Friday, July 20, 2012

ကြည်.. ပဲပြုတ်နဲ့နံပြား ရရင် စားချင်တယ်.. အောင် ..


ကြည်..
ပဲပြုတ်နဲ့နံပြား ရရင် စားချင်တယ်..
အောင် ..

ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးဖြင့် သူကိုယ်တိုင်ရေးပြီး အောက်တွင်လည်း “အောင်ဆန်း”ဟု သူ၏ နာမည်လက်မှတ်ရေးထိုးထားသော စာတိုကလေးပင်ဖြစ်သည်။
တစ်ခါကဗိုလ်ချုပ်က သူ၏ ချစ်ဇနီးဒေါ်ခင်ကြည်အား သူကြိုက်သော “ပဲပြုတ် နံပြား” စားချင်ကြောင်း ပူဆာလိုက်သည့်စာပင် ဖြစ်သည်။

“ပူဆာ”သည်ဟု ဆိုရခြင်းမှာ “ဟေ့ ငါပဲပြုတ်နဲ့ နံပြားစားချင်တယ် ၊ မနက်စောစော အသင့်ဝယ်ထားလိုက်”ဟု စစ်သူကြီးတစ်ဦးက စစ်သည်ရဲဘော်ကလေးအား အမိန့်ပေးလိုက်ပုံမျိုးမဟုတ်။ သားငယ်တစ်ဦးက သူ့ကို အလွန် ချစ်မြတ်နိုးသူ မိခင်အား ကလေးငယ်သဖွယ် ပူဆာလိုက်သည့် လေသံမျိုးဖြစ်နေသောကြောင့်ပင်တည်း။

အထက်ဖော်ပြပါ စာတိုကလေးကို ဗီုလ်ချုပ်အကြောင်း စိတ်ဝင်စားသူ ၊ လေ့လာသူ ၊ သူ့အကြောင်း ဟောပြောရေးသားသူ မှန်သမျှကောင်းစွာ သိကြပါသည်။
သို့သော် ယင်းစာတိုကလေးနှင့် ပတ်သတ်၍ သဘောထားကွဲလွဲမှု ၊ အပြင်းပွားမှုများလည်း ရှိခဲ့ပါသည်။

သဘောထားကွဲလွဲမှု ၊ အငြင်းပွားမှု ဖြစ်စေမည့် အထက်ပါ ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးဖြင့် စာတိုကလေးသည် ယနေ့တိုင်အောင် တက္ကသိုလ်သမိုင်းသုတေသနဌာန (သို့မဟုတ်) တပ်မတော် မော်ကွန်းတိုက် (သို့မဟုတ်) ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တွင် ရှိနေမည်ဟု ထင်ရပါသည်။

ယင်းစာတိုကလေးနှင့် ပတ်သတ်၍ အငြင်းပွားမှုအကြောင်း အနည်းငယ်မျှရှင်းပြလိုပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးဖြင့် ရေးထားသောစာတိုကလေးတွင် ဗိုလ်ချုပ်လက်မှတ်ရေးထိုးထားသည်မှာ မှန်သော်လည်း စာပါအကြောင်းအရာက နိုင်ငံရေး ၊ စစ်ရေးနှင့် ဘာမျှမဆိုင်။ သူ၏ တွေးခေါ်မြော်မြင်ရေး ဒဿနဆိုင်ရာ သုံးသပ်ချက်လည်းမဟုတ်။ ကိုယ်ရေးကိုယ်တာ ကိစ္စသာဖြစ်သည်။ ထို့ကြောင့် သည်လို ကိုယ်ရေးကိုယ်တာ ကိစ္စမျိုးတွေကို ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသားပြုစုခြင်း ၊ ဟောပြောခြင်းများ မလုပ်သင့်။ နိုင်ငံရေး စစ်ရေး သို့မဟုတ် အတွေးအခေါ်ပိုင်းဆိုင်ရာ သဘောတရားမျိုးသာလျှင် မှတ်တမ်းတင် ရေးသားသင့်သည်။ ဟောပြောသင့်သည်။

ဥပမာ ဇူလိုင် ၊ ၉၄ထုတ် “နွယ်နီ” မဂ္ဂဇင်းမှ ကျွန်တော်၏ “ငါးမူးတန်းမှ ရုပ်၇ှင်ကြည့်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း” ဆောင်းပါးဆိုလျှင်လည်း အထက်ပါယူဆချက်အရ ကိုယ်ရေးကိုယ်တာ ကိစ္စသာဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသားဟောပြောရာ၌ အသုံးမပြုသင့်ဟု အဓိပ္ပါယ်သက်ရောက်နေပါသည်။

ဝါရင့် သမိုင်းပညာရှင်ကြီးတစ်ဦးကမူ ယင်းအယူအဆကို လက်မခံပါ။

“ဒီလိုလဲ ဘယ်ဟုတ်မလဲဗျ။ ကိုယ်ရေးကိုယ်တာကိစ္စ အသေးအဖွဲကလေးတွေဆိုပြီး ပစ်ပယ်လို့ မရဘူး။ ဒါမျိုးတွေက ကာယကံရှင်ပုဂ္ဂိုလ်ရဲ့ ပင်ကိုသဘာဝစရိုက် Character ကို ပေါ်လွင်စေတယ်။ သူ့ရဲ့ စိတ်ဓါတ် အတွေးအခေါ်တွေ ၊ အမြော်အမြင် အယူအဆတွေကို ခန့်မှန်းလို့ရတယ်။ သူဟာ ဘယ်လို လူစားမျိုးလဲဆိုတာ ရုပ်လုံးဖော်ရာမှာ အထောက်အကူဖြစ်စေနိုင်တယ်။ ကျုပ်သဘောထားကို ပြောရရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သတ်လို့ နောင်လာနောက်သားတွေ ၊ မျိုးဆက်သစ်လူငယ်တွေ လေ့လာမှတ်သားနိုင်အောင် စောစောက ပြောတဲ့ ကိုယ်ရေးကိုယ်တာကိစ္စ အသေးအဖွဲ့ကလေးတွေကအစ မှတ်တမ်းတင် ရေးသားသင့်တယ်လို့ ယူဆတယ်”
ဤသို့ သမိုင်းပညာရှင်ကြီးက ထုတ်ဖော် ပြောခဲ့ပုံကို ကြားနာမှတ်သားရဖူးပါသည်။

(တက္ကသိုလ်နေ၀င်း- အမှတ်တရဗိုလ်ချုပ်အောင်ဆန်းစာအုပ်မှ)


အထူးသတိထားမိတာကတော့ တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်ဟာ ပြည်သူကို အာဏာရှင်ဆန်ဖို့မပြောနဲ့ မိသားစုဝင်အချင်းချင်းတောင် အာဏာရှင်မဆန်ခဲ့ပါဘူး။

ရန်အောင် 

No comments:

Post a Comment