Wednesday, June 6, 2012

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအတွေးအမြင်များ စာအုပ် မွေးနေ့အမီ ထုတ်မည်

Than Win Hlaing


မိုးမခ၊ ဇွန် ၆၊ ၂၀၁၂
မိုးမခ၏ ပင်တိုင်၊ သုတေသန စာရေးဆရာသန်းဝင်းလှိုင် စုစည်းရေးသားသည့်ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအတွေးအမြင်များ စာအုပ်ကို လာမည့် ဒေါ်အောင်ဆန်းစုကြည် ၆၇ မွေးနေ့အမီ မိုးမခက ထုတ်ဝေမည်ဖြစ်သည်။ ဆရာသန်းဝင်းလှိုင် ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်တွင်း နိုင်ငံရေးဖြတ်သန်းမှုများနှင့် အထင်ကရမိန့်ခွန်းများကို စုစည်း စီစဉ်ထားရာတွင် သမိုင်းမှတ်တမ်း ရက်စွဲကို ၂၀၁၂ ဖေဖော်ဝါရီလအထိ စုဆောင်းပြုစုထားသည်ကို တွေ့ရသည်။
မြန်မာပြည်တွင်းနှင့် ပြည်ပတွင် နှစ်စဉ်မပျက် ဂုဏ်ပြုကျင်းပကြမည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အခမ်းအနားများနည်းတူ မိုးမခမီဒီယာကလည်း မြန်မာပြည်၏ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုအမှတ်တရအဖြစ် ဆရာသန်းဝင်းလှိုင်၏ စာအုပ်ကို ထုတ်ဝေဖြန့်ချိမည် ဖြစ်သည်။ သို့ရာတွင် ပုံနှိပ်စာအုပ်အစား လွယ်ကူသက်သာသည့် ကွန်ပျူတာပရင်တာဖြင့် ပုံနှိပ်သည့် ကော်ပီစာအုပ်အဖြစ် အမှာစာရှိသလောက် ရိုက်ထုတ်ပြီး စာတိုက်မှတဆင့် မီဒီယာမေး (အမေရိကန်ပြည်တွင်း ၆ ရက်)ဖြင့် စာဖတ်သူတို့ထံ ပေးပို့ရန် စီစဉ်ထားသည်။ စာအုပ်မှာ စာမျက်နှာ ၂၂၁ မျက်နှာနှင့် အခန်းပေါင်း ၁၅ ခန်း ပါဝင်မည် ဖြစ်သည်။
ကော်ပီပရင်တာစာအုပ် တအုပ်လျင် အမေရိကန်ပြည်ထောင်စုအတွင်း စာပို့ခအပါအ၀င် တန်ဖိုး ၁၀ အမေရိကန်ဒေါ်လာ ကျသင့်မည် ဖြစ်သည်။ အဆိုပါကုန်ကျငွေမှာ ပုံနှိပ်ခ၊ စာရွက်ခနှင့် စာပို့ခအတွက် အဓိကဖြစ်ပြီး စာဖတ်သူတို့လက်ထဲ စာအုပ်တအုပ် ရောက်ရှိစေရေးအတွက်ကို စာရေးဆရာ သန်းဝင်းလှိုင်နှင့် မိုးမခမီဒီယာတို့က အဓိကရည်ရွယ်ပြီး ဖြန့်ချိလိုရင်း ဖြစ်သည်။ ကြိုတင်မှာကြားသူ များပြားပါက လျှောက်လွှာစာမျက်နှာဖြင့် ၂ဖက်ရိုက်မည့် ကော်ပီပရင်တာစာအုပ်အစား ပုံနှိပ်စာအုပ်အဖြစ် ပြောင်းလဲ ထုတ်ဝေပေးပို့မည်
ဖြစ်သည်။

VOA နဲ့ မြန်မာ့အသံ တို့ ပူးပေါင်းပြီ

Wednesday, June 06, 2012 


ယနေ့ ထုတ် ကြေးမုံသတင်းစာပါ စာချုပ်လက်မှတ်ထိုးကြပုံ

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်အသံ VOA က ညွှန်ကြားရေးမှူး Mr. David Ensor ဟာ ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းနဲ့ တွေ့ဆုံပြီး ရေဒီယို၊ ရုပ်မြင်သံကြား ထုတ်လွှင့်မှုဆိုင်ရာတွေမှာ ပူးပေါင်းဆောင်ရွက်သွားဖို့အတွက် ယမန် နေ့ ဇွန်လ ၅ ရက်နေ့က နေပြည်တော်မှာ သဘောတူ လက်မှတ် ထိုးလိုက်ကြပါတယ်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးသိန်းအောင်နဲ့ Mr. David Ensor တို့ ပူးပေါင်းအစီအစဉ် လက်မှတ် ရေးထိုးနေတာကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများမှာလည်း ဖော်ပြထားပါတယ်။

အမေရိကန်ဘက်က နည်းပညာ၊ အဆင့်မြင့် စက်ပစ္စည်းတွေနဲ့ ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်ရေး လေ့ကျင့် သင်တန်း များ ပေးရေးအတွက်လည်း ကူညီပေးသွားမှာဖြစ်ပါတယ်တဲ့။

တချိန်က ပြည်ပ မီဒီယာများကို အဆိုးမြင်ခဲ့တဲ့ မြန်မာအစိုးရဟာ အခုတော့ ပြည်ပ မီဒီယာတွေနဲ့ ပူးပေါင်းနေပါပြီ။

Hi_Mo ဆံပင်တု စက်ရုံ အလုပ်ရှင်နှင့် အလုပ်သမား ပြဿနာ ပြေလည်ပြီ

Hi_Mo ဆံပင်တု စက်ရုံ အလုပ်ရှင်နှင့် အလုပ်သမား ပြဿနာ ပြေလည်ပြီ


အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တို့ သဘောတူစာချုပ်သစ် လက်မှတ်ရေးထိုးကြစဉ်

ယနေ့ ဇွန်လ ၅ ရက်နေ့ ည ၈ နာရီခန့်က Hi-Mo ဆံပင်တု စက်ရုံမှ တာဝန်ရှိသူ ကိုရီးယား နိုင်ငံသားများ၊ အလုပ်သမား ကိုယ်စားလှယ် ၂ ဦးတို့သည် ၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီးနှင့် အလုပ်သမား ဒု ၀န်ကြီး ဥိးမြင့်သိန်းတို့ကို သက်သေထားကာ အလုပ်ရှင် အလုပ်သမား သဘောတူညီချက်ကို လက်မှတ်ရေးထိုး လိုက်ကြကြောင်း သတင်းရရှိသည်။

လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံးခန်းရှိ ကနောင်ခန်းမတွင် အခုလို သဘောတူ စာချုပ်သစ် လက်မှတ်ရေးထိုးလိုက်ကြပြီး ဖြစ်ပေါ်နေသည့် အလုပ်သမားမပြေလည်မှုများကို ညှိနှိုင်းအဖြေရှာကာ ပြေ လည်မှု ယူရလိုက်ခြင်းလည်းဖြစ်သည်။
အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များ ပြေလည်မှုရရှိပြီး လက်ဆွဲ နှုတ်ဆက်ကြစဉ် -သတင်း၊ ဓာတ်ပုံ- Messenger Journal

Hi_Mo ဆံပင်တု စက်ရုံ အလုပ်သမားများဟာ ရက်ပေါင်းများစွာ အခြေခံ လုပ်အားခ လစာ နစ်နာနေမှုအတွက် ဆန္ဒပြခဲ့ကြပါတယ်။ စက်ရုံ အလုပ်သမားများဟာ အဓိက တောင်းဆိုနေသည့် အခြေခံ အလုပ်သမား လစာ ကျပ် ၃ သောင်း အနည်းဆုံး ရရှိရန် တောင်းဆိုနေခဲ့ကြသည်။ စက်ရုံပိုင်ရှင်၊ အလုပ်သမားနှင့် အစိုးရ ကိုယ်စားလှယ် တို့ ညှိနှိုင်း မှုများအရ ယခုလို ပြေလည်းသွားခြင်း ဖြစ်ကြောင်းသိရသော်လည်း အသေးစိပ် မည်ကဲ့ သို့ ပြေလည်မှု မျိုးဆိုသည်ကို မသိရသေးပေ။

၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးနှင့် တွေ့ဆုံခြင်း




မြို့တော်ခမ်းမရှေ့ မွတ်ဆလင်တချို့ဆန္ဒပြနေစဉ် ကိုမြအေး ရောက်ရှိခိုက်

Messenger Journal က ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးနဲ့ တွေ့ဆုံမေးမြန်းခန်းကို ဖော်ပြလိုက်ပါတယ်။

မေး။ ။ ခုရက်ပိုင်းအတွင်းဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေအပေါ် မြန်မာနိုင်ငံသားတစ်ယောက်အနေ နဲ့ရော အစ္စလာမ်ဘာသာဝင်တစ်ဦးအနေနဲ့ရော ၈၈ မျိုး ဆက်ကျောင်းသားတစ်ယောက်အနေနဲ့ရော ဘယ်လိုရှုမြင် ပါသလဲ။
ဖြေ။ ။ အခု အဖြစ်အပျက်က ကျောက်နီမော် လူသတ်မှုပေါ့။ ဒါက လုံးဝမဖြစ်သင့်ပါဘူး။ ဒီ ရခိုင်အမျိုးသမီးလေး မသီတာထွေးကို မတရားအဓမ္မပြုကျင့်တာ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူပါ။ ဒီကိစ္စနဲ့ပတ်သက် ပြီး ကျူးလွန်တဲ့ တရားခံသုံးယောက်ကို ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူသင့်ပါတယ်။ တဆက်ထဲ မှာပဲ တောင်ကုတ်မြို့ကို ဖြတ်သွားတဲ့ ခရီးသည်တင် ကားပေါ်က လူ ၁ဝ ယောက်ကို သတ်ဖြတ်တာကလည်း ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာ မရှိပါ ဘူး။ ဒီလိုကိစ္စတွေကိုလည်း ရာဇဝတ်မှုလို့ မြင်တယ်။ ဒါကိုလည်း ဥပဒေအကြောင်းအရပဲ အရေးယူစေချင်ပါ တယ်။ နောက်တစ်ခုပြောချင်တာက ကျွန်တော် ဒီနေ့ ဒီအချိန်မှာ အသွင်ကူးပြောင်းရေးကာလပေါ့။ လူမျိုးရေး ဘာသာရေးကို အခြေခံတဲ့ အဓိကရုဏ်းမျိုးကို ဘယ်အုပ် စုက ဖန်တီးဖန်တီး ကျွန်တော်တို့ လုံးဝလက်မခံပါဘူး။

မေး။ ။ သမိုင်းမှာလည်း ဒီလိုပဋိပက္ခတွေ ရှိခဲ့တယ်။ အခု အချိန်မှာလည်း လူတချို့ရဲ့ စိတ်ထဲ တစ်ခုခုလုပ်မယ် စိတ်မျိုးဝင်နေရင် ဦးမြအေးတို့အနေနဲ့ ဘယ်လို ဖြေရှင်းပေးချင်သလဲ။
ဖြေ။ ။ ပွင့်ပွင့်လင်းလင်းပြောရင် ဒါက ရိုဟင်ဂျာအရေးပေါ့နော်။ တကယ့်ရိုဟင်ဂျာအရေးကို အကြောင်း ပြပြီး အစ္စလာမ်ဘာသာနဲ့ သက်ဆိုင်တဲ့ အရေး လိုဖန် တီးနေတဲ့ လူတွေရှိတယ်။ ရိုဟင်ဂျာအများစုက အစ္စလာမ် တွေလေ။ ဒါကို အကြောင်းပြုပြီး အစ္စလာမ်ဘာသာဝင်တွေ အရေးဆိုပြီး လုပ်နေတဲ့အစွန်းရောက်တဲ့ သူများရှိပါတယ်။ ကျွန်တော်တို့ လုံးဝလက်မခံနိုင်ပါဘူး။ ကျွန်တော်တို့က မြန်မာမွတ်စလင်ပါ။ ကျွန်တော်တို့က ရိုဟင်ဂျာ မဟုတ်ဘူး။ နောက်တစ်ခုကို ရခိုင်လူမျိုးတွေကို ပြောချင်တယ်။ မှန်ပါတယ်။ ရခိုင်ပြည်နယ်ဟာ ဘင်္ဂလား ဒေ့ရှ်နဲ့ ကပ်နေလို့ ကိုယ့်အမျိုးသားရေး ခံကတုတ်ကိုတော့ ပြင်ရမှာပဲ။ ဒါ ကျွန်တော်လုံးဝ နားလည် တယ်။ ဒီလိုမဟုတ်ရင် သန်းရာ ကျော် နိုင်ငံကနေ ပြိုလာမယ့် လူမျိုးတွေအနေနဲ့ ရခိုင် အမျိုးသားတွေ စိုးရိမ်မယ်ဆိုတာကို ကောင်းကောင်း နားလည်ထားတယ်။ ဒါက ဘင်္ဂါလီတွေ၊ ဘင်္ဂလားဒေ့ရှ် ကလာ တဲ့ ပြဿနာတွေကို ရင်ဆိုင်တဲ့အခါမျာ ပြည်တွင်းမှာရှိတဲ့ အေးချမ်းစွာ နေထိုင်စားသောက်နေတဲ့ အစ္စလာမ် ဘာသာဝင်တွေနဲ့ မသက်ဆိုင်ဘူးလို့ ရှင်းရှင်းပြောချင်တယ်။ ဘင်္ဂလားဒေ့ရှ်က စိမ့်ပြိုလာမယ့်ကိစ္စကို ကျွန်တော်တို့လည်း မလိုလားဘူး။ အိန္ဒိယနဲ့လည်း ကပ်နေတယ်။ အလားတူပဲ တရုတ်ပြည်နဲ့လည်း ကပ်နေတာ။ ဒါ လူမျိုးရေး ကို ရှေ့တန်းတင်တာမဟုတ်ဘူး၊ သို့သော်လည်း ကျွန်တော်တို့ အမျိုးသားရေးကိုတော့ ရှေ့တန်း တင်ရမှာပဲ။

မေး။ ။ အခု ဖြစ်ခဲ့တဲ့ကိစ္စမှာ နိုင်ငံရေးပါတီတွေ ပါဝင်ဖြန်ဖြေတာမျိုး မတွေ့ရသေးဘူး။ အဲဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ။
ကျွန်တော် ထင်ပါတယ်။ နိုင်ငံရေးပါတီတွေပဲ လုပ်ကြပြောကြမှာပါ။ ကျွန်တော်တို့အနေနဲ့ ကတော့ ဒီနေ့ ပြုပြင် ပြောင်းလဲတဲ့အချိန်ဆိုတော့ စိတ်ပူတယ်။ အခြေခံ ဖွဲ့စည်းပုံဥပဒေအရ ဆူပူမှုဖြစ်ရင် တပ်မတော် ရဲ့အခန်း ကဏ္ဍ၀င်လာပြီးတော့ ထိန်းသိမ်းမယ်လို့ ပြဌာန်းထားတာရှိတယ်။ အားလုံးပဲသိပါတယ်။ အဲဒီ အခြေအနေကို ပြန်မရောက်စေချင်ဘူး။ အမုန်းတရားပေါ်မှာ အခြေခံတဲ့ သွေးချောင်းစီး လူသတ်မှုတွေ မဖြစ်စေချင်ဘူး။ ကျွန်တော်တို့အားလုံး ချစ်ချစ်ကြည်ကြည် ရင်းရင်းနှီးနှီး၊ ပြဿနာဖြစ်ရင်လည်း ညှိနှိုင်း တိုင်ပင်စေချင်တယ်။ အဲဒါ ရင်ထဲက ဆန္ဒပါ။

မေး။ ။မေလ ၂၈ ရက်နေ့က ရခိုင်အမျိုးသမီးလေး သတ်ခံရတဲ့ကိစ္စ၊ ပြီးတော့ ရိုးမသစ္စာယာဉ် ဖျက်စီးခံရပြီး လူ ၁၀ ယောက် အသက်ဆုံးရှုံးသွားရတဲ့ ကိစ္စတွေနဲ့ ပတ်သတ်ပြီး ခု ရန်ကုန်အထိ ဆန္ဒထုတ်ဖော်တာတွေရှိလာတယ်။ အဲဒီရဲ့ အကျိုးဆက်အဖြစ်ဘာတွေရှိလာနိုင်လဲ။
ဖြေ။ ။ ဒီနေရာကနေ တစ်ဆက်ထဲ ကျွန်တော် အကူအညီ တောင်းချင်တာက ဆရာတော်ကြီးတွေ၊ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေက သက်ဆိုင်ရာ အာဏာပိုင်တွေရော အကုန်လုံး ကျွန်တော်တို့ ဝိုင်းဝန်း ထိန်းသိမ်း သင့်တယ်။ မဟုတ်ရင် အလားလာကောင်းတော့ မတွေ့ဘူး။ ကျွန်တော် အရမ်းစိတ်ပူနေတယ်။ အရမ်းလဲ စိုးရိမ်ပါတယ်။ နောက်တစ်ခုပြောချင်တာက ကျူးလွန်တဲ့သူတွေကို ထိထိရောက် ရောက် အရေး ယူပေးပါ။ အလားတူ ၁ဝ ယောက် အသတ် ခံရတာကိုလည်း စုံစမ်းရေးကော်မတီဖွဲ့ပြီး ဥပဒေအကြောင်း အရ ထိထိရောက်ရောက် အရေးယူပေးပါ။ ရာဇ၀တ်မှုကို ရာဇဝတ်မှုလို့ မြင်ပေးပါဗျာ။ အဲဒီထဲမှာ လူမျိုးရေး ဘာသာရေးတွေ အဆိပ်မခပ်စေချင်ဘူး။ ကျွန်တော် အစိုးရ သတင်းစာထဲမှာပါတဲ့ စကားလုံးတွေ ကို ပြောချင်တယ်။ ကျွန်တော်တို့ ခင်ဗျားတို့လည်း မှုခင်းဂျာနယ်တွေ ဖတ်ဖူးတယ်။ ဖတ်တဲ့အခါ မုဒိမ်းမှု ကျူးလွန်တာ လူသတ်မှုကျူးလွန် တာ ဖတ်ရတဲ့အခါတိုင်းမှာ ဘာသာလူမျိုးရေးထားတာ မတွေ့ဖူးဘူး။ ဒီပြဿနာဖြစ်တဲ့ အခါမှဘာသာ လူမျိုးကို ခွဲခြားဖော်ပြထားတာ ရိုးသားမှုရှိသလား၊ မရှိဘူးလားဆိုတော့ ကျွန်တော်တို့ စဉ်းစားစရာရှိတယ်။ မွတ်စလင်ကုလားလို့ သုံးတဲ့ အသုံးအနှုန်းက ကျွန်တော့်အသက် ၄၆ နှစ်ရှိ ပါပြီ။ တစ်လျှောက်လုံးမှာ အစိုးရက ခုလို တရားဝင် သုံးတာ မတွေ့ဘူးပါဘူး။ သုံးနှုန်းတဲ့ အသုံးအနှုန်း ပုံစံကို ကျွန်တော် လုံးဝမကြိုက်ဖူး။ ဒါက Yellow Journalism ပဲ။ နိုင်ငံသတင်းစာကြီးအနေနဲ့ ဒီလိုမျိုးမရေး သင့်ဘူး။ ကျူးလွန်တဲ့လူကိုလည်း အရေးယူသင့်တယ်။ ကျွန်တော့်ခံစားချက်ကိုပြောရင် ဥပဒေအကြောင်း အရ ဖြေရှင်းပါ။ မသက်ဆိုင်တဲ့သူတွေကို မလုပ်ပါနဲ့။ အလားတူ လူမျိုးရေးဘာသာရေးကို ဖြေရှင်းတာ ပြဿနာတစ်ရပ်အနေနဲ့ ဘယ်လိုမှ မရနိုင်ဘူး။ ကျွန်တော် မေတ္တာရပ်ခံပါတယ်။ ဒီပြဿနာတွေ မဖြစ်အောင် အရေးယူပါ။ ကျွန်တော့် အနေနဲ့ ဘယ်ဘက်မှ မလိုက်ပါဘူး။ ကျွန်တော် အစ္စလာမ်ဘာသာဝင် မှန်တယ်၊ ကျွန်တော် မြန်မာနိုင်ငံမှာရှိတဲ့ သန်း ( ၆၀ ) အတွက် ပဲ အလုပ်လုပ်မှာပါ။ လူမျိုးရေးအပေါ် ကျွန်တော့် ဘာသာရေးအပေါ် မလိုက်ပါဘူး။ ရိုဟင်ဂျာ ကိစ္စကို ထပ်ပြောပါမယ်။ ရိုဟင်ဂျာ အရေးကို အစ္စလာမ်အရေးလို့ လုပ်နေတဲ့သူတွေရဲ့ အန္တရယ်ကို လည်း ကျွန်တော်တို့ကာ ကွယ်တာဆီး၇မှာဖြစ်သလို ရိုဟင်ဂျာအရေးကိုဗန်းပြပြီး အခြားသော အစ္စလာမ် ဘာသာဝင်တွေကို စည်းခြား ဆက်ဆံဖို့ကြိုးစား နေသူတွေကိုလည်းသတိပြုရမှာဖြစ်ပါတယ်။

မေး။ ။ အခု ရခိုင်၊ မြန်မာနဲ့ အစ္စလာမ်ဘာသာ ၀င်တွေ ကြားမှာ ဒီကိစ္စကြောင့် သံသယတွေ ရှိလာကြမယ်၊ မလုံခြုံမှုတွေ ခံစားနေကြရမယ်ဆိုရင် သူတို့အနေနဲ့ ဘယ်လို ခံယူချက်မျိုး ထားသင့်တယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ ဘာသာရေးကို တကယ်တမ်းကိုးကွယ်ရင် ဘာသာရေးက ဆုံးမတဲ့အရာတွေကို လေးစား လိုက်နာရမှာပါ။ ကျွန်တော်သိသလောက် ကျွန်တော် သိမ်ဖြူကျောင်းတိုက်ကြီးဘေးမှာ နေဖူးတယ်။ ကျွန်တော် နားလည်သလောက် ဗုဒ္ဓဘာသာရဲ့ အဆုံးအမက မေတ္တာတရားပါ။ မေတ္တာနဲ့ ကမ္ဘာကြီးကို ဖြန့်ကျက်တာပါ။ ဗုဒ္ဓဘာသာဝင်တွေက မေတ္တာတရားလက်ကိုင်ထားကြတာကို လက်ခံထားပါတယ်။ အလားတူပဲ အစ္စလာမ် ဘာသာဝင်တွေအနေနဲ့ သူများသားသမီးကို သတ်ဖြတ် ဖျက်စီးရမယ်လို့ မပြဌာန်းထားပါဘူး။ ကိုယ့်ထဲမှာရှိတဲ့ အကျင့်ဖောက်ဖျက်သူတွေကို ဘာသာရေး ခေါင်းဆောင်တွေက ထိန်းသိမ်းပါ။ ဒါမှ လူတွေက ကိုယ်ကျင့် တရားအတိုင်း စွမ်းဆောင်နိုင်မယ်။ ဘာသာရေး အသွင်သဏ္ဍာန်ဆောင်လို့ ဘာသာရေး အဆုံးအမ နာခံကြ မယ်ဆိုရင် ငြိမ်းချမ်းမှုကို ခံယူပါ။ ငြိမ်းချမ်းစွာ ဖြေရှင်းပါ။ ဘာသာတရားရဲ့ အဆုံးအမကို ခံယူပါလို့ ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ရိုဟင်ဂျာအရေးကို မြန်မာနိုင်ငံထဲမှာ လက်ခံဖို့ ပြည်ပမီဒီယာတွေက အမျိုးမျိုး ဖိအားပေးတယ်။ ပြည်တွင်းမီဒီယာတွေက ပါးစပ်ပိတ်နေကြတယ်လို့ ပြောနေကြတယ်။ ဒီရိုဟင်ဂျာအရေးကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ယောက်အနေနဲ့ ဘယ်လိုရှုမြင်ပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ နိုင်ငံရေးလုပ်မယ်ဆိုရင် အမျိုးသားရေး အစွန်းရောက်လို့မရသလို အမျိုးသားရေးကို စွန့်ပစ်လို့လည်း မရဘူး။ ရခိုင်ပြည်နယ်မှာ ရှိတဲ့ လူဦးရေကို တွက်ကြည့်ပါ။ သူတို့နဲ့ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ လူဦးရေကို ကြည့်ပါ။ ရခိုင်အမျိုးသားတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ပြိုဆင်းလာမဲ့ အန္တရာယ်ကို စိုးရိမ်တယ် ဆိုတာ သဘာဝကျတယ်။ ကျွန်တော်တို့ လက်ခံရမဲ့ ကိစ္စလည်းဖြစ်တယ်။ ကျွန်တော်ပြောချင်တာက အဲဒီက ပြိုဆင်းလာမဲ့ ရိုဟင်ဂျာတွေရဲ့ အရေးကိစ္စကို ဗန်းပြပြီး မြန်မာနိုင်ငံတွင်းက အစ္စလာမ်ဘာသာဝင်တွေကို အရေး ကို ဆောင်ရွက်ခြင်းဟာ မှားပါတယ်။ လုံးဝမဟုတ်ပါဘူး။ လက်လည်း မခံနိုင်ပါဘူး။ အလားတူ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေ အနေနဲ့က မြန်မာပြည် မှာ နေပြီး၊ မြန်မာပြည်ကို ချစ်တယ်။ မြန်မာပြည်ရဲ့ ဆန်ကိုစားပြီး မြန်မာပြည်မှာ ကြီးတယ်။ အဲဒီအတွက် အမေကို ကျော်ပြီးဒွေးတော်လွမ်းနေစရာ အကြောင်းမရှိဘူး။ အဲဒီတော့ ရခိုင်အမျိုးသားတွေရဲ့ စိတ်ပူပန်မှုဟာ ကျွန်တော်တို့ရဲ့ စိတ်ပူပန်မှုပါ။ ကျွန်တော်တို့ကိုယ်တိုင် ရခိုင်အမျိုးသားတွေဘက်က ရပ်တည်ရမှာဖြစ်ပါတယ်။ ဒါက ရခိုင်ပြည်နယ်တစ်ခုတည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာလည်း တရုတ်နိုင်ငံ ရှိနေပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ သန်းပေါင်း ၆၀ သော ပြည်သူတွေရဲ့ အနာဂတ်အတွက် စဉ်းစားရမှာပါ။ ပထ၀ီဝင်နိုင်ငံရေးအရ ကျွန်တော်တို့ နိုင်ငံဟာ လူဦးရေ သန်း ၁၀၀၀ ကျော်ရှိတဲ့ အိန္ဒိယက တစ်ဘက်၊ တရုတ် က တစ်ဘက် ကြားမှာ ရှိနေတဲ့အတွက် ကျွန်တော်တို့ရဲ့အမျိုးသားရေး ခံကတုတ်၊ ယဉ်ကျေးမှုခံကတုတ်ကို မပြင်နိုင်ရင် ကျွန်တော်တို့ ကျွန်ဖြစ်လိမ့်မယ်။ ရေစုန်မြောလိမ့်မယ်။ အဲလိုကတော့ ကျွန်တော်တို့မှာ ရှင်းလင်း ပြတ်သားတဲ့ အတွေးအခေါ်ရှိပြီးသားပါ။ ဒါ လူမျိုးရေးနဲ့ မဆိုင်ဘူး။ တိုင်းပြည်အတွက် ထားရ မယ့် နိုင်ငံရေး သမားစိတ်ဓါတ်ပဲ။

ဒီမိုကရေစီအရေး လမ်းလွဲသွားမည့် ထောင်ချောက်အတွင်း မသက်ဆင်းမိရန် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးပြောကြား

ဗုဒ္ဓဟူးနေ့၊ ဂျွန်လ ၆၊ ၂၀၁၂

ဒီမိုကရေစီအရေး လမ်းလွဲသွားမည့် ထောင်ချောက်အတွင်း မသက်ဆင်းမိရန် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးပြောကြား



“ရခိုင်ဒေသ ကိစ္စ အေးအေးချမ်းချမ်းပဲ ဖြစ်စေချင်တယ်၊ ဘာသာရေး၊ လူမျိုးရေး အငြင်းပွားမှုတွေ မလိုလားပါဘူး။ အစိုးရ အာဏာပိုင်တွေ အနေနဲ့လည်း မီးလောင်ရာ လေပင့် ဖြစ်စေတဲ့ အသုံးအနှုန်းတွေ မသုံးသင့်ဘူး”(သတင်းစာ ဆရာကြီး ဦးဝင်းတင်)

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းစာမူတွေထဲမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေတဲ့ အရေးအသားမျိုး မသုံးရဘူးလို့ပါပါတယ်။ နိုင်ငံရေးအကျပ်အတည်းတွေ့တိုင်း မှာ ဘာသာရေးအဓိကရုဏ်း အထူးသဖြင့် ကုလား- ဗမာ အဓိကရုဏ်းဖန်တီးပြီး ထွက်ပေါက်ရှာတက်တဲ့ အစိုးရတွေရဲ့ထုံးစံလိုဖြစ်နေပါတယ်။ ကချင်ကိစ္စကို လူတွေ အာရုံပြောင်း အောင် လုပ်နေသလားဆိုတာ သံသယဖြစ်မိပါတယ်။ (win latt)

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဆူးလေစေတီအနီး ဗလီရှေ့တွင် စုဝေးလျှက်ရှိသည့် အစ္စလာမ်ဘာသာဝင် လူထုကို အမုန်းတရား အခြေ ခံပြီး ပြဿနာကို မရှင်းကြဖို့ ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်ကို ကိုးကားကာ ပြောဆိုသွားရာတွင် လူမျိုးရေး အဓိကရုဏ်းဖြစ်ပွားခြင်းကြောင့် ဒီမိုကရေစီအရေး လမ်းလွဲသွားမည့် ထောင်ချောက်အတွင်း မသက်ဆင်းမိရန် လည်း ပြောဆိုသွားသည်။

ကိုမြအေးက တရားဥပဒေ စိုးမိုးရေး အရေးကြီးကြောင်း လည်း ပြောဆိုသွား ပြီး ယနေ့ထုတ် သတင်းစာတွင် သုံးနှုန်းထားသည့် မွတ်ဆလင်ကုလား ဆို သည့် စကားလုံး ကိုလည်း ၎င်းအနေဖြင့် လက်မခံနိုင်ကြောင်း ပြောဆို သွားသည်။

" ၈၈မျိုးဆက် ကျောင်းသားများကိုယ်စား ကျွန်တော် သွားတာပါ။ ဆန္ဒမပြဖို့ ဖြန်ဖြေပေးဖို့ အတွက် သွားတာပါ။လှုံဆော်ဖို့အတွက် သွားတာ မဟုတ်ပါဘူး" ဟု ကိုမြအေးက The Voice Weekly သို့ အတည်ပြုပြောကြားသည်။

ကျောက်နီမော် ကိစ္စတွင်လည်း ကျူးလွန်သူများအား အပြစ်ထင်ရှား လျင် သေဒဏ်အထိ ချမှတ်ပေးဖို့ တောင်းဆိုသွား သကဲ့သို့ တောင်ကုတ် တွင် ဖြစ်ပျက်သည့် အဖြစ်အပျက်အတွက်လည်း စုံစမ်း စစ်ဆေးပေးဖို့ တောင်းဆိုသွားသည်။

ကိုမြအေး က လူစုခွဲပေးရန် မေတ္တာရပ်ခံသော်လည်း လူစုလူဝေးမှာ မွန်းလွဲ ၂ နာရီခွဲတွင် လူ ၁၀၀ ကျော် ထိရောက်ရှိလာပြီး သတင်းမီဒီယာသမား များနှင့် လေ့လာအကဲခတ်နေသူ အခြား ဘာသာဝင်များမှာ ၁၀၀၀ နီးပါး ခန့်ရှိသည်ဟု သတင်းထောက်က သတင်းပေးပို့သည်။

The Voice Weekly

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ မှထုတ်ပြန်ချက်