Sunday, June 3, 2012

ဒေါ်အောင်ဆန်းစုကြည်ကို ဘာပြောချင်သလဲ..။









ဒေါ်အောင်ဆန်းစုကြည်ကို ဘာပြောချင်သလဲ..။
(မဲဆောက်က အသံများ)
(ကိုသင့်မြတ်  မေးမြန်းရေးသားတယ်။)

          ဒီကနေ့ ၂၀၁၂ ဇွန်လ (၂)ရက် စနေနေ့ မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို လေယာဉ်နဲ့ နံနက် ၉း၃၀ မှာ ရောက်ရှိပြီး မယ်လ ဒုက္ခသည်စခန်းကို သွားမယ်၊ နေ့လည် ၁း၃၀ မှာ မဲဆောက်ကို ပြန်လည်ရောက်ရှိပြီး မယ်တော်ဆေးခန်းကို ၀င်ရောက်ကာ မွန်းလွဲ ၃း၀၀ မှာ မဲဆောက်လေဆိပ်ကနေ ဘန်ကောက်ကို ပြန်လည် ထွက်ခွါ မယ်လို့ သတင်းတွေရရှိထားခဲ့ပါတယ်။
နှစ်ပေါင်း ၂၀ကျော် ပြည်ပကို ပထမဆုံး ထွက်ခဲ့တဲ့ခရီးဖြစ်သလို ခရီးစဉ် စီစဉ်သူတွေရဲ့ ညံ့ဖျင်းမှုကြောင့် အစီအစဉ်တွေဟာ မရေမရာ ဖြစ်နေပြီးအစီအစဉ်တွေ လွဲချော်မှု ရှိနိုင်ကြောင်းလည်း အတော်များများက သိရှိထားကြပေမယ့် လူထုချစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနှုတ်ဆက်မယ့် မြန်မာနိုင်ငံသားတွေဟာ နံနက် ၈ နာရီလောက်ကတည်းက တဖွဲဖွဲ ရောက်ရှိစောင့်ဆိုင်းနေကြပါတယ်။ နံနက် ၉း၄၀ မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မဲဆောက်လေဆိပ်ကို ရောက်ရှိပြီး မယ်လ ဒုက္ခသည်စခန်းကို ဦးတည် ထွက်ခွာသွားတာဖြစ်လို့ နံနက်ပိုင်းမှာတော့ နှုတ်ဆက်ခွင့် တိတိပပ မရရှိခဲ့ကြပါဘူး။
မဲဆောက်က စက်ရုံ အလုပ်ရုံ အသီးသီးက အလုပ်သမားတွေဟာ သွားလာရေး တင်းကြပ်တဲ့ မယ်လ အထိ လိုက်ပါသွားနိုင်ခြင်း မရှိတာကြောင့်  မွန်းလွဲပိုင်းမှာ မဲဆောက်ကို ပြန်ရောက်ချိန်မှာ နှုတ်ဆက်ကြိုဆိုဖို့ အားခဲပြီး နေပူကြီးထဲမှာ တက်တက်ကြွကြွ စောင့်မျှော်နေခဲ့ကြပါတယ်။
တကယ်တော့ ဒီနေ့ဟာ မဲဆောက်က အလုပ်သမားတွေအတွက် အလုပ်ပိတ်ရက်မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ချစ်တဲ့ သူတို့လေးစားတဲ့ သူတို့ အားကိုး ယုံကြည်တဲ့ သူတို့ဘ၀ရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခဏတာ တွေ့ခွင့်ရဖို့ အလုပ်ရှင်နဲ့ အတိုက်အခံပြုပြီး (တချို့ဆို အငှားယာဉ်ခ မတတ်နိုင်လို့ တနာရီကျော်မက နေပူကြီးထဲမှာ လမ်းလျှောက်လို့) ကြိုဆိုနေကြတာဖြစ်ပါတယ်။တချို့လည်း စုပေါင်းပြီး ကားငှားပြီး ကြိုဆိုဖို့ ထွက်လာရာမှာ ထိုင်းရဲတွေရဲ့ စောင့်ကြိုဖမ်းဆီး စစ်ဆေး ခေါ်ဆောင်တာတွေတောင် ခံရရှာပါတယ်။ ဒါကိုကြည့်ရင် သူတို့တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လောက်ယုံကြည် အားကိုးလေးစားတယ်ဆိုတာ အထူးပြောဖို့ လိုမယ်မထင်ပါဘူး။
ဒါပေမယ့် အစီအစဉ်တွေ လွဲချော်မှုကြောင့်လား၊ မထင်မှတ်တဲ့ ပြသနာတစုံတခုကြောင့်လား၊ မူလ အစီအစဉ်ရေးဆွဲစဉ်ကပဲ အစီအစဉ်မရှိခဲ့လို့လား မသိပေမယ့် ဒေါ်အောင်ဆန်းစုကြည်တို့ အဖွဲ့ဟာ မွန်းလွဲပိုင်း မယ်လ ဒုက္ခသည်စခန်းက အပြန် နောက်ကျနေခဲ့ပြီး မဲဆောက်လူထုကို ခဏတာလေးတောင် နှုတ်ဆက်ဖို့ မဖြစ်နိုင်ခဲ့ပဲ ညနေ (၂)နာရီမခွဲခင်မှာပဲ မဲဆောက်လေဆိပ်ကနေ ဘန်ကောက်ကို ပြန်လည်ထွက်ခွာသွားပါတော့တယ်။
ဒါကြောင့် တနေကုန်တနေခမ်း နေပူကြီးထဲ စောင့်ကြိုနေကြသူတွေကို
(၁)ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် လာရောက်ကြိုဆိုတာလဲ။ (၂)ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ရင် ပြောခွင့်ရမယ်ဆိုရင် ဘာပြောချင် သလဲလို့ ကျား-မ လူပေါင်း ၃၀
ကျော်ကို မေးမြန်းခဲ့ပါတယ်။ သူတို့ ဖြေကြားချက်တွေထဲမှာ အများစုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစား ကြည်ညိုလို့၊ ကိုယ့်လူထုခေါင်းဆောင်ကို အားပေးကြိုဆိုချင်လို့၊ ချစ်ခင်နှစ်သက်လို့၊ မြင်ဖူးချင်လို့ စသဖြင့် ဖြေကြားသူ အများစု ဖြစ်ပါတယ်။ နံပါတ် (၂) မေးခွန်းအပေါ် ဖြေကြားချက်တွေထဲက ထူးခြား စိတ်ဝင်စားဖွယ် ပြောကြားချက်တွေကို ဖေါ်ပြပေးလိုပါတယ်။
          (၁)မအေးအေး        ။ မဲဆောက်မှာ အလုပ်လုပ်နေတာ ၃ နှစ်ရှိပါပြီ။ လစာကို ထိုင်းအစိုးရသတ်မှတ် သလို တနေ့ ဘတ် ၃၀၀ ဆိုတာ တခါမှ မရဘူးပါဘူး။ တခြားသူတွေလည်း မဲဆောက်မှာ ရတယ်လို့ မကြားဖူးပါဘူး။ ရသင့်ရထိုက်တဲ့ လစာကို မှန်မှန်ရချင်ပါတယ်။ ကူညီပြောကြားပေးပါ။
          (၂)ကိုအောင်စိုး        ။ကျနော်က တပ်မဟာ စက်ရုံကပါ။ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ကျနော်တို့ စက်ရုံက အလုပ်သမား ၅ ဦး ညဖက် အလုပ်ကနေ ထမင်းစားသွားတော့ လမ်းမှာ ကားတိုက်ခံရတာ ၂ ဦး သေဆုံးသွားပါတယ်။ ကျန်သူတွေလည်း ဒဏ်ရာအပြင်းအထန် ရကြပါတယ်။ တရားခံကိုတော့ ဖမ်းမမိပါဘူး။ သေဆုံးသူအတွက် ဘာအကူအညီမှ ဘယ်သူ့ဆီကမှ မရသေးပါဘူး။ အမှုဖွင့်ဖို့လည်း ကျနော်တို့ မလုပ်တတ် ပါဘူး။ ဒီလို ပြသနာတွေလည်း မကြာခဏ ဖြစ်ခဲ့ရ၊ ခံခဲ့ရပါတယ်။ ဒီလို ပြသနာမျိုးတွေ မဖြစ်ရအောင် တတ်နိုင်မယ်ဆိုရင် အမေ့အနေနဲ့ ကူညီပေးဖို့ ပြောချင်ပါတယ်။
(၃)ကိုမြကြီး             ။ကျနော်လည်း တပ်မဟာ စက်ရုံကပါ။ ခုနကျနော့်သူငယ်ချင်းပြောသလို ပြသနာ တွေ ဖြစ်လာရင် ဘယ်ကို အကူအညီတောင်းရမယ်ဆိုတာ မသိပါဘူး။ အားကိုးလောက်တဲ့ အလုပ်သမားတွေကို မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန်ကူညီပေးတဲ့ အဖွဲ့မျိုး လိုချင်ပါတယ်။ သေရင် အသုဘချဖို့ နာရေးကူညီမှု အသင်းတော့ရှိပါတယ်။ ကျနော်ဆိုလိုတာက အလောင်းမြေကျဖို့အတွက် တခုတည်း ပြောတာ မဟုတ်ပါဘူး။ အလုပ်သမားတွေ မတရားခံစားနေရတာကို ကူညီပေးမယ့် အာဏာပိုင်အဖွဲ့၊ ဒါမှမဟုတ် အလုပ်သမားတွေ အချင်းချင်း ယုံကြည်ရတဲ့ အဖွဲ့ကို ဆိုလိုတာပါ။
(၄)မမိမော်              ။ကျမ မဲဆောက်မှာ အလုပ်လာလုပ်တာ ၅ နှစ်ကျော်ပါပြီ။ တရားဝင် အလုပ်သမား လက်မှတ် အလုပ်လုပ်ခွင့်လက်မှတ်နဲ့ပဲ နေထိုင်ခဲ့ပါတယ်။ အရင်က အဲဒီလို တရားဝင်ဖြစ်ဖို့ လက်မှတ်ခ ဘတ် ၃၀၀၀ ကျော်ပဲ ကျပါတယ်။ အခု စနစ်သစ်ပြောင်းလိုက်တော့ အားလုံးပေါင်း ဘတ် ၁၅၀၀၀ လောက် ကျပါတယ်။ ဒီငွေကို ပြန်ရဖို့ ကျမတို့လုပ်အားခနဲ့  ၆ လလောက် စုတာတောင် မရပါဘူး။ စနစ်သစ်ပြောင်းမှ ပိုပြီး အခက်အခဲ ဖြစ်နေပါတယ်။ အမေကို အားကိုးပါတယ်။ လူကြီးတွေကို ပြောပြ ကူညီပေးပါရှင့်။ အမေစု ကျန်းမာရေးဂရုစိုက်ပါ။ လုံခြုံရေးဂရုစိုက်ပါ။ အမေကျန်းမာပါစေလို့ အမြဲတမ်း ဆုတောင်းပေးပါတယ်။
(၅)ဦးညီညီ              ။ကျနော်က မဲဆောက်ဈေးထဲမှာ ဈေးရောင်းပါတယ်။ ဒီနှစ်မှာ့ အလုပ်သမား လက်မှတ်တွေ  ပတ်စ်ပို့တွေ လုပ်လိုက်တော့ ငွေတွေ ၁၆၀၀၀ လောက်ကုန်ပါတယ်။ ကျနော်တို့လို ကိုယ်ပိုင်အလုပ် လုပ်တဲ့သူတွေ အနေနဲ့ မထောင်းသာပေမယ့် အလုပ်သမားတွေမှာ တော်တော်ဝန်ပိတယ်လေ။ တချို့ဆို အခုတလော ငွေကုန်များလို့ ဈေးတောင် မှန်မှန် ၀ယ်မစားနိုင်အောင် ဖြစ်နေတာ တွေ့ရလို့  ကိုယ့်လူမျိုးအတွက် အရမ်းစိတ်မကောင်းဖြစ်ရတယ်ဗျာ။ ဆိုတော့ ပိုကောင်းအောင် လူကြီးတွေက စီမံပေမယ့် အခုလို အလွဲအချော်ဖြစ်နေတာတွေကို အမေစု အနေနဲ့ သက်ဆိုင်ရာ ထိုင်း၊ မြန်မာ အလုပ်သမားဌာနတွေနဲ့ ဆွေးနွေးပြင်ဆင်ပေးဖို့ ပြောပေးစေလိုပါတယ်။ အမေ ကျန်းမာပါစေ။
(၆)ကိုမိုးကြီး             ။ကျနော်က မယ်ပ စက်ရုံကပါ။ပတ်စ်ပို့တွေ လုပ်ရတော့ ပွဲစားတွေကလည်း ခြေချင်းလိမ်လို့။ အလိမ်အညာ ခံရတာတွေလည်း ကြားရတော့ ဘယ်သူက အမှန်၊ ဘယ်သူက အကြံအဖန်လည်း မသိ။ ကုန်လိုက်တဲ့ငွေကလည်း မနည်းဘူး။ ဒီငွေတွေက ထိုင်းအစိုးရကို ပေးရတာလား။ ပေးမယ်။ မြန်မာအစိုးရကို ပေးရတာလား။ ပေးမယ်။ ဒါမှမဟုတ်ပဲ ပွဲစားကို ပေးနေရတာ၊ ပွဲစားကြောင့် အကုန်များနေတာဆိုရင်တော့ မဖြစ်သင့်ဘူးလေ..။ အဲဒါလေး အမေစုကို ပြောချင်တာ..။
(၇)မထက်ထက်        ။ကျမလည်း အလုပ်သမားပါ။ အခက်အခဲတွေရှိတာမှန်ပေမယ့် ကျမတို့ထက် ပြည်တွင်းက အလုပ်သမားတွေ အခက်အခဲပိုဖြစ်နေတာ ကြားနေရပါတယ်။ သူတို့ကို ကူညီချင်ပါတယ်။ ဘယ်လို ကူညီရမယ်ဆိုတာ အမေ့ကို ပြောကြားပေးပါ။ အမေ့အနေနဲ့လည်း ကျမတို့ကို ကူညီဖို့ထက် ပြည်တွင်းက ကျမတို့ထက် ပိုပြီး ဒုက္ခရောက်နေတဲ့ အလုပ်သမားတွေကို ပိုပြီးကူညီပေးဖို့ ပြောချင်ပါတယ်ရှင့်။ အမေ ကျန်းမာ ပါစေ။
(၈)ဦးစိန်မြင့်            ။ကျနော်လည်း အလုပ်သမားအရေး ဆောင်ရွက်နေသူပါ။ ဒါပေမယ့် ကျနော်တို့ တွေဟာ စေတနာ့ဝန်ထမ်း တွေ ဆိုတော့ ထိထိရောက်ရောက် မဆောင်ရွက်နိုင်ဘူး။ အလုပ်သမားအခွင့်အရေးကို အသိပညာပေးနိုင်ပေမယ့် အလုပ်သမား အခက်အခဲကို ထိထိရောက်ရောက် မဆောင်ရွက်နိုင်ဘူးပေါ့ဗျာ။ နိုင်ငံခြား သားတွေ အကူအညီနဲ့ ပေါင်းစား ရိုက်စား အဖွဲ့တွေလို့ အလုပ်သမားတွေ အထင်ရောက်နေတာတွေကို အားမရ ဖြစ်နေပါတယ်။ ဘယ်လို ဆောင်ရွက်သင့်တယ်၊ အာဏာပိုင်တွေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်သင့်တယ်။ အာဏာပိုင်တွေဖက်က ဘယ်လို ကူညီသင့်၊ စိစစ်သင့်တယ်ဆိုတာဆို ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းချင်ပါတယ်။
(၉)ကိုအောင်မျိုး        ။အန်တီစုက အခုဆို ကျနော်တို့ စောင့်နေပေမယ့် နှုတ်ဆက်ခွင့်မရလိုက်ဘူးဗျာ။ ကျနော်တို့ထက် ဒုက္ခသည်စခန်းကို သွားတွေ့တာ၊ ဒုက္ခသည်တွေကို ပြစ်မထားတာ သိရလို့ နားလည်ပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောမယ်ဗျာ..။ကျနော့်အမြင်ကတော့ ဒီက ဒုက္ခသည် အရေးထက် ပြည်တွင်းက ကချင်ဒုက္ခသည်တွေရဲ့ အရေးက ပိုပြီး လိုအပ်နေတယ်ထင်တယ်။ သူတို့ကို အခုထက် ပိုပြီး ကူညီနိုင်ဖို့၊ စစ်ပွဲတွေရပ်ဖို့ ငြိမ်းချမ်းရေးဆုရှင် အမေကို ငြိမ်းချမ်းရေးအတွက် ပိုပြီးဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်ဗျာ…။
(၁၀)မချိုမြင့်            ။အမေရှင့်။ ကျမဟာ ကျောင်းဆရာမ တဦးပါ။ ကျမတို့ဟာ သူများနိုင်ငံမှာ မျက်နှာငယ်ငယ်နဲ့ မိသားစု စားဝတ်နေရေး အတွက် ရုန်ကန်နေရပေမယ့် ကိုယ့်မြန်မာပြည်လို မပျော်ပါဘူး။ တိုင်းပြည်ကို ပြန်လာပြီး အေးအေးချမ်းချမ်းနဲ့ နေချင်ပါပြီ။ ဒါပေမယ့် အခုအချိန်မှာ သူများလူမျိုးဆီမှာ မျက်နှာငယ်ငယ်နဲ့ အလုပ်လုပ်နေရသလို  နောင်တချိန် ကိုယ့်တိုင်းပြည်ပြန်ရောက်ရင်လည်း သူများလူမျိုးဆီမှာပဲ မျက်နှာငယ်ငယ်နဲ့ အလုပ်လုပ်ရမှာမျိုးကို စိုးရိမ်နေမိပါ တယ်။ ကျမတို့ဆီမှာ အလုပ်ရှင် အလုပ်သမား ဥပဒေတွေ တိတိကျကျ မရှိဘူးလို့လဲ ကြားဖူးပါတယ်။ အလုပ်ရှင် အလုပ်သမား ဥပဒေတွေ၊ စီးပွားရေး မူဝါဒတွေ မှန်ကန်ဖို့  အဲဒါတွေကို လွှတ်တော်မှာ ရေးဆွဲတင်ပြပေးဖို့ အမေ့ကို မေတ္တာရပ်ခံချင်ပါတယ်ရှင့်။ အမေစုကို အင်မတန် လေးစား အားကိုးပါတယ်။ ကျန်းမာပါစေ။ 
ကိုသူရိန်ထက်ပေးပို့ ပါတယ်...။

နိုင်ငံတော်၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာ နှင့် တရားဥပဒေ စိုးမိုးရေး


ကိုကိုကြီး
၈၈မျိုးဆက်ကျောင်းသားများ
၂၈၄(က)၊ ဝေဇယန္တာလမ်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း - ၀၁- ၅၇၇ ၆၅၆
Email- 88generation.k3@gmail.com
ရက်စွဲ- ၁၊ ဇွန်၊ ၂၀၁၂
နိုင်ငံတော်၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာ နှင့် တရားဥပဒေ စိုးမိုးရေး
         
          “နိုင်ငံတော် ” ဆိုသည့် စကားရပ်သည် သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားများတွင် ကြိမ်ရေအများဆုံး သုံးစွဲသည့် ဝေါဟာရဖြစ်မည်ထင်သည်။ ရာစုနှစ်ဝက်ခန့်ရှိသည့်တိုင် “နိုင်ငံသားများ” အနေဖြင့် အဓိပ္ပါယ်ဗလုံး ဗထွေး ဖြင့် ဖတ်ခဲ့၊ ကြည့်ခဲ့၊ ကြားခဲ့ကြရပြီးဖြစ်သည်။
          အမှန်စင်စစ် “အစိုးရ ” နှင့် “နိုင်ငံတော် ” ကို လုံးထွေးသုံးစွဲခြင်းသာဖြစ်သည်။ နိုင်ငံတော်အကြည်ညို ပျက်အောင်လုပ်ခြင်း - ပုဒ်မ ၁၂၄(က)ကို ကျင့်သုံးနိုင်ရန်အတွက် “နိုင်ငံတော် ” ဆိုသည်မှာ “ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် တည်ထောင်ခန့်အပ်သော အစိုးရ ” ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုသည်။
          ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ နိုင်ငံသားများနှင့် အစိုးရအကြား ရပိုင်ခွင့်၊ တာဝန်ဝတ္တရားများ၊ လုပ်ပိုင်ခွင့် အပ်နှင်းခြင်း၊ အရေးယူ ရုတ်သိမ်းခြင်းများကို သဘောတူချုပ်ဆိုသော ပဋိဉာဉ်စာချုပ်ပင်ဖြစ်သည်။
          ပဋိဉာဉ်စာချုပ်တစ်ခု တရားဝင်ခိုင်မာမှုရှိစေရန်မှာ ခြိမ်းခြောက်ခြင်း၊ ဖျားယောင်းသွေးဆောင်ခြင်း တစ်စုံတရာမပါဘဲ ကိုယ်စိတ်နှစ်ပါး ကျန်းမာလျက်ရှိစဉ် မိမိဆန္ဒသဘောအလျောက် ချုပ်ဆိုသော စာချုပ်ဖြစ်ရန် လိုအပ်သည်။ ဤအချက်သည် စာချုပ်၏ဂုဏ်သိက္ခာဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဂုဏ်သိက္ခာဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာဖော်ဆောင်ရမည့် နိုင်ငံသားများနှင့် အစိုးရအဖွဲ့အစည်း အဆင့်ဆင့်၏ ဂုဏ်သိက္ခာ ဖြစ်သည်။
          ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပင်လျှင် “ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသား များထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည် ” ဟူ၍ နိုင်ငံတော်အခြေခံမူများ၊ အခန်း(၁)၊ ပုဒ်မ(၄)တွင် အတိအလင်း ပြဋ္ဌာန်းထားသည်။
          ထို့ကြောင့် နိုင်ငံတွင်းရှိ ဥပဒေအားလုံး၏ အမြင့်ဆုံးဥပဒေပါ ပြဋ္ဌာန်းချက်အရ နိုင်ငံသားများထံမှ ဆင်းသက်ခြင်း မဟုတ်ဘဲ အချုပ်အခြာအာဏာကို ကျင့်သုံးခြင်းသည် တရားမ၀င်ကြောင်း၊ နိုင်ငံတော်ဟူ၍ သတ်မှတ်ခေါ်ဝေါ်ခြင်း မပြုနိုင်ကြောင်း ထင်ရှားပေါ်လွင်ပြီးဖြစ်သည်။
          ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၁၂၁) နိုင်ငံတော်သစ္စာဖောက်ဖျက်မှု၊ ပုဒ်မ ၁၂၄(က) နိုင်ငံတော်အကြည်ညို ပျက်စေမှုဆိုင်ရာ ပြဋ္ဌာန်းချက်များအရလည်း “ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် တည်ထောင်ခန့်အပ်သော အစိုးရ ” ဟူ၍ အတိအလင်း ဖွင့်ဆိုပြဋ္ဌာန်းချက်အရ အခြားနည်းဖြင့်တည်ထောင်ဖွဲ့စည်းသော အစိုးရများကို နိုင်ငံတော်ဟူ၍ မသတ်မှတ်ကြောင်း သိသာထင်ရှားပြီးဖြစ်သည်။
          နိုင်ငံရေးသိပ္ပံပညာရပ်အရ “ နိုင်ငံတော် ” ကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင်လည်း နိုင်ငံတော်၏ အင်္ဂါရပ်များ အဖြစ် -
          ၁။       ပထ၀ီနယ်နိမိတ်
          ၂။       နိုင်ငံသား
          ၃။       အစိုးရ   နှင့်
          ၄။       အချုပ်အခြာအာဏာ ဟူ၍ ရှင်းလင်းဖော်ပြထားသည်ကို တွေ့ရသည်။
          ယင်းဖွင့်ဆိုချက်သည်ပင် နိုင်ငံရေးစနစ်အားလုံးအတွက် ခြုံငုံဖွင့်ဆိုချက်ဖြစ်ပြီး ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ကျင့်သုံးသည့် နိုင်ငံများအတွက်သာ သီးခြားပြဋ္ဌာန်းချက်မျိုး မဟုတ်ပေ။ ထို့ကြောင့်လည်း သက်ဦး ဆံပိုင်ဘုရင်အစိုးရ၊ လူနည်းစုမှူးမတ်များအုပ်ချုပ်သည့်အစိုးရ၊ တစ်ပါတီအာဏာရှင်၊ စစ်အာဏာရှင် အစိုးရများ သည်ပင်လျှင် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ မိမိကိုယ်မိမိ နိုင်ငံတော်ဟူ၍ မသတ်မှတ်နိုင်ပေ။ အစိုးရနှင့် နိုင်ငံတော်ကို ထပ်တူပြု၍ မရပေ။
                   “ နိုင်ငံတော်ဆိုတာ ငါဘဲ၊ ငါ့ကိုဆန့်ကျင်တာဟာ နိုင်ငံတော်ကို ဆန့်ကျင်တာဘဲ ” ဟူ၍ သမိုင်းတွင်ခဲ့သည့်စကားကို သုံးစွဲခဲ့သူမှာ ပြင်သစ်နိုင်ငံမှ (၁၆)ဆက်မြောက် လူဝီဘုရင် ဖြစ်သည်။ နိဂုံး မကောင်းခဲ့ပါ။          အာဏာရှင်နိုင်ငံများတွင် အစိုးရများက “နိုင်ငံတော် ” ဆိုသည့်ဝေါဟာရကို ပုဂ္ဂလိကပိုင်ပြုလုပ် သုံးစွဲခဲ့ရာမှ “ အမည်ခံနိုင်ငံတော် ” ၏ အခန်းကဏ္ဍမှာ အတိုင်းအဆမရှိ ကြီးမားနေပြီး နိုင်ငံသားများ၏ အခန်း ကဏ္ဍမှာ မှေးမှိန်ပျောက်ကွယ်ခဲ့ရသည်။
          ယနေ့ ခေတ်သစ်လူ့အဖွဲ့အစည်းတွင် ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းသည် တစ်စတစ်စ ကျယ်ပြန့် ကြီးထွားလာနေပြီဖြစ်သည်။ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတွင် နိုင်ငံသားများ၏အခန်းကဏ္ဍသည် အခြေခံ မဏ္ဍိုင်ဖြစ်သည်။ နိုင်ငံသားများ၏အခန်းကဏ္ဍ ကြီးမားအရေးပါလာခြင်း၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာ မြင့်မားလာခြင်းသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာ မြှင့်တင်ခြင်းပင်ဖြစ်သည်။ နိုင်ငံသားများ၏ အခန်းကဏ္ဍကို ပစ်ပယ်သည့် အစိုးရများ၊ နိုင်ငံသားအခွင့်အရေးများကို ပိတ်ပင်ညှင်းပန်းသည့် အစိုးရများကို နိုင်ငံတကာ မိသားစုများက ဝေဖန်ပြစ်တင်ခြင်း၊ အရေးယူပိတ်ဆို့ခြင်းများသည်လည်း အထင်အရှားပင်ဖြစ်သည်။
                   နိုင်ငံတော်၏ ပုံရိပ် ထိခိုက်နိမ့်ကျခြင်းသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းခြင်းဖြင့်သာ နိုင်ငံတော်၏ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ပေမည်။
          တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာမြင့်မားရေးအတွက် အခြေခံ အုတ်မြစ်ဖြစ်သည်။ တရားဥပဒေစိုးမိုးရေး ဆိုသည်မှာ လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု၏ စိုးမိုး အုပ်ချုပ်ခြင်းနှင့် လုံးဝဆန့်ကျင်ခြားနားသည်။ တရားဥပဒေစိုးမိုးသည့် အခြေအနေတွင် လူပုဂ္ဂိုလ် အဖွဲ့အစည်း အားလုံးသည် တရားဥပဒေရှေ့မှောက်တွင် တန်းတူသာဖြစ်သည်။ တရားဥပဒေအရ သတ်မှတ်ထားသည့် အခွင့်အရေး၊ တာဝန်၊ လုပ်ပိုင်ခွင့်များအတိုင်းသာ ကျင့်သုံးဆောင်ရွက်ရမည် ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံတွင် တရားဥပဒေသည် နိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ရန် နိုင်ငံသားအခွင့်အရေးများကို အာမခံနိုင်ရန် နိုင်ငံသားများ၏ အကျိုးကို ရှေ့ရှု ပြဋ္ဌာန်းရမည်ဖြစ်သည်။ တည်ဆဲဥပဒေများသည် နိုင်ငံသားများ ဘက်မှ ရပ်တည်သလော၊ အုပ်ချုပ်သူ များဘက်မှ ရပ်တည်သလော ပြန်လည်ဆန်းစစ် ဝေဖန်ရန် အရေးတကြီး လိုအပ်နေပြီဖြစ်သည်။ အထူးသဖြင့် နိုင်ငံတော် နှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေသော ဥပဒေများကို ပြန်လှန်သုံးသပ်၍ ပြုပြင်ပယ်ဖျက်ပေးပါရန် တင်ပြတောင်းဆိုရမည့်အချိန်လည်းဖြစ်သည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေသော ဥပဒေအချို့ကို တင်ပြ ဆွေးနွေးသွားပါမည်။
၁။ (၁၉၀၇)ခုနှစ် ကျေးရွာနှင့်မြို့ပြ အက်ဥပဒေပါ ဧည့်စာရင်းတိုင်ကြားခြင်း
          ဤဥပဒေကို ထုတ်ပြန်ပြဋ္ဌာန်းခဲ့သော အစိုးရသည် ဗြိတိသျှကိုလိုနီနယ်ချဲ့အစိုးရဖြစ်သည်။ သက်တမ်း အားဖြင့် (၁၀၅)နှစ် ရှိခဲ့ပြီဖြစ်သည်။ (၁၈၈၅)ခုနှစ် မြန်မာဘုရင် သီပေါမင်းအစိုးရကို ဖမ်းဆီး ကျွန်ပြုပြီး နောက်ပိုင်း မြန်မာမျိုးချစ်များ၏ လက်နက်ကိုင်ပုန်ကန်မှုကို ဓါးပြမှု၊ လုယက်မှု၊ သောင်းကျန်းမှုများအဖြစ် ချိုးနှိမ် စွပ်စွဲပြီး ပြင်းပြင်းထန်ထန်  နှိမ်နင်းခဲ့သည့် ကာလလည်းဖြစ်သည်။ (၁၉၀၄)ခုနှစ်၊ ရုရှား - ဂျပန် စစ်ပွဲတွင် ဂျပန်က အနိုင်ရခဲ့ပြီး မြန်မာမျိုးချစ်များအကြား အာရှသားများ၏ အောင်ပွဲအဖြစ် အမျိုးသားရေးစိတ်ဓါတ်များ စတင် နိုးကြားလာသည့် ကာလလည်းဖြစ်သည်။ ထို့ကြောင့်လည်း အုပ်စိုးသူအစိုးရ၏ လုံခြုံရေးလိုအပ်ချက်အရ ကိုလိုနီနိုင်ငံသားများ၏ ခရီးသွားလာခွင့်ကို ထိန်းချုပ်ရန် ဤဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။
          ဤဥပဒေ အနှစ်တစ်ရာကျော်လာသည့်အချိန်ထိ ဆက်လက်ကျင့်သုံးနေခြင်းကို အလေးအနက် ပြန်လည်သုံးသပ်ကြရပေတော့မည်။ မြန်မာနိုင်ငံသားတစ်ယောက်အနေဖြင့် နိုင်ငံကူးလက်မှတ်ဖြင့် ထွက်ခွာ သည့်အခါ ပြည်ပနိုင်ငံများတွင် ဧည့်စာရင်းတိုင်ကြားရခြင်းမရှိဘဲ မိမိနိုင်ငံတွင်း ခရီးသွား လည်ပတ်သည့်အခါ ဧည့်စာရင်းတိုင်ကြားရမည်ဆိုသည့် အချက်ကို နှိုင်းယှဉ်သုံးသပ်ရန်လိုအပ်ပေလိမ့်မည်။ နိုင်ငံသားအားလုံး သန်းပေါင်း(၆၀)ခန့်သည် ပြစ်မှုကျူးလွန်နိုင်ဖွယ်ရှိသည့် သံသယဖြင့် စောင့်ကြည့်ခံရသူများ (suspected) အဖြစ် သတ်မှတ်ခံရသည့်သဘော ဖြစ်သည်။ ဧည့်သည်အဖြစ် သွားရောက်လည်ပတ်သည့် တည်းခိုသည့် ဧည့်သည်များသည်လည်းကောင်း၊ လက်ခံခွင့်ပြုသည့် အိမ်ရှင်များသည်လည်းကောင်း၊ နိုင်ငံသားအားလုံးသည် ယုံကြည်စိတ်ချဖွယ်ရာမရှိသည့် ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်နိုင်ဖွယ်ရှိသည့်သူများအဖြစ် သတ်မှတ်ခံရခြင်း ဖြစ်သည်။ ရံဖန်ရံခါဖြစ်ပေါ်တတ်သည့် ဗုံးကွဲမှုတစ်ချို့ရှိခဲ့ခြင်းအတွက် နိုင်ငံသားသန်း(၆၀)က ၀န်ထုတ်ဝန်ပိုး တစ်ခုအဖြစ် လိုက်နာနေကြရခြင်း ဖြစ်သည်။ ဧည့်စာရင်းဥပဒေကြောင့်လည်း ယင်းဖြစ်ရပ်များကို ကာကွယ် နိုင်ခြင်းမရှိပါ။ နိုင်ငံတွင်း အဂတိလိုက်စားမှု၊ ခြစားမှုများကြောင့် အမှန်တကယ် ကျူးလွန်မည့်သူများအတွက်မူ ယင်းဥပဒေကို ကျော်လွှားနိုင်သည့် အခြေအနေများ ရှိနေပြီးဖြစ်ပါသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြည့်လျှင် ယင်းဥပဒေကြောင့် စာရွက်စာတမ်း၊ အချိန်၊ လုပ်အားဆုံးရှုံးမှုများသည် နိုင်ငံတော်အတွက် လေလွင့် ပြုန်းတီးမှုများပင်ဖြစ်သည်။ အဆိုးဝါးဆုံးမှာ မြန်မာနိုင်ငံသားများအနေဖြင့် ရုံးပြင်ကနားဆိုလျှင် အထိတ်ထိတ် အလန့်လန့်ဖြင့် စိတ်ပိုင်းဆိုင်ရာ သိမ်ငယ်မှု၊ ဂုဏ်သိက္ခာဆိုင်ရာ ထိခိုက်မှုပင်ဖြစ်သည်။
          မူရင်းကျေးရွာနှင့်မြို့ပြအက်ဥပဒေပါ မြို့ပြအက်ဥပဒေပုဒ်မ(၄)တွင် “ဤဥပဒေအာဏာသက်ရောက် ရမည့်မြို့များကို နိုင်ငံတော်သမ္မတမှ အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်နိုင်သည် ” ဟု သီးခြားပြဋ္ဌာန်းထား သည်ကို တွေ့ရှိရပါသည်။ ဆိုလိုသည်မှာ အစိုးရ၏ လုံခြုံရေးလိုအပ်ချက်ကြောင့် ထုတ်ပြန်သော အက်ဥပဒေ တွင်ပင်လျှင် တစ်နိုင်ငံလုံးအတွက်ရည်ရွယ်ခြင်းမဟုတ်ဘဲ ဤဥပဒေကျင့်သုံးရန် လိုအပ်မည့် ကာလအလျောက် လိုအပ်မည့်မြို့များကိုသာ သတ်မှတ်ကျင့်သုံးရမည်ဟု အထင်အရှား ပြဋ္ဌာန်းထားသည်ကို သတိပြုရန်လိုပေ လိမ့်မည်။ မူရင်းပြဋ္ဌာန်းကျင့်သုံးခဲ့သည့် တိုင်းတပါးအစိုးရပင်လျှင် ၄င်း၏လုံခြုံရေးအတွက် စိုးရိမ်ရသည့် မြို့များမှအပ အခြားပြည်သူ ( နိုင်ငံသားများ) အားလုံးအတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်စေရန် ဂရုတစိုက် သတ်မှတ် ပြဋ္ဌာန်းမည်ဟု ဆိုလိုသည်။ သို့သော် လွတ်လပ်ရေးရပြီး နှစ်ပေါင်း ( ၆၀ ) ခန့် ကြာခဲ့သည့်အချိန်တွင် နိုင်ငံ နယ်နိမိတ်အတွင်း ကာလ၊ ဒေသ မရွေး သက်ရောက်နေသည်ကို တွေ့ရသည်။ တရားဥပဒေဆိုသည်မှာ မပြဋ္ဌာန်းမီ ဥပဒေချိုးဖောက်သူ မရှိဘဲ၊ ပြဋ္ဌာန်းလိုက်သည့်အချိန်တွင်မှ ဥပဒေချိုးဖောက်သူများအဖြစ် ရောက်ရှိသွားရခြင်းဖြစ်သည်။ ပြဋ္ဌာန်းရန်မလိုအပ်သည့် ဥပဒေများ၊ လိုက်နာရန်မလွယ်ကူသည့် ဥပဒေများကို ပြဋ္ဌာန်းလိုက်ခြင်းသည် နိုင်ငံသားများအား ဥပဒေချိုးဖောက်သူများအဖြစ် တွန်းပို့လိုက်သည့်သဘောလည်း ဖြစ်သည်။ နိုင်ငံသားများ၏ဂုဏ်သိက္ခာကိုထိပါးစေခြင်းလည်းဖြစ်သည်။ အထက်ပါဥပဒေ၏ ကျေးရွာအက် ဥပဒေပုဒ်မ (၁၅) ပိုဒ်ခွဲ(၂) တွင် ဧည့်စာရင်းတိုင်ထားသည့် ဧည့်သည်ပြန်သွားလျှင် အိမ်ရှင်က သတင်းပို့ တိုင်ကြားရမည်ဟု ဆက်လက်ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရသည်။ သို့သော် မည်သည့်အိမ်ရှင်ကမှ ဧည့်သည် ပြန်သွားပြီဖြစ်ကြောင်း သတင်းပို့တိုင်ကြားလေ့မရှိပေ။ ဆိုလိုသည်မှာ နိုင်ငံသားအားလုံးအနေဖြင့် သိလျှက် ဖြစ်စေ၊ မသိ၍ဖြစ်စေ ယင်းဥပဒေကို ချိုးဖောက်မိလျှက်သား ဖြစ်နေပေသည်။ ထို့ကြောင့် (၁၉၀၇)ခုနှစ် ကျေးရွာ နှင့်မြို့ပြ အက်ဥပဒေပါ ဧည့်စာရင်း တိုင်ကြားရခြင်း ဥပဒေသည် နိုင်ငံသားအားလုံးအား သံသယ ဖြစ်ဖွယ်၊ မယုံကြည်ရသည့်သူများ(suspected) အဖြစ် ဂုဏ်သိက္ခာထိပါးစေပြီး ဥပဒေချိုးဖောက်သူများအဖြစ် တွန်းပို့နေသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့ရှိရပါသည်။
၂။ (၁၉၅၀)ခုနှစ် အရေးပေါ်စီမံမှု အက်ဥပဒေ
          ဤဥပဒေကို ပြဋ္ဌာန်းသည့်ကာလသည် (၁၉၄၈) ခုနှစ် လွတ်လပ်ရေးရပြီးစ ရောင်စုံလက်နက်ကိုင် ပုန်ကန်မှုများကြောင့် ရန်ကုန်အစိုးရဟူ၍ပင် ခေါ်ဝေါ်သမုတ်ခံရသည့်ကာလ(အရေးပေါ်အခြေအနေ ဖြစ်ပေါ် နေသည့်ကာလ) ဖြစ်သည်။ အမှန်စင်စစ် ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် သာမန်အခြေအနေ ( တရားဥပဒေ စိုးမိုးနေသည့် အခြေအနေ) တွင် ပြစ်မှုဆိုင်ရာဥပဒေများဖြင့် အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုများပင် ဖြစ်သည်။ သို့သော် ယင်းကာလက တည်ဆဲအစိုးရအနေဖြင့် တရားဥပဒေဆိုင်ရာ ပုံမှန်လုပ်ထုံးလုပ်နည်းများကို အချိန်ယူ ကျင့်သုံးနိုင်သည့်အခြေအနေ မရှိခြင်းကြောင့် အရေးပေါ်စီမံမှုအက်ဥပဒေ ကို အရေးတကြီး ပြဋ္ဌာန်း ကျင့်သုံးရခြင်း ဖြစ်သည်။ နိုင်ငံတော်တစ်ဝန်းလုံးသည် အရေးပေါ်အခြေအနေအောက်တွင်တည်ရှိနေသည်၊ ပုံမှန်အခြေအနေပျက်ပြားနေသည်ဟု ဆိုလိုသည်။
          ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် ယင်းဥပဒေကို ဖျက်သိမ်းခြင်း၊ ဆိုင်းငံ့ခြင်းမရှိဘဲ အစဉ် တစိုက် ကျင့်သုံးခဲ့သည်မှာ နှစ်ပေါင်း (၆၀) ကျော်ခဲ့ပေပြီ။ တိုးတက်လာသည်မှာ မူရင်းဥပဒေအရ အမြင့်ဆုံး ပြစ်ဒဏ်(၇)နှစ် အစား (၁၉၈၈) စစ်အာဏာသိမ်းပြီးနောက် အနှစ် (၂၀)၊ တစ်သက်တစ်ကျွန်းပြစ်ဒဏ်အဖြစ် တိုးမြှင့်ပြဋ္ဌာန်းခြင်းပင်ဖြစ်သည်။ နိုင်ငံတကာမိသားစုအလယ်တွင် မြန်မာနိုင်ငံတော်သည် ပုံမှန်အခြေအနေ မရှိသည့်နိုင်ငံ၊ အရေးပေါ်အခြေအနေ ပြဋ္ဌာန်းထားရသည့်နိုင်ငံအဖြစ် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို အကြီး အကျယ် ထိခိုက်စေသော ဥပဒေပင်ဖြစ်သည်။
၃။ (၂၀၀၈) ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း (၁၂)
          ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ နိုင်ငံတော်၏ အမြင့်ဆုံးဥပဒေဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ နိုင်ငံသားများ၏ အခန်းကဏ္ဍ သတ်မှတ်ချက်များသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အဆင့်အတန်း ဂုဏ်သိက္ခာကို ထင်ဟပ် ဖော်ပြခြင်းလည်းဖြစ်သည်။
          ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်လက်များတွင် အငြင်းပွားဖွယ်ရာ လက်မခံနိုင်သည်များ ပါဝင်နေခြင်း၊ ရေးဆွဲစဉ် သဘောတူညီမှုမရ၍ ချန်လှပ်ထားခဲ့ရခြင်းများ ဖြစ်ပေါ်လေ့ရှိပါသည်။ ပြောင်းလဲလာသော လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးလိုအပ်ချက်များအရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း၊ အသစ်ပြဋ္ဌာန်းခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ခြင်းများ ပြုလုပ်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းကို အခန်းတစ်ခန်း သီးသန့်ရေးဆွဲ ပြဋ္ဌာန်းရပါသည်။ နိုင်ငံတော်ကို ထိခိုက်နာကျင်မှု နည်းနိုင်သမျှ နည်းလမ်းဖြင့် ပြုပြင် ပြောင်းလဲရာတွင် အရေးကြီးလှသဖြင့် ရေနွေးငွေ့ဗွိုင်လာအိုးအတွင်း ဖိအားများလွန်းသည့်အခါ ပေါက်ကွဲမှု မဖြစ်စေရန် အသုံးပြုသည့် လုံခြုံရေးအဆို့ရှင် (safety valve) အဖြစ်လည်း တင်စားသုံးနှုန်းလေ့ရှိပါသည်။ တင်းကျပ်လွန်းလျှင် ပေါက်ကွဲထွက်နိုင်သည့်  အန္တရာယ်မှာ အချိန်မရွေးဖြစ်ပေါ်လာနိုင်ပေသည်
          လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံတွင် ယခုချိန်ထိ ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးခု ပေါ်ပေါက်ခဲ့ပြီး ဖြစ်သည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် အမျိုးသားခေါင်းဆောင်ကြီးများက လွတ်လပ်ခါစ မြန်မာနိုင်ငံတော်ကို ပါတီစုံ ဒီမိုကရေစီစနစ်၊ လွှတ်တော်နှစ်ရပ်စနစ်ကို အခြေခံ၍ (၁၉၄၇) ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ကြ သည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း၊ အခန်း(၁၁)၊ ပုဒ်မ(၂၀၉)၊ အပိုဒ်ခွဲ(၃)တွင် လွှတ်တော် နှစ်ရပ်ရှိ အမတ်များ၏ သုံးပုံနှစ်ပုံအောက်မလျော့သော အမတ်များ (၆၇ ရာခိုင်နှုန်း) က အတည်ပြုလျှင်..ဟု ပြဋ္ဌာန်းထားခြင်းကြောင့် နိုင်ငံသားများ၏ အလိုဆန္ဒနှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် သင့်တင့်လျှောက်ပတ်သည့် အခွင့်ရေးရှိသည်ကို တွေ့ရပါသည်။ သို့သော် (၁၉၆၂) ခုနှစ်၊ စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပိုက်မှုကြောင့်(၁၉၄၇) ခုနှစ် အခြေခံဥပဒေမှာ ပျက်ပြားသွားခဲ့ရပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားသော ပြည်ထောင်စုအစိုးရအဖွဲ့၊ တည်ဆဲလွှတ်တော်နှစ်ရပ်နှင့် နိုင်ငံရေးပါတီများ အသင်းဖွဲ့များအားလုံးကို ဖျက်သိမ်းပြီး တစ်ပါတီစနစ်၊ လွှတ်တော်တစ်ရပ်စနစ်ကို အခြေခံသည့် (၁၉၇၄) ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေ ပြင်ဆင်ခြင်း အခန်း(၁၅)၊ ပုဒ်မ(၁၉၄)တွင် အပိုဒ်ခွဲ (က)ပါ ပုဒ်မများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ (၇၅) ရာခိုင်နှုန်း သဘောတူညီချက် ရယူပြီး ပြည်သူ့ဆန္ဒခံယူပွဲကျင်းပ၍ ထက်ဝက်ကျော်ထောက်ခံမှုဖြင့် ပြင်ဆင်ရမည်ဟူ၍ ပြဋ္ဌာန်းထားပေသည်။ ၁၉၈၈ ကာလ၊ နိုင်ငံသားမျာ၏ ပြုပြင်ပြောင်းလဲလိုသောဆန္ဒအရ နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲနိုင်ရန် ခက်ခဲတင်းကျပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းလုပ်ထုံးလုပ်နည်းများကြောင့် အုံကြွပေါက်ကွဲပြီး ၁၉၇၄ အခြေခံဥပဒေကို ဖျက်သိမ်းကာ စစ်တပ်မှ အာဏာသိမ်းယူမှုထပ်မံဖြစ်ပွားခဲ့ရပေသည်။
          ပြီးခဲ့သည့် ယင်းဖွဲ့စည်းပုံအခြေခံဥပဒေ နှစ်ရပ်စလုံး၏ လွှတ်တော်များမှာ နိုင်ငံသားများမှ တိုက်ရိုက် ရွေးချယ် တင်မြှောက်သော လွှတ်တော်ကိုယ်စားလှယ် (၁၀၀) ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော် များဖြစ်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရမူ နိုင်ငံသားများမှ တိုက်ရိုက်ရွေးချယ် တင်မြှောက် လိုက်သော လွှတ်တော်ကိုယ်စားလှယ် အရေအတွက်သည် လွှတ်တော်နှစ်ရပ်စလုံး၏ (၇၅) ရာခိုင်နှုန်း သာရှိသည်။
          ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း၊ အခန်း ၁၂၊ ပုဒ်မ ၄၃၆၊ အပိုဒ်ခွဲ (က)တွင် ပြည်ထောင်စု လွှတ်တော် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပြဋ္ဌာန်းထားပေသည်။
          ၁၉၇၄ အခြေခံဥပဒေတွင် ရွေးကောက်ခံကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခို်င်နှုန်းကျော်ဟု ပြဋ္ဌာန်း ထားပြီး ယခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ၇၅ ရာခိုင်နှုန်းဆိုသည်မှာ ရွေးကောက်ခံကိုယ်စားလှယ် ၁၀၀ ရာခိုင်နှုန်း (ရာနှုန်းပြည့်)က ပြင်ဆင်လိုသည့်တိုင် ပြင်ဆင်ခွင့်မရှိဟု အဓိပ္ပါယ် သက်ရောက်ပေသည်။ နိုင်ငံသားမဲဆန္ဒရှင်များ၏ ဆန္ဒ၊ ဂုဏ်သိက္ခာကို ထိပါးညှိုးနွမ်းစေသည့် သဘောကို ဆောင်နေပေသည်။
          ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်လက် အသေးစိတ်များနှင့်ပက်သက်၍ မဆွေးနွေးလိုသေးသည့်တိုင်
ခေတ်ကာလအလိုက် ပြောင်းလဲနေသော နိုင်ငံသားများ၏ လိုအပ်ချက်နှင့်အညီ ပြုပြင်ပြောင်းလဲနိုင်ရေး လုပ်ငန်းစဉ်များတွင် နိုင်ငံသားများ၏ အခန်းကဏ္ဍ၊ ဂုဏ်သိက္ခာ မှေးမှိန်ထိခိုက်နေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၊ ပုဒ်မ ၄ ပါ “ နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများ ထံမှဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌တည်သည်ဟူသောပြဋ္ဌာန်းချက် စစ်မှန်စွာ အသက်ဝင် ခန့်ငြားလာစေရန် နိုင်ငံတကာမိသားစုအလယ်၌ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်နိုင်စေရန် နိုင်ငံသားများ၏ အခန်းကဏ္ဍ၊ ဂုဏ်သိက္ခာ မြင့်မားလာစေရန်မှာ တရားမျှတသောဥပဒေများ ရှင်သန်ထွန်းကား လာရန် လိုအပ်သည်။
          ယခုတင်ပြဆွေးနွေးခဲ့သည်များမှာ နိုင်ငံတော်၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာနှင့် တိုက်ရိုက်ဆက်စပ် နေသည့် ဥပဒေအချို့ကို ကောက်နှုတ်ဖေါ်ပြခဲ့ခြင်းဖြစ်ပါသည်။ တရားဥပဒေကို အုပ်ချုပ်ရေးအဖွဲ့စည်းများ စိတ်ကြိုက် လိုသလို အဓိပ္ပါယ်ဖွင့်ဆိုအသုံးချနေသည့်၊ အသုံးချနိုင်သည့် ဥပဒေများကိုလည်း ဆက်လက် ဆွေးနွေးနိုင်ကြရန် လိုအပ်မည်ဖြစ်ပါသည်။
          တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာအတွက် အခြေခံအုတ်မြစ် ဖြစ်သည့်အားလျှော်စွာ….
                             ဥပဒေရှေ့မှောက်တွင် နိုင်ငံသားတိုင်းတန်းတူဖြစ်ပါသည်။
                                      ဥပဒေအထက်တွင် မည်သူမျှ မရှိစေရပါ။
                                                                                 
                                                                                ကိုကိုကြီး
                                                                         ၈၈ မျိုးဆက်ကျောင်းသားများ
 ၂၀၁၂ ခုနှစ်၊ ဇွန်လ၊ ၁ရက်၊ ညနေ (၃)နာရီ
တော်ဝင်နှင်းဆီ တွင် ပြုလုပ်သော
"ရှေ့နေများကွန်ယက်"၏ ဥပဒေရေးရာဆွေးနွေးပွဲတွင်
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ဖတ်ကြားသည်။
                      
__._,_.___

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ ကျင်းပပြုလုပ်ခြင်း(ဂျပန်)

Sunday, June 3, 2012
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ ကျင်းပပြုလုပ်ခြင်း(ဂျပန်)

အသေးစိတ်ကို Ma Nandar ၏၀က်ဆိုဒ်တွင်မြေပုံကို ဖော်ပြထားပါသည်။
http://www.manandar.com/2012/06/blog-post_722.html

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၇)နှစ်မြောက် မွေးနေ့ပါတီအခမ်းအနားအား ဂျပန်နိုင်ငံတွင် မြန်မာ့ဒီမိုကရေစီကွန်ယက်( Network for Democracy in Burma-NDB)မှ တာဝန်ယှူု၍  ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
မြန်မာ့အရေးစိတ်ဝင်စားသော ဂျပန်နိုင်ငံရှိ ဂျပန်အဖွဲ့အစည်းများ၊ ဂျပန်နိုင်ငံရှိ လွှတ်တော်အမတ်များ၊ ဂျပန်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဂျပန်နိုင်ငံရှိ နိုင်ငံခြား သံတမန်အရာရှိများအား ပါဝင်တက်ရောက်ရန် ဖိတ်ကြားထားပါသည်။
အခွင့်အရေးရရှိပါက ဒေါ်အောင်ဆန်းစုကြည်အား တယ်လီဖုန်း/အင်တာနက် အွန်လိုင်းမှတဆင့် ဆက်သွယ်ရန် အစီအစဉ်လည်း ပြုလုပ်ထားပါသည်။

ကျင်းပမည့်နေ့ရက်....... 2012.June.17th.
ကျင်းပမည့် အချိန်........ 17:45 to 20:00
ကျင်းပမည့် နေရာ........ 4-1-1 Nakano-Ku, Nakano, Tokyo
                                NAKANO SUN PLAZA (13) Floor, COSMO ROOM
လက်မှတ်တစ်စောင်...... ယန်း 5000.

မှတ်ချက်......။ပါတီပွဲ အခမ်းအနားဖြစ်ပါ၍ အနောက်တိုင်းဝတ်စုံ(suit) သို့မဟုတ် မြန်မာ့ရိုးရာဝတ်စုံ(သို့)  တိုင်းရင်းသားရိုးရာ ဝတ်စုံများကို သပ်ရပ်စွာ ဝတ်ဆင်လာပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။
ဆက်သွယ်ရန် ဖုန်းနံပါတ်များ
090 4964 9718
090 6031 4394
090 9831 7192
070 6651 9525

မှတ်သားဖွယ် အမေ့ရဲ့ မှာတမ်း.....


အမေစု ရဲ့  မဲလဒုက္ခသည်စခန်း မှ မှတ်သားဖွယ် အမေ့ရဲ့ မှာတမ်း.....

နံပတ်တစ်က အရေးကြီးဆုံးပြောချင်တာက ဒီက လူတွေကို မေ့ပြီးတော့ မထားပါဘူးလို့။ အမေတို့အနေနဲ့ ဒီက ဒုက္ခသည်စခန်းမှာ ကျမ်းမာရေးအရ လိုအပ်တဲ့အရာတွေကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးဖို့ ကြိုးစားပါမယ်လို့။ အားလုံးကို မမေ့ထားပါဘူးလို့၊ ကြိုးစားပြီးတော့ လုပ်ပေးပါမယ်လို့။ အားလုံး အိမ်ပြန်လာနိုင်အောင် ကြိုးစားပါမယ်။ အရှေ့က လူတွေက အနောက်က လူတွေကို ပြောပြပေးပါ။ အားလုံး ကျမ်းမာချမ်းသာကြပါစေ။

ဒေါ်အောင်ဆန်းစုကြည်

ပြည်တွင်းငြိမ်းချမ်းရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး

ပြည်တွင်းငြိမ်းချမ်းရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် လူထုကိုချစ်သော ဒေါ်အောင်ဆန်းစုကြည်အား လူထုကချစ်သည်မှာ သဘာဝကျပါသည်

ပြည်တွင်းငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး
၀၃ ဇွန် ၂၀၁၂

ယနေ့ ကမ္ဘာသည် ခေတ်မီနည်းပညာ အသစ်များဖြင့် အရှိန်အဟုန်ပြင်းစွာ ပြောင်းလဲ တိုးတက်နေပေရာ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ခေါင်းအေးအေးထားပြီး သုံးသပ်ကာ မှန်ကန်ယုံမက တိကျမြန်ဆန်ရန် အရေးကြီးပေသည် ။ လာဘ်စားလိုသော မော်တော်ပီကယ်တစ်ယောက် လို လမ်းလယ်ခေါင်ရပ်ပြီး ကားများကို လမ်းပြသကဲ့သို့ ဟိုတစ်စီး ကရပ်ပြီး နောက်တစ်စီးကို သွားခိုင်း၍ မဖြစ်နိုင်ပါ ။ ဆိုလိုသည်မှာ နိုင်ငံရေးက မီးနီ မိနေပြီး စီးပွားရေးကို မီးစိမ်းပြ၍ ဘယ်လိုမှ မဖြစ်နိုင်ပါ ။ အပြိုင်အဆိုင်များ များပြားသော ခေတ်ရေစီးကြောင်းတွင် အရာအားလုံးသည် အချိန်နှင့် တပြေးညီ တချိန်တည်း တပြိုင်ထဲ ဖြစ်နေပေသည် ။ ထို့ကြောင့်လည်း ကမ္ဘာပေါ်တွင် အစိုးရ အဖွဲ့များသည် တိုင်းပြည်နှင့် လူထုအကျိုးစီးပွားကို ဆောင်ရွက်ရန် တာဝန်ယူကြရပြီး သို့မဟုတ်ပါက ကျောက်ခေတ်ကာလကဲ့သို့ ကိုယ့်အုပ်စုနှင့်ကိုယ်အမဲလိုက်ပြီး မီးမလာ ရေမလာ ဂရုမစိုက်ပဲ အင်တာနက်နှင့် face book မရှိသော ကျောက်ဂူထဲတွင် အိပ်နေယုံသာရှိပေသည် ။

ပြည်တွင်းစစ် ဖြစ်နေယုံမက ဗလောင်းဗလဲမြန်သော မတရားဥပဒေ များကို လိုရင်လိုသလို အသက်သွင်းပြီး အကျင့်ပျက် ဖောက်ပြန် ခြစားမှုများ ပြည့်နှက်နေသော မြန်မာပြည်တွင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများအတွက် နိုင်ငံတကာသည် လက်တုန့်နှေးကွေးနေပေသည် ။ ဦးသိန်းစိန် အစိုးရအနေဖြင့် ကမ္ဘာက လေးစားတန်ဘိုးထားရသော ဒီမိုကရေစီ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပွဲလယ်ထုတ်ပြီး စီးပွားရေးပိတ်ဆို့မှုများ ရပ်တန့်ရန် လုပ်ဆောင်နေမှုသည် တစ်ချိန်ချိန်တွင် အောင်မြင်နိုင်ပေမဲ့ ခိုင်မာသော မတရား ဥပဒေသများရှိစဲ လွှတ်တော်ထဲတွင် အကျင့်ပျက်ခြစားမှုကိုတော့ ကိုယ်ကိုတိုင် ပြင်ဆင်မှ ရပေလိမ့်မည် ။

ခေတ်မီ လက်နက်များဖြင့် ဖြေရှင်းမရသော ခေတ်နောက်ကျနေသော စစ်အတွေးအခေါ်များ
ဒုတိယ ကမ္ဘာစစ်ကို အဆုံးသတ်စေသော အဓိက အကြောင်းအရင်းမှာ အမေရိကန်သည် ဂျပန်ကို အနုမြူဗုံးကြဲပြီး လက်နက်ချ အညံ့ခံခိုင်းစေခြင်းဖြင့် တဖက်သတ် ငြိမ်းချမ်းရေးကို ဖန်တီးခဲ့လေသလား ၊ ပါလက်စ္စတိုင်းနှင့် အစ္စရေး ရေရှည် ပဋိပက္ခ္ခ္ခ္ခ္ခတွင်လည်း စူဆိုက်ဗုံးသမားများသည် တိုင်းပြည်ချစ်စိတ်ကို နာကျည်းစိတ်ဖြင့် လက်စားချေတုန့်ပြန်ခဲ့မှုသည် အမှန်တရားလား ။ အာဏာရှင် အစိုးရများ၏ အာရပ်နွေ ဦး လူထု လှုပ်ရှားမှုများကို လျစ်လျှူရှုပြီး တဖက်သတ် ဖီနှိပ်မှုများကြောင့် ဆီးရီးယား ၊ ယီမင်တိုင်းပြည်သည် ယခုအခါ သွေးချောင်းစီးသော စစ်မြေပြင် အသွင်ဆောင်ကာ အပြစ်မဲ့ပြည်သူများ သေကြေနေရပေသည် ။ ကျနော်တို့သည် ပြည်တွင်းငြိမ်းချမ်းရေး ၊နှငိ့အမျိုးသားပြန်လည်သင့်မြတ်ရေး ကိုရွေးချယ်မည်လား ဒါမှမဟုတ် ရေရှည် ပြည်တွင်းစစ်ကို မွေးမြူပြီး နောက်ကြောင်းပြန်လှည့်ကြမည် လား။ မေးခွန်းတိုင်းတွင် အဖြေရှိစမြဲမို့ ဒီမိုကရေစီ နိုင်ငံသစ်ကို မဖြစ်မနေ သွားချင်သော အစိုးရ ၊ အတိုက်အခံ ၊ ပြည်သူပြည်သားများတွင် ဖြေဆိုရပည့် တာဝန် ၀တ္တရားရှိပေသည် ။

တိုင်းပြည်ကို ဦးဆောင်သူများ၏မှန်ကန်သော လမ်းကြောင်းရွေးချယ်မှုသည် ၄င်းတိုင်းပြည်၏ အနာဂတ်ကို လုံးဝကောင်းကျိုး ဆိုးကျိုးများအား ဖြစ်ပေါ်စေပါသည် ။သေချာသည်မှာ ယနေ့ကမ္ဘာသည် ပြဿနာကို ခေတ်မီ လက်နက်များဖြင့် ဖြေရှင်းမရသလို ခေတ်နောက်ကျနေသောစစ်အတွေးအခေါ်များကိုလည်း လူထုက ကြိုက်နှစ်သက်မှု မရှိကြောင်း ယနေ့ အမေရိကန် အီရတ်နှင့် အာဖကန်နစ္စတန် နိုင်ငံတို့က သက်သေပြနေပေသည် ။ သမ္မတ အိုဘားမားက မကြာသေးမီ ကပြောကြားခဲ့သော မိန့်ခွန်းတွင် ဗီယက်နမ်စစ်ပွဲလို မဟာဗျူဟာ အတိအကျမရှိသော စစ်ပွဲများကို အနာဂတ်တွင် လုပ်ဆောင်လိမ့်မည် မဟုတ်ကြောင်း ပြောကြားသွားခဲ့သည် ။

လမ်းလျှောက်တတ်ကာစ ကလေးတစ်ယောက်လို အမိမြန်မာပြည်၏ငြိမ်းချမ်းရေး
KNU အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများမှ အပစ်အခတ်ရပ်စဲပြီး စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားကြောင်း လက်ရှိဦးသိန်းစိန်အစိုးရကို ပြောဆိုဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပေသည် ။ကချင်ဒေသတွင်လည်း တနှစ်နီးပါး စစ်မြေပြင်အသွင်ဆောင်ကာ တိုက်ခိုက်မှုများကို ရပ်တန့်ကာ ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေးများ လုပ်ဆောင်သင့်ပေသည် ။

အတိုက်အခံပါတီ NLD သည်လည်း မတရားသော အမိန့်အာဏာဟူသမျှ ဖီဆန်ကြဟု ကြွေးကြော်ရာမှ လွှတ်တော်တွင်းမှ နေပြီး လူထုကို အကျိုးမပြုသည့် မတရားသော ဥပဒေများကိုပြင်ဆင်ရန် ရွေးချယ်ခဲ့မှုသည်လည်း တိုင်းပြည်၏သနေ့အပြောင်းအလဲကို တနည်းတဖုံ အပြုသဘောဆန်စွာ ချဉ်းကပ်သော နည်းဗျူဟာအသစ်တစ်ရပ်ဖြစ်သည်ဟု သုံးသပ်လျှင် မှားနိုင်ချေ နည်းပေမည် ။
လမ်းလျှောက်တတ်ကာစ ကလေးတစ်ယောက်လို အမိမြန်မာပြည်၏ငြိမ်းချမ်းရေးသည် မယိုင်မလဲရန် တိုင်းချစ်ပြည်ချစ်စိတ် ရှိသူတိုင်းမှ အားလုံးဝိုင်းဝန်း လုပ်ဆောင်ရန် သမိုင်းပေးတာဝန်ရှိပါသည် ။

အများအားဖြင့် ယနေ့ကမ္ဘာသည် ပြဿနာ တရပ် ကို သီအိုရီ စာအုပ်များမှ တစ်ဆင့်ချဉ်းကပ်ပြီး လက်တွေ့ကျစွာ အဖြေရှာမှုများနည်းခဲ့ပေသည် ။ ထိုအခါပြဿနာကို လက်တွေ့ရင်ဆိုင်နေရသော တိုင်းပြည်သည် အနာနှင့်ဆေး မတွေ့ပဲ ခုတ်ရာတလွဲ ရှရာတခြားဖြစ်ကာ ရေရှည် အတွင်းကြေဖြစ်ရပေသည် ။ယနေ့ ဆီးရီးယာ.တိုင်းပြည်မှာ ရင်ဆိုင်နေရသလို အာဏာရှင်အစိုးရ၏သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ တစ်သောင်းကျော် သေကြေပျက်ဆီးနေလင့်ကစား United Nations တွင် ရုရှား၏ ဗီတိုအာဏာကြောင့် အာဏာရှင် အစိုးရကို အရေးမယူနိုင်ဖြစ်နေပေသည် ။ ရုရှားသည် ဆီးရီးယားကို လက်နက်ရောင်းနေသော နိုင်ငံလည်း ဖြစ်ပေရာ စစ်မြေပြင်မှ အကျိုးအမြတ်ကို ကောင်းကောင်း အသုံးချနေပေသည် ။ မြန်မာနိုင်ငံသည်ပင် အတိတ်စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုကို အရေးယူဆောင်ရွက်ရန်တွင်လည်း United Nations တွင် တရုတ်အစိုးရမှ အကြိမ်ကြိမ် ဗီတိုအာဏာသုံးပြီး ပယ်ချနေပေရာ တရုတ် အစိုးရ အနေဖြင့် မြန်မာအစိုးရထံမှ အကျိုးအမြတ်များရနေသည်မှာ ထင်ရှားကြောင်း သုံးသပ်နိုင်ပေသည် ။

ကျနော်တို့မြန်မာပြည်သည် လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့သော ကာလမှသည်
လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း ရေရှည်ပြည်တွင်းစစ် သံသရာမှ ရုန်းမထွက်နိုင်ခဲ့ပေ။ စစ်အစိုးရကို ရုရှား ၊ အိန္ဒိယ ၊ တရုတ်နိုင်ငံတို့မှ လက်နက်များ ရောင်းချမှုများ ရှိခဲ့သလို လူမျိုးစုလက်နက်ကိုင် အုပ်စု တော်လှန်ရေးအင်အားစုများကိုလည်း နိုင်ငံတကာမှ လက်နက်များရောင်းချနေပေသည် ။ လက်နက်ပွဲစားများက ၄င်းတို့ အကျိုးအမြတ်အတွက် စစ်မြေပြင်များဖန်တီးနေပြီး စစ်ပွဲများကိုဘော်လုံးပွဲကြည့်သလို အားပေးခဲ့ပေသည် ။ အတိတ်ကာလမှ စစ်အစိုးရခေါင်းဆောင်များအပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များသည် တိုင်းပြည်၏ ပြဿနာကို စားပွဲဝိုင်းမှာ အဖြေမရှာပဲ စစ်ရေးနည်းဖြင့်ဖြေရှင်းခဲ့ပေရာ တိုင်းပြည်သည်ဆိုးကျိုးများနှင့် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ခဲ့ရပေသည် ။

ယနေ့ပြောင်းလဲခြင်း၏ လမ်းဆုံ လမ်းခွတွင် လမ်းကြောင်း ရွေးချယ်မှုသည် အဓိက အရေး ကြီးပါသည် ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သုံးသပ် ဆွေးနွေးသလို ကိုယ်ဘာလုပ်ချင်သလဲဆိုတာ ကိုယ်တိုင်သိကာ ကိုယ့်အနာဂတ်ကို ကိုယ်ကိုတိုင်ရွေးချက်ရပေမည် ။

စစ်သည် အပြစ်မဲ့ပြည်သူ့အသက်ပေါင်းများစွာကို ချွေယူလို့အားမရပဲ နှစ်ဖက် စလုံးမှ ရဲဘော်ရဲဖက်များသည် ခွေးသေ၀က်သေ စစ်မြေပြင်တွင် ကျဆုံးနေရပေသည် ။ရန်ငြိုး ရန်စကို ပိုမို ပြင်းထန်စေပြီး ရေရှည် ကြာလာသည့်အခါ ငြိမ်းချမ်းရေးကို ကျောခိုင်းချင်သော အတွေးအခေါ်များ ကပ်ငြိတတ်ပေသည် ။စစ်မြေပြင် တိုက်ပွဲအတွင်း သို့မဟုတ် ငြိမ်းချမ်းစွာ ဆန္ဒပြသော မြို့ပေါ်ဆန္ဒပြမှုအတွင်း ကျဆုံးခဲ့ရသော ညီအစ်အကို မောင်နှမ ၊ မိဘဆွေမျိုး သူငယ်ချင်းရဲဘော်ရဲဖက်အတွက် လက်စားချေလိုစိတ် များဖြစ်ပေါ်နေမည်မှာ မလွဲမသွေပါ ။

ကျနော်တို့တွင် တခါတရံ ပိတ်ဆို့နေသော လမ်းကြောင်းကို အသစ်ဖောက် ချဉ်းကပ်ဖို့ အတွေးအခေါ်သစ်ကို တည်ဆောက်ရန် မေ့လျော့တတ်ကြသည် ။ ဆိုလိုသည်မှာ ကျှဆုံးခဲ့သော အာဇာနည်များလိုလားတောင့်တချက်ကို သွေးထွက် သံယိုမှုအနည်းဆုံးဖြင့် လုပ်ကိုင်လျှင် မတောင်းပေဘူးလားဟု တွေးခေါ်မှုအစား ဒုတ်ဒုတ်ချင်း ဓားဓားချင်း စိန်ခေါ်မှုကိုပင် သာယာခဲ့ပေသည် ။

ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်မည်ဆိုလျှင် ခေတ်နောက်ကျနေသော အတွေးအခေါ်များနှင့်အတူ အတ္တအကျိုးကို လိုလားသော စိတ်ဓာတ် ၊ အဖွဲ့အစည်း တစ်ခု ၊ လူတစ်စု အကျိုးစီးပွားကို ကာကွယ်သော စိတ်ဓာတ်ကို ၂၀ ရာစု တွင် မြှုပ်နှံ သင်္ဂြိုလ်လ်ထားခဲ့ရပေမည် ။ ၂၁ ရာစု ကမ္ဘာ့ရွာသည်ဆိုးကျိုးများ ပြည့်နှက်နေသော စစ်ပွဲများနေရာတွင် တိုင်းပြည်နှင့်လူမျိုးအကျိုး စီးပွားဖြစ်စေသော စီးပွားရေး ဖွံ့ဖြို
းတိုးတက်မှုကို အင်တိုက်အားတိုက် လုပ်ဆောင်နေပေသည် ။

လူထုကိုချစ်သော ဒေါ်အောင်ဆန်းစုကြည်အား လူထုကချစ်သည်မှာ သဘာဝကျပါသည်

ဆင်းရဲတွင်း ချောက်နက်ထဲကို တိုင်းပြည်နှင့်လူထု တစ်ရပ်လုံးကျနေခဲ့သည်မှာ ဆယ်စုနှစ်များစွာကြာခဲ့ပေပြီ ။သံသယ ၊ အညှိုးအတေးများဖြင့် ပြည့်နှက်နေခဲ့သော အတိတ်ရက်များသည် အင်အားကြီးသူက အင်အားနဲသူကို နည်းမျိုးစုံဖြင့် ဖြိုခွဲကာ မတရားဥပဒေသများဖြင့် ဖမ်းဆီး ထောင်ချမှုများ ပြည့်နှက်နေခဲ့သည် ။ တခြားတစ်ဖက်တွင်လည်း ဖိနှိပ်မှုကို လူထုအားနှင့် ဆန့်ကျင်မှုများပြုလုပ်ရာ စစ်အုပ်စုမှ ရက်ရက်စက်စက် ဖမ်းဆီး သတ်ဖြတ်မှုများ ရှိခဲ့ပေသည် ။

တိုင်းပြည်နဲ့လူမျိုးကောင်းစားမယ်ဆိုရင် သင်ပုန်းချေရေးအတွက် ကျနော်တို့ စိတ်ဓာတ်တွေ အဆင်သင့်ဖြစ်ပြီလားဟု မိမိကိုယ်ကို မိမိအရင်ဆုံး မေးခွန်းထုတ်ရပေမည် ။မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဒီပဲယင်းကိစ္စကို သင်ပုန်းချေရေးမူဖြင့် ခွင့်လွှတ်ပြီး တခြားတဖက်တွင် ဒီမိုကရေစီ တိုက်ပွဲတွင် ကျဆုံးခဲ့သောအာဇာနည် သူရဲကောင်းတို့ လိုလားသော မြန်မာပြည်ကို လွတ်လပ်သော တရားမျှတသော ငြိမ်းချမ်းသော ဒီမိုကရေစီနိုင်ငံဖြစ်မြောက်ရန် နေ့မအား ညမအားလုပ်ဆောင်နေပေသည် ။

အတိတ်စစ်အစိုးရမှ လုပ်ဆောင်ခဲ့သော မှားယွင်းသည့် ခြေလှမ်းများကို ယခုလက်ရှိ အစိုးရမှ လမ်းကြောင်းမှန်ကို စတင်လှမ်းကာမှ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ယုံကြည်မှု တည်ဆောက်နိုင်ပေမည် ။အစိုးရ အဆက်ဆက်သည် တိုင်းရင်းသား နယ်မြေဒေသများတွင် တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဖန်တီးကာ အလုပ်အကိုင်အသစ်များ လုပ်ဆောင်ရမည့်အစား မတရားလုပ်အားပေးခိုင်းစေခြင်း ၊ အဓမ္မ ပေါ်တာ အဖြစ် ခိုင်းစေခြင်း ၊ ဖမ်းဆီး သတ်ဖြတ်မှုများဖြင့် မထင်ရင် မထင်သလို ရွာလုံးကျွတ် မီးရှို့မှုများအပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လက်ရဲဇက်ရဲ လုပ်ဆောင်ခဲ့ပေသည် ။နှစ်တွေရှည်ကြာလာသည်နှင့်အမျှ ရေရှည်ပြည်တွင်းစစ်တွင် အပြစ်မဲ့ တိုင်းရင်းသား ပြည်သူလူထု ထောင် သောင်းမကအိုးမဲ့ အိမ်မဲ့ ဒုက္ခသည် ဖြစ်ယုံမက ပြည်တွင်းစစ်ဒဏ်ကြောင့် ထောင်းသောင်းမက သေကြေ ပျက်စီးနေရပေသည် ။

ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကျင်းပပြုလုပ်သော ကမ္ဘာ့စီးပွားရေး ဖိုအင် ၌ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို နားထောင်ကြည့်ရာ တိုင်းပြည်နှင့် လူမျိုးအပေါ်မှာ ထားရှိတဲ့ ရင်ထဲက စေတနာတွေကို မိန့်ခွန်းမှာ အထင်သားတွေ့ရသည် ။ .လူထုအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးရေးအပြင် တိုင်းရင်းသားများနှင့် အပြန်အလှန် ယုံကြည်မှုတည်ဆောက်ပြီး ပြည်တွင်းငြိမ်းချမ်းရေး နှငိ့အမျိုးသားပြန်လည် သင့်မြတ်ရေးကို မဖြစ်မနေတည်ဆောက်ရန် ပြင်းထန်သော ဆန္ဒ ရှိနေပေသည် ။

လာမည့်၂၀၁၄အာဆီယံ ဥက္ကဌကို ဘယ်လိုမြင်ချင် ပါသလဲလို့ အားလုံးရဲ့အမြင်ကို အကြံပေးပြောကြား သည့်စကားသည်ပင် အမှန်တစ်ကယ် ပညာသားပါပြီး ထိရောက်သော စကားလုံးတွေမို့ ဒေါ်စုကို ပြည်စူလူထုမှ ချစ်ခင် လေးစားရပါသည်။ ဒေါ်အောင်ဆန်းစုကြည် ပြောဆို သုံးသပ်သလို .နိုင်ငံရေးလုပ်သည့် သူတွေကို ကာကွယ်မဲ့ ဥပဒေတွေ မြန်မာပြည်မှာ အမှန်တကယ်လိုအပ်နေပါသည် ။ အကျင့်ပျက်ခြစားမှုတွေကို ပိုတိုးစေမဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို မလုပ်မိဖို့ လိုအပ်ပါသည် ။ ဘန်ကောက်နဲ့ မြန်မာပြည် လျှပ်စစ်မီးရောင်ချင်း သိပ်ကွာနေတော့ စွမ်းအင် ပေါ်လစီကို အမြန်ဆုံး လုပ်ရမယ်ဆိုတာ သိပ်မှန်သည့် စကားဖြစ်ပါသည် ။

တိုင်းပြည် ရေရှည် ပြည်တွင်းစစ် ၏ သားကောင် ဒုက္ခသည်များကို ဒေါ်အောင်ဆန်းစုကြည်မှ မေ့မထားပါဟု ထိုင်းမြန်မာနယ်စပ် မယ်လစခန်းတွင် ပြောကြားခဲ့မှုက နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ဒုက္ခပေါင်းစုံကို ရင်စည်းခံနေရသော ဒုက္ခသည် တိုင်းရင်းသားပြည်သူပြည်သားမျှားအတွက် တန်ဖိုးမဖြတ်နိုင်သော အားဆေးတစ်ခွက် မလွဲမသွေဖြစ်ပေသည် ။တိုင်းသူပြည်သားတွေကို ရင်ဝယ်သားကဲ့သို့ ချစ်ခင်လေးစားတန်ဘိုးထားသောအပြောနှင့် လုပ်ရပ်ကား အမေတစ်ယောက်လို မေတ္တာတရားကြီးမားမှုကို ပြသနေပေသည် ။လူထုကိုချစ်သော ဒေါ်အောင်ဆန်းစုကြည်အား လူထုကချစ်သည်မှာ သဘာဝကျသလို လူထုအသံကို လူထုအကျိုးအတွက် ထွှတ်တော်ထဲတွင် ပြောကြားမည့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများသည် အိပ်ငိုက်နေသော လွှတ်တော်အမတ်များကိုလည်း လှုပ်နှိုးနိုင်လိမ့်မည် ဟု အပြည့်အ၀ ယုံကြည်နေမိပါသည် ။

အောင်ခိုင်မြင့်

တတိယအကြိမ် အညတြသူရဲကောင်းဆု အလှူရှင်များစာရင်း

ယခင် ဒုတိယအကြိမ်မှ ပေးပို့ ဆုချီးမြှင့်ခဲ့သည့် ဆုတံဆိပ်အား မြင်တွေ့ ရစဉ်။






Anya Ta Ya Prizeမိတ်ဆွေများအားလုံးခင်ဗျာ

တတိယအကြိမ်မြောက် အညတရသူရဲကောင်းဆု ဂုဏ်ပြုချီးမြှင်နိုင်ရေးအတွက် အမျိုးသားရေးစိတ်ဓါတ်ဖြင့် ငွေကြေးလှူဒါန်း
ခဲ့ကြသော အလှူရှင်စာရင်း နှင့်အတူ
အညတရသူရဲကောင်းဆုရှင် (၅) ဦး၏ ပြည်တွင်းမှ ပေးပို့လာသော ကိုယ်ရေးအကျဉ်း လက်ရေးမူ(Jpeg) ဖိုင်များအား
ထပ်ဆင့်ဖြန့်ချီ ပေးပို့အပ်ပါသည်။
  (ပူးတွဲပါဖိုင်များတွင် ကြည့်ရှူပါရန်)

ဆုရှင်ဖြစ်သော အောက်ပါပုဂ္ဂုလ် (၅) ဦးတွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် (ကန့်သတ်) ဖြင့် (၃) ဦးသာ ပြန်လည်
လွတ်မြောက်လာသေးပြီး ဒေါက်တာကျော်ကျော် နှင့် ကိုလက်ျာထွန်း တို့နှစ်ဦးမှာ ဆက်လက် ဖမ်းဆီးခံထားရဆဲ ဖြစ်ပါသည်။
  • ဆရာတော် ဦးခေမာစာရ (ဓမ္မာစရိယ)
  • ဒေါက်တာကျော်ကျော် (၁၉၉၀ NLD ရေတာရှည်မြို့နယ်၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ်) (လက်ရှိ မြင်းခြံထောင်)
  • ပူအန်ထော်နီကပ်ခန့်ခွာ (ဇိုမီးအမျိုးသားကွန်ဂရက်)
  • ကိုလက်ျာထွန်း (ကျောင်းသား) (ထောင်ဒဏ်တသက်တကျွန်း၊ (1.12.1998) (လက်ရှိ သာယာဝတီထောင်)
  • မလှလှမော် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-အဖွဲ့ဝင်)
ဆုများအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးန့ (မြန်မာနိုင်ငံအမျိုးသမီးများနေ့) တွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ရုံးချုပ်) တွင် ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား
NLD ပါတီ နာယကအဖွဲ့ဝင်များဖြစ်သော သူရဦးတင်ဦးနှင့်  ဟံသာဝတီ ဦးဝင်းတင်တို့က ဦးဆောင်ကာ ပေးအပ်
ချီးမြှင့်သွားမည်ဖြစ်ပါသည်။

မိမိတို့ ကော်မတီအနေဖြင့်လည်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် အညတရသူရဲကောင်း ဂုဏ်ပြုပွဲအခမ်းအနားတရပ်အား
ကျင်းပပြုလုပ်သွားနိုင်ရန် စီစဉ်လျှက်ရှိပါသည်။

အဆိုပါ သူရဲကောင်း (၅) ဦး၏ ဓတ်ပုံ၊ ကိုယ်ရေးအကျဉ်း၊ နိုင်ငံရေးလှုပ်ရှားမှုမှတ်တမ်းများ နှင့်

အခြားသော မှတ်တမ်းမှတ်ရာများအား အများပြည်သူများ သိရှိနိုင်ရန် နှင့် အကြာမီအချိန်အတွင်း ဖြန့်ချီနိုင်ရန်အတွက်  ကြိုးပမ်စုဆောင်းလျှက်ရှိပါသည်။

အကယ်၍ သိရှိသူများရှိပါက  နည်းလမ်းပေါင်းစုံဖြင့် ၀ိုင်းဝန်းဖော်ထုတ် တင်ပြပေးနိုင်ကြပါရန် တိုက်တွန်းနှိုးဆော် ပန်ကြားအပ်ပါသည်။

စံပြုထိုက်သော စံပြနိုင်ငံသား ကျနော်တို့၏ သူရဲကောင်းများအား
ဝိုင်းဝန်းဖော်ထုတ် ဂုဏ်ပြုရင်း အမျိုးသားရေး တာဝန်များအား
အတူတူပူးပေါင်း ထမ်းဆောင်ကြပါစို့...

လေးစားစွာဖြင့်
မင်းထက်ဇော်
အဖွဲ့ဝင်
အညတရသူရဲကောင်းဆုကော်မတီ
၂၀၁၂ ခုနှစ်၊ ဇွန်လ (၃) ရက်။
81-090 3682 2028

ပူလောင်ခြင်းတွေရင်ထဲမှာ ပြည့်နေတဲ့ အဆိုတော်လေး

Little Burmese Street Musicians

လူထုထောက်ခံမှုမှသည် ဆန္ဒထုတ်ဖော်မှုဆီသို့နဲ့ အစိုးရတရပ်ရဲ့ ယူရမယ့်တာဝန်များ

လူထုထောက်ခံမှုမှသည် ဆန္ဒထုတ်ဖော်မှုဆီသို့နဲ့ အစိုးရတရပ်ရဲ့ ယူရမယ့်တာဝန်များ
ဦးဝင်းတင်နဲ့ မေးခွန်းများ - မိုးမခ၊ ဇွန် ၃၊ ၂၀၁၂
မေး။     ။ ဒေါ်စုရဲ့ ပြည်ပခရီးစဉ်မှာ ပြည်ပရောက်မြန်မာတွေရဲ့ ကြိုဆိုမှုတွေကို ဆရာတို့က ဘယ်လိုမြင်သလဲ။
ဖြေ။     ။ ဒေါ်အောင်ဆန်းစုကြည်ပြည်ပခရီးစဉ်မှာ ဘန်ကောက်အပြင် အခြားမြို့တွေကို သွားတယ်။ ပြည်ပရောက် မြန်မာပြည်သူတွေနဲ့ ဆုံတွေ့တယ်။ ဒေါ်စုကို ကြိုဆိုကြတာာ ရွေးကောက်ပွဲကာလ၊ စည်းရုံးရေးခရီးစဉ်ကာလ မြန်မာပြည်တွင်းက ခရီးစဉ်တွေနဲ့ အလားသဏ္ဍန်သွားတူနေတယ်။ မြန်မာပြည်သူတွေက တခဲနက် အုံးအုံးကြွက်ကြွက်ကို ကြိုကြတာကို တွေ့ရတယ်။ သာမန်အားဖြင့် ဒေါ်စုက စန်းပွင့်နေလို့၊ လူကြိုက်များနေတဲ့ အချိန်မို့လို့ ဒါတွေက တွေ့မြဲပဲလို့ ပြောချင် ပြောနိုင်မယ်၊ မဆန်းဘူးလို့ ပြောချင်ပြောနိုင်မယ်။ သို့သော်လည်း အခုဟာက ပြည်ပရောက်နေတဲ့ မြန်မာပြည်သူတွေ ဖြစ်နေတယ်။ သူတို့တွေက မြန်မာပြည်ကနေ အခြေအနေအမျိုးမျိုးကြောင့် စွန့်ခွာထွက်ပြေးခဲ့ကြသူတွေ ဖြစ်တယ်။ မြန်မာပြည်နဲ့ ကွာကောင်း ကွာနိုင်တယ်။ လူဦးရေကလည်း အပြင်ကနေ သိန်းနဲ့ သောင်းချီတယ် ဘယ်လိုပဲ ပြောပြော၊ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည်ကို သောင်းသောင်းဖျဖျကြိုဆိုကြလိမ့်မယ်လို့ ဘယ်သူကမှ မျှော်လင့်မထားဘူး။ အံ့သြစရာကောင်းလောက်အောင်ကို ပြည်ပရောက် မြန်မာတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို တခဲနက် ကြိုဆိုထောက်ခံမှု ပြကြတာကို တွေ့ရတယ်။
မေး။     ။ အဲဒါက ဘာပြတာလဲ။ ပြည်တွင်းက မြန်မာတွေရဲ့ သဘောထားတွေ ဆန္ဒတွေနဲ့ ပြည်ပက မြန်မာတွေရဲ့ ခံစားချက်တွေ၊ မျှော်လင့်ချက်တွေဟာ တသားတည်း၊ တသဘောတည်း ဖြစ်တယ်လို့ ပြဆိုနေတာလား ဆရာ။
ဖြေ။     ။ အဲဒါက ဘာပြနေသလဲ ဆိုတော့ … ပြည်ပရောက်မြန်မာတွေဟာ မြန်မာပြည်ပကို ရောက်နေတယ်။ ရောက်တဲ့နေရာမှာလည်း ဒုက္ခ သုက္ခတွေကို ခါးစည်းခံနေကြရတယ်။ လူကုန်ကူးခံရသူတွေ ပါမယ်။ မတရားသဖြင့် forced labor သဘောမျိုး ကျေးကျွန်တွေလိုမျိုး ချုပ်နှောင် ခိုင်းစေခံနေရသူတွေ ရှိနေတယ်။ မိသားစုတွေထဲမှာ သေကြ ကျေကြ ကွဲကွာ ပျောက်ဆုံးနေကြရတဲ့ သူတွေပါတယ်။ မြန်မာပြည်ရဲ့ အဝေးမှာ တကွဲတပြားဖြစ်နေကြရတယ်။ အဲဒီလူတွေအားလုံးဟာ သူတို့ဘ၀တလျောက်လုံးမှာ အဆက်ဆက်သော စစ်အစိုးရတွေရဲ့ လစ်လျူရှုခြင်းကို ခံစားခဲ့ရသူတွေ ဖြစ်တယ်။ မြန်မာသံရုံးတွေဆိုတာကလည်း ဒီလူတွေရဲ့ အရေးကိစ္စတွေကို ဘယ်တုံးကမှ ကိုယ်ချင်းစာတရား ဂရုဏာတရား လက်ကိုင်ထားပြီး အကူအညီပေးတာ၊ စောင့်ရှောက်မှုပေးတာတွေ မလုပ်ခဲ့ဘူး။ အဲသည်လို ခံစားနေကြရတဲ့ မြန်မာပြည်သူလူထုတွေဟာ အခုလိုမျိုး နဲနဲလေး ပွင့်လင်းလာတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ရောက်လာတဲ့အချိန်မှာ ဒေါ်စုကို တခဲနက် အုံးအုံးကြွက်ကြွက် သောင်းသောင်းဖျဖျ ကြိုဆိုကြတယ် ဆိုတာဟာ ဘာကိုပြသလဲ ဆိုတော့ … ဒီလူတွေဟာ မြန်မာပြည်ကို စိတ်မကုန်ဘူး၊ ဝေးလံခေါင်ဖျားတဲ့ နေရာမှာ ရောက်နေသော်လည်း မြန်မာပြည်ကို ချစ်တယ်၊ မျှော်လင့်ချက်တွေ ရှိတယ်။ မြန်မာပြည်ကို အားကိုးနေတုံးပဲ။ စေတနာတွေ ထားတုံးပဲ။  ဒါတွေကို ပြသတာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့တိုင်းပြည်ခေါင်းဆောင်အဖြစ် အားကိုးတယ်။ ထောက်ခံနေတယ်။ မျှော်လင့်ချက်တွေ ထားတယ် ဆိုတာကို ပြသတာ ဖြစ်တယ်။ မြန်မာပြည်ကို ပြန်လာကြမယ့်သူတွေဖြစ်တယ်ဆိုတာကို ပြတယ်။ မြန်မာပြည်ကို 
 ကျောခိုင်းသွားတဲ့သူတွေ မဟုတ်ဘူး ဆိုတာကို ပြတယ်။ အဲသည် ပြည်ပရောက်နေတဲ့ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်နဲ့ မေတ္တာပေါင်းကူးဆိုတဲ့ သဘောထားအမြဲရှိနေတယ်ဆိုတာကို ထုတ်ဖော်တယ်လို့ ပြောချင်ပါတယ်။
မေး။     ။ အဲသည်တော့ လက်ရှိတရားဝင်နိုင်ငံရေးပါတီအဖြစ် ရပ်တည်နေပြီ၊ ကြားဖြတ်ရွေးကောက်ပွဲကို အောင်နိုင်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရွေးကောက်ခံထားရတဲ့ အင်န်အယ်ဒီပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ခေါင်းဆောင်တွေမှာ ဘယ်လိုမျိုး တာဝန်တွေ လုပ်စရာတွေ ရှိလာပြီလို့ ယူဆသလဲ ဆရာ။
ဖြေ။     ။ ပြည်ပမှာ မြန်မာမိတ်ဆွေတွေနဲ့ သာမန်အားဖြင့် တွေ့ဆုံတာတင် မဟုတ်ဘူး။ ပြည်ပရောက် မြန်မာလူမျိုးတွေနဲ့ တွေ့ရတာဟာ သူတို့ရဲ့ စားဝတ်နေရေးတွေ၊ ကျန်းမာရေးတွေ၊ လူ့အခွင့်အရေးတွေ၊ သူတို့ အရေးကိစ္စတွေအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီမှာ တာဝန်ရှိတယ်ဆိုတဲ့ သဘောဖြစ်သွားတယ်။ အဲသည်လိုမျိုး တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို အခုအချိန်မှာ ရယူထားသူတွေမဟုတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီမှာတောင် ပြည်သူတွေအတွက် တာဝန်ရှိတယ်ဆိုတဲ့ အသိစိတ်ဓာတ်တွေ ဖြစ်ပေါ်နေတယ်ဆိုရင် အခုလက်ရှိမှာ အချုပ်အခြာအာဏာကို ကိုင်စွဲထားတဲ့ အစိုးရဆိုသူတွေမှာ ဘယ်လောက်တောင် တာဝန်တွေ ရှိနေသလဲ။ ဘယ်လိုထိ တာဝန်သိတဲ့ အသိစိတ်ဓာတ်တွေ ရှိဖို့ကောင်းသလဲလို့ ထောက်ပြစရာ ဖြစ်သွားတယ် လို့ ပြောချင်တယ်။
မေး။     ။ တကယ်တန်းဆိုရင် သမ္မတကြီးဦးသိန်းစိန်သာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပြည်ပခရီးထွက်ပြီးတော့ ပြည်ပရောက် မြန်မာပြည်သူတွေနဲ့ ဆုံတွေ့နိုင်ခဲ့မယ်သာဆိုရင် ဦးသိန်းစိန်တို့လို လက်ရှိမှာ တာဝန်ယူထားတဲ့ အာဏာပိုင်အစိုးရကြီးတွေအတွက်လည်း ထူးခြားတဲ့ အသိစိတ်ဓာတ်တွေ ဖြစ်ပေါ်စေမယ်လို့ ပြောနိုင်မှာပေါ့နော် ဆရာရေ။
ဖြေ။     ။ အဲလိုပဲ ပြောရမယ် ထင်တယ်။ အကယ်၍ သမ္မတကြီးလည်း အခုလိုမျိုးခရီးထွက်ခဲ့ရင် အဲသည်က ပြည်သူတွေက တခဲနက်စုဝေးပြီးတော့ သမ္မတကြီး ကျန်းမာပါစေလို့ အော်မယ့်လူတွေ ရှိပါ့မလားတောင် မေးစရာဖြစ်မယ်။ အဲဒါလည်း သူတို့ သိပုံပေါ်ပါတယ်။ ဒါကြောင့်လည်း အကြောင်းအမျိုးမျိုးပြပြီး ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့တယ်လို့ ထင်မြင်မိတယ်။ မြန်မာပြည်မှာ အာဏာရှိသူပဲ ဖြစ်ဖြစ်၊ အာဏာမရှိသူပဲဖြစ်ဖြစ် နိုင်ငံရေးခေါင်းဆောင်ဆိုသူတွေ၊ နိုင်ငံရေးသမားတွေတိုင်းဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘယ်လောက်တာဝန်ရှိတယ်၊ ဘယ်လိုတာဝန်ယူနိုင်ရမယ်ဆိုတာကို ထင်ရှားစေတယ်လို့ ပြောချင်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေပဲဖြစ်ဖြစ်၊ တိုင်းပြည်မငြိမ်းချမ်းလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေ၊ တိုင်းရင်းသားတွေအတွက် တာဝန်ယူပြီး ဆောင်ရွက်စရာတွေ၊ ငြိမ်းချမ်းရေးအတွက် ဘယ်လောက်တောင် ဆက်လုပ်ဆောင်ရဦးမလဲဆိုတာ တွေးကြည့်နိုင်တယ်။
မေး။     ။ အဲသည်တော့ ဒီမိုကရေစီစနစ်ကို ပြည်သူတွေက ဘယ်လောက်တောင် လိုလားတယ်။ အဲသည်ကို မျှော်လင့်ပြီးတော့ ဒေါ်စုနဲ့တကွ အင်န်အယ်ဒီပါတီကိုလည်း ထောက်ခံအားပေးမှုတွေ ပြသကြတယ်။ ဒါ့အပြင် သူတို့ရဲ့ ဆန္ဒသဘောထား ထုတ်ဖော်မှုတွေကိုလည်း ပြည်တွင်းမှာကော ပြည်ပမှာပါ ထင်ထင်ရှားရှား တခဲနက်ကြီးကို ထုတ်ဖော်ပြသနေကြတယ်။ အဲသည်တော့ ဆရာတို့ အင်န်အယ်ဒီဆိုတာကလည်း ပြည်သူတွေ မျှော်လင့်တဲ့ နိုင်ငံရေးစနစ်တွေ ဖော်ဆောင်နိုင်ဖို့အတွက် ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ နိုင်ငံရေးအဖွဲ့အစည်းအဖြစ် ထူထောင်နေပြီလား ဆရာ။ ပြောပြပါဦး။
ဖြေ။     ။ အဲသည်အချက်ကိုလည်း တခါတည်း ပြောပြချင်ပါတယ်။ ပါတီညီလာခံတွေ ကျင်းပဖို့ လုပ်နေပြီ။ ရပ်ကွက်ကျေးရွာကနေ ဗဟိုအဆင့်အထိကို ရွေးချယ်တင်မြှောက်ခံရတဲ့ ယန္တယားအဆင့်ဆင့်နဲ့သာ လည်ပတ်မယ်ဆိုတာကို ပြောချင်တယ်။ နှစ်ကုန်ပိုင်းကို ရည်ရွယ်ထားတယ်။ အဲသည်အတွက် ညီလာခံကျင်းပရေး ဗဟိုကော်မရှင်အဆင့် ဖွဲ့ပြီးပြီ၊ ဗဟိုကနေပြီးတော့ တိုင်းနဲ့ ပြည်နယ်တွေမှာ ကော်မရှင်ဖွဲ့မယ်။ အဲသည်နေ အဆင့်ဆင့် မြို့နယ်တွေ၊ ရပ်ကွက်၊ ကျေးရွာတွေမှာ ညီလာခံကျင်းပရေး ကော်မရှင်အဆင့်ဆင့် ဖွဲ့မယ်။ ဇူလိုင်လထဲလောက်မှာ ရပ်၊ ကျေး ကော်မရှင်တွေကနေ ညီလာခံတွေပေါ်လာမယ် ထင်တယ်။ ဒါက လုပ်ငန်းပိုင်းပေါ့။
မေး။     ။ ဒါပေမယ့် ပါတီတည်ဆောက်ရေးမှာ လုပ်ငန်းပိုင်းက တပိုင်း၊ လက်တွေ့မှာ စစ်အစိုးရအဆက်ဆက် ဖိနှိပ် ချုပ်ချယ် နှိမ်နှင်းခံထားရတဲ့အတွက် ပါတီအင်အား ထူထောင်ရေးမှာ အခက်အခဲတွေ ပြသနာတွေလည်း ရှိနေတယ် မဟုတ်ဘူးလား။ အဲသည်အတွက်ကို ဘယ်လို သဘောထား၊ အခြေခံနဲ့ ရင်ဆိုင်ဖြေရှင်းမှာလဲ ဆရာ။
ဖြေ။     ။ ပါတီဝင်တွေဟာ နှစ်ပေါင်းများစွာ ဖမ်းဆီးခံရတာတွေရှိတယ်။ ဖိနှိပ် ချုပ်ခြယ်ခံရတာတွေ ရှိတယ်။ အခက်အခဲတွေ အများကြီး ရှိတယ်။ ၂၀၁၀ စက်တင်ဘာမှာ ပါတီကို ဖျက်သိမ်းခံခဲ့ရတယ်။ ၂၀၁၁ တနှစ်လုံးလုံး ဒီအတိုင်း ရုန်းကန်ပြီး ရပ်တည်ခဲ့ရတယ်။ ၂၀၁၂ ဇန်န၀ါရီ နှစ်ဆန်းပိုင်းမှာမှ ပြန်လည် မှတ်ပုံတင်ခွင့်ရတယ်။ မှတ်ပုံတင်ခွင့်ရတော့ ရွေးကောက်ပွဲဝင်ဖို့ လုံးပမ်းရတာနဲ့ ကျနော်တို့မှာ တောက်လျောက်ပဲ။ ဧပြီမှာ ရွေးကောက်ပွဲလုပ်ငန်းတွေ ပြီးလည်း ပြီးရော အခု မေလမှာ ညီလာခံကျင်းပရေးလုပ်ငန်းတွေ လုပ်ရတော့တာပဲ။
အခုလို လုပ်ငန်းစဉ်ပိုင်းဆိုင်ရာတွေ အကောင်အထည်ဖော်နေရတဲ့ နေရာမှာ တကယ်တန်းပြန်ကြည့်လိုက်ရင် အန်အယ်ဒီမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဗဟိုပိုင်းဆိုင်ရာက စီအီးစီအဖွဲ့တခုပဲ တကယ်တန်းက ရှိတယ်။ တိုင်းတွေ၊ ပြည်နယ်တွေ၊ မြို့နယ်တွေ ရပ်ကွက်တွေ အားလုံးမှာ စည်းရုံးရေးကော်မတီတွေ တိတိကျကျမရှိဘူး။ ရွေးကောက်ပွဲဝင်တာတောင်မှ အောင်နိုင်ရေးကော်မရှင်တွေဖွဲ့ပြီး လုံးပမ်းခဲ့ကြရတာဖြစ်တယ်။ စည်းကော်မီတီတွေနဲ့ လုပ်ခဲ့ကြရတာ မဟုတ်ဘူး။
ပါတီကမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရှိတာက အပ အဆင့်ဆင့်မှာ စည်းရုံးရေးကော်မီတီတွေ မရှိတဲ့အတွက်ကြောင့် ပါတီညီလာခံ အဆင့်ဆင့်လုပ်ပြီး ရွေးချယ်တင်မြှောက်မှုတွေ လုပ်မယ်ဆိုရင် ဘယ်သူကနေပြီး ဦးဆောင်မလဲ၊ ဘယ်သူကနေ တာဝန်ယူ ဆောင်ရွက်မှုတွေ လုပ်မလဲဆိုရင်လည်း ဘယ်သူမှ မရှိဘူး။
 ဒီတော့ ပါတီထဲမှာလည်း ပါတီဝင်တွေအနေနဲ့ အများကြီး တိုးပွားလာနေတာတော့ မှန်ပါရဲ့။ အဲသည်မှာလည်း လူသစ်၊ လူဟောင်း ပြသနာတွေကလည်း ပေါ်နေတယ်။ ဒါကြောင့် စည်းကော်မတီတွေလည်း မရှိတော့ ပါတီညီလာခံတွေ လုပ်ဆောင်ဖို့အတွက်လည်း ရွေးကောက်ပွဲတုန်းက လုပ်ခဲ့သလိုမျိုး ရွေးကောက်ပွဲအောင်နိုင်ရေးကော်မရှင်တွေ အဆင့်ဆင့်ဖွဲ့ပြီး လုပ်ကြရသလိုမျိုး ဗဟိုကနေပြီးတော့ ညီလာခံကျင်းပရေးကော်မရှင်တွေ အဆင့်ဆင့် ပြန်ဖွဲ့ပြီး လုပ်ရတဲ့ သဘောဖြစ်လာတယ်လို့ ပြောချင်တယ်။
မေး။     ။ ပါတီဝင်တွေ အများကြီးတိုးလာတယ် ဆိုတော့ သူတို့တွေအတွက် အဆင့်ဆင့် တာဝန်တွေ၊ လုပ်ငန်းတွေ၊ သဘောထားရေးရာတွေမှာ ဘာမှ ပြင်ဆင်ပေးတာ၊ သတ်မှတ်လုပ်ကိုင်တာတွေ မရှိသေးဘူး ဆိုတဲ့ သဘောလို့ ပြောရမှာလား ဆရာ။
ဖြေ။     ။ ရွေးကောက်ပွဲအကြိုကာလနဲ့ နောက်ပိုင်းမှာ ပါတီဝင်တွေ အများကြီး တိုးတက်လာတယ်။ နိုင်ငံရေးလုပ်ချင်တဲ့သူတွေ ပေါ်လာတယ်။ အင်န်အယ်ဒီနဲ့ လက်တွဲလုပ်ချင်တဲ့သူတွေ ပေါ်လာတယ်။ နောက်ပြီးတော့ ကိုယ့်ရပ်ကိုယ့်ရွာမှာ နိုင်ငံရေးမလုပ်ရင်တော့ ကြံ့ဖွှံတွေနဲ့ပဲ ပြီးကုန်တော့မှာပဲဆိုပြီးတော့ နိုင်ငံရေးအလုပ်တွေကို စိတ်ဝင်စားလာတယ်။ အင်န်အယ်ဒီကို ၀င်ရောက်လာတယ်။
တပြိုင်နက်တည်းမှာလည်းပဲ ပါတီထဲမှာ ခေါင်းဆောင်ဟောင်းတွေ ရှိတယ်။ သူတို့တွေထဲမှာ စွန့်လွှတ်စွန့်စား လုပ်ခဲ့ကြသူတွေ ရှိတယ်။ ထောင်ကျ တန်းကျ လုပ်ခဲ့ရသူတွေ ရှိတယ်။ အဲသည်အပြင် အမြင်အယူအဆ မတူလို့၊ ကြောက်လို့ဆိုပြီး ပါတီအနားမကပ်နိုင်တဲ့သူတွေလည်း ရှိတယ်။ အဲသလို ပါတီပြင်ပမှာ ရောက်သွားတဲ့ ပါတီနိုင်ငံရေး အာပတ်သင့်တဲ့သူတွေလည်း ရှိတယ်။ အဲသည်မှာ နိုးကြားလာတဲ့ လူသစ်တွေအများကြီးလည်း ပေါ်လာတယ်။
 အားလုံးက ပါတီထဲမှာ စုပြုံပြီး တိုးနေကြတော့ ဘာတွေ့ရသလဲဆိုတော့ တိကျတဲ့ ခေါင်းဆောင်မှုက မရှိဘူး။ ပါတီဖွဲ့စည်းပုံ အဆင့်ဆင့်မှာ စည်းရုံးရေးကော်မတီတွေ မရှိဘူး၊ ရပ်ကျေးတွေမှာလည်း စည်းကော်မတီတွေ မရှိဘူး။ တိုင်းတွေ ပြည်နယ်တွေ၊ မြို့နယ်တွေမှာလည်း မရှိသေးဘူး။ ဒါကြောင့် ညီလာခံလုပ်မယ်ဆိုတော့ လူဟောင်း လူသစ်တွေ၊ လူကြီး လူငယ်တွေ၊ အချင်းချင်းတွေကြားထဲမှာ သဘောထားချင်းတွေ မတူညီတာတွေ၊ အငြင်းပွားမှုတွေ ဖြစ်လာတယ်။ ကိုယ့်ဖက် သူဖက် ခွဲခြားတာတွေ၊ ကန့်သတ်တာတွေ ဘာတွေ ကွဲပြားတာတွေ ပေါ်လာကြတယ်။
မေး။     ။ အဲသလို ပါတီအင်အားတွေ စုပြုံတိုးနေတာကို အကောင်းဖက်က ကြည့်မလား၊ အဆိုးဖက်က ပြောမလား ဆရာ။
ဖြေ။     ။ ကျနော်ကတော့ အခုလိုမျိုး အများသူငှာ တက်ကြွ နိုးကြားလာတာမျိုးကို အကောင်းဖက်က မြင်ပါတယ်။ ဒါက ဥပုဒ်နေ့တို့ လပြည့်နေ့တို့လို နေ့မျိုးမှာ ဘုရားရင်ပြင်ပေါ်မှာ ဘုရားဖူးတွေ၊ ကောင်းမှုကုသိုလ်ပြုတဲ့သူတွေ ကြိတ်ကြိတ်တိုး စည်ကားနေတဲ့သဘောမျိုး မြင်ပါတယ်။ အပျော်အပါးအတွက် ဘောလုံးပွဲတို့၊ စတိတ်ရှိုးပွဲတို့မှာ တိုးကြိတ်နေတာမျိုး မဟုတ်ဘူးလို့ မြင်ပါတယ်။ ရန်ဖြစ်ဖို့ ရန်စောင်ဖို့ မာန်ထောင်ဖို့ ၀င်တာမဟုတ်ဘူး၊ သဒ္ဒါကြည်လင်စိတ်နဲ့ ၀င်လာကြတယ် လို့ မြင်ပါတယ။် စိတ်စေတနာတွေက မှန်တဲ့အတွက် ဘယ်လောက်ပဲ အချင်းချင်းတွေ မတူညီတာ၊ ကွဲပြားတာတွေ ပေါ်နေ ပေါ်နေ တကယ်တန်းမှာတော့ အားလုံးက အများသဘောထားနဲ့ ကျော်လွှားနိုင်မှာပဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ အဲသည်အတွက် အခုလိုမျိုး ညီလာခံကျင်းပရေးကော်မရှင်တွေ အဆင့်ဆင့်ဖွဲ့စည်းပြီး ရှေ့ကို ဆက်လုပ်သွားရင်နဲ့ပဲ အကျိုးဖြစ်ထွန်းလာမယ်လို့ ပြောချင်ပါတယ်။
မေး။     ။ ဟုတ်ပါပြီ။ ပါတီဝင်တွေကတော့ တပိုင်းပေါ့လေ။ ဒါပေမယ့် လက်ရှိမှာ ပြည်တွင်းမှာ ပါတီဝင်မဟုတ်တဲ့ အခြေခံလူတန်းစားပြည်သူတွေပေါ့။ အလုပ်သမားတွေ၊ လယ်သမားတွေ၊ လက်လုပ်လက်စားတွေက လက်ရှိမှာကို လတ်တလောမှာကို အခက်အခဲတွေ၊ မတရားမှုတွေ၊ လိုအပ်ချက်တွေကို ဆန္ဒထုတ်ဖော်နေပြီ၊ ဖြေရှင်းပေးဖို့ တရားဥပဒေစိုးမိုးဖို့ကို တောင်းဆိုနေကြပြီ။ လျှပ်စစ်မီးတွေ မလာဘူး၊ ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖော်တယ်။ အလုပ်သမားလုပ်ခ လစာတွေ တိုးမြှင့်ပေးဖို့လိုတယ်။ လယ်သမားတွေမှာ လယ်ယာမြေတွေကို အကျုးကျော်ခံနေရတယ်။ စသည်ဖြင့်ပေါ့။ အဲဒါတွေကိုကော ဆရာတို့က ဘယ်လိုမျိုး သဘောထားသလဲ။ ဘယ်လိုမျိုး ပြောချင်သလဲ။ ဘယ်လိုရင်ဆိုင်မှာလဲ။
ဖြေ။     ။ ကျနော့်အမြင်ကတော့ အခုနောက်ပိုင်း ပွင့်လင်းလွတ်လပ်မှုတွေ အနည်းငယ် ရှိလာတယ်။ ပါတီတွေ မှတ်ပုံတင်ခွင့်ရတယ်။ ရွေးကောက်ပွဲဝင်ခွင့်ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြည်သူဆန္ဒနဲ့အညီ ရွေးကောက် တင်မြှောက်ခံရတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်လာတယ်။ အဲသည်လိုမျိုး ပြည်သူတွေဟာ ဒီမိုကရေစီစနစ်ကို လိုလားတောင့်တကြောင်း ထောက်ခံမှုတွေ ပြသထုတ်ဖော်နိုင်ခဲ့တယ်။ အသိအမှတ်ပြုခြင်း၊ မှတ်ကျောက်တင်ခြင်းကို ခံရတယ်။ အဲသည်အတွက် ပြည်သူလူထုဟာ ပိုမိုပြီး တက်ကြွနိုးကြားလာပြီ ဖြစ်တာကြောင့် လက်ရှိ သူတို့ခါးစည်းပြီး ခံစားနေရတဲ့ မတရားမှုတွေ၊ အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ ဖိနှိပ်မှုတွေ၊ ဆုံးရှုံးနစ်နာမှုတွေကို ပြည်သူဆန္ဒအဖြစ် ထုတ်ဖော်ပြီး ပြသလာတဲ့ သဘောပဲလို့  မြင်ပါတယ်။ ဒါတွေကို ဖြေရှင်းပေးဖို့ ထုတ်ဖော် တောင်းဆိုလာကြတယ်လို့ မြင်ပါတယ်။     
 လူတွေဟာ အဲသလိုမျိုး ဆန္ဒထုတ်ဖော်ဖို့၊ လိုအပ်ချက်တွေနဲ့ အခွင့်အရေးတွေကို တောင်းဆိုလာတယ် ဆိုတာ လူ့တိုင်းရဲ့ အခြေခံလူ့အခွင့်အရေးကို ကျင့်သုံးလိုက်တာပဲ။ နှစ်ပေါင်းများစွာ ကိုယ့်အခွင့်အရေးကို ရပ်တည်တောင်းဆိုခွင့် မရှိရအောင် ဖိနှိပ်ခြင်း ခံထားရတဲ့ ပြည်သူလူထုက အခုအချိန်မှာ သူတို့ရဲ့ အခြေခံလူ့အခွင့်အရေးကို ကျင့်သုံးလိုက်တာဖြစ်တယ်လို့ သဘောာထားပါတယ်။ အဲသည်အတွက်  မိမိကိုယ်ပိုင်ဆန္ဒကို ထုတ်ဖော်တာကို မိမိအခွင့်အရေးကို တောင်းဆိုတာကို လက်ရှိအာဏာပိုင်တွေဖက်ကနေပြီး တားမြစ်တာတွေ၊ ဖမ်းဆီး ရိုက်နှက်တာတွေ လုပ်လာတယ်။ နိုင်ငံရေးပါတီတွေကိုလည်း ၀င်ရောက်ရပ်တည်ခြင်း မပြုနိုင်အောင် ကန့်သတ်တာတွေ ခြိမ်းခြောက်တာတွေ လုပ်လာတယ်။ ပါတီတွေ အဖျက်ခံရမယ်ဆိုပြီး ကော်မရှင်ကနေ ခေါ်ယူကြိမ်းမောင်းတာတွေ လုပ်လာတယ်။
တကယ်တမ်းမှာတော့ အခုလိုမျိုး ပြည်သူလူထုကြီးမှာ စားဝတ်နေရေး လူမှုဘ၀တွေမှာ မတရားမှုတွေ ဖိနှိပ်မှုတွေ ခါးစည်းခံနေကြတာဟာ ဘယ်သူတွေလက်သည်လဲလို့ ပြန်မေးရင် အခုလက်ရှိအစိုးရကြောင့် သူတို့ ဒုက္ခရောက်နေကြတာဖြစ်တယ်လို့ ပြောချင်တယ်။ ပြည်သူတွေမှာ အပြစ်မရှိဘူး၊ နိုင်ငံရေးပါတီတွေကနေ သူတို့ကို မတရားလုပ်ထားလို့ မဟုတ်ဘူး။ ဘယ်သူတွေက စက်မှုဇုံတွေ တည်ဆောက်တာလဲ၊ ဘယ်သူတွေက လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်လာတာလဲ။ လယ်ယာမြေတွေကို စီမံကိန်းတွေ ဆွဲပြီး လုပ်နေတာ ဘယ်သူတွေလဲ။ ဘယ်သူတွေက ပြည်တွင်းပြည်ပလုပ်ငန်းရှင်တွေနဲ့ လုပ်ငန်းစာချုပ်တွေ ချုပ်ဆိုခဲ့ကြတာလဲ။ အလုပ်သမားတွေ လယ်သမားတွေအတွက် လုပ်ခ၊ လစာတွေ၊ ခံစားခွင့်တွေကို ဘယ်သူတွေက စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ခဲ့ကြတာလဲ။ သည်အစိုးရကပဲ ဒါတွေအကုန်လုံးကို လုပ်ခဲ့တာချည်းပဲ။ ဒီအရေးကိစ္စတွေအားလုံးဟာ အစိုးရပေါ်မှာ တာဝန်ရှိတယ်။ ခရိုနီတွေဆိုတဲ့ အစိုးရရဲ့ စီးပွားရေးဓမြတွေက ပြည်သူတွေကို ကျုးကျော်စော်ကားနေတာတွေဟာလည်း လက်ရှိအစိုးရရဲ့ တာဝန်ပဲဖြစ်တယ်။ ဒါကို သူတို့က ဘယ်လိုဖြေရှင်းမှာလဲ။
အဲဒါကို အစိုးရနဲ့ အကြံပေးတွေကိုယ်တိုင်ကော၊ အစိုးရအဖွဲ့ဝင်တွေ အဆင့်ဆင့်က တာဝန်ယူပြီး ဖြေရှင်းပေးဖို့ လိုတယ်။ လက်လွတ်စပယ် လူတွေကို အပြစ်တင်တာ၊ ဖိနှိပ်တာ၊ သရော်စော်ကား ပြောဆိုတာမျိုး မလုပ်သင့်ဘူး။ နိုင်ငံရေးပါတီတွေဟာ နိုင်ငံရေးကို စိတ်ဝင်စားလို့ ပြည်သူလူထုဖက်က ရပ်တည်ပေးတာမျိုးကိုလည်း တားမြစ်စရာမလိုဘူး။ ကိုယ့်တာဝန်ကို ကိုယ်ယူပြီး ဖြေရှင်းပေးရမယ်။ အစိုးရမှာ တာဝန်ရှိတယ် လို့ ပြောချင်တယ်။ ဒါပါပဲ။
မေး။ ။ ကျေးဇူးတင်ပါတယ်။ အခုလိုမျိုး ဆရာပါရဂူ နှစ်ပတ်လည်အခမ်းအနား သွားဖို့ စောင့်ဆိုင်းနေတုန်းမှာ မိုးမခအတွက် အချိန်အနည်းငယ် ပေးပြီး ဖြေကြားခဲ့တဲ့အတွက် ကျနော်တို့က ကျေးဇူးတင်ပါကြောင်း ထပ်လောင်းပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အားတိုင်းရင်းသား ရိုးရာဝတ်စုံတွေ ၀တ်ဆင်ပြီး အလံတွေ ဝှေ့ယမ်း ကြိုဆို။




















photo.
AP, Getty images, Reuters
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့ ထိုင်း-မြန်မာနယ်စပ် မယ်လ စစ်ဘေး ဒုက္ခသည်စခန်းကို သွားရောက်ရာမှာ လူထောင်ပေါင်း များစွာက သူတို့ရဲ့ တိုင်းရင်းသား ရိုးရာဝတ်စုံတွေ ၀တ်ဆင်ပြီး အလံတွေ ဝှေ့ယမ်း ကြိုဆိုကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က ပလပ်စတပ် ထိုင်ခုံပေါ် မတ်တပ်ရပ်ပြီး အသံချဲ့စက် မိုက်ကရိုဖုန်း မပါဘဲ သူ့ကို ကြိုဆိုနေကြတဲ့ လူအုပ်ကြီးကို နှုတ်ဆက်စကား ပြောကြားပါတယ်။

"နံပတ်တစ်က အရေးကြီးဆုံးပြောချင်တာက ဒီက လူတွေကို မေ့ပြီးတော့ မထားပါဘူးလို့။ အမေတို့အနေနဲ့ ဒီက ဒုက္ခသည်စခန်းမှာ ကျမ်းမာရေးအရ လိုအပ်တဲ့အရာတွေကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးဖို့ ကြိုးစားပါမယ်လို့။ အားလုံးကို မမေ့ထားပါဘူးလို့၊ ကြိုးစားပြီးတော့ လုပ်ပေးပါမယ်လို့။ အားလုံး အိမ်ပြန်လာနိုင်အောင် ကြိုးစားပါမယ်။ အရှေ့က လူတွေက အနောက်က လူတွေကို ပြောပြပေးပါ။ အားလုံး ကျမ်းမာချမ်းသာကြပါစေ။"

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မိုက်ကရိုဖုန်း မရှိတဲ့အတွက် သူ့ကိုကြိုဆိုကြတဲ့ လူအုပ်ကြီးကို ကြာကြာစကား မပြောနိုင်ခဲ့ပေမဲ့ ဒုက္ခသည်စခန်းက ခေါင်းဆောင်တွေနဲ့ အချိန်ယူပြီး ဆွေးနွေးခဲ့ပါတယ်။

အခုလို ထိုင်း၊မြန်မာနယ်စပ် က စစ်ဘေးဒုက္ခသည်တွေကို ဒေါ်အောင်ဆန်းစုကြည် လာရောက်တွေ့ဆုံတာဟာ ဒါပထမ ဦးဆုံး အကြိမ်ဖြစ်ပါတယ်။

ကရင်တိုင်းရင်းသား အများဆုံး အပါအ၀င် စစ်ဘေး ဒုက္ခသည်ပေါင်း (၁) သိန်း (၄) သောင်းလောက်ဟာ နယ်စပ်တလျှောက် ဒုက္ခသည်စခန်း အသီးသီး နေထိုင်ကြတဲ့ အထဲမှာ အဲဒီ မဲလဒုက္ခသည် စခန်းဟာ အကြီးဆုံး ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ မဲလဒုက္ခသည် စခန်းကနေ မနက် (၁၀) နာရီမှာ ပြန်လည် ထွက်ခွာလာပြီး မဲဆောက်မြို့ကို နေလည်(၁) နာရီလောက်မှာ ရောက်ရှိပါတယ်။ အဲဒီနောက် နေ့လည်(၂) နာရီ (၁၅) မိနစ်မှာ မဲဆောက် လေဆိပ်ခန်းမ အတွင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး (၃) နာရီမှာ အထူးလေယာဉ်နဲ့ ဘန်ကောက်မြို့ကို ထွက်ခွာသွားပါတယ်။
(Rfa)

8888 ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင်များရဲ့ ဖိတ်ကြားလွှာ

                            8888 ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင်များရဲ့ ဖိတ်ကြားလွှာ