Thursday, May 31, 2012

မြန်မာအလုပ်သမားများအရေး ထိုင်း ဒုဝန်ကြီးချုပ်နှင့် ဒေါ်စု ဆွေးနွေး

မြန်မာအလုပ်သမားများအရေး ထိုင်း ဒုဝန်ကြီးချုပ်နှင့် ဒေါ်စု ဆွေးနွေး

Thursday, May 31, 2012
အိမ့်သံစဉ်

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့နေ့ခင်းပိုင်းက ထိုင်း ဒုတိယ ၀န်ကြီးချုပ် Dr. Chalerm Yubamrung နှင့် တွေ့ဆုံကြရာတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမား များနှင့် ဒုက္ခ သည်များအကြောင်း ဆွေးနွေးပြောဆိုကြတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ၏ သားသမီးများ ထိုင်းစာသင်ကျောင်းများတွင် တက် ရောက်ပညာသင်ခွင့်ရရေး အတွက် ထိုင်းအစိုးရဘက်က ကူညီပေးရန် တိုက်တွန်းပြောကြားခဲ့တယ် လို့ လည်း သိရပါတယ်။

ဒု ၀န်ကြီးချုပ် Chalerm ကလည်း မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် သူ့အနေနဲ့ အကောင်းဆုံး အကူအညီ ပေးသွားမှာဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ကတိပေးစကားပြောခဲ့တယ်လို့ သတင်းများက ဆိုပါတယ်။

ဒီအပြင်သူက မြန်မာနိုင်ငံသား ၂ သန်းနီးပါး ထိုင်းနိုင်ငံတွင် ရှိရာ ၈ သိန်းလောက်သာ အထောက်အထား ထုတ်ပေးထား နိုင်သေးကြောင်း၊ ထိုင်း အစိုးရအနေနဲ့ အထောက်အထားရှိတဲ့ အလုပ်သမားများအတွက် တနေ့ လုပ်အားခ ဘတ် ငွေ ၃၀၀ ရရှိရေးနဲ့ ကျန်းမာရေး ရန်ပုံငွေအတွက် ဘတ် ၃၀ စနစ်ကို အတည်ပြု လုပ်ဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်တဲ့။

ဒေါ်အောင်ဆန်းစုကြည်က အထောက်အထားမရှိတဲ့ အလုပ်သမားတွေအတွက် ဘယ်လိုအခြေအနေ ရှိလဲ လို့ မေးမြန်း ရာတွင် ဒု ၀န်ကြီးချုပ် Chalerm က မြန်မာအစိုးရဘက်က အထောက်အထားမရှိတဲ့ မြန်မာ ၁.၂ သန်းကို အတည်ပြု ပေးဖို့လိုကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်တဲ့။

ဒီတော့ ဒေါ်အောင်ဆန်းစုကြည်က အလုပ်သမားတွေအနေနဲ့ ရွှေ့ပြောင်း အလုပ်သမား နိုင်ငံကူး လက်မှတ် ကို အလုပ်ရှင်က ယူထားတဲ့ကိစ္စ၊ နောက် အလုပ်ခွင်အတွင်း ထိခိုက် ဒဏ်ရာ ရရင် အလုပ်သမားတွေက ဆရာဝန်ကို ပိုက်ဆံ ပေးစရာ မရှိတာကြောင့် အလုပ်ရှင်က တာဝန်ယူပေးဖို့ စတာတွေကို ပြဿနာတွေ အဖြစ်တွေ့နေရတာကြောင့် ဒေါ်အောင်ဆန်းစုကြည်က မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ကူညီ စောင့်ရှောက်ဖို့ကို Chalerm ကိုပြောခဲ့ပါတဲ့အကြောင်း ထိုင်းသတင်း မီဒီယာတွေကနေ ထုတ်လွှင့် သွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်း ဒုတိယ ၀န်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးနေစဉ် -
 ဓာတ်ပုံ -Natty Tangmeesan

မျက်ရည်တွေကို ဖေးမကူပေးနေတဲ့ မင်းကိုနိုင်ရဲ့ လက်

မျက်ရည်တွေကို ဖေးမကူပေးနေတဲ့ မင်းကိုနိုင်ရဲ့ လက်

Thursday, May 31, 2012 အိမ့်သံစဉ်

ဆန္ဒပြ စက်ရုံအလုပ်သမား မိန်းကလေးငယ်များရဲ့ မျက်ရေတွေ သူ့လက်နဲ့ ခြောက်သွေ့စေဖို့ ကြိုးစားနေတဲ့ ကိုမင်းကိုနိုင် ပါတဲ့ခင်မျ။

အလုပ်သမားဆန္ဒပြမှုတွေဖြစ်နေတဲ့ လှိုင်သာယာစက်မှုဇုံ မှာ သွားရောက်အားပေးစကားပြောဆိုရင်း
ကျောင်းသူ အရွယ် မိန်းကလေးငယ်လေးတွေရဲ့ စိုစွတ်နေတဲ့ မျက်ရည်တွေကို သူ့ ရဲ့လက်နဲ့ ခြောက်သွေ့စေဖို့ ကြိုးစားနေတဲ့ လူထုကြားထဲက ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ပါ။
ယမန်နေ့ မေလ ၃၀ ရက် နံနက်က အလုပ်သမားဆန္ဒပြမှုတွေ ဖြစ်နေတဲ့ လှိုင်သာယာစက်မှုဇုံကို
ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ မြန်မာနိုင်ငံ လူငယ်များအစည်းအရုံးက
လူငယ်တွေ ရောက်ရှိလာကြပြီး ဆန္ဒပြမှုတွေ မပြီးသေးတဲ့ စက်ရုံအချို့က စက်ရုံဝန်ထမ်းများကို
အားပေး စကားပြောကြားခဲ့ကြတာပါ။
ဆန္ဒပြနေကြတဲ့ အလုပ်သမား (အများအားဖြင့်အမျိုးသမီးများ) များအတွက် မြန်မာနိုင်ငံ လူငယ်များ
အစည်းအရုံးက ဦးဆောင်ပြီး မေလ ၂၉ ရက်နေ့က ရုပ်ရှင်၊ဂီတနဲ့ စာပေ အနုပညာရှင်တွေဆီက
အလှူခံ ရရှိခဲ့တဲ့ ငွေကြေးနဲ့ စားစရာတွေကို စက်ရုံတွေရှေ့ ဆန္ဒပြ အလုပ်သမားတွေဆီ လိုက်လံ မျှဝေပေးခဲ့ကြတာပါ။

စက်ရုံတွေမှာ စာသင်ခန်းထဲမှာ ရှိနေရမယ့် အသက် မပြည့်သေးတဲ့ မိန်းကလေးငယ်တွေကိုပါ
မြင်တွေ့ခဲ့ကြတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးက ပြောပါတယ်။

ဓာတ်ပုံများ - ရွှေသံစဉ်

အငိုနဲ့ ဘဲ အဆုံးသတ်ရမှာလား


လူ့ ဘ၀ဆိုတာ အငိုနဲ့ စပြီး အငိုနဲ့ ဘဲ အဆုံးသတ်ရမှာလား အားကိုးရာမဲ့ ဘ၀တွေ က အစ်ကိုတို့ 88ကျောင်းသားတွေအလာကို စောင့်နေရပါတယ်..နေ့ စဉ်ကျနေရတဲ့ မျက်ရည်တွေကို အားပေးစကားပြောရင်း လှိုင်သာယာကို ပြည်သူချစ်တဲ့ နိုင်ငံကျော် အားထားရတဲ့အစ်ကိုတွေ ရဲ့ လက်က မျက်ရည်များကို ခမ်းခြောက်ဖို့ ကြိုးစားနေတဲ့ ကမ္ဘာကျော် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ပါ..။


ကိုထွန်းဝေ 

ဒေါ်အောင်ဆန်းစုကြည်အတွက် AI အဖွဲ့ရဲ့ဆု အဆိုတော် Bono ပေးအပ်မည်

ဒေါ်အောင်ဆန်းစုကြည်အတွက် AI အဖွဲ့ရဲ့ဆု အဆိုတော် Bono ပေးအပ်မည်
ဒေါ်အောင်ဆန်းစုကြည်အတွက် AI အဖွဲ့ရဲ့ဆု အဆိုတော် Bono ပေးအပ်မည်


နိုင်ငံခြားခရီး စတင်နေပြီဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် အိုင်ယာလန်နိုင်ငံကို ရောက်ရှိတဲ့အခါ AI ခေါ်
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ က ချီးမြှင့်ခဲ့တဲ့ ဆု ကို U2 တေးဂီတ အဖွဲ့က ကမ္ဘာကျော် အဆိုတော် Bono က ပေးအပ်မှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ် ကတည်းက AI အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို Ambassador of Conscience ဆု ချီးမြှင့်ခဲ့တာပါ။ ဒီဆု ဟာ AI အဖွဲ့ရဲ့ အမြင့်ဆုံးဆု ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေးနိုင်ငံမှာ ၁၉၉၁ ခုနှစ်အတွက်
ငြိမ်းချမ်းရေးနိုဘဲဆုကို ကိုယ်တိုင် လက်ခံ ယူပြီး နောက်တစ်ရက် ဇွန်လ (၁၈) ရက်နေ့ အိုင်ယာလန်နိုင်ငံ ဒပ်ဘလင်မြို့မှာ AI အဖွဲ့ရဲ့ ဆု ကို လက်ခံ မှာ ဖြစ်ပါတယ်။

အဲဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံရမှာ
ဖြစ်ကြောင်း အဆိုတော် Bono က ပြောပါတယ်။ အဲဒီနေ့မှာကျင်းပမယ့် Electric Burma လို့အမည်ပေးထားတဲ့ တေးဂီတပွဲမှာ
ဒေါ်အောင်ဆန်းစုကြည် ဟာ ဂုဏ်ထူးဆောင်ဧည့်သည်တော်အနေနဲ့ တက်ရောက်ဖွယ်ရှိပါတယ်။ ဒီပွဲမှာ နာမည်ကျော် အနုပညာရှင်တွေ လည်းတက်ရောက်ကြမယ်လို့ AI အဖွဲ့ အရာရှိတစ်ယောက်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အခုအခါ ထိုင်းနိုင်ငံကို ရောက်ရှိနေပါတယ်။ ဇွန်လ (၃) ရက်နေ့မှာ ရန်ကုန် ပြန်သွားပြီး ဇွန်လလယ်ပိုင်းမှာ ဥရောပခရီး စတင်မှာဖြစ်ပါတယ်။
RFA news

အမေ့ကို အားပေးကြရအောင်...

အမေ့ကို အားပေးကြရအောင်...

ဆင်းရဲခြင်းလွတ်ကင်းအောင်
လမ်းပြနေတဲ့ ဒို့ ခေါင်းဆောင်
အမေ့အနားကိုကပ်လို့ သွား
ပြည်သူ့ အင်အားကများ
အားလုံးလာကြစုံစုံညီ
အမေ့ဆီ အရောက်သွားမည်
ဒီမှာအမေလာပြီဗျို့ 
အားပေးကြပါစို့ ..။

ကိုထွန်းဝေ
i paid phone နဲ့ ဓါတ်ပုံရိုက်ပြီးတင်လိုက်တာပါဗျာ..

ငကန်းတွေ သေမှာ ကို စိုးသတဲ့လား..နောက်ထပ် ငစွေတွေ မပေါ်အောင်သာကြံဆ

ငကန်းတွေ သေမှာ ကို စိုးသတဲ့လား..နောက်ထပ် ငစွေတွေ မပေါ်အောင်သာကြံဆ

(အိမ့်သံစဉ် )




(ဦးဝင်းတင်)

ကျုပ်တို့ တိုင်းပြည်ကြီး ကမ္ဘာ့ အမွဲဆုံး အဆင်းရဲဆုံး ဘိုင်အကျဆုံး နိုင်ငံ အဆင့် ရောက်ခဲ့တယ်ဗျ။ တိုင်းပြည်မှာ ဆန်ရေစပါး အလျှံအပယ် ထွက်ခဲ့တယ်ဗျာ။ သယံဇာတ တွေ အလျှံအပယ် ကြွယ်ဝ ခဲ့တယ်ဗျာ။ အဖိုးတန် ကျောက်မျက် ကျောက်စိမ်းလို ထိတ်ထိတ်ကြဲ ရတနာ တွေ ၊ စိန်ခဲတွေ ၊ မြခဲတွေ ထိန်ထိန် ကျဲ ခဲ့တယ်ဗျာ။

တခြားပြောပြစရာ လက်ညိုးထိုး ပြစရာ ထွက်ကုန်တွေကလည်း အမှန်တကယ် အောတိုက်အောင် ပေါလိုက် တာဗျာ။



ဒါဖြင့် ဘယ်လိုကနေ ဘယ်လို၊ မြန်မာ့ စီးပွားရေး ခွေးကတတ်ရောက် သွားရတာလဲ။ အံ့ရောဗျာ…အံ့ရော။ အဲဒါပဲ ပြောတတ်တော့တယ်။ ကျိုးသင့် ကြောင်းထိုက် လူတိုင်း စိတ်ကြိုက်တွေ့အောင်တော့ ပြောမပြ တတ်တော့ဘူး။

ကမ္ဘာကျော် စီးပွားရေး ပညာရှင်တွေ ၊ ၀င်လိုက်ကြ ထွက်လိုက်ကြ လာလိုက်ကြ သွားလိုက်ကြ တ၀ုန်းဝုန်းပေါ့။ တသဲသဲပေါ့။ ပညာရှင် စကားတွေ ပါးစပ် အမြှုပ်တဖွားဖွား သီးအောင် ပြောကြ ဖော ကြ နည်းပေးကြ လမ်းပြ ကြ ပေါ့။ ဘာပြောကောင်းမလဲ။ နိုင်ငံတော် စီးပွားရေး အောင်တော့မယ်။ ချမ်းတော့မယ်။ စိမ်းတော့မယ်။ လန်းတော့မယ်။ စိုတော့မယ်။ ရွှဲတော့မယ်ပေါ့။ ထင် တလုံး နဲ့ ရွှင်ပြုံးလိုက်ကြတာ။

အောင်မလေးဗျ။ ငယ်သံပါအောင် ဟ စ် ကြ၊ ငိုကြ၊ ညည်းကြပေတော့။ ယိုတယ်ဗျို့။ ဆင်းရဲတဲ့ လူထု အိပ်ခန်းတွေ၊ ခေါင်မလုံ လို့ မိုးရေတောက်တောက်ယို ၊ ရွှဲရွှဲစို ကုန်ကြရတယ်လေ။ ထမင်းငတ်သူတွေ၊ ဒူးနဲ့ မျက်ရည် သုတ်နေကြရတဲ့သူ တွေ ၊ ရွှဲရွဲစို ငိုကြီးချက်မ ဘ၀ မလှ ဖြစ်နေကြရတယ်လေ။

ဒါတွေ ထားပါတော့လေ။ တိုင်းသိ ပြည်သိ သူသိ ငါသိ ကမ္ဘာသိ သမိုင်းထဲက ဖြစ်ရပ်ဆိုး တွေ ကို အသာထား လိုက်ပါဦး။ အသာမထား နိုင် ဘဲ ၊ ကမ္ဘာကြားအောင် တအားကျုံးအော်ပြီး ပညာရှင် ပဂေး တို့ကို မေးခွန်း ထုတ်ရမယ့် ကိစ္စ က ရှိသေးသဗျ။

အဲဒီ မေးခွန်း က၊ စစ်အာဏာရှင် တွေ၊ ကျိကျိတက် ‘ ထော လာတာ သိတယ်နော်။ အဲ.. တိုင်း သူ ပြည်သား လူအများကတော့ ဖွတ်ကျော ပြာစု ခရု အဆန်ကျွတ် ဖြစ်ကြ ရတာလည်း သိတယ်နော်။

နောက်တခု ဆက်မေးရမယ့် မေးခွန်း ရှိသေးတယ်။ ကဲ ဟုတ်ပါပြီ။ ဒါဖြင့် ဒီ ဇွတ်ထော နဲ့ ဖွတ်ကျော ဇာတ်လမ်း မှာ ဗီလိန် ( လူကြမ်း လူဆိုး လူညစ်) က ဘယ်သူလဲ။

ဒီနေရာမှာ ကျုပ်ပြောချင်တဲ့ ဇာတ်လမ်းက စပြီ။ ဒေါက်ခနဲ ကောက်ကာ ငင်ကာ ပြောရရင် ဗီလိန် က ခရိုနီ တွေပေါ့ဗျာ။။ ဂျာနယ်တစောင် က၊ ခရိုနီ ကို ၊ အစိုးရ နဲ့ နီးစပ်သော စီးပွားရေး လုပ်ငန်းရှင် လို့ စေတနာ ဗရပွ နဲ့ လှလှကလေး ဘာသာ ပြန်သေးသဗျ။ ကျုပ်က စေတနာ တော့ ရှိပါရဲ့။ လှလှလေး ဘာသာ မပြန်တတ်လို့ ငမြွေထိုး ခေါင်း ပိသာလေး နဲ့ ထုသလိုလို အာဏာ ကပ်ပါးစီးပွားရေး ဓါးပြများလို့ တဲ့တိုးကြီး ကင်ပွန်း တပ်လိုက်ရတယ်ဗျာ။

အဲဒီ ဓါးပြတွေ ဟာ ဘယ်သူတွေ လဲ ဆိုတာ အားလုံး သိကြပါတယ်နော်။ သိရင်လည်း ပြီးရော။ ကျုပ်က သူတို့ အကြောင်း ပြောချင်တာ မဟုတ်ဘူး။ ပြောနေလည်း ဘာမှ မထူးပါဘူး။ အာဏာ ကပ်ပါး စီးပွါးရေး ဓါးပြ ဆိုတဲ့ အတိုင်း လက်ဝါးကြီးအုပ် စီးပွားရေး လုပ်ငန်းကြီး တွေ လုပ်တယ်ဗျာ။ လယ်သမားတွေ ရဲ့ စိုက်မြေ- ပျိုးမြေတွေ အဓ္ဒမ သိမ်းတယ်ဗျာ။ မြေလျှိုး မိုးပျံ လုပ်ငန်းကြီး တွေ လုပ်တယ်ဗျာ။ စက်လုပ်ငန်းကြီးတွေ တိုက် လုပ်ငန်းကြီးတွေ ဘဏ်လုပ်ငန်းကြီးတွေ လုပ်တယ်ဗျာ။

အဲဒီ လုပ်ငန်းရှင်ကြီးတွေ က၊ သူတို့ကို မွေးစား ခိုင်းစား တဲ့ အာဏာရှင် ကြီးတွေ ထက်တောင် ချမ်းသာ ကြွယ်ဝ ဘောဂ သူဌေးကြီးတွေ ဖြစ်ကြတယ်။

ဒီနေ့ ပြည်သူတွေက အသံကုန်ဖြဲ ပြီး၊ အသံကွဲ ကြီး တွေ နဲ့ အော်လာကြပြီ။ လက်ဝါးကြီး အုပ်တာတွေ မလိုချင်။ စီးပွားရေး ဓါးပြ တွေ လက်ရှောင်။ အာဏာ ကပ်ပါး တွေ ဇာတ်သိမ်းကြ ။ ပြည်သူလူထု က ဆင်းရဲတွင်း နက်နက်ကြီး ထဲက နစ် နေကြတယ်ဗျ။

ဒီလို ပြည်သူတွေ ဖွတ်ကျော ပြာစု တွေ ရဲ့ အော်သံ ဟစ်သံ တွေ အကြားမှာ အာဏာရှင် ကပ်ပါး စီးပွားရေး ဓါးပြ တွေ ကို အောင်နိမိတ် နဲ့ အောင်ဘိသိတ်သွန်း တဲ့ အသံဆိုးကြီး တသံ ၀န်ကြီး ဌါန တခု ရဲ့ ဆွေးနွေးပွဲ က ပေါ်ထွက်လာတယ်ဗျ။

အဲဒီ ငှက်ဆိုးထိုးသံလို အသံက ဒီလိုတဲ့ဗျာ။

‘ခရိုနီတွေကို ပြန်သုံးရမယ်။ ကောင်းတဲ့ နေရာမှာ ပြန်အသုံးချ လို့ ရတယ်။ မဟုတ်ရင် သူတို့ အပြင်ထွက် သွားကြမယ်။ အကုန်ပါသွားမှာ။ တိုင်းပြည် အတွက် လုပ်ချင်တဲ့သူတွေ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ စကားပြောတဲ့ အခါ ဒေါ်စု လည်း ဒီ ဟာ ကို သဘောတူတယ်’ တဲ့။

ဟုတ်လား။ ဒေါ်စု က သဘောတူ တယ်တဲ့လား။ ဟား ဟား ဟား ။ ကျုပ်ကတော့ ဒီလို တောရမ်းပယ်ဖွဲ့ စကားမျိုး ချောကလက် အတောင့်လိုက် စားပြီး ပြောတောင် မယုံရေးချ မယုံဗျ။

အကုန်ပါသွားမှာ…တဲ့လား။ ကုန်စမ်းပါစေဗျာ။ ကျုပ် လူပြိန်းစကားပဲ ပြောမယ်။ တိုင်းပြည်ကြီး အာဏာ ကပ်ပါးတွေ စီးပွားရေး ဓါးပြတိုက်လို့ တာတေလံ အောင် မွဲပြာကျနေပြီဗျ။ သူတို့ တိုက်ရာပါ ဥစ္စာ ခိုးရာပါ ပစ္စည်းတွေ ကို ၊ ခါးပိုက်နှိုက် အလစ်သုတ် သလို ၊ ကဲ့ထုတ် သွားကုန်မှာ စိုးသတဲ့လား။ မပူပါနဲ့။ ငကန်းသေ ငစွေ မပေါ်အောင်သာ ဆုတောင်းပါလေ။ ဒီလို ပြည်သူ့ ဘဏ္ဍာ ကို မဟာ သူခိုး ဓါးပြ တွေ ကူးတို့ခ သယ်သလို ပြည်ပ သယ်သွားကြတာ ၊ အာဏာရှင် နိုင်ငံတွေ မှာ ဗြောင်းဆန်အောင် ပေါများ ခဲ့တယ်ဗျ။ သမိုင်းခေတ်တွေ သက္ကရာဇ် နှစ် တွေ နဲ့ ချီ လို့တောင် ကြာတောင်း ကြာလှခဲ့ ပြီဗျ။ ဖိလစ်ပိုင် ကြည့်မလား ဗီယက်နာမ် ကြည့်မလား အင်ဒိုနီးရှား ကြည့်မလား အရှေ့အလယ်ပိုင်း ကြည့်မလား တောင်အမေရိကား နိုင်ငံတွေ ကြည့်မလား ၊ အာဖရိက နိုင်ငံတွေ ကြည့်မလား။

အာဏာ ကပ်ပါး ခရိုနီ စီးပွားရေး ဓါးပြ များ နဲ့ ပတ်သတ်လို့ ၊ စီးပွားရေး ပညာရှင် ဦးဟန်ထွန်း ( အခွန်) ပြောတဲ့ စကား က မှတ်သားစရာ ကောင်းတယ်။ ဦး ဟ န် ထွန်း က….

‘ ပြီးခဲ့တဲ့ ရာဇ၀င်ကို ပြန်ကြည့်ရင် ခရိုနီ တွေ က၊ အလုပ်အကိုင် အခွင့်အလမ်း တွေ ၊ ပေါ်ပေါက်လာအောင် ဖန်တီးပေးခဲ့တာ နည်းတယ်။ ကုန်ထုတ်လုပ်ငန်း တွေကို ထိထိရောက်ရောက် လုပ်ခဲ့တာ နည်းတယ်။ အမြတ်အစွန်း လွယ်လွယ်ကူကူ ရမယ့် အလုပ်တွေကို လုပ်နေတာ များတယ်။

ဦး ဟ န်ထွန်း ဆက်ပြောခဲ့တဲ့ စကားကို နားထောင်ကြည့်ပါ။ ‘ ဆင်းရဲသား လုပ်သား ပြည်သူ ကောင်းကျိုး အတွက် သူတို့ ဘာတွေ လုပ်ခဲ့သလဲ ပြန်စဉ်းစားစေချင်တယ်။ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မူ အထောက်အကူ ပြုစေရန် ဘာလုပ်ငန်းတွေ လုပ်ခဲ့သလဲ ပြန်စဉ်းစား သင့်တယ်။

မဆုံးသေးဘူး။ ဆက်ပြောသေးတယ်။

‘ အရင်တုန်းက အတိုင်းပဲ။ အာဏာပိုင် ပုဂ္ဂလိက တွေ နဲ့ နှီးနွယ်တဲ့ စီးပွားရေး လုပ်ငန်း မျိုး အခွင့်အရေး တွေ ယူပြီးတော့ မိုနို ပိုလီ (လက်ဝါးကြီးအုပ်) အလုပ်မျိုး ကိုတော့ ခွင့်မပြုသင့်တော့ပါဘူးတဲ့။

ကိုင်း….ကိုင်း တော်လောက်ပါပြီ။

ခရိုနီတွေလို သူခိုးလမ်းပြ ၊ ဓါးပြ လက်ထောက်ချ လုပ်နေတဲ့ ဂုရုကြီးကို မကြားတကြား ပြောချင်တဲ့ စကားကတော့

‘ ခရိုနီတွေ အပြင် ( ပြည်ပ ) ထွက်ကုန်ရင် ခင်ဗျားကြီးပါ နောက်တော်ပါး က၊ အခစါး လိုက်သွားဗျာ ။ သူခိုးတွေ ရဲ့ စီးပွားရေး အကြံပေး အရာရှိ သာ လုပ်စားဗျာ….’

သြော် မေ့လို့..မေ့လို့..။

စာကြွင်း စကားကြွင်းလေး ဆက်ပါရစေဦး။

အဲဒီ ငှက်ဆိုးထိုးသံ ကြီးကို တိုင်းသိ ပြည်သိ ပြောပေါ်မှာ ရွှေ….. ရွှေ…. ရွှေ…. ( စကားထစ်နေတာ ခွင့်လွှတ်ပါဗျာ ) ကြော်ငြာ ထုတ်သူက…သာမျင်ညောင်ည ချောင်ကြားက မောင်ဖား တဲ့လား။ မဟုတ်ဘူးဗျ။



နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ရဲ့ စီးပွားရေး အကြံပေး အဖွဲ့ ဥက္ကဌ တဲ့။။။

By - ဦးဝင်းတင်

Monday, May 28, 2012

ပြည်သူ့ ဂုဏ်ရည်ဆု ရှင် "လဖိုင်နော်မိန်း"

 အိမ့်သံစဉ် ရေးသားတင်ပြသည်


ဒီနှစ် ၂၀၁၂ ခုနှစ်အတွက် တတိယ အကြိမ် ပြည်သူ့ဂုဏ်ရည်ဆုကိုတော့ ကချင်ပြည်နယ်မှာ သတင်းမီဒီယာ လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာဖို့ အဓိက ဦးဆောင် လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ လဖိုင်နော်မိန်း (Kachin Land News) က ဆုမဲပေါင်း ၅၁၃,၉၂၂ ပေးခဲ့တဲ့အထဲက ၅၁.၂၅ ရာခိုင်နှုန်းနဲ့ ရွေးချယ်ခံခဲ့ရပါပြီ။ သူ့ဘ၀ တစေ့တစောင်းလေးကတော့ အောက်မှာ အကျဉ်းဖော်ပြထားပါတယ်။

“၂ဝဝ၂ ခုနှစ်မှစ၍ မီဒီယာလုပ်ငန်း အဓိကလုပ်ကိုင်ရန်အတွက် မိုင်ဂျာယန်တွင် Sinpraw Bum Media (ဆင်ပရော့ဘွမ် မီဒီယာ) လုပ်ငန်းကို အဓိက ဦးဆောင်လု ပ်ကိုင်ခဲ့သည်။ လူငယ်များအား မီဒီယာနှင့် ပတ်သက်သည့် သင်တန်းများ ပို့ချခြင်း၊ ကေအိုင်အိုအဖွဲ့၏ သတင်း မှတ်တမ်းဌာနတွင် ကူညီပံ့ပိုးခြင်း၊ ကချင်စကားပြော ဗီဒီယိုဇာတ်လမ်းများ တာဝန်ယူ ရိုက်ကူး ခြင်းလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။

၂ဝ၁၁ ခုနှစ်တွင် Kachinlandnews Web Site ကို တက်ကြွသည့် ကချင်လူငယ်တစုနှင့်လက်တွဲ၍ ဦးဆောင် တည်ထောင် ခဲ့သည်။ ၂ဝ၁၁ ခုနှစ် ဇွန်လတွင် ကချင်ပြည်နယ် အတွင်း ပြန်လည် စတင်ခဲ့သော ပြည်တွင်းစစ် ကာလအတွင်း ကချင် လူငယ် တစု စုပေါင်း၍ Kachinland News သတင်းဌာနကို စတင်တည်ထောင်ရာ လဖိုင်နော်မိန်းသည် တက်ကြွစွာ ပါဝင် ခဲ့ပြီး Kachinland News သတင်းဌာန၏ သတင်းထောက်ချုပ် တာဝန်ကိုယူခဲ့သည်။

၂ဝ၁၂ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် စိန်လုံဒေသရှိ ကောင်းဝဲတိုက်ပွဲအတွင်း စစ်ဖြစ်နေသည့်နေရာသို့ ကိုယ်တိုင်သွား ရောက် သတင်းယူနေစဉ် မြန်မာ အစိုးရ စစ်တပ်မှ ပစ်ခတ်သော သေနတ်ကျည်ဆံ ထိမှန်ကာ လည်ပင်းအောက်ပိုင်း ခန္ဓာကိုယ် တခုလုံး မလှုပ်ရှားနိုင်ဖြစ်သွားခဲ့သည်။

လက်ရှိအချိန်တွင် ဇနီးဖြစ်သူ ဒေါ်အင်ခွန်ဆိုင်းအောင် နှင့် သမီး လဖိုင်နန်ဆိုင်းပန် တို့က အနီးကပ် ပြုစု စောင့်ရှောက် ပေးနေရသည်။

လဖိုင်နော်မိန်းသည် ပတ်ဝန်းကျင်ရှိ လူငယ်များအား လူသားတစ်ယောက်အနေဖြင့် အရေးကြီးသည့် ရှင်သန်ရပ်တည်မှု အပြင် ချစ်ခြင်းမေတ္တာ၊ စိတ်နှလုံးနှိမ့်ချခြင်းများနှင့် လူ့အဖွဲ့အစည်းအား အကျိုးပြုစေလိုပြီး လူသားဆန်စွာ အသက် ရှင်သန် ရန် စံနမူနာပြနေထိုင်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

ဘဝကို ရိုးသားစွာဖြတ်သန်းပြီး သူတပါးအကျိုးအား အမြဲရှေးရှု ကူညီတတ်သူတဦးလည်းဖြစ်သည်။” လို့ သိရပါတယ်။


တတိယအကြိမ်ပြည်သူ့ ဂုဏ်ရည်ဆု မှတ်တမ်း

တတိယအကြိမ်ပြည်သူ.ဂုဏ်ရည်ဆု ဆန်ကာတင်(၅)ဦးအနက် လူမှု.အထောက်အကူပြုအဖွဲ.(အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်) ကိုယ်စား ဆုတက်ရောက်ယူအပြီးစုပေါင်းရိုက်ကူးထားပုံ။

တတိယအကြိမ်ပြည်သူ.ဂုဏ်ရည်ဆု ဆန်ကာတင်(၅)ဦးထဲမှ လူမှု.အထောက်အကူပြုအဖွဲ. (အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်) ကိုယ်စားဆုတက်ရောက်လက်ခံယူအပြီး။(မေလ ၂ရ , ၂၀၁၂)


မှတ်တမ်း Yanchai Sha

စံ

                စံ

ကျော်ကြားဖို့ မမစဉ်းစားနဲ့ ကိုယ်လူ။
သူလို ...
ရိုးသား ကြိုးစား နိုင်ပြီလား။

ရွှေရောင်နှလုံးသား ပိုင်ရှင်များဟာ
ပေးဆပ် စွန့် လွှတ်ခြင်းတွေနဲ့ ပါ...တဲ့
ဖြူစင် ရှင်းသန့် တဲ့ စိတ်နဲ့ ပါ...တဲ့ဗျ။

ဇီးရိုးပဲ...
ဘာဆိုဘာမှမရှိတော့ဘူး
အတ္တ၊ မာန်မာန၊ဂုဏ်
အို.......
အကုန် အကုန်လုံးဘဲ ဗျာ။

ကွက်ကွက်ကွင်းကွင်းနဲ့  ဒဲ့ပဲ ပြောမယ်
ရုပ်ရှင်မင်းသား သုဘရာဇာကြီး
ခေါင်း ထမ်းထားတယ်။

ကဲ....
ခင်ဗျား...ဘာလုပ်မလဲ....။

ရိုး ( ခေတ္တရာ)
May 28 , 2012
ကိုကျော်သူ ဆီမှရှယ်ထားခဲ့ပါတယ်

Sunday, May 27, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကို ဂုဏ်ထူးဆောင် ပါရဂူ ဘွဲ့ ဆုချီးမြှင့်

မေလ (၂၄) ရက် မနေ့က အမေရိကန်ပြည်ထောင်စု Maryland ပြည်နယ်၊ Johns Hopkins တက္ကသိုလ်မှာ ကျင်းပတဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (Doctor of Humane Letters) ချီးမြှင့်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ AIDS ရောဂါ ကာ ကွယ် ကုသစောင့်ရှေက်မှုတွေ မကြာခဏသွားရောက် လုပ်ဆောင်ခဲ့သူ Johns Hopkins တက္ကသိုလ် လူထု ပညာရေးဌာနက ပါမောက္ခ ဒေါက်တာ ခရစ်(စ်) ဘိုင်ယာ (Dr. Chris Beyrer) က ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလက်ခံ ရယူခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီအခမ်းအနားအတွက် ဗီဒီယိုမိန့်ခွန်းပေး ပို့ခဲ့တာမှာ မြန်မာနိုင်ငံက လူငယ်တွေရဲ့ တောက်ပတဲ့ အနာဂတ်အတွက် Johns Hopkins တက္ကသိုလ်က ပူးပေါင်းပါဝင်လိမ့်မယ်လို့သူမျှော်လင့် ကြောင်း ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို Johns Hopkins တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်တာနဲ့ ပတ်သက်ပြီး ကိုရော်နီညိမ်းက တင်ပြပေးပါထားပါတယ်။
မေလ ၂၄ ရက်နေ့က မေရီလဲန်းပြည်နယ်၊ ဘော်လတီမိုးမြို့က Johns Hopkins တက္ကသိုလ် ဟုမ်းဝုဒ် နယ်မြေ(Home Wood Campus)မှာကျင်းပခဲ့တဲ့ ဒီဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ခဲ့တာပါ။ ဒီအခမ်းအနားအတွက် ဒေါ်အောင်ဆန်းစုကြည်ပေးပို့တဲ့ဗီဒီယိုမိန့်ခွန်း အမှာစကား ပြောကြားတာကိုလည်း ပြသခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ တက္ကသိုလ် ဘွဲ့ရလူငယ်တွေ ရင်ဆိုင်နေကြရတဲ့ လက်တွေ့ ပကတိအခြေအနေကို အခုလို ပြောပြခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်။   ။ ကျမတို့နိုင်ငံက လူငယ်ထုရဲ့ အများစုကြီးဟာ အခြေခံကျတဲ့ပညာရေး လိုအပ်နေ ကြပါတယ်။ ကျမက မူလတန်းကျောင်းအဆင့် ကလေးတွေရဲ့ အခြေခံပညာရေးကို ပြောနေတာ မဟုတ်ပါဘူး။ ကျမက တက္ကသိုလ်ဘွဲ့ရလူငယ်တွေမှာ အခြေခံကျတဲ့ပညာရေး လိုအပ်နေကြတာကို ပြောနေတာ ပါ။ မြန် မာနိုင်ငံ မှာ မြောက်များလှတဲ့ တက္ကသိုလ်ဘွဲ့ရလူငယ်တွေဟာ အလုပ်လက်မဲ့တွေ ဖြစ်နေကြပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ တက္ကသိုလ်တွေက သူတို့တွေ အလုပ်အကိုင်တွေရရှိကြဖို့ လုံလောက်စွာလိုအပ်တဲ့ အခြေခံ ကျကျပညာရေးကို သင်ကြားမပေးနိုင်ကြလို့ပါပဲ။ ဒါကြောင့် ကျမတို့နိုင်ငံနဲ့ ကျမတို့ရဲ့ လူငယ်တွေမှာ အခုလို ပညာရေးအရ အကြီးအကျယ် လိုအပ်နေမှုကို Johns Hopkins တက္ကသိုလ်နဲ့တကွ တခြားသော အမေရိ ကန်ပြည်ထောင်စုက ပညာရေးအဖွဲ့အစည်းတွေကို၊ ကျမက သိရှိကြစေချင်ပါတယ်။ ကျမတို့နိုင်ငံရဲ့ တက္က သိုလ်ဘွဲ့ရ လူငယ်တွေဟာ တကယ့်ပညာတွေကို တတ်မြောက်ကြပြီးသား လူငယ်တွေ ဖြစ်လာကြရမှာပါ။ ဒါပေမဲ့ အဲဒီလို ဖြစ်မလာကြတာကြောင့် သူတို့အတွက် ဘ၀ရဲ့စိန်ခေါ်မှုတွေကို တကယ်တမ်းရင်ဆိုင်နိုင်တဲ့ ပညာရေးကို အကြီးအကျယ် လိုအပ်နေကြတယ် ဆိုတာကို သိစေချင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က သူ့ကို အခုလို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ခဲ့တဲ့ Johns Hopkins တက္ကသိုလ်အနေနဲ့ မြန်မာလူငယ်ထုရဲ့ ပညာရေးကို ကူညီစောင့်ရှောက်ပေးဖို့ ဗီဒီယို မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်။   ။ ကျမတို့နိုင်ငံရဲ့ လူငယ်ထုနဲ့ သူတို့ရဲ့ပညာရေးဟာ၊ ကျမတို့နိုင်ငံရဲ့ အနာဂတ် အတွက် အလွန့်ကို အရေးပါနေပါတယ်။ သူတို့တွေနဲ့ ကျမတိ့နိုင်ငံရဲ့ အနာဂတ် တွေ တောက်ပလာနိုင်ဖို့ အတွက် Johns Hopkins တက္ကသိုလ်က ပူးပေါင်းပါဝင်လိမ့်မယ်လို့၊ ကျမက မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံက လူငယ်တွေဟာ Johns Hopkins တက္ကသိုလ်ကပေးတဲ့ ပညာရေးကို ရယူနိုင်ပြီး ကျမ အခုရရှိတဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့မျိုးတွေ သူတို့လည်း ရရှိလာကြတဲ့အထိ၊ သူတို့ရဲ့ ပညာရေးကို Johns Hopkins က မြှင့်တင်ပေးနိုင်မယ့် အချိန်ကို ကျမက စောင့်မျှော်နေပါတယ်။”
ပြီးခဲ့တဲ့ ဇန်နဝါရီလက Johns Hopkins တက္ကသိုလ်ရဲ့ဥက္ကဋ္ဌ ရွန်ဒဲန်နီရယ်လ် (Ron Daniel) နဲ့အတူ မြန်မာနိုင်ငံကို သွားရောက်ခဲ့သူလည်းဖြစ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို လက်ခံယူခဲ့တဲ့ ဒေါက်တာ ခရစ္စ်ဘိုင်ယာက ဒေါ်အောင်ဆန်းစုကြည်ကို ဒီဘွဲ့ချီးမြှင့်တာနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။
ဒေါက်တာ ခရစ္စ်ဘိုင်ယာ။    ။ ပြီးခဲ့တဲ့ဇန်န၀ါရီလက မြန်မာပြည်မှာ Johns Hopkins တက္ကသိုလ်ရဲ့ ဥက္ကဋ္ဌ ရွန် ဒဲန်နီရယ်လ်နဲ့ ကျနော်နဲ့ဟာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ အကျဉ်းထောင်က လွတ်မြောက်ခါစ (၈၈)မျိုးဆက် ကျောင်း သားတွေအပါအ၀င် မြန်မာ့နိုင်ငံရေးမှာ အရေးပါသူတွေ၊ လူမှုရေး လုပ်ငန်းတွေ ကို ဆောင်ရွက်နေကြ သူတွေ၊ မြန်မာအစိုးရရဲ့ သမ္မတကြီး ဦးသိန်းစိန်နဲ့ ၀န်ကြီးတချို့နဲ့ပါ တွေ့ ဆုံခဲ့ကြ ပါတယ်။ တွေ့ခဲ့သမျှ ပုဂ္ဂိုလ်တွေနဲ့ ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတာက မြန်မာနိုင်ငံက ပညာရေးနဲ့ လူထုကျန်း မာရေးကဏ္ဍတွေမှာ အထူးသဖြင့် တက္ကသိုလ်ကောလိပ်ကျောင်းတွေမှာ ပညာရေး ကို ပြန်ပြီးမြှင့်တင်ဖို့ ကျနော်တို့ Johns Hopkins တက္ကသိုလ်က ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ဆောင် ရွက်နိုင်မလဲ ဆိုတာ ပါ။ တော်တော်များများ အစီအစဉ်တွေ စဉ်းစားကြံဆ ချမှတ်နိုင်ခဲ့ကြပါတယ်။ ဒါကြောင့် လည်း မြန်မာနိုင်ငံမှာ ဒီလိုအခြေအနေတွေ ရောက်ရှိလာအောင် အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းလမ်းအမျိုး မျိုးနဲ့ ကြိုးပမ်း ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ Johns Hopkins တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ရတာဖြစ်ပြီးတော့ ကျနော်တို့ တက္ကသိုလ်က ဒီ့အတွက် ပိုပြီးဂုဏ်တက်ပါတယ် ခင်ဗျာ။
ဒေါက်တာ ခရစ္စ်ဘိုင်ယာက အခုအခါ မြန်မာနိုင်ငံမှာ Johns Hopkins တက္ကသိုလ်က စတင်ဆောင်ရွက်နေမှုနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။
ဒေါက်တာ ခရစ္စ်ဘိုင်ယာ။  ။ ပြီးခဲ့တဲ့ဇန်န၀ါရီလက စလို့၊ ကျနော်တို့ တက္ကသိုလ်ရဲ့ လူထုပညာရေးဌာနက သင်တန်းပေးတယ့်သူတွေ၊ မြန်မာနိုင်ငံကို သွားပြီးတော့ အရေးပေါ်ကျန်းမာရေး ပြုစုစောင့်ရှောက်မှုပညာရပ် အခြေခံသင်တန်းနဲ့ အဆင့်မြင့် သင်တန်း တချို့ကို စပြီး သင်ကြားပေးနေကြပါပြီ။ ကျနော်တို့က အပြန်အလှန်ပညာရေးဖလှယ်မှုအစီအစဉ်အဖြစ် ကျနော်တို့ တက္ကသိုလ်ရဲ့ လူထုပညာရေးဌာနက ကျောင်းသားတွေ မြန် မာနိုင်ငံမှာ သွားရောက်ပညာ သင်ကြားကြဖို့နဲ့၊ မြန်မာကျောင်းသားတွေ Johns Hopkins တက္ကသိုလ်ကို လာရောက် ပညာသင်ကြားကြဖို့ တွေကို၊ မကြာခင် အကောင်အထည်ပေါ်လာအောင် လုပ်ကိုင်ဆောင် ရွက်နေပါတယ်။"
လူ့အခွင့်အရေးအတွက် ငြိမ်းချမ်းစွာ တိုက်ပွဲဝင်ခဲ့သူအနေနဲ့ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို Johns Hopkins တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ခဲ့တာကြောင့်၊ ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမိန့်  ခွန်းသတင်းစကားထဲမှာ ဒီ့အတွက် တုံ့ပြန်စကားပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်။   ။ မြန်မာနိုင်ငံက လူ့အခွင့်အရေးအကြောင်းကို ကျမက ပြောတယ်ဆိုရင်၊ တကယ် က ကျမက တကမ္ဘာလုံးက လူ့အခွင့်အရေးအကြောင်းကို ပြောတာပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူသားအနေနဲ့ ဖြစ်တည်နေမှုက ဘ၀အခြေ အနိမ့်အမြင့်နဲ့ မဆိုင်ပါဘူး။ လူသားတစ်ဦးဟာ ကမ္ဘာပေါ်က တနေရာမှာ မပြည့်မစုံ ဘ၀နဲ့ နေနေရတာကြောင့်၊ သူဟာ တင့်တောင့်တင့်တယ် နေထိုင်နေကြရတဲ့နေရာက လူသားထက်နိမ့်ကျတယ်လို့ အဓိပ္ပာယ်ဖွင့်လို့ မရပါဘူး။ ဒါကြောင့် ကျမတို့က မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အတွက် ရုန်းကန်လှုပ်ရှားနေကြတယ် ဆိုရင်၊ ဒါက ကျမတို့က လူသားအားလုံးရဲ့ လူ့အခွင့်အရေးအတွက် ရုန်းကန်လှုပ်ရှားနေတာပါပဲ။
Johns Hopkins တက္ကသိုလ်ရဲ့ အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာမှာရှိတဲ့ တက္ကသိုလ်ခွဲတွေအားလုံး မှာ ဘွဲ့နှင်းသဘင်အခမ်းအနားတွေကို မေလ ၂၄ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး ဒီအခမ်းအနားတွေအားလုံးမှာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗီဒီယို မိန့်ခွန်း အမှာစကားကို ပြသခဲ့ပါ တယ် ခင်ဗျာ။

သတင်း.... VOA

မြန်မာနိုင်ငံလူငယ်များအစည်းအရုံးမှ ရံပုံငွေဈေးရောင်းပွဲတွင် မီးပျက်တဲ့ဒုက္ခကိုမင်းကိုနိုင်ကိုယ်တိုင် စန္ဒယားတီးပြီးသီချင်းတစ်ပုဒ်ဖျော်ဖြေ







မြန်မာနိုင်ငံလူငယ်များအစည်းအရုံးမှ ရံပုံငွေဈေးရောင်းပွဲတွင် မီးပျက်တဲ့ဒုက္ခကိုမင်းကိုနိုင်ကိုယ်တိုင် စန္ဒယားတီးပြီးသီချင်းတစ်ပုဒ်ဖျော်ဖြေ


၂၀၁၂ မေလ ၂၆ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့၊ပုဇွန်တောင်မြို့နယ်၊တောင်လုံးပြန်ရပ်ကွက်တွင်မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးမှရံပုံငွေဈေးရောင်းပွဲနှင့်ဖျော်ဖြေရေးအစီအစဉ်များဖြင့်စီစဉ်တင်ဆက်ခဲ့ကြပါတယ်။ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊Generation Waveနှင့် ၈၈မျိုးဆက်ကျောင်းသားများပူးပေါင်း ပါဝင် တင်ဆက်ကြပြီး ပုဇွန်တောင်မြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းလည်း တက်ရောက် အားပေးတာတွေ့ရပါတယ်။

ဂီတမှူး ကိုဝင်းမော်ဦးစီးတဲ့ရွှေသံစဉ်တေးဂီတအဖွဲ့နဲ့အတူတေးသံရှင်သျှီ၊အနဂ္ဂ၊သံသာဝင်း၊ခိုင်မြဲသာ၊ကာကာ တို့ကလည်းတေးသီချင်းများနဲ့ဖျော်ဖြေခဲ့ကြပါတယ်။

ပြဇာတ်တိုများ၊သံချပ်များ၊ဟာသတေးသရုပ်ဖေါ်များနဲ့လည်းတင်ဆက်ခဲ့ကြပါတယ်။၈၈မျိုဆက်ကျောင်းသားတွေဖျော်ဖြေမှုအစမှာ ကိုမင်းကိုနိုင်ကဦးဆောင်ပြီး ၈၈တုန်းကဒီမိုကရေစီရေးအတွက်အသက်စွန့်သွားကြတဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေအတွက်ရည်စူးတဲ့ပန်းစည်းနဲ့လက်ရှိမြန်မာနိုင်ငံ အကျဉ်းထောင် တွေထဲ မှာ ကျန်ရှိနေသေးတဲ့ သံတိုင်များနောက်က နိုင်ငံရေးအကျဉ်းသားတွေအတွက် ရည်စူးတဲ့ ပန်းစည်းတွေကို စင်ပေါ်မှာချပြီးမှသူတို့ရဲ့ဖျော်ဖြေရေးအစီအစဉ်တွေကိုစတင်ခဲ့ပါတယ်။

လက်ရှိပြည်သူတွေရင်ဆိုင်ခံစားနေရတဲ့ မီးပျက်တဲ့ဒုက္ခကိုတင်ပြတဲ့အနေနဲ့ ကိုမင်းကိုနိုင်ကိုယ်တိုင်
စန္ဒယားတီးပြီး သီချင်းတစ်ပုဒ်ဖျော်ဖြေခဲ့ပါတယ်။ ပရိသတ်များကပါ ဖရောင်းတိုင်များထွန်းညှိကိုင်ဆောင် ပြီးပူးပေါင်းပါဝင်ကြတာတွေ့ရပါတယ်။

Shwe than zin  and Mc Hein lay

ဒေါ်စု ဒုက္ခသည်စခန်းကို ဇွန် ၂ ရက်နေ့ သွားမယ်





ဒေါ်စု ဒုက္ခသည်စခန်းကို ဇွန် ၂ ရက်နေ့ သွားမယ်
Sunday, May 27, 2012 သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံ မှာ ရောက်ရှိနေစဉ်၊ ဇွန်လ(၂)ရက်နေ့မှာ မဲဆောက်မြို့အနီးက မယ်လဒုက္ခသည်စခန်းကို သွားရောက် မှာ ဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ်က အကြီးဆုံးသောမယ်လဒုက္ခသည်စခန်းကို ဒေါ်အောင်ဆန်းစု ကြည် ရောက်ရှိလာတဲ့အခါ ဒီစခန်းထဲက ပညာသင်ကြားမှု အခြေအနေနဲ့ ကျန်းမာရေးအခြေအနေတွေ ကို လေ့လာမှာဖြစ်တယ်လို့၊ ဒီစခန်းရဲ့တာဝန်ရှိသူက ဗီအိုအေကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မဲဆောက်မြို့က မယ်တော်ဆေးခန်းကို သွားရောက်မှာ ဖြစ်သလို၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဦးရော်နီညိမ်းက တင်ပြပေးပါလိမ့်မယ်။

ဇွန်လ ၂ ရက်နေ့မှာ ထိုင်းနိုင်ငံကို ရောက်ရှိနေမယ့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ထိုင်း - မြန်မာ နယ်စပ်ခရီးစဉ်နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံကို ကြိုတင်ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ကိုယ်ရေးလုံခြုံရေးအရာရှိ ဦးခွန်သာမြင့်က ကရင်ဒုက္ခသည်များ အရေးကော်မီတီ (Karen Refugees Committee - KRC) ရဲ့ ဥက္ကဌလည်းဖြစ်ပြီးတော့ ဒုက္ခသည်စခန်းများ ကော်မီဥက္ကဌလည်း ဖြစ် တဲ့ ဦးစောရောဘတ်ထွေးကို ရှင်းပြသွားတာကို ဗီအိုအေကို အခုလို ပြန်ပြောပြပါတယ်။

ဦးစောရောဘတ်ထွေး ။ ။ ဦးခွန်သာမြင့်ကတော့ ကျနော့်ဆီမှာရောက်တော့ သူဘယ်လို ပြောသလဲဆို ရင် ဒေါ်အောင်ဆန်းစုကြည်က ၂ ရက်နေ့မှာ သူက အဲဒီ မယ်လ စခန်းကို သွားမယ်တဲ့။ စခန်းကော်မီတီနဲ့ သူနဲ့ တွေ့ဖို့ရှိတယ်။ လူထုတွေနဲ့ သွားတွေ့မယ်။ ပြီးတော့ နောက်တခါလည်း အဲဒီ ဆေးရုံနဲ့ ပတ်သက်တာ၊ ပညာရေးနဲ့ ပတ်သက်တာ သူတို့ကတော့ တာဝန်ရှိတဲ့သူနဲ့ သူတို့ သွားတွေ့ချင်တယ်တဲ့။ အဲဒီလိုပြောတော့ ကျနော်တို့ အနေနဲ့ကတော့ စီစဉ်ပေးမယ်လေ။

ဗီအိုအေ ။ ။ ဒီ မယ်လဒုက္ခသည်စခန်းမှာ လောလောဆယ် အကြမ်းဖျဉ်း လူဦးရေ ဘယ်လောက်ရှိပါ သလဲ ဆရာ။

ဦးစောရောဘတ်ထွေး ။ ။ လောလောဆယ် လူဦးရေက ငါးသောင်းလောက် ရှိမယ်။

ဗီအိုအေ ။ ။ ကျောင်းတက်နေတဲ့ ကျောင်းသူကျောင်းသားဦးရေက ဘယ်လောက်ရှိပါသလဲ ဆရာ။ စခန်းထဲက ကျောင်းတွေ အများကြီးမှာ ပေါ့။

ဦးစောရောဘတ်ထွေး ။ ။ ကျောင်းတက်နေကြတာက တစ်သောင်းကျော် လောက်ရှိမယ်။

ဗီအိုအေ ။ ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဘယ်နေ့ရောက်ပြီး ဘယ်နေ့ ပြန်ထွက်မှာလည်း ဆရာ။

ဦးစောရောဘတ်ထွေး ။ ။ သူက ကျနော်တို့ စခန်းမှာဆိုရင် မနက် ၉ နာရီ ရောက်မယ်။ ပြီးတော့ ကျနော် တို့ရဲ့ ဆေးရုံက တာဝန်ရှိသူတွေနဲ့ သူတို့ တွေ့ချင်တယ်။ ပြီးတော့ ပညာရေးနဲ့ ပတ်သက်တဲ့ တာဝန်ရှိတဲ့ သူတွေနဲ့ သူတို့ တွေ့ချင်တယ်။ ပြီးတော့ လူထုတွေနဲ့ သူတို့ တွေ့ပြီးတော့ ဆွေးနွေးချင်တယ်၊ ပြောပြချင် တယ် အခြေအနေ။ နောက်ပြီးတော့ နေ့လည် ၁၂ နာရီမှာ မဲဆောက်ပြန်ကြမယ်။

ဗီအိုအေ ။ ။ မဲဆောက်ရောက်ရင်ရော ဘယ်သူတွေနဲ့ တွေ့ဖို့ရှိတယ်လို့ ဆရာ သိပါသလဲ။

ဦးစောရောဘတ်ထွေး။ ။ လူမျိုးစုခေါင်းဆောင်တွေနဲ့ သူနဲ့ တွေ့မယ်။ သူက ဖိတ်ထားတယ်၊ အစီအစဉ် ရှိတယ်။ ဒါကြောင့် အဲဒီ လူမျိုးစု ခေါင်းဆောင်တွေနဲ့ တွေ့ပြီးမှသာ သူက ဘန်ကောက်ကို ပြန်တက်မယ် ညနေ ၄ နာရီမှာ။"

မဲဆောက်မြို့ကို ဇွန်လ ၂ ရက်နေ့မှာ ရောက်ရှိလာတဲ့အခါ မယ်တော် ဆေးခန်းက ဒေါက်တာ စင်သီ ယာမောင် ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရင် သူ့အနေနဲ့ တင်ပြချင်တဲ့ အချက်ကို အခုလို ပြောပြပါတယ်။

ဒေါက်တာ စင်သီယာမောင် ။ ။ ထိုင်းဖက်ကလည်း ပါလာမယ်လို့ ထင်တယ်လေ။ ကျမတို့က သူတို့နဲ့ ညှိနှိုင်းပြီးတော့မှ အချိန်ပေါ်မှာ အခြေခံပြီးတော့ပေါ့နော်၊ ကျမတို့ ဆေးခန်းရဲ့ အခင်းအကျင်းတွေကို ပြနိုင်ဖို့ ကျမတို့ဆီမှာ ရှိတဲ့ လူနာတွေရော၊ အနီးစပ်ဆုံး ထိတွေ့မှုရှိအောင်တော့ စီစဉ်သွားပေးမှာပေါ့။ ကျမတို့ ဒီမှာရှိတဲ့ အစုအဖွဲ့တွေပေါ့နော်၊ ကျမတို့ ကျန်းမာရေး အစုအဖွဲ့တွေ အနေနဲ့ကတော့ ဒီနယ်စပ် ဒေသရဲ့ လူမှုရေး ကျန်းမာရေး အခြေအနေတွေပေါ့နော်။ နောက်တော့ ဒီ ရွှေ့ပြောင်းနေတဲ့ လူထုတွေပေါ့၊ လူထုရဲ့ လက်ရှိ အခြေအနေတွေ ကိစ္စကို အဓိကထားပြီး တင်ပြမှာပေါ့။

တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်က မဲဆောက်မြို့မှာ တွေ့ဆုံတဲ့အခါမှာ ရခိုင်ပြည် လွှတ်မြောက်ရေးပါတီ (Arakan Liberation Party - ALP) ရဲ့ ဒု ဥက္ကဌလည်း ဖြစ်ပြီးတော့ တိုင်း ရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ တပ်ပေါင်းစုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (National Democratic Front - ND) ရဲ့ ဒုဥက္ကဌလည်း ဖြစ်တဲ့ ဦးခိုင်စိုးနိုင်အောင်က သူ့အနေနဲ့ ဒေါ်အောင်ဆန်းစု ကြည်ကို တင်ပြမယ့်အချက်ကို ဗီအိုအေကို အခုလို ရှင်းပြပါတယ်။

ဦးခိုင်စိုးနိုင်အောင် ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့လို့ရှိရင်တော့ ကျနော်က ပထမ တစ်ချက်အနေ နဲ့ ပြောချင်တာကတော့ အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေတဲ့ ကိစ္စတွေကို ဒေါ်စု ပါဝင်ပြီးတော့ လုပ်ရင် ပိုပြီးတော့ အကျိုးရှိနိုင်တယ်လို့ အဲဒီလို ပြောချင်တယ်။ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် ဒေါ်စုက သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရနဲ့ တစုံတရာ ပူးပေါင်းဆောင်ရွက်တဲ့ ပုံစံမျိုး ဖြစ်လာတော့ အပြုသဘောဆောင်တဲ့ ပုံစံမျိုး ဖြစ်နေတယ် ဆိုတဲ့အပေါ်မှာ နိုင်ငံတကာက ပိုပြီးတော့ အာရုံစိုက်လာတာ ရှိ တယ်။ အဲဒါကြောင့် လက်နက်ကိုင်ပဋိပက္ခမှာလည်းပဲ ဒေါ်စု ပါဝင်ခြင်းအားဖြင့် ပိုပြီးတော့ အကျိုးရှိမယ် လို့ မြင်တယ်။

၁၉၉၇ ခုနှစ်က အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစုက ကမကထ လုပ်ပြီးတော့ မယ်သဝေါထ Seminar ဆိုတာ တခု ရှိတယ်။ အဲဒီ မယ်သဝေါထ Seminar မှာ တိုင်းရင်းသားတွေက သာတူ ညီမျှမှုရှိတဲ့ system တခု တည်ဆောက်ကြမယ် ဆိုပြီးတော့ agreement လုပ်တယ်။ အဲဒီအပေါ်မှာ ဒေါ်စုက ထောက်ခံတယ်။ ဆိုတော့ အဲဒါကြောင့် ထာဝရ ငြိမ်းချမ်းသာယာတဲ့ တိုင်းပြည်တစ်ခု တည်ဆောက်မယ် ဆိုလို့ရှိရင် တိုင်းရင်း သားတွရဲ့ ဆန္ဒကို အကောင်အထည် ဖော်လို့ရှိရင်တော့ ပိုပြီးတော့ ထာဝရ ငြိမ်းချမ်းရေးနဲ့ ပိုနီးစပ်နိုင်တယ် လို့ ပြောချင်တယ်။"

ဦးခိုင်စိုးနိုင်အောင်ဟာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (National Council of Union of Burma - NCUB) ရဲ့ သဘာပတိ အဖွဲ့ဝင်လည်း ဖြစ်ပြီးတော့ ဒီနှစ်ထဲမှာ မကြာသေးခင်က ALP ပါတီရဲ့ ကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်ပြီး စစ်တွေမြို့ကို သွားရောက်ပြီးတော့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမယ့် ကမ္ဘာ့ စီးပွားရေး ညီလာခံ (World Economic Forum) ကို မေလ ၃၀ ရက်နေ့ကနေ ဇွန်လ ၁ ရက်နေ့အထိ တက်ရောက်မှာ ဖြစ်ပြီးတော့ ဇွန်လ ၂ ရက်နေ့မှာ မဲဆောက်မြို့အနီးက မယ်လ ဒုက္ခသည် စခန်းနဲ့ မဲဆောက်မြို့တို့ကို သွားရောက်မယ့် ခရီးစဉ်အကြောင်း ဆက်သွယ်မေးမြန်း တင်ပြခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။

Sunday, May 20, 2012

အမေ့ ကိုစေတနာတွေ ပေးဆပ်ကြရအောင်.......

အမေ့ ကိုစေတနာတွေ ပေးဆပ်ကြရအောင်.......

ကျွန်တော်တို့ အားလုံးရဲ့  ပြည်သူ့ အမေ ရှေ့ဆောင်လမ်းပြ မီးရှူးတဆောင် အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အား ကျွုနုပ်တို့  မှ
အမေ ဒေါ်အောင်ဆန်းစုကြည် အားဝမ်းပန်းတသာ ကြိုဆိုနှုတ်ခွန်းဆက်သ အပ်ပါသည်။မြန်မာနိုင်ငံ ဒီမိုကရေစီ သမိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ နိုင်ငံရေးဦးဆောင်မှု၊အမျိုးသားရေးဦးတည်ချက်များ၊အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ဦးဆောင်မှုများအောက်တွင်
ကျွုနုပ်တို့ ရပ်တည်ချက် သည် ဦးလည်မသုန် အခိုင်အမာ နာခံလျှက်ရှိပါသည်။
အမေစုရဲ့ မည်သူတဦးတယောက်မျှ ပိုင်ဆိုင်မှုမရှိသေးသောအရည်အချင်းများကိုအမေစုအားသိစေလိုပါသည်။ထိုအကြောင်းအရာများကို စစ်အစိုးရကယနေ့ ထက်တိုင်အောင် အင်မတန်မှကြောက်ရွံ့ နေပါတယ်။

၁.အမှန်တရားအတွက် အမေစု ဟာ ကြောက်ရွံ့ ခြင်းမှကင်းဝေးရေး
၂. မေတ္တာ၊
၃. နူးညံ့သိမ်မွေ့မှု၊
၎ .လူသားဆန်မှု၊ လွတ်လပ်ခြင်းရဲ့ အနှစ်သာရနှင့်
၅.လူသားအားလုံးရဲ့ချစ်မြတ်နိုးမှုကို ကိုင်စွဲထားနိုင်တဲ့ သူပါ။ မြန်မာနိုင်ငံမှာ အမှန်တရားအတွက် လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီထွန်းကားရေးအတွက် ရုန်းကန်တိုက်ပွဲဝင်ရာမှာအမေ့မှာရှိနေတဲ့ အမေ့ရဲ့ 
ပင်ကိုယ် အရည်အသွေးမျာနှင့်ခေါင်းဆောင်မှုကိုပေးဆပ်နိုင်တာဟာ အမေတယောက်ဘဲရှိတယ်လို့  သားတိုယနေ့ ထက်ထိမြင်မိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ ပန်းတိုင်သို့ လူထုတရပ်လုံးနှင့်အတူ မှန်ကန်သော နည်းလမ်းဖြင့်
ချီတက်ရန်အတွက် ပြည်သူများ မပါဝင်ပဲ
မည်သည့်ကိစ္စမျှ ပြီးနိုင်မည် မဟုတ်သောကြာင့် ဒီမိုကရေစီအရေးတွင် ပြည်သူတို့က ဝိုင်းဝန်းကြိုးပမ်းသည့်
နည်းလမ်းကသာ မှန်ကန်သည်၊ ဤသို့သောစိတ်ဓါတ်ဖြင့် ကြိုးပမ်းသွားကြရမည်ဟုလူထုမိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က အလေးအနက် ထည့်သွင်းပြောကြားသွားသည်။

ဤမျှတန်ဖိုးရှိလှသော လမ်းညွှန်ချက်ကို ပြောဆိုသွားသည့် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာ့ဒီမိုကရေစီအရေး
အတွက် နှစ်ပေါင်းများစွာ စိတ်ဓါတ်မကျပဲ
လူထုနှင့်အတူ ပန်းတိုင်ရောက်အောင် ကြိုးစားနေသော ဒေါ်အောင်ဆန်းစုကြည်အား ကျွုနုပ်တို့  မှ တခဲနက် ကြိုဆိုထောက်ခံအပ်ပါသည်။
မင်္ဂလာရှိတဲ့ မနက်တိုင်းမှာ ရေးထိုးကြရမယ့်
ကျွန်တော်တို့ တတွေရဲ့ သမိုင်းတွေ အစဉ်အမြဲလှပနေဖို့ အတွက်
လူအချင်းချင်း ချစ်ခင်ကြဖို့  လေးစားကြဖို့ 
ချစ်ခင်စွာ ပေါင်းသင်းကြဖို့ ကို
ညှာတာသနားပြီး စာနာမှုများစိတ်ကလေးတွေတဲ့ အမေ့ခေါင်းဆောင်မှုကိုခံယူပြီး
အကြင်နာ လက်ကလေးများနှင့်အမေသွားမဲ့ နိုင်ငံခြား ခရီးစဉ်မှာ
မုဒိတာနှလုံးသားများပွားများပြီးအမေ့ကို ထာဝရထောက်ခံသွားကြရင်း
နှလုံးကောင်းသွင်းကြပြီး ခေတ်သစ်ဒီမိုကရေစီနိုင်ငံတော်ကြီးကို တည်ဆောက်ကာ ကြိုဆိုကြစေလိုကြောင်းရေးသားတင်ပြအပ်ပါတယ်။ 20.5.2012

ကိုထွန်းဝေ ဂျပန်
ဓါတ်ပုံ Robert aung

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကအဖွဲ့ဝင် ဟံသာဝတီ ဦးဝင်းတင်နှင့်တွေ့ဆုံခြင်း



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကအဖွဲ့ဝင် ဟံသာဝတီ ဦးဝင်းတင်နှင့်တွေ့ဆုံခြင်း

Monday, May 14, 2012

ဇောတိက မှ ရေထွက်သံ

ဇောတိက မှ ရေထွက်သံ
__________________

ရေချိုများ များများထွက်ပါ မှ
ပြည်သာမှာမို့ ဒီရွာအရေး
ရေရှိမှ ရပ်ရွာသာယာမှာမို့ 

ကုသိုလ်အရေး
မနှေးအပြေးလာကြလေ
ဒိုးပတ်သံ တညံညံနဲ့ 
ရွာဦးကျောင်းက ခေါင်းလောင်းသံကိုမျှော်ရင်း
ပျော်ရွှင်ခြင်းမဆုံး
စိတ်နှလုံးအေးချမ်း

နေမျိုးဇင် က လမ်းမှန်ဖော်
ညီညီညာညာ နဲ့ 
ရွယ်ရည်ကာ ပြည် သာ ဖို့ အရေး
ရတက်အေးတော့မဲ့ ဇောတိကရွာမှာ

ရေအကျိုး၁၀ပါး တောင်းခံရန်မလို
ဒုက္ခလမ်း အမြန်ချုပ်ငြိမ်းလို့ 
အို...သုခတွေ တပုံတပင် နဲ့ 
ကဲ.... ဇောတိက ၇ွာသားတို့ ရေ
လက်မောင်းကိုပင့် အားမာန်ဝင့်
ေ၇ခပ်ဖို့ ရာအဆင်သင့်ကြစို့ ရဲ့ ....။
ကိုထွန်းဝေ ဂျပန်။
14.5.2012

Nay Myo Zin
တူးဖေါ်ရက် မေလ ၁၂ ရက်၅လ
မေ ၁၃ မှာ ရေချိုထွက်ရှိ

ဝမ်းမြောက်ဖွယ် မင်္ဂလာသတင်းကောင်း ပါးလိုပါသည်။ မနေ့က စတင်တူးဖေါ်နေသော ဇောတိက ကျေးရွာမှ စက်ရေတွင်းမှာ သောက်သုံးရန် အလွန်ကောင်းသော လေးပြီးချိုနေသည့် ရေချိုကို တူးဖေါ် ရရှိပါကြောင်း ယခု လေးပင် သတင်းရရှိပါသည်။
ရေအလွန်ငတ်နေသော ရွာသားတွေကိုယ်စား ၀မ်းသာလွန်း သဖြင့် ၀ဲလာသော မျက်ရည် တဖျန်းဖျန်းဖြစ်နေသော ကြက်သီးတို့ဖြင့် ယခု စာကို ရေးပါသည်။ ရေအလှူရှင် ညီအကို မောင်နှမများ ပြုံးပျော်ကြည်နူး ချမ်းမြေ့ကြပါစေသော်ဝ်။ သာဓု .......သာဓု ......... သာဓု ပါခင်ဗျား။

Sunday, May 13, 2012

ဦးဝင်းတင် ဖောင်ဒေးရှင်းမှ ဒုတိယအကြိမ် ကူညီ..မိုးမခ စာမျက်နှာမှကူးယူ ဖော်ပြပါတယ်

U Win Tin Foundation –

မိုးမခ အထောက်တော်၊ ရန်ကုန်
မေလ ၁၂ ရက်၊ ၂၀၁၂ ခုနှစ်
ဦးဝင်းတင်ဖောင်ဒေးရှင်းမှ   နိုင်ငံရေး အကျဉ်းသားများနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအား ကူညီမှုပေးလျှက်ရှိရာ ဒုတိယအကြိမ် ကူညီငွေပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ကျင်းပသည်။
 ဦးမောင်မောင်ကြီး၊ နိုင်ကျဉ်း ကိုအေးအောင်၏ ဖခင်ကိုတွေ့ရစဉ်
ယခုတကြိမ် လက်ရှိ နိုင်ငံရေး အကျဉ်းသား ၂ ဦး၊ နိုင်ငံရေး အကျဉ်းသားဟောင်း ၇ ဦးနှင့် အခြားသီးခြား အကူအညီတဦး စုစုပေါင်း ၁၀ ဦးအား အလှူငွေ ၃၄ သိန်းပေးအပ်လိုက်သည်။
လက်ရှိအကျဉ်းကျနေသူ ၂ ဦးမှာ ကိုမင်းအောင် နှင့် ထောင်သက် ၁၄ နှစ်ရှိနေပြီဖြစ်သည့် ကိုအေးအောင်တို့ဖြစ်၍ နိုင်ငံရေး အကျဉ်းသားဟောင်းများထဲမှ ဦကြည်သန်း (ဟင်္သာတ) ၊ ဦးမောင်မောင်ကြီး ခေါ် အန်ကယ်ကြီး၊ ဦးနန်းမောင်၊ ဦးသိန်းထွန်း (မောင်ရေပြာ) ၊ မပြုံးပြုံးအေး (နိုင်ကျဉ်းဟောင်း ကိုသက်ဦး ၏ဇနီး) ကိုဇာနည် အစရှိသူတို့ဖြစ်သည်။
 ဦးကြည်သန်း ငွေလက်ခံနေစဉ်နဲ့ ကျေးဇူးစကားပြောကြားစဉ်
ယနေ့အလှူငွေ လက်ခံရရှိသူများ အနက် ချွင်းချက်အနေဖြင့် ပါဝင်သူတဦးမှာ လွတ်လပ်ရေးရပြီးခါစခေတ် မြန်မာနိုင်ငံရေး သမိုင်းတွင် လူထုစည်းဝေးပွဲများကျင်းပခဲ့ရာ နေသူရိန် ရုပ်ရှင်ရုံပိုင်ရှင် ၏ ဇနီး ဒေါ်ကြည် (အသက် ၉၃ နှစ် အရွယ်) ဖြစ်သည်။
 နေသူရိန်ရုပ်ပိုင်ရှင် ဒေါ်ကြည်
ကူညီငွေပမာဏမှာ ၃ သိန်းနှင့် ၅ သိန်းဖြစ်ကာ ဆေးကုသရန် လိုအပ်နေသည့်အခြေအနေ၊ ဘ၀ပြန်လည်ထူထောင်ရန် လိုအပ်နေသည့် အခြေအနေတို့အပေါ် မူတည်စဉ်းစား၍ ကူညီငွေပေးရန် ဆုံးဖြတ်ခြင်း ဖြစ်သည်ဟု ဖောင်းဒေးရှင်း အကျိုးဆောင်တို့က ပြောသည်။
 ဦးအုံးကြိုင်က အလှူငွေပေးအပ်စဉ်၊ ဦးဝင်းတင်နဲ့ ဦးမိုးသူ တို့ကို တွေ့ရစဉ်

ဦးဝင်းတင်က ဖောင်ဒေးရှင်းမှာ တဦးတည်းပိုင်မဟုတ်ပဲ အားလုံးပါဝင်ဆောင်ရွက်ကြသဖြင့်သာ ယခုလိုဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းနှင့် အဖွဲ့အစည်းလုပ်ငန်းကို တိုးချဲ့သွားဖို့ ဂျပန်၊ ကိုးရီးယားလို အခြားပြည်ပနိုင်ငံများတွင်လည်း အလှူငွေကောက်ခံရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း ပြောဆိုသည်။
ဦးဝင်းတင်ဖောင်ဒေးရှင်းအနေဖြင့် လစဉ် အလှူငွေ သိန်း ၄၊ ၅ ဆယ်လက်ခံရရှိလျှက်ရှိကာ လက်ရှိ ဖောင်ဒေးရှင်းရံပုံငွေ သိန်း တရာကျော် ရှိသည်ဟုလည်း ထုတ်ဖေါ်ပြောဆိုသွားသည်။

ဟံသာဝတီဦးဝင်းတင်ဖောင်းဒေးရှင်း ဒုတိယအကြိမ်ထောက်ပံ့ငွေ ပေးအပ်ပွဲကျင်းပ



  ဟံသာဝတီဦးဝင်းတင်ဖောင်းဒေးရှင်း ဒုတိယအကြိမ်ထောက်ပံ့ငွေ ပေးအပ်ပွဲကျင်းပပြုလုပ်





မြန်မာနိုင်ငံအကျဉ်းထောင်များတွင် လက်ရှိအကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းသားဟောင်းများ ၄င်းတို့၏ မိသားစုများနှင့် ဘ၀တူစာနယ်ဇင်းသမားများအား ကူညီထောက်ပံ့ရန် ရည်ရွက်ချက်ဖြင့် ဖွဲ့စည်း ထူထောင်ထားသည့် ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းမှ ဒုတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့ (၁၂.၅.၁၂) တနင်္ဂနွေနေ့ မွန်လွဲ ၂နာရီတွင် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခမ်းမတွင် ကျင်ပပြုလုပ်ခဲ့သည်။

အဆိုပါထောက်ပံ့ငွေ ပေးအပ်ပွဲသို့ ဆရာကြီးဟံသာဝတီဦးဝင်းတင် အမှူးပြုသည့် ဖောင်ဒေးရှင်း နာယကအဖွဲ့ဝင်များ၊ အလုပ်အဖွဲ့ဝင်များ ၊ လုပ်ငန်း အထောက်အကူပြုအဖွဲ့ဝင်များ ၊ အလှူရှင်များ၊ လက်ရှိအကျဉ်းသားနှင့် အကျဉ်းသား ဟောင်းမိသားစုဝင်များ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်များနှင့် ပြည်တွင်း ပြည်ပ စာနယ်ဇင်းသမားများ တက်ရောက်ကြသည်။

အဆိုပါထောက်ပံ့ငွေ ပေးအပ်ပွဲတွင် သဘာပတိအဖြစ် နာယက ဆရာကြီးဦးဝင်းတင်က ဆောက်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ဦးကျော်အောင် (ကျော်ထက်အောင်-ရွှေပြည်တန်)က ဆောင်ရွက်သည်။
ပထမဦးစွာ သဘာပတိ ဆရာကြီးဟံသာဝတီဦးဝင်းတင်က အဖွင့်အမှာစကား ပြောကြားပြီး ဖောင်ဒေးရှင်း၏ ဥပဒေအတိုင်ပင်ခံရှေ့နေကြီး ဦးအောင်သိန်းက ဖောင်ဒေးရှင်းဖွဲ့စည်းထားရှိမှုအခြေအနေ နှင့် ထောက်ပံ့ငွေပေးအပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဖောင်ဒေးရှင် အလုပ်အဖွဲ့ဝင် ဦးနေ၀င်း(စာရေးဆရာ နေ၀င်းစံ)က ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်မည့် ပုဂ္ဂိုလ် (၁၀)ဦး၏ အမည်စာရင်း ကိုကြေညာပြီးတစ်ဦးချင်း အခြေအနေများနှင့် ထောက်ပံ့ငွေပေးအပ်ရသည့် အကြောင်းရင်းများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် အထောက်အပံ့ခံပုဂ္ဂိုလ် (၁၀)ဦးနှင့် မိသားစုများအား နာယက ဆရာကြီးဦးဝင်းတင်နှင့် နာယကအဖွဲဝင်များ၊ အလုပ်အဖွဲ့ဝင်များက ထောက်ပံ့ငွေများ တစ်ဦးချင်းပေးအပ်ခဲ့သည်။
ယနေ့ ဒုတိယအကြိမ်ပြုလုပ်သည့် ထောက်ပံ့ငွေပေးအပ်ပွဲတွင် လက်ရှိ အကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသား (၂)ဦးနှင့် အကျဉ်းသားဟောင်း(၇)ဦး အထူးသိးသန့်ရွေးချယ်ပေးအပ်ခဲ့သည့် ပုဂ္ဂိုလ်တစ်ဦး စုစုပေါင်း (၁၀)ဦး ပါဝင်ပြီး တစ်ဦးလျှင် သုံးသိန်းမှ ငါးသိန်းအထိ စုစုပေါင်းထောက်ပံ့ငွေ ၃၄ သိန်းပေးအပ်ခဲ့သည်။

ထောက်ပံ့ငွေ ပေးအပ်ခံရသူများထဲတွင် လက်ရှိ လာရှိုးထောင်တွင် အကျဉ်းကျ ခံနေရသူ ကိုမင်းအောင်၊ ကလေးမြို့ထောင်တွင် အကျဉ်းကျခံနေရသူ ကိုအေးအောင်တို့ ပါဝင်ပြီး အကျဉ်းသားဟောင်းများထဲတွင် ဦးကြည်သန်း၊ ဦးမောင်မောင်ကြီး(ခေါ်)ဒက်ဒီကြီး၊ ဦးမဲမောင်(စာရေးဆရာ စောညိုဝေ-ရွှေပြည်သာ)၊ ဦးတင်ငွေ(စာရေးဆရာ နီဟိန်း)၊ ဦးသိန်းထွန်း(ကဗျာဆရာ မောင်ရေပြာ)၊ မပြုံးပြုံးအေးနှင့် ကိုဇာနည်တို့ ပါဝင်ပြီး ဗိုလ်ချုပ်အောင်ဆန်းလွတ်လပ်ရေးကြိုးပမ်းစဉ်က တတတ်တအား ကူညီဆောက်ရွက် ပေးခဲ့သည့် နေသူရိန် ရုပ်ရှင်ရုံပိုင်ရှင် ၊လက်ရှိ အသက်(၉၀)ကျော်ပြီး အကူအညီအထောက်အပံ့ လိုအပ်နေသော ဒေါ်ကြည်အား လည်း အထူးအစီအစဉ်ဖြင့် ထောက်ပံ့ကူညီခဲ့သည်။

ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းအနေဖြင့် ယခုကဲ့သို့ ထောက်ပံငွေပေးအပ်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ထောက်ပံ့ငွေ ပေးအပ်ပွဲကို ၁၂.၃.၁၂က ပြုလုပ်ခဲ့ ပြီး အဆိုပါ ပထမအကြိမ်က လက်ရှိအကျဉ်းသား(၃)ဦးနှင့် နိုင်ငံရေးအကျဉ်းသား ဟောင်း(၆)ဦး စုစုပေါင်း(၉)ဦးတို့အား ထောက်ပံ့ငွေ(၃၇)သိန်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဆက်လက်၍လည်း အနည်းဆုံး နှစ်လတစ်ကြိမ်ခန့် ယခုကဲ့သို့ ထောက်ပံ့ငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယခုကဲ့သို့ ထောက်ပံ့ငွေများ ဆက်လက် ပေးအပ်နိုင်ရန်နှင့် ဖောင်ဒေးရှင်းကြီး ဆက်လက်တည်တံ့ခိုင်မြဲပြီး အဖွဲ့ကြီး၏ ရည်ရွယ်ချက်များကို ပိုမိုထိရောက် ကျယ်ပြန့်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် စိတ်ပါဝင်စားသူ မည်သူမဆို ဖောင်ဒေးရှင်းကြီးတွင် ပါဝင်ပူးပေါင်းဆောက်ရွက်ကြပါရန်နှင့် ပြည်တွင်း ပြည်ပ အလှူရှင်များကို ဖိတ်ခေါ်ပါကြောင်း ဖောင်ဒေးရှင်းတာဝန်ရှိသူတစ်ဦးဖြစ်သည့် အတွင်းရေးမှူး ဦးကျော်အောင်(ရွှေပြည်တန်)က ပြောကြားကြောင်း သတင်းရရှိသည်။

ပေးပို့သူ ..ကိုကျော်အောင်(အတွင်းရေးမှူး )
ကိုကျော်အောင် mail မှ တင်ထားပါတယ်..By  ကိုထွန်းဝေ ဂျပန်

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း ဒုတိယကြိမ်အလှူငွေပေးအပ်ပွဲ မှဓါတ်ပုံများ12.5.2012

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေး
ရှင်း ဒုတိယကြိမ်အလှူငွေပေးအပ်ပွဲ
ဓါတ်ပုံများ  ...Burma VJ

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲကို ဒီကနေ့ ၂၀၁၂ခုနှစ် မေလ ၁၂ ရက်နေ့ နေ့လယ် ၂း၀၀ နာရီအချိန်တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပပြီး လက်ရှိအကျဉ်းကျခံနေရသူများနဲ့ ချို့တဲ့သူ နိုင်ငံရေး အကျဉ်းသားဟောင်းများကို အလှူငွေ ထောက်ပံ့ခဲ့ပါသည်။