Sunday, June 3, 2012

ဒေါ်အောင်ဆန်းစုကြည်ကို ဘာပြောချင်သလဲ..။









ဒေါ်အောင်ဆန်းစုကြည်ကို ဘာပြောချင်သလဲ..။
(မဲဆောက်က အသံများ)
(ကိုသင့်မြတ်  မေးမြန်းရေးသားတယ်။)

          ဒီကနေ့ ၂၀၁၂ ဇွန်လ (၂)ရက် စနေနေ့ မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို လေယာဉ်နဲ့ နံနက် ၉း၃၀ မှာ ရောက်ရှိပြီး မယ်လ ဒုက္ခသည်စခန်းကို သွားမယ်၊ နေ့လည် ၁း၃၀ မှာ မဲဆောက်ကို ပြန်လည်ရောက်ရှိပြီး မယ်တော်ဆေးခန်းကို ၀င်ရောက်ကာ မွန်းလွဲ ၃း၀၀ မှာ မဲဆောက်လေဆိပ်ကနေ ဘန်ကောက်ကို ပြန်လည် ထွက်ခွါ မယ်လို့ သတင်းတွေရရှိထားခဲ့ပါတယ်။
နှစ်ပေါင်း ၂၀ကျော် ပြည်ပကို ပထမဆုံး ထွက်ခဲ့တဲ့ခရီးဖြစ်သလို ခရီးစဉ် စီစဉ်သူတွေရဲ့ ညံ့ဖျင်းမှုကြောင့် အစီအစဉ်တွေဟာ မရေမရာ ဖြစ်နေပြီးအစီအစဉ်တွေ လွဲချော်မှု ရှိနိုင်ကြောင်းလည်း အတော်များများက သိရှိထားကြပေမယ့် လူထုချစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနှုတ်ဆက်မယ့် မြန်မာနိုင်ငံသားတွေဟာ နံနက် ၈ နာရီလောက်ကတည်းက တဖွဲဖွဲ ရောက်ရှိစောင့်ဆိုင်းနေကြပါတယ်။ နံနက် ၉း၄၀ မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မဲဆောက်လေဆိပ်ကို ရောက်ရှိပြီး မယ်လ ဒုက္ခသည်စခန်းကို ဦးတည် ထွက်ခွာသွားတာဖြစ်လို့ နံနက်ပိုင်းမှာတော့ နှုတ်ဆက်ခွင့် တိတိပပ မရရှိခဲ့ကြပါဘူး။
မဲဆောက်က စက်ရုံ အလုပ်ရုံ အသီးသီးက အလုပ်သမားတွေဟာ သွားလာရေး တင်းကြပ်တဲ့ မယ်လ အထိ လိုက်ပါသွားနိုင်ခြင်း မရှိတာကြောင့်  မွန်းလွဲပိုင်းမှာ မဲဆောက်ကို ပြန်ရောက်ချိန်မှာ နှုတ်ဆက်ကြိုဆိုဖို့ အားခဲပြီး နေပူကြီးထဲမှာ တက်တက်ကြွကြွ စောင့်မျှော်နေခဲ့ကြပါတယ်။
တကယ်တော့ ဒီနေ့ဟာ မဲဆောက်က အလုပ်သမားတွေအတွက် အလုပ်ပိတ်ရက်မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ချစ်တဲ့ သူတို့လေးစားတဲ့ သူတို့ အားကိုး ယုံကြည်တဲ့ သူတို့ဘ၀ရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခဏတာ တွေ့ခွင့်ရဖို့ အလုပ်ရှင်နဲ့ အတိုက်အခံပြုပြီး (တချို့ဆို အငှားယာဉ်ခ မတတ်နိုင်လို့ တနာရီကျော်မက နေပူကြီးထဲမှာ လမ်းလျှောက်လို့) ကြိုဆိုနေကြတာဖြစ်ပါတယ်။တချို့လည်း စုပေါင်းပြီး ကားငှားပြီး ကြိုဆိုဖို့ ထွက်လာရာမှာ ထိုင်းရဲတွေရဲ့ စောင့်ကြိုဖမ်းဆီး စစ်ဆေး ခေါ်ဆောင်တာတွေတောင် ခံရရှာပါတယ်။ ဒါကိုကြည့်ရင် သူတို့တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လောက်ယုံကြည် အားကိုးလေးစားတယ်ဆိုတာ အထူးပြောဖို့ လိုမယ်မထင်ပါဘူး။
ဒါပေမယ့် အစီအစဉ်တွေ လွဲချော်မှုကြောင့်လား၊ မထင်မှတ်တဲ့ ပြသနာတစုံတခုကြောင့်လား၊ မူလ အစီအစဉ်ရေးဆွဲစဉ်ကပဲ အစီအစဉ်မရှိခဲ့လို့လား မသိပေမယ့် ဒေါ်အောင်ဆန်းစုကြည်တို့ အဖွဲ့ဟာ မွန်းလွဲပိုင်း မယ်လ ဒုက္ခသည်စခန်းက အပြန် နောက်ကျနေခဲ့ပြီး မဲဆောက်လူထုကို ခဏတာလေးတောင် နှုတ်ဆက်ဖို့ မဖြစ်နိုင်ခဲ့ပဲ ညနေ (၂)နာရီမခွဲခင်မှာပဲ မဲဆောက်လေဆိပ်ကနေ ဘန်ကောက်ကို ပြန်လည်ထွက်ခွာသွားပါတော့တယ်။
ဒါကြောင့် တနေကုန်တနေခမ်း နေပူကြီးထဲ စောင့်ကြိုနေကြသူတွေကို
(၁)ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် လာရောက်ကြိုဆိုတာလဲ။ (၂)ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ရင် ပြောခွင့်ရမယ်ဆိုရင် ဘာပြောချင် သလဲလို့ ကျား-မ လူပေါင်း ၃၀
ကျော်ကို မေးမြန်းခဲ့ပါတယ်။ သူတို့ ဖြေကြားချက်တွေထဲမှာ အများစုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစား ကြည်ညိုလို့၊ ကိုယ့်လူထုခေါင်းဆောင်ကို အားပေးကြိုဆိုချင်လို့၊ ချစ်ခင်နှစ်သက်လို့၊ မြင်ဖူးချင်လို့ စသဖြင့် ဖြေကြားသူ အများစု ဖြစ်ပါတယ်။ နံပါတ် (၂) မေးခွန်းအပေါ် ဖြေကြားချက်တွေထဲက ထူးခြား စိတ်ဝင်စားဖွယ် ပြောကြားချက်တွေကို ဖေါ်ပြပေးလိုပါတယ်။
          (၁)မအေးအေး        ။ မဲဆောက်မှာ အလုပ်လုပ်နေတာ ၃ နှစ်ရှိပါပြီ။ လစာကို ထိုင်းအစိုးရသတ်မှတ် သလို တနေ့ ဘတ် ၃၀၀ ဆိုတာ တခါမှ မရဘူးပါဘူး။ တခြားသူတွေလည်း မဲဆောက်မှာ ရတယ်လို့ မကြားဖူးပါဘူး။ ရသင့်ရထိုက်တဲ့ လစာကို မှန်မှန်ရချင်ပါတယ်။ ကူညီပြောကြားပေးပါ။
          (၂)ကိုအောင်စိုး        ။ကျနော်က တပ်မဟာ စက်ရုံကပါ။ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ကျနော်တို့ စက်ရုံက အလုပ်သမား ၅ ဦး ညဖက် အလုပ်ကနေ ထမင်းစားသွားတော့ လမ်းမှာ ကားတိုက်ခံရတာ ၂ ဦး သေဆုံးသွားပါတယ်။ ကျန်သူတွေလည်း ဒဏ်ရာအပြင်းအထန် ရကြပါတယ်။ တရားခံကိုတော့ ဖမ်းမမိပါဘူး။ သေဆုံးသူအတွက် ဘာအကူအညီမှ ဘယ်သူ့ဆီကမှ မရသေးပါဘူး။ အမှုဖွင့်ဖို့လည်း ကျနော်တို့ မလုပ်တတ် ပါဘူး။ ဒီလို ပြသနာတွေလည်း မကြာခဏ ဖြစ်ခဲ့ရ၊ ခံခဲ့ရပါတယ်။ ဒီလို ပြသနာမျိုးတွေ မဖြစ်ရအောင် တတ်နိုင်မယ်ဆိုရင် အမေ့အနေနဲ့ ကူညီပေးဖို့ ပြောချင်ပါတယ်။
(၃)ကိုမြကြီး             ။ကျနော်လည်း တပ်မဟာ စက်ရုံကပါ။ ခုနကျနော့်သူငယ်ချင်းပြောသလို ပြသနာ တွေ ဖြစ်လာရင် ဘယ်ကို အကူအညီတောင်းရမယ်ဆိုတာ မသိပါဘူး။ အားကိုးလောက်တဲ့ အလုပ်သမားတွေကို မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန်ကူညီပေးတဲ့ အဖွဲ့မျိုး လိုချင်ပါတယ်။ သေရင် အသုဘချဖို့ နာရေးကူညီမှု အသင်းတော့ရှိပါတယ်။ ကျနော်ဆိုလိုတာက အလောင်းမြေကျဖို့အတွက် တခုတည်း ပြောတာ မဟုတ်ပါဘူး။ အလုပ်သမားတွေ မတရားခံစားနေရတာကို ကူညီပေးမယ့် အာဏာပိုင်အဖွဲ့၊ ဒါမှမဟုတ် အလုပ်သမားတွေ အချင်းချင်း ယုံကြည်ရတဲ့ အဖွဲ့ကို ဆိုလိုတာပါ။
(၄)မမိမော်              ။ကျမ မဲဆောက်မှာ အလုပ်လာလုပ်တာ ၅ နှစ်ကျော်ပါပြီ။ တရားဝင် အလုပ်သမား လက်မှတ် အလုပ်လုပ်ခွင့်လက်မှတ်နဲ့ပဲ နေထိုင်ခဲ့ပါတယ်။ အရင်က အဲဒီလို တရားဝင်ဖြစ်ဖို့ လက်မှတ်ခ ဘတ် ၃၀၀၀ ကျော်ပဲ ကျပါတယ်။ အခု စနစ်သစ်ပြောင်းလိုက်တော့ အားလုံးပေါင်း ဘတ် ၁၅၀၀၀ လောက် ကျပါတယ်။ ဒီငွေကို ပြန်ရဖို့ ကျမတို့လုပ်အားခနဲ့  ၆ လလောက် စုတာတောင် မရပါဘူး။ စနစ်သစ်ပြောင်းမှ ပိုပြီး အခက်အခဲ ဖြစ်နေပါတယ်။ အမေကို အားကိုးပါတယ်။ လူကြီးတွေကို ပြောပြ ကူညီပေးပါရှင့်။ အမေစု ကျန်းမာရေးဂရုစိုက်ပါ။ လုံခြုံရေးဂရုစိုက်ပါ။ အမေကျန်းမာပါစေလို့ အမြဲတမ်း ဆုတောင်းပေးပါတယ်။
(၅)ဦးညီညီ              ။ကျနော်က မဲဆောက်ဈေးထဲမှာ ဈေးရောင်းပါတယ်။ ဒီနှစ်မှာ့ အလုပ်သမား လက်မှတ်တွေ  ပတ်စ်ပို့တွေ လုပ်လိုက်တော့ ငွေတွေ ၁၆၀၀၀ လောက်ကုန်ပါတယ်။ ကျနော်တို့လို ကိုယ်ပိုင်အလုပ် လုပ်တဲ့သူတွေ အနေနဲ့ မထောင်းသာပေမယ့် အလုပ်သမားတွေမှာ တော်တော်ဝန်ပိတယ်လေ။ တချို့ဆို အခုတလော ငွေကုန်များလို့ ဈေးတောင် မှန်မှန် ၀ယ်မစားနိုင်အောင် ဖြစ်နေတာ တွေ့ရလို့  ကိုယ့်လူမျိုးအတွက် အရမ်းစိတ်မကောင်းဖြစ်ရတယ်ဗျာ။ ဆိုတော့ ပိုကောင်းအောင် လူကြီးတွေက စီမံပေမယ့် အခုလို အလွဲအချော်ဖြစ်နေတာတွေကို အမေစု အနေနဲ့ သက်ဆိုင်ရာ ထိုင်း၊ မြန်မာ အလုပ်သမားဌာနတွေနဲ့ ဆွေးနွေးပြင်ဆင်ပေးဖို့ ပြောပေးစေလိုပါတယ်။ အမေ ကျန်းမာပါစေ။
(၆)ကိုမိုးကြီး             ။ကျနော်က မယ်ပ စက်ရုံကပါ။ပတ်စ်ပို့တွေ လုပ်ရတော့ ပွဲစားတွေကလည်း ခြေချင်းလိမ်လို့။ အလိမ်အညာ ခံရတာတွေလည်း ကြားရတော့ ဘယ်သူက အမှန်၊ ဘယ်သူက အကြံအဖန်လည်း မသိ။ ကုန်လိုက်တဲ့ငွေကလည်း မနည်းဘူး။ ဒီငွေတွေက ထိုင်းအစိုးရကို ပေးရတာလား။ ပေးမယ်။ မြန်မာအစိုးရကို ပေးရတာလား။ ပေးမယ်။ ဒါမှမဟုတ်ပဲ ပွဲစားကို ပေးနေရတာ၊ ပွဲစားကြောင့် အကုန်များနေတာဆိုရင်တော့ မဖြစ်သင့်ဘူးလေ..။ အဲဒါလေး အမေစုကို ပြောချင်တာ..။
(၇)မထက်ထက်        ။ကျမလည်း အလုပ်သမားပါ။ အခက်အခဲတွေရှိတာမှန်ပေမယ့် ကျမတို့ထက် ပြည်တွင်းက အလုပ်သမားတွေ အခက်အခဲပိုဖြစ်နေတာ ကြားနေရပါတယ်။ သူတို့ကို ကူညီချင်ပါတယ်။ ဘယ်လို ကူညီရမယ်ဆိုတာ အမေ့ကို ပြောကြားပေးပါ။ အမေ့အနေနဲ့လည်း ကျမတို့ကို ကူညီဖို့ထက် ပြည်တွင်းက ကျမတို့ထက် ပိုပြီး ဒုက္ခရောက်နေတဲ့ အလုပ်သမားတွေကို ပိုပြီးကူညီပေးဖို့ ပြောချင်ပါတယ်ရှင့်။ အမေ ကျန်းမာ ပါစေ။
(၈)ဦးစိန်မြင့်            ။ကျနော်လည်း အလုပ်သမားအရေး ဆောင်ရွက်နေသူပါ။ ဒါပေမယ့် ကျနော်တို့ တွေဟာ စေတနာ့ဝန်ထမ်း တွေ ဆိုတော့ ထိထိရောက်ရောက် မဆောင်ရွက်နိုင်ဘူး။ အလုပ်သမားအခွင့်အရေးကို အသိပညာပေးနိုင်ပေမယ့် အလုပ်သမား အခက်အခဲကို ထိထိရောက်ရောက် မဆောင်ရွက်နိုင်ဘူးပေါ့ဗျာ။ နိုင်ငံခြား သားတွေ အကူအညီနဲ့ ပေါင်းစား ရိုက်စား အဖွဲ့တွေလို့ အလုပ်သမားတွေ အထင်ရောက်နေတာတွေကို အားမရ ဖြစ်နေပါတယ်။ ဘယ်လို ဆောင်ရွက်သင့်တယ်၊ အာဏာပိုင်တွေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်သင့်တယ်။ အာဏာပိုင်တွေဖက်က ဘယ်လို ကူညီသင့်၊ စိစစ်သင့်တယ်ဆိုတာဆို ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းချင်ပါတယ်။
(၉)ကိုအောင်မျိုး        ။အန်တီစုက အခုဆို ကျနော်တို့ စောင့်နေပေမယ့် နှုတ်ဆက်ခွင့်မရလိုက်ဘူးဗျာ။ ကျနော်တို့ထက် ဒုက္ခသည်စခန်းကို သွားတွေ့တာ၊ ဒုက္ခသည်တွေကို ပြစ်မထားတာ သိရလို့ နားလည်ပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောမယ်ဗျာ..။ကျနော့်အမြင်ကတော့ ဒီက ဒုက္ခသည် အရေးထက် ပြည်တွင်းက ကချင်ဒုက္ခသည်တွေရဲ့ အရေးက ပိုပြီး လိုအပ်နေတယ်ထင်တယ်။ သူတို့ကို အခုထက် ပိုပြီး ကူညီနိုင်ဖို့၊ စစ်ပွဲတွေရပ်ဖို့ ငြိမ်းချမ်းရေးဆုရှင် အမေကို ငြိမ်းချမ်းရေးအတွက် ပိုပြီးဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်ဗျာ…။
(၁၀)မချိုမြင့်            ။အမေရှင့်။ ကျမဟာ ကျောင်းဆရာမ တဦးပါ။ ကျမတို့ဟာ သူများနိုင်ငံမှာ မျက်နှာငယ်ငယ်နဲ့ မိသားစု စားဝတ်နေရေး အတွက် ရုန်ကန်နေရပေမယ့် ကိုယ့်မြန်မာပြည်လို မပျော်ပါဘူး။ တိုင်းပြည်ကို ပြန်လာပြီး အေးအေးချမ်းချမ်းနဲ့ နေချင်ပါပြီ။ ဒါပေမယ့် အခုအချိန်မှာ သူများလူမျိုးဆီမှာ မျက်နှာငယ်ငယ်နဲ့ အလုပ်လုပ်နေရသလို  နောင်တချိန် ကိုယ့်တိုင်းပြည်ပြန်ရောက်ရင်လည်း သူများလူမျိုးဆီမှာပဲ မျက်နှာငယ်ငယ်နဲ့ အလုပ်လုပ်ရမှာမျိုးကို စိုးရိမ်နေမိပါ တယ်။ ကျမတို့ဆီမှာ အလုပ်ရှင် အလုပ်သမား ဥပဒေတွေ တိတိကျကျ မရှိဘူးလို့လဲ ကြားဖူးပါတယ်။ အလုပ်ရှင် အလုပ်သမား ဥပဒေတွေ၊ စီးပွားရေး မူဝါဒတွေ မှန်ကန်ဖို့  အဲဒါတွေကို လွှတ်တော်မှာ ရေးဆွဲတင်ပြပေးဖို့ အမေ့ကို မေတ္တာရပ်ခံချင်ပါတယ်ရှင့်။ အမေစုကို အင်မတန် လေးစား အားကိုးပါတယ်။ ကျန်းမာပါစေ။ 
ကိုသူရိန်ထက်ပေးပို့ ပါတယ်...။

No comments:

Post a Comment