရအကြီးအကဲ တဦးလည်းဖြစ်တဲ့ တချိန်က နို်င်ငံခြားရေး ၀န်ကြီး
ဟောင်း ဦးဥာဏ်ဝင်းက ပဲခူးမြို့အနီးက မြေဧက ၁၀၀ ကျော်ကို အသုံးပြုရန် ကမ်းလှမ်းထားတယ်လို့လည်း သိရပါတယ်။
 ဗိုလ်ချုပ် အောင်ဆန်း  ဇနီး ဒေါ်ခင်ကြည် ဘယ်သူ ဖြစ်မလဲ ???
သင်ဖြေနိုင်မလား?
























ဓါတ်ပုံ ပေါ်ပြူလာ ဂျာနယ်

"ဂျူလိုင် ၁၉ လုပ်ကြံမှုကြီး ကိုယ်တွေ့ကြုံသူတို့၏ပြောကြားချက်များ"





ဦးဘဂျမ်း

ထိုနေ့က ၀န်ကြီးများအစည်းအဝေးသည် အတွင်းဝန်များရုံး အဆောက်အဦး ဗိုလ်ချုပ်အောင်ဆန်း၏
ရုံးခန်း တွင် ဂ ငယ်ပုံ အစည်းအဝေးစာပွဲကြီး၌ နံနက် ၁၀ နာရီခန့်အချိန်တွင် စတင်ကျင်းပရာ
ထိပ်စားပွဲ အလယ်၌ ဗိုလ်ချုပ်အောင်ဆန်းထိုင်သည်။

ဗိုလ်ချုပ်၏ လက်ဝဲဖက်၌ ၀န်ကြီးများအဖွဲ့အတွင်းဝန် ဦးရွှေဘော်သည်လည်းကောင်း ၊ လက်ယာဘက် စားပွဲ၌ သခင်မြ ၊ ဦးရာဇတ် ၊ ဒီးဒုတ်ဦးဘချို ၊ဦးဘ၀င်း နှင့် မန်းဘခိုင် တို့ အစဉ်အတိုင်းသည် လည်းကောင်း ၊ လက်ဝဲဘက်စာပွဲ၌ ဦးဘဂျမ်း ၊ဦးအောင်ဇံဝေ ၊ ပျော်ဘွယ်ဦးမြ ၊ မိုင်းပွန်စော်ဘွားကြီး တို့ အစဉ်အတိုင်းသည် လည်းကောင်း ထိုင်ကြပြီးလျှင်လက်ယာဖက် သခင်မြတို့ စာပွဲထိပ်ရှိ ကုလားထိုင်၌ အစည်းအဝေးတွင် စဉ်းစားသောကိစ္စနှင့်သက်ဆိုင်သည့် ၀န်ကြီး ဌာန၏ အတွင်းဝန်က ထိုင်ရသည်။

နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် လူသတ်သမားများရောက်လာချိန်၌ ၀န်ကြီးများ အစည်းအဝေးတွင်
ရှိနေသော အလှည့်ကျ အစိုးရအတွင်းဝန်မှာ ဦးအုန်းမောင်ဖြစ်သည်။ ဦးအုန်းမောင် ရောက်လာပြီး
သုံးလေးမိနစ်ခန့်အကြာတွင် လူသတ်သမားများ ရောက်လာခြင်းဖြစ်သည်။ အစည်းအဝေး အစီအစဉ်အရ
ထိုအချိန်သည် ဦးအုန်းမောင်၏ အလှည့် မကျရောက်သေး။ သံအမတ်ဟောင်း (ထိုအချိန်က အတွင်းဝန်) ဦးကြင်၏အလှည့် ဖြစ်သည်။ ဦးအုန်းမောင်က မိမိတွင် အခြားအရေးကြီးသော ကိစ္စတခု ရှိနေသေးကြောင်း ဦးကြင်အားပြောပြခွင့်ပန်ပြီးလျှင် အစည်းအဝေးသို့ ဦးစွာလာ၍ သူရေးထားသည့် သယ်ယူပို့ဆောင်ရေး စီမံကိန်းအကြောင်း ရှင်းလင်းတင်ပြထားခြင်း ဖြစ်သည်။ အကယ်၍သာ အစည်းအဝေးအစီအစဉ်အတိုင်း စဉ်းစားဖြစ်လျှင်(သို့တည်းမဟုတ်) လူသတ်သမားများ ငါးမိနစ်ခန့်စော၍ ရောက်လျှင် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့်ရင်နင့်ဖွယ်ကိစ္စတွင် ဦးအုန်းမောင်၏ အသက်တချောင်း အဆစ်ပါသွားခဲ့မည် မဟုတ်ပေ။

ထိုနေ့က ကျွန်တော်ထိုင်သော နေရာသည် လူသတ်သမားများ ၀င်လာသောတံခါးကို မျက်နှာမူလျက် ဖြစ်သည်။
တံခါးစောင့်ရုံးစေကို ဖယ်ရှား၍ တံခါးကိုတွန်းပြီးဝင်လာကြသော စစ်ဝတ်စုံဝတ် လူသုံးလေးယောက်ကို
မြင်ရသော အခါ ကျွန်တော်၏စိတ်၌ အရေးတကြီးကိစ္စတခုအတွက် ဗိုလ်ချုပ်ထံသို့ သတင်းပို့ရန် လာခြင်းဖြစ် မည် ၊

ဒို့လူတွေဟာ နားမလည်ချက် ဆိုးရွားလှသေးသည် ၊ ၀န်ကြီးများ အစည်းအဝေးခန်းထဲ လာတာတောင်
သေနတ်တွေ အပြင်မှာမထားခဲ့ဖူး ၊ ဗိုလ်ချုပ်အား သူ့လူတွေ ဤကဲ့သို့ နောက်မလုပ်ရန် ဆုံးမထားပါဟု
ပြောဦးမည် စိတ်ကူးနေစဉ် ရှေ့ဆုံးမှဝင်လာသူသည် အစည်းအဝေးစာပွဲကြီး၏ ဂ ငယ်ပုံအ၀မှဝင်၍ အလယ်၌
ခြေစုံရပ်ပြီးလျှင် ဗိုလ်ချုပ်အားစ၍ ပစ်လေတော့သည်။ ဗိုလ်ချုပ်သည် ထိုင်ရာမှထ၍ လက်ကာပြပြီးလျှင် တခုခု အော်၍ပြောသည်။ ကောင်းကောင်းနားမလည်လိုက်ပါ။ လူသတ်သမားများ ပစ်ခတ်နေစဉ် ဗိုလ်ချုပ်သည် သူ၏လက်ယာဖက် နောက်ဆွယ်တွင်ရှိသေူ ရုံးစာပွဲသို့သွားရာမရောက်မီ စာပွဲ ၂ ခုအကြား၌ ကျဆုံးခဲ့လေ သည်။

ဗိုလ်ချုပ်အား စတင်ပစ်ခတ်ချိန်၌ ဦးရွှေဘော်နှင့် ပျော်ဘွယ်ဦးမြတို့သည် ပြတင်းပေါက်မှကျော်၍
အစည်းအဝေး ခန်းမနှင့် ကပ်လျက်ရှိသော ဦးရွှေဘော်၏ ရုံးခန်းသို့ ထွက်ပြေးလွတ်မြောက်ကြလေသည်။
ကျွန်တော်သည် ပစ်သည်ကိုမြင်လျှင်မြင်ချင်း ကြမ်းပြင်ပေါ်သို့မှောက်၍ အိပ်ချလိုက်ပြီးလျှင် လက်ဝဲဖက်တွင်
ကပ်လျက်ထိုင်နေသူ ဦးအောင်ဇံဝေ၏လက်ကို ဆွဲ၍ချလိုက်သဖြင့် ကျွန်တော်တို့နှစ်ယောက် တပြိုင် တည်းလောက် ကြမ်းပြင်ပေါ်၌ မှောက်လျက်သား ဖြစ်သွားကြပါသည်။

လူသတ်သမားများသည် ဗိုလ်ချုပ်နှင့် သခင်မြတို့ စာပွဲရှိ လူများအား ပစ်ပြီး၍အားရမှ
ကျွန်တော်တို့ ထိုင်ရာဖက်သို့ ပစ်သဖြင့် ဗိုလ်ချုပ်အား မဲ၍ပစ်နေစဉ် ဦးရွှေဘော်နှင့် ပျော်ဘွယ်ဦးမြတို့
ပြေးချိန်ရခဲ့သည်။ ဦးအောင်ဇံဝေနှင့် ကျွန်တော်တို့မှာ ကြမ်းပြင်ပေါ်၌လဲလျက်ရှိနေသဖြင့် ကျပြီထင်၍
များများအပစ်မခံရ။ ထိုင်လျက်ရှိနေသူများကိုသာ အာရုံပြု၍ ပစ်ခတ်ကြသည်။ ထိုင်သူများအား
အတော်အားရလောက်အောင် ပစ်ခတ်ပြီးသည့်နောက် စာပွဲဝိုင်းအလယ်၌၀င်၍ ပစ်သူသည် ဒူးထောက်၍ ကျွန်တော်တို့ဖက်သို့ ဝှေ့ရမ်းပစ်ခတ်သေးသည်။ ထိုသို့ ပစ်ချိန်တွင် ကျွန်တော်၏ လက်ယာဖက်
လက်သူကြွယ်ထိပ်ကို ထိမှန်ခဲ့လေသည်။ အုတ်နံရံမှ ပြန်၍၀င်လာသော ကျည်ဆံဖြစ်သည်ဟု ယူဆခဲ့ပါသည်။

အပစ်အခတ်များရပ်စဲ၍ လူသတ်သမားများ ပြန်ဆုတ်စဉ် အခန်းတွင်းမှ မထွက်သေးမီ ဦးအောင်ဇံဝေသည်
အိပ်နေရာမှ ထထိုင်ပြီး " သေကုန်ကြပြီ ၊ သေကုန်ကြပြီ " ဟု ထိမှန်ကြသူများအား လက်ညှိုးညွှန်၍ ၀မ်းနည်းပက်လက်ညည်းညူနေသဖြင့် ထပ်ပစ်နေဦးမည်ဟု ပြောပြီး ဆွဲလိုက်မှ ပြန်လှဲချလိုက်ပါသည်။


- ဦးအောင်ဇံဝေ

၁၉၄၇ ခုနှစ် ဂျူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကျွန်ုပ်ကိုယ်တိုင် တခဏတာမျှ ခံစားလိုက်ရသော
အတွေ့အကြုံနှင့် အနိဌာရုံမြင်ကွင်းမှာ ကျွန်ုပ်၏ တသက်တာတွင် မည်သည့်နည်းနှင့်မျှ မေ့၍ မရနိုင်တော့ပေ။
သေနတ်သံများ စဲသွားပြီးနောက် လူသတ်သမားများထွက်သွား၍ အသံပလံများ ဆိတ်ငြိမ်သွားသောအခါတွင်မူ

ကျွန်ုပ်နှင့် ၀န်ကြီးဦးဘဂျမ်းတို့သည် ၀မ်းလျားမှောက်နေရာမှ ထပြီး စာပွဲပတ်ဝန်းကျင်ကို ကြည့်မိကြသည်။ ကျွန်ုပ်မှတ်မိသောမြင်ကွင်းကို ဖော်ပြရလျှင် ပေ ၄၀ ခန့်မျှရှိသော ခန်းမကြီးတခုလုံး ဆီးနှင်းများ ကျသကဲ့သို့

ယမ်းငွေ့များ တထောင်းထောင်းနှင့် ဖုံးလွှမ်းနေပြီး ကျည်ဆံများကလည်း ကြမ်းပြင်ပေါ်တွင် ပြန့်ကြဲ၍ နေပေ သည်။

ဗိုလ်အောင်ကျော်လမ်း ( ထိုစဉ်က စပတ်လမ်း ) ဖက်သို့ မျက်နှာပြုထားသော ဂငယ်သဏ္ဍာန် စာပွဲထိပ်နှင့် ခပ်လှမ်းလှမ်းကြမ်းပြင်ပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်းမှာ တုံးလုံးလဲလျက်ငြိမ်သက်နေသည်။

စာပွဲလက်ယာဖက်တွင် မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်းက သူ၏ ကုလားထိုင်ပေါ်တွင်ပင်ထိုင်လျက် စာပွဲပေါ်သို့ ကုန်း၍လက်ထောက်ထားပြီး ပါးစပ်မှ သွေးများ ယိုစီးကျနေသည်။ စာပွဲလက်ဝဲဖက်တွင် ထိုင်နေကြသော
ဝန်ကြီး သခင်မြသည် စာပွဲထိပ် လက်ဝဲဖက်ထောင့် စာပွဲအောက်နား၌ မှောက်လျက်လဲနေရာ
သေဆုံးနေပြီ ဟု ယူဆရသည်။ ၀န်ကြီး မစ္စတာ ရာဇတ် ၊ ၀န်ကြီး ဒီးဒုတ်ဦးဘချို ၊ ၀န်ကြီး ဦးဘ၀င်းနှင့်
ဝန်ကြီး မန်းဘခိုင်တို့သည် သူတို့ထိုင်မြဲ ကုလားထိုင်များတွင်ခေါင်းငိုက်စိုက်ကျလျက် ငြိမ်သက်နေကြသည်။

မစ္စတာ ရာဇတ်နှင့် ဒီဒုတ်ဦးဘချိုတို့ နှစ်ဦးတည်းသာ မသေဆုံးကြသေးပဲ အနည်းငယ်စီ အသက်ရှုရှိုက်
လှုပ်ရှားနေသည်။ စာပွဲ၏ လက်ယာဖက် ကျွန်ုပ်နှင့် မိုင်းပွန်စော်ဘွားကြီး အကြားတွင်ထိုင်နေသော
ဝန်ကြီး ပျော်ဘွယ်ဦးမြနှင့် စာပွဲထိပ် ဗိုလ်ချုပ်အောင်ဆန်း လက်ယာဖက်တွင်ထိုင်နေသော
အတွင်းဝန် ဦးရွှေဘော်တို့ နှစ်ဦးစလုံးမှာ အပြင်ဖက်သို့ အချိန်မီရောက်ရှိသွားနိုင်ခဲ့ကြသဖြင့်
အသက်ဘေးမှ လွတ်မြောက်သွားခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ လက်ဝဲဖက်တွင်ထိုင်သော
တတိယအတွင်းဝန် ဦးအုန်းမောင်မည်သည့်ပုံစံဖြင့် သေဆုံးနေသည်ကိုမူ မမှတ်မိတော့ပါ။


By- Burma Tar Tee

နိုင်ငံတော် လုပ်ကြံမှုကြီး ၊ ပြည်ထောင်စုနှင့် ဦးစော စာအုပ်မှ

ပြောင်းလဲတဲ့မျက်နှာ...အမှားသံသရာ.....ကဗျာဈာဉ် နဲ့ ကဗျာဥာဏ်

ပြောင်းလဲတဲ့မျက်နှာ

by Victor Tan on Thursday, July 19, 2012 at 4:53pm ·



ပြောင်းလဲတဲ့မျက်နှာ
(အပြောင်းလဲမြန်ဆန်သောချစ်သူများသို့)

ချစ်သူ့မျက်နှာ
တိမ်ပြာနှယ် သူ့ရုပ်အဆင်း…။

တမဟုတ်ချင်း မိုးတိမ်အုပ်
ပုပ်သွားလေခြင်း…။

တက္ကသိုလ်ဘုန်းကြွယ်
(ဇူလိုင် ၂၀ ၂၀၁၂)
--------------------------------------------------------------------------------------------------
အမှားသံသရာ

ကျားရှေ့ဒူးထောက်
ကြောက်ကြောက်နဲ့တောင်းဆို
ငါ့ကို မစားပါလေနဲ့…။

ကြောင်တကောင်နား
ငါးကြော် ချသွား
ဝါးမစားပါလေနဲ့…။

ယုန်တကောင်ရှေ့
မုန်လာဥ တပွေ့
တွေ့ပါလဲ မစားပါလေနဲ့…။

ဒီလိုအခင်းများ
ယွင်းမှားနေတဲ့ တို့လူသား
မူတွေမှား အယူတွေမှား
ဖြူသလား မဲသလား မခွဲခြား
သင်္ခန်းစာလဲ မယူနိုင်အား
ထပ်တူအမှား အဖန်တရာမှား
အမှားသံသရာထဲသာ လည်နေတော့ရှာ…။

တက္ကသိုလ်ဘုန်းကြွယ်
(ဇူလိုင် ၂၀ ၂၀၁၂)
-----------------------------------------------------------------------------------------------

ကဗျာဈာဉ် နဲ့ ကဗျာဥာဏ်

by Victor Tan on Friday, July 20, 2012 at 9:22am ·
Nyein ThitsarVictor Tan
2 hours ago near Tinsley, United Kingdom ·

ကဗျာဆရာဘုန်းးးး... တခါတခါဝုန်းလိုက်ရင်... ကဗျာတရာလောက်.. အုံးခနဲဆို ထွက်လာတယ်.... ကဗျာဥာဏ်အရွှန်းအစားမှာတော့.. ဆရာဥာဏ်ထွန်းကားပါပေ့.... သို့သော်လည်း.. အလေးအနက်စာဆိုတာ.. အတွေးတသက်တာပေးရတာမို့... အရေးသွက်တာထက်.. အလေးအနက်ပါမဲ့... အတွေးတသက်စာအတွက်.. အပေးနက်တာလေးတွေ.. ရေးပေးပါအုံးဆရာရယ်.. ဆရာ့ရဲ့.. ထာဝရ ပိတ်သတ်ငြိမ်းးးးးး))))

ဆရာ့တိုင်းလိုင်း(Time-line)ပေါ်ရေးလာသော ငြိမ်းသစ္စာထံအောက်ပါကဗျာနဲ့ပြန်ကြားအပ်ပါသည်

ကဗျာဈာဉ် နဲ့ ကဗျာဥာဏ်

အလေးအနက်စာဆိုတာ…
အတွေးကလေးတသက်တာ ပေးဆက်မှ
အပြေးကလေး သွက်သွက်ခါ ထွက်လာတာမဟုတ်…။

တရေးမှေးစက်ပြီး
အတွေးကလေး တချက်ပေါ်ရုံနဲ့
အေးအေးဆေးဆေး ထွက်ခုံလာတတ်တဲ့ဟာမျိုးပါ…။

ကဗျာဆရာတင်မိုးနဲ့
အခါခါ စာစစ်ထိုးတဲ့အခါ
ကဗျာအသစ်တိုးအောင် အတွေးမရပ်
ရေးစပ်တဲ့ကဗျာတွေရှိဘူးပါတယ်…။

ဆရာက…ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကိုအိပ်ပြန်ပို့ပေးပါ…လို့

စာသုံးကြောင်းနဲ့
ကဗျာမှုန်းကောင်းတာမျိုးရှိခဲ့ပါရဲ့..။

တသက်တာအတွေးနဲ့
ခက်ဖြာအောင် ရေးသွားတာမဟုတ်…။

တမဟုတ်ချင်း စာထုတ်ရင်း
အပျင်းပြေ နဘေထပ်ရာက
စာအလင်းတွေ မသွေဟပ်ပါလို့
သာရကဖြစ်ရပ်က သက်သေချပ်ခဲ့ပါသလေ…။

အရေတွက်ကြား အရေတွက်များမှ
လေးနက်တဲ့စာသား ပွားလာနိုင်မယ်…။

အရေတွက်မှသည် အရည်ချင်းဆီသို့်
အမှန်တွန်းပို့တဲ့သဘော စောကြောမိရပါမယ်…။

နေ့စဉ်ဘ၀ အဖြစ်ပျက်ကမှ
အနှစ်သာရ အစစ်ထွက်လာပါမယ်….။

စာဆိုသည်ဘ၀ကို အမြင်ဆိုက်
ပြည်သူတွေကိုရင်ခွင်ပိုက်မှ
ပြည်သူကြိုက်တဲ့ ပြည်သူ့စာဆို ဖြစ်လာပါမယ်…။

ဘ၀ဟူသည် ပြည်သူနှင့်ခွဲမရ
ပြည်သူသည်သာဘဝ
ပြည်သူသည်သာ စာဆိုတစ်သိုက်
ဂရုစိုက်ရမယ့်...အလှ…။


တက္ကသိုလ်ဘုန်းကြွယ်
(ဇူလိုင် ၂၀ ၂၀၁၂)
ဆရာကြီး တက္ကသိုလ် ဘုန်းကြွယ်၏ ကဗျာ 3 ပိုဒ် ကို တစ်ခါတည်းတင်ခဲ့ပါတယ်..။
နေ့ စဉ် နေ့ စဉ် ဒီလိုမျိုးကဗျာတွေရေးနိုင်တဲ့ ပြည်သူ့ စာဆို တော်ကြီးကို ဂုဏ်ယူအားကျစေ၇န် တင်ပေးလိုက်ပါတယ်။
အလည်အပတ် သွားလိုသူများ https://www.facebook.com/victor.tan.52
နှင့် ဆရာ့မူပိုင် https://www.facebook.com/groups/264472163635306/ တို့ တွင် သင်လဲဘဲ ၀င်ရောက်လေ့လာ သင်ယူနိုင်ပါတယ်..။

ရခိုင်ပြည်နယ် ပြဿနာတွေအပေါ် ဦးဝင်းတင်ရဲ့ သဘောထားအမြင်


အစိုးရအနေနဲ့ ရပ်တည်ဖို့ဆိုတာဟာ ဒီပြဿနာတွေဟာ အခုမှဖြစ်တာမဟုတ်ဘဲ ဟိုးအရင် နှစ်ပေါင်း ၆၀ လောက်ကတည်းက ဒီမိုကရေစီအစိုးရလက်ထက်တုန်းကလဲ ရှိခဲ့တာသလို ဦးနေဝင်းလက်ထက်တုန်းကလဲရှိခဲ့တာပါပဲ။ အခုပြဿနာဟာ နယ်စပ်ကနေခိုးဝင်လာတဲ့ပြမဟုတ်တော့ဘဲ အခြေတကျဝင်ပြီးတော၊့ နေရာစိုက်ထူပြီး ကိုယ့်အရပ်ကိုယ့်ရွာ ကိုယ့်တိုင်းပြည်လို တောင်းဆိုတာတွေ ရပ်တည်လာတာတွေဖြစ်လာတဲ့ အနေအထားဖြစ်ပါတယ်။ နောက်ဆုံးအဆင့်အနေနဲ့ သူတို့ကိုယ်သူတို့ မြန်မာလူမျိုးပါ မြန်မာတိုင်းရင်းသားဖြစ်တယ် အဲဒါကြောင့်သူတို့ကို အခွင့်အရေးတွေပေးရမယ်။ အဲဒီကနေတဆင့် ပြည်နယ်တောင်းတဲ့အဆင့် တပြည်လုံးမှာ ပြည်နယ်ခွဲထွက်တဲ့အဆင့်တွေတောင်ရောက်နိုင်တဲ့ အနေအထားတွေဖြစ်သွားနိုင်ပါတယ်။ အချို့လူတွေက ဒီပြဿနာကို အန်အယ်ဒီက ဖြေရှင်းပေးပါ၊ ဒေါ်အောင်ဆန်းစုကြည် လာရောက်ဖြေရှင်းဖို့ နိုင်ငံခြားခရီးစဉ်တွေမသွားဘဲ လာရောက်ဖြေရှင်းပေးဖို့ပြောနေကြပါတယ်။ ပထမဦးဆုံးအနေ နဲ့ အန်အယ်ဒီဆိုတာက အစိုးရမဟုတ်ဘူး ဒါကြောင့်လဲ စစ်တပ်၊ ရဲတပ်ဖွဲ့တွေကိုမခိုင်းနိုင်ဘူး ပြည်သူတွေကိုလဲ မသွားရမလာရဘူးလို့ အမိန့်မပေးနိုင်ပါဘူး။ ကျနော်တို့အနေနဲ့ လုပ်နိုင်တာက မေတ္တာရပ်ခံတာပဲရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကားနဲ့ပက်သက်ပြီး ပြဿနာတတ်တယ်လို့ပြောနေကြတယ်။ လူနည်းစုတွေကို လူများစုတွေက ညှာတာဖို့လိုတယ်ဆိုတာက မွတ်စလင်ဘက်ကလိုက်ပြောခြင်းမဟုတ်ပါဘူး။ ပြဿနာဖြစ်တဲ့ပတ်ဝန်းကျင်ကိုကြည့်ပြီး ပြောချင်းသာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်က အခုလိုရှင်းပြထားပါတယ်ခင်ဗျာ။
Burma VJ 

ဒေါ်နန်းဝါဝါနု၊ ဆန်ရှင်နဲ့ အပိတ်ခံထားရတဲ့ ဇိမ်ခန်း

ဗိုလ်ချုပ်ရဲ့ ဇနီး ဒေါ်ခင်ကြည်၏ အမှာစကား


ဗိုလ်ချုပ်ရဲ့ ဇနီး ဒေါ်ခင်ကြည်၏ အမှာစကား

အဘေ့သားများပီပီ အဘေ့ ခြေရာနင်းနိုင်အောင် ပျိုးထောင်ပေးတော့မည်။

ကျွန်မရဲ့ ခင်ပွန်းသည် ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ကြိုးပမ်းရင်း လမ်းခုလတ်တွင် ကျဆုံးခံရပါပြီ။

ချဲ့ထွင်မပြောလို

သေဆုံးတဲ့သူမှာ သေဆုံးပြီး ဖြစ်၍ ကျွန်မအထူး ချဲ့ထွင်ပြီး မပြောလိုတော့ပါ။ သူ့ကို တကယ်လေးစား ချစ်ခင်ကြပါလျှင် သူလိုလားတဲ့ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်အောင် သူချခဲ့တဲ့ လမ်းစဉ်အတိုင်း ဆထက် တံပိုး သည်ပိုးဆောင်ရွက်ကြဘို့ လိုပါတယ်။

တာဝန်ကို ဝေထမ်းခဲ့တယ်

ကျွန်မအတွက် ပြောရမည်ဆိုလျှင် ကျွန်မရဲ့ ခင်ပွန်းဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ကြီးလေးတဲ့ တာဝန်ကို ထမ်းဆောင်ပြီး ရှေ့ဆောင်ရှေ့ရွက် လုပ်နေတဲ့ အခါ၊ ကျွန်မဟာ တိုင်းပြည်ရဲ့ တာဝန်ကို ခွဲဝေ ထမ်းဆောင်ခဲ့တဲ့ သဘောဖြင့် နောက်မှနေပြီး သူ့အား အမျိုးမျိုး ပြုစုအားပေးခဲ့ပါတယ်။

အဘေ့ခြေရာ နင်းနိုင်အောင်

ယခု သူကွယ်လွန် သွားတော့၊ သူ့ကို ပြုစုရမည့်အစားသူချခဲ့တဲ့ လမ်းစဉ်တွင် ပါဝင်နိုင်တဲ့ ဘက်တွင် ပါဝင်ထမ်းပြီး သူချန်ခဲ့တဲ့ သူ့သွေး သူ့သား၊ မိမိရဲ့ ရင်သွေးကလေးများကို အဘေ့သားများပီပီ အဘေ့ခြေရာ နင်းနိုင်အောင် ပျိုးထောင် ပေးတော့မယ်လို့ ဆုံးဖြတ်ပါတယ်။

ကံတူအကျိုးပေး

ကျွန်မနဲ့ ကံတူ အကျိုးပေးများဖြစ်ကြတဲ့ အခြား ကျဆုံးသော ခေါင်းဆောင်ကြီးများရဲ့ ဇနီးသယ်များဟာလဲ ကျွန်မလို ၀မ်းနည်း ပက်လက် ဖြစ်ကြမှာဘဲ။ ဒါပေမဲ့ ကျွန်မတို့ဟာ သူတို့ကို ချစ်ရိုးမှန်ရင် သူတို့ ချခဲ့တဲ့ လမ်းစဉ်ကို လိုက်ကြမှ ချစ်ရာ ကျတော့မယ်။ သူတို့ရည်မှန်းခဲ့တဲ့ လုပ်ငန်းစဉ်ကို သူတို့ကိုယ်တိုင်မတွေ့မြင်လိုက်ကြပေမဲ့ ကျွန်မတို့က အကောင်အထည်ပေါ်အောင် ၀ိုင်းဝန်းအားပေးကြရမှာဘဲ။

နောက်ဆုံးအမှာ

လူထုသို့ ကျွန်မ ပြောလိုတာကတော့၊ မိမိတို့ အားကို ယုံကြည်လေးစားသော ခေါင်းဆောင်ကြီးကို ရက်စက်စွာ လုပ်ကြံမှုကြောင့်၊ ဒေါသထွက် စိတ်ဆိုး၍ စိတ်လိုက်မာန်ပါ လုပ်မှုကိုင်မှုကို ရှောင်ကြဉ်၍ သူချခဲ့သော လမ်းစဉ်အတိုင်း တသွေမတိမ်းလိုက်နာ ဆောင်ရွက်ကြပါ။ သူ ပျိုးထောင်ခဲ့သော ဖ ဆ ပ လ အဖွဲ့ချုပ်ကြီးကို ဆထက်တံပိုး အားပေးထောက်ခံကြပါ။ သူရည်မှန်းခဲ့တဲ့ လုံးဝလွတ်လပ်ရေးကို မရမနေ ကြိုးပမ်းကြပါ လို့ဘဲ နောက်ဆုံးမှာလိုပါတယ်။


ရည်ညွှန်း၊ Popular Myanmar News Journal မှ တင်ပေးသော ဟံသာဝတီ သတင်းစာဟောင်းအား တိုက်ရိုက် ရိုက်ကူး ပြီး မျှဝေလိုက်ပါသည်။