Friday, July 20, 2012

အာဇာနည်ခေါင်းဆောင်ကြီးများမျှော်မှန်းခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်


by Ma Nandar on Thursday, July 19, 2012 at 9:56pm ·
အထက်ပါ ခေါင်းစဉ်ရဲ့ စကားလုံးတွေကို အဓိပ္ပါယ်ခွဲကြည့်မယ်ဆိုရင် …………
ပထမဦးစွာ အာဇာနည် ဆိုတာဘာလဲ။
ယနေ့ခေတ် မြန်မာပြည်ရဲ့ မူလတန်းအရွယ်ကလေးတယောက်ကို မေးကြည့်လိုက်တော့ အာဇာနည်ဆိုတာဟာ မြန်မာပြည်မှာ အဆိုတော်တယောက်ရဲ့ နာမည်လို့ ဖြေခဲ့တာကို နားနဲ့ဆတ်ဆတ်ကြားခဲ့ဖူးပါတယ်။ ကျွန်ုပ် မရယ်မိပါ။ 

ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံရယ်လို့ တွန့်တွန့်ကောက်ကောက် မြေပုံတခု တရားဝင် ဆွဲပြနိုင်ဖို့နဲ့ ပြည်ထောင်စုဖွား မြန်မာနိုင်ငံသားအားလုံးဟာ အဲသည့် မြန်မာပြည်ထဲမှာ သိက္ခာရှိစွာ ရပ်တည်နေကြပါတယ်ဆိုတာကို ကမ္ဘာ့အလယ်မှာ ဖေါ်ပြနိုင်ဖို့အတွက် မြန်မာပြည်ဖွား တိုင်းရင်းသား အာဇာနည်ပေါင်းများစွာ မြန်မာ့သမိုင်းမှာ ရှိခဲ့တာကို ယနေ့ခေတ် ကလေးတွေ မသိတော့ပါ။

မြန်မာနိုင်ငံမှာ အာဇာနည်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် လူပုဂ္ဂိုလ်(၉)ဦးတည်း မဟုတ်ပါ။ အောက်မြန်မာပြည်ကို တိုင်းတပါးသားတွေ ဝင်ရောက်သိမ်းပိုက်ခဲ့တဲ့ အချိန်ကစလို့ ငါတို့ တိုင်းပြည်နဲ့ ငါတို့လူမျိုးအတွက်ဆိုပြီး အသက်ပေးခဲ့ကြတဲ့ အာဇာနည်ပေါင်းများစွာရှိခဲ့ပါတယ်။

ဒီတော့ အာဇာနည်ဆိုတာဟာ ဘယ်လို လူမျိုးကိုခေါ်တာပါလဲလို့ သင့်ကို တစုံတယောက်က မေးလာခဲ့ရင်…
အာဇာနည်လို့ အဓိပ္ပါယ်ရတဲ့ အင်္ဂလိပ်ဝေါဟာရ (Martyr)သည် ဂရိတ်ဘာသာစကားက ဆင်းသက်လာခြင်း ဖြစ်ပါတယ်။ A Martyr  means somebody who suffers persecution and death for the people and a country. လို့ အဘိဓါန်မှာဖွင့်ဆိုထားပါတယ်။ (တစုံတယောက်သောသူသည် တိုင်းပြည်နှင့် လူမျိုးအတွက်  ဒုက္ခဆင်းရဲများခံကာ အသက်စွန့်ခြင်းလို့အဓိပ္ပါယ်ရရှိပါသည်။) လို့ အတိုချုပ်ပြီး ဖြေလို့ရပါတယ်။

အောက်မြန်မာပြည်ကို အင်္ဂလိပ်သိမ်းခဲ့တဲ့ ကာလကစလို့ နှစ်ပေါင်း(၁၀၀)နီးပါး သူတပါးကျွန်ဘဝက လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့ကြရာမှာ လွတ်လပ်ရေးရခါနီး နောက်ဆုံးအနေအထားလို့ ပြောလို့ရနိုင်တဲ့ အချိန်အခါမျိုးဖြစ်တဲ့ တိုင်းရင်းသားအားလုံးရဲ့ စည်းလုံးညီညွတ်မှုကို ရယူနိုင်ခဲ့တဲ့ ပင်လုံစာချုပ်အရ  ‘’မြန်မာနိုင်ငံကိုဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်ရန်နှင့် ပြည်ထောင်စုမူဖြစ်တဲ့ ဖယ်ဒရယ်မူကိုသာလျှင်ကျင့်သုံးသင့်တယ်’’လို့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်များကယုံကြည်ထားခဲ့ကြပါတယ်။

အဲသည်လိုယုံကြည်မျှော်မှန်းချက်တွေကို အကောင်အထည်ဖေါ်နေစဲကာလအတွင်းမှာပဲ ၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့မနက်(၁၀)နာရီ၃၇မိနစ်အချိန်မှာ နယ်ချဲ့အင်္ဂလိပ်နှင့် အလိုတော်ရိများ၏ ပူးပေါင်းကြံစည်မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်ကြီးများဖြစ်ကြတဲ့ သခင်မြ၊ ဒီးဒုတ်ဦးဘချို ၊ဦးရာဇတ်၊ မန်းဘခိုင်၊ ဦးဘဝင်း၊ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း၊ အတွင်းဝန်ဦးအုန်းမောင်နှင့်လုံခြုံရေးတာဝန်ယူထားရတဲ့ ရဲဘော်ကိုထွေးတို့ကျဆုံးခဲ့ကြရပါတယ်။ 

တနိုင်ငံလုံး ကြိမ်မီးအုံးသလို ဝမ်းနည်းပူဆွေး၊ ဇူလိုင်မိုးနဲ့အပြိုင် မျက်ရည်ဖြိုင်ခဲ့ကြရတယ်။ နှမြောတသခြင်းများစွာနဲ့အတူ တိုင်းသူပြည်သားတို့ ချစ်ကြသော အဆိုပါ ပုဂ္ဂိုလ်ကြီးများကို မြန်မာပြည်ရဲ့ အာဇာနည်များထဲက အာဇာနည်(၉)ဦးဟု တညီတညွတ်ထဲ သတ်မှတ်ကြပြီး၊ ထိုပုဂ္ဂိုလ်များ ကျဆုံးသွားသည့်နေ့ကိုလည်း အာဇာနည်နေ့လို့ သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပါတယ်။

အာဇာနည်ဆိုတာရယ်၊ မြန်မာပြည်ရဲ့ အာဇာနည်နေ့ဆိုတာရယ်ကို အကျဉ်းခြုံး ဖေါ်ပြလို့ ပြီးသွားတော့ အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းသော ပြည်ထောင်စုမြန်မာနိုင်ငံတော် ဆိုတာကို ကြီးကို ကျွန်ုပ်တို့ တွေးတော မှန်းဆကြည့်ကြရအောင်။

ကျွန်ုပ်တို့နိုင်ငံရဲ့အာဇာနည်ခေါင်းဆောင်ကြီးများက ဘယ်လိုပြည်ထောင်စု မြန်မာနိုင်ငံတော်ကို မျှော်မှန်းခဲ့တာပါလဲ?
အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို ခေတ်အဆက်ဆက်ရဲ့ စစ်အစိုးရက တည်ဆောက်နိုင်ခဲ့ပါသလား?

ကျွန်ုပ်တို့ ကဏ္ဍအလိုက်ပြန် သုံးသပ်ကြည့်မယ်ဆိုရင်
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး
လွတ်လပ်ရေးရပြီး နောက်ပိုင်း ၁၉၆၂မတ်လ(၂)ရက်နေ့မှာ အာဏာသိမ်းယူခဲ့တဲ့ ဗိုလ်နေ၀င်းဦးဆောင်တဲ့ စစ်အာဏာရှင်စနစ်ရဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာဟာ စာအားဖြင့်သာရှိခဲ့ပြီး၊လက်တွေ့မှာတော့ ပင်လုံစာချုပ်ပါ ဖယ်ဒရယ်မူအရ ပြည်နယ်အုပ်ချုပ်ခွင့် တောင်းသည့် တိုင်းရင်းသားများ၏ တောင်းဆိုမှုများကို တိုင်းပြည်ခွဲထွက်၍ သီးခြားနိုင်ငံထူထောင်ရန် လုပ်ဆောင်မှုအဖြစ် စွပ်စွဲအကြောင်းပြကာ စစ်တပ်မှအာဏာသိမ်းယူလိုက်ပါသည်။ 

ယင်းအချိန်မှစ၍ လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်များရည်မှန်းထားသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအဖြစ် မရောက်ရှိအောင် ဖျက်ဆီးခြင်းခံခဲ့ပါသည်။

နှိမ်နင်းနှိပ်စက်ခံ တိုင်းရင်းသားများဟာ မိမိတို့ရဲ့အိုးအိမ်ပစ်ပြေးပြီး နယ်စပ်ဒေသများ၊ အိမ်နီးချင်းနိုင်ငံများတွင် ဒုက္ခသည်အဖြစ်ခိုလှုံခဲ့ကြရတာဟာဆိုရင် ယနေ့ထက်တိုင်ပါပဲ။ ဒါကြောင့်လည်း မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရခဲ့ရပေမယ့်လည်း ပြည်တွင်းစစ်မီး တောက်လောင်ကာကမ္ဘာ့အလယ်မှာဗမာဆိုရင် မျက်နှာငယ်ရတယ်။ ဂုဏ်သိက္ခာမဲ့ရတယ်။ အာဇာနည်ကြီးများ၏ အသက်စွန့်ကြိုးပမ်းခဲ့မှုကဟာ သဲထဲရေသွန် ဖြစ်ခဲ့ရပါတယ်။

နို်င်ငံစီးပွါရေးနှင့် လူနေမှုဘဝ
အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းထားသော နိုင်ငံ့စီးပွါးရေးမှာ နိုင်ငံသားတို့၏အကျိုးစီးပွါးကို ကာကွယ်သော ပြည်တွင်းနှင့် နိုင်ငံခြားကုန်သွယ်မှု ဆိုင်ရာ စီးပွါးရေးပေါ်လစီဖြစ်ပြီး နိုင်ငံသားတိုင်းသည် လွတ်လပ်စွာ အသက်ရှင်နေထိုင်ခွင့် နှင့် အသက်မွေးဝမ်းကြောင်းပြုနိုင်ပြီး အခမဲ့ဆေးဝါးကုသခွင့် အခမဲ့ပညာသင်ကြားခွင့်များ ရရှိစေရမည်။ လွတ်လပ်စွာ ကူးသန်းသွားလာခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ ပုံနှိပ်ထုက်ဝေခွင့် ရှိရမည်ဟု ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ တိုင်းပြုပြည်ပြု အစည်းဝေးမှတ်တမ်းများ၊ လူထုအစည်းဝေးပွဲများတွင် အတိအလင်းပြောဆိုထားပါတယ်။

ဒါပေမယ့်လည်းဒါတွေကို ယနေ့ခေတ် စစ်အစိုးရအသွင်ပြောင်း ကြံ့ဖွံ့အစိုးရ လက်ထက်အထိ အာဇာနည်ခေါင်းဆောင်ကြီးများ ယုံကြည်မျှော်လင့်ထားခဲ့သမျှ လုံးဝမဖြစ်လာပါဘူး။ နိုင်ငံသားတို့ဟာ အစိုးရ၏လက်ဝါးကြီးအုပ် စီးပွါးရေးစနစ်အောက်မှာ ဆင်းရဲနွမ်းပါးနေပြီး နိုင်ငံသားတို့၏ အကျိုးစီးပွါးကိုကာကွယ်ပေးမှုဆိုတာ အိပ်မက်တောင်ထဲမှာတောင် မရှိပါဘူး။ 

တချို့အချက်တွေကို ထောက်ပြရရင် မိမိနိုင်ငံမှာ စွမ်းအင်လုံလောက်မှုမရှိပါဘဲနဲ့ တရုတ်နိုင်ငံ၊ထိုင်းနိုင်ငံကို သဘာဝဓါတ်ငွေ့ရောင်းချနေမှုများ၊ အစိုးရ၏ ရေကာတာ စီမံကိန်းများဟာလည်း  တိုင်းရင်းသားတို့၏ အကျိုးစီးပွါးကို ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ရပါတယ်။ အချိန်မရွေး အဓ္ဓမလုပ်အားပေးစေခြင်း အဓ္ဓမပြောင်းရွှေ့စေခြင်း အဓ္ဓမစစ်သားအဖြစ် စုစောင်းခံရခြင်းတို့ဖြင့်လည်း နိုင်ငံသားတို့သည် လွတ်လပ်စွာ အသက်ရှင်နေထိုင်ခွင့်ကို လုံးဝမရရှိပါဘူး။ 

လယ်ယာစိုက်ပျိုးရေး
အာဇာနည်ခေါင်းဆောင်ကြီးများက မျှော်မှန်းထားခဲ့သည့် ခေတ်မှီလယ်ယာစိုက်ပျိုးရေးစနစ်ဖြင့် ဆန်စပါးကို ပြည်တွင်း၌ ဖူလုံရုံသာမကဘဲ နိုင်ငံခြားသို့အဓိကပို့ကုန်အဖြစ်ရောက်အောင် အကောင်ထည်ဖေါ်ရေးကိစ္စဟာ ယနေ့အစိုးရလက်ထက်အထိ အောင်မြင်မှုမရရှိသေးပါဘူး။ ပိုဆိုးတာက ယခုအချိန်ထိ မတရား လယ်သိမ်းမှု၊ ယာသိမ်းမှုတွေဟာ မချုပ်ငြိမ်းနိုင်သေးဘဲ လယ်ယာမြေများကိုအဓမ္မသိမ်းယူသဖြင့် လယ်ယာမဲ့ထ္မင်းငတ်တဲ့ဘ၀ကို လက်ရှိအနေအထားမှာပဲ တောင်သူလယ်သမားများရင်ဆိုင်နေကြရပါတယ်။

ပညာရေးစနစ်
ပညာရေးစနစ်မှာ အာဇာနည်ခေါင်းဆောင်ကြီးတစ်ဦးဖြစ်သော အမျိုးသားကျောင်းဆရာကြီး ဦးရာဇတ်၏ နိုင်ငံတကာနှင့်အမှီ ရင်ဘောင်တန်းနိုင်သော မြန်မာ့ပညာရေးစနစ်ရည်မှန်းချက်ဟာလည်း ဦးနေ၀င်း၏ မဆလ ပါတီလက်ထက်မှ စတင်ပြီး ပျက်ဆီးခဲ့ရာ ယခုအစိုးရလက်ထက်တွင် မြန်မာ့ပညာရေးစနစ်ကို အတန်းမြှင့်ပညာရေးစနစ်ဆိုတဲ့ ကျရှုံးသူမရှိသော စနစ်ဆိုပြီးနိုင်ငံတကာအဆင့်တန်းလည်းမမှီိသော  ပညာတတ်အမည်ခံများကို အများမွေးထုက်ပေးနေခြင်းဖြင့် မြန်မာ့ပညာရေးကို ဖျက်ဆီးနေပါသည်။ ပညာသင်ကြားရေး စရိတ်များကြီးမြင့်လွန်းတဲ့အတွက် အခြေခံလူတန်းစားအချို့နဲ့ ဝေးလံသောဒေသများမှ ကျွန်ုပ်တို့တိုင်းရင်းသားတွေရဲ့ ရင်သွေးငယ်များဟာ ပညာရေးဆိုတာ လုံးဝမရှိတော့ပါဘူး။

အမျိုးသားကျန်းမာရေး
မိမိစရိတ်ဖြင့် ဆေးဝါးဝယ်ယူပြီး ကုသရသည့်အစိုးရဆေးရုံများ နှင့် ဆေးဝါးကုသခွင့်စရိတ်ကြီးမားပြီး ဖြစ်သလိုလုပ်တတ်တဲ့ အစိုးရနဲ့ပါတ်သက်ဆက်နွယ်နေသူတို့ ပိုင်ဆိုင်ကြတဲ့ ပုဂ္ဂလိက ဆေးရုံများတွင် မိမိတို့အသက်ကို ငွေနှင့်ဆက်နေကြရပြီး အစိုးရ၏ ဆေးကုသခွင့် အာမခံချက်ဆိုတာ ဝေလာဝေး တိမ်းပါးသေဆုံးခဲ့ရင်တောင်အရပ်သားအဖွဲ့အစည်းများ၏ ကူညီစောင့်ရှာက်မှုကိုသာ ရယူနေရပါသည်။ စေတနာအလျောက် ဝေဒနာသည်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ စေတနာရှင်တွေကိုလည်း နှောက်ယှက်ခြင်း၊ ဖမ်းဆီးထောင်ချခြင်းတို့ကို စစ်အာဏာရှင်လက်ထက်က ပြုလုပ်ခဲ့ကြပါတယ်။

လွတ်လပ်စွာကူးသန်းသွားလာခွင့်
ယနေ့ ကြံ့ဖွံ့အစိုးရလက်ထက်အထိ ခွင့်ပြုချက်မရရင် ဆွေမျိုးသွေးသားတော်စပ်သူများ၏ အိမ်မှာတောင် ညအိပ်မနေရပါဘူး။ ချိန်မတော်ကြီး တံခါးခေါက်သံဟာ ခေတ်သစ်အာဇာနည်များအတွက် ငရဲတံခါးဖွင့်သံပါပဲ။

လွတ်လပ်စွာ ပြောဆို ရေးသားခွင့်
နအဖ စစ်အစိုးရ လက်ထက်မှာ ထောင်ကျစေမယ့် အဓိကအချက်ဟာ လွတ်လပ်စွာ ပြောဆိုခြင်း၊ လွတ်လပ်စွာရေးသားခြင်းပဲ ဖြစ်ပါတယ်။ ယနေ့ခေတ် ကြံ့ဖွံ့အစိုးရလက်ထက်မှာတော့ လွတ်လပ်စွာ ပြောဆို ရေးသားခွင့်ကို ပျော်ပျော်ကြီး လုပ်နိုင်တဲ့ နေရာကတော့ အင်တာနက်စာမျက်နှာတွေမှာ ဘယ်သူမှန်းမသိ၊ ဘယ်ဝါမှန်းမသိဘဲ account ဖွင့်ရေးခြင်း၊ (သို့မဟုတ်) ပြည်ပကနေ၍ account ဖွင့်ရေးခြင်း blogger လုပ်၍ ရေးခြင်းပဲ ဖြစ်ပါတယ်။

ဘာဖြစ်လို့ဗိုလ်နေဝင်းရဲ့ စစ်အစိုးရလက်ထက်ကနေစပြီး ယနေ့ခေတ်အထိ အခုလိုဆိုးရွားသထက် ဆိုးရွားမှုတွေဖြစ်နေရတာပါလဲ။ သမိုင်းအစစ်ကိုပြန်ကြည့်မယ်ဆိုရင်…..
အင်္ဂလိပ်ကိုအာဏာဖီဆန်တဲ့ တို့ဗမာအစည်းအရုံးကြီး နှစ်ခြမ်းကွဲစဉ်မှာ သခင်ကိုယ်တော်မှိုင်း ဦးစီးသော သခင်ပေါက်စ ထောင်ခြောက်လဆိုရိုး အတိုင်း အာဏါဖီဆန်သော သခင်အုပ်စုတွင် သခင်အောင်ဆန်း ပါဝင်ခဲ့ပြီး။သခင်လျှောက်လွှာတစောင်ကို တမတ်ဖြင့်ရောင်းချသည့် ဘာမှအာဏါဖီဆန်မှု မလုပ်သည့် ထွန်းအုပ်ဘစိန် ဂိုဏ်းမှ တမတ်သခင်ဘွဲ့ကို သခင်ရူ့မောင် လို့ခေါ်တဲ့ နောင်တချိန်မှာ စစ်အာဏါရှင်ဖြစ်လာမယ့်   ဗိုလ်နေ၀င်းကပါဝင်ခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကို သခင်အောင်ဆန်းဘဝကတည်းက ကန့်လန့်တိုက် ခဲ့တဲ့ ဦးနေဝင်းဟာ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ ကျဆုံးပြီးနောက် ပြည်သူလူထုရဲ့ ချစ်ခြင်းများဟာ ဗိုလ်ချုပ်တို့ဆီမှာ ရှိနေခဲ့တာကို မနာလို မရှုစိမ့်တဲ့ ဗိုလ်နေဝင်းဟာ သူအာဏာသိမ်းပြီး နောက်ပိုင်းမှာ ဗိုလ်ချုပ်တို့ချမှတ်ခဲ့တဲ့၊ မျှော်မှန်းခဲ့တဲ့လမ်းစဉ်တွေကို သွေဖယ်ခဲ့ပါတယ်။

ဒီလိုနဲ့ စစ်အာဏါရူးတွေရဲ့ ဖခင်ကြီးဖြစ်တဲ့ ဗိုလ်နေ၀င်းက မွေးဖွါးလိုက်သော ဘမျိုးဘိုးတူ စစ်အုပ်စုကလည်း ဗိုလ်နေ၀င်း နည်းတူ တိုင်းပြည်အပေါ် ကျေးဇူးတရားကြီးမားသော ဗိုလ်ချုပ်အောင်ဆန်း နဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို ပြည်သူများ၏ ကြည်ညိုလေးစားမှု အခန်းကဏ္ဍများကိုမှေးမှိန်သွားအောင် မနာလိုစိတ်ကြီးမားစွာ အာဇာနည်နေ့ကိုစနစ်တကျ ဖျောက်ဖျက်ခဲ့ပါတယ်။ 

ပြည်သူလူထုရဲ့ စစ်မှန်တဲ့ဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ NLDပါတီကို အာဏာလွှဲမပေးခြင်း၊ ထိုစဉ်က ပါတီ၏အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးလည်းဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ပါတီခေါင်းဆောင်များ၊ ပြည်သူလူထုဘက်မှနေ၍ အမှန်တရားကို ထုတ်ဖေါ်ပြောကြားသော ရဟန်းရှင်လူကျောင်းသားများကို လုပ်ကြံသတ်ဖြတ်ရန်ကြံစည်ခြင်း၊ မတရားဖမ်းဆီးထောင်ချနှိပ်စက်ခြင်း၊ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ(နာဂစ်ဥပဒေ)ကို တဖက်သတ်ရေးဆွဲခြင်း တို့ကိုပြုလုပ်ရုံနဲ့အားမရသေးဘဲ ၂၀၁၀ရွေးကောက်ပွဲကို အတင်းအဓမ္မလုပ်ကြံဖန်တီးမှုများစွာနဲ့ တဖက်သတ်အနိုင်ရအောင် ပြုကျင့်ခဲ့ခြင်းတို့ဟာ အာဇာနည်ခေါင်းဆောင်ကြီးများချမှတ်သွားတဲ့ လမ်းစဉ်တွေနဲ့ လုံးဝလုံးဝကြီးကိုဆန့်ကျင်နေတာကို တွေ့ခဲ့ရပါတယ်။

အာဇာနည်နေ့ ၀မ်းနည်းခြင်းအထိမ်းအမှတ် ဥသြဆွဲ အလေးပြုခြင်းမပြုခဲ့တာ၊ ရေဒီယိုကနေ(သီချင်း)မကြားရတော့တာ၊ အာဇာနည်နေ့မှာချီတက်အလေးပြုခြင်းနှင့် အာဇာနည်နေ့အထိမ်းအမှတ်အခမ်းအနား မှန်သမျှကိုလုံးဝပြုလုပ်မပေးတော့တာ၊ မိမိတို့အစီစဉ်ဖြင့် ပြုလုပ်လျှင်လည်း ဖမ်းဆီးထောင်ချခြင်းတို့ကို နအဖစစ်အာဏာရှင်တွေကို တင်းတင်းကြပ်ကြပ် ပြုလုပ်နေခဲ့တာဟာဆိုရင်နှစ်ပေါင်း(၂၀)ကျော်ခဲ့ပါတယ်။ 

ယနေ့ ၂၀၁၂ခုနှစ်၊ ဇူလိုင်လ၊(၁၉)ရက်နေ့မှာ ကျရောက်တဲ့ (၆၅)နှစ်မြောက် အာဇာနည်နေ့ဟာ နှစ်ပေါင်း(၂၀)အတွင်းမှာ အပွင့်လင်းဆုံး အာဇာနည်နေ့လို့ ဆိုရပါမယ်။ ဒါတောင်မှ ဥသြသံကတော့ ဆိတ်သုဉ်းနေဆဲ၊ တင်းကျပ်မှုတွေကြားမှာ ပြည်သူလူထု မေတ္တာကို ပြသတဲ့ပွဲလို့တောင် ဆိုနိုင်ပါတယ်။

ကျွန်ုပ်တို့အနေနဲ့ လွန်ခဲ့သော (၆၅)နှစ်က တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့ကြသော အာဇာနည်ကြီးများကို တကယ် ချစ်ရင်၊ တကယ်လေးစားရင်၊ တနှစ်မှာ တရက်တည်း ဂုဏ်ပြုရုံနေရုံနဲ့ မလုံလောက်နိုင်ပါ။

ကမ္ဘာ့အလယ်မှာ မြန်မာဟေ့လို့ pass port ပြလိုက်ရင် ဘေးကိုခဏဖယ်ထားခံလိုက်ရတာ၊ အထူးစစ်ဆေးခန်းထဲ ခေါ်သွားခံရတာ၊ ငွေညှစ်ခံရတာ၊ ပြည်ဝင်ခွင့် ဗီဇာမရတော့တာတွေဟာ အာဇာနည်ခေါင်းဆောင်ကြီးတွေ မျှော်မှန်းခဲ့တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးရဲ့ ဖြစ်အင်တွေ မဟုတ်တာတော့ သေချာပါတယ်။ 

ခေတ်အဆက်ဆက်က ဖြစ်ပျက်ခဲ့တာတွေကို သင်ခန်းစာယူရင်း အခြေခံအကျဆုံးဖြစ်တဲ့ အကျင့်ဆိုးတွေ၊ စိတ်ဓါတ်ဆိုးတွေကို အရင်ဆုံးပြုပြင်ကြရင်း၊ တိုင်းပြည်ကောင်းကျိုး သယ်ပိုးနေသူများကို မိမိတို့ စွမ်းနိုင်သလောက် အားပေးထောက်ခံကူညီရင်း ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး တက်ညီလက်ညီ ယနေ့အချိန်မှစပြီး ကြိုးစားလိုက်ကြမယ်ဆိုရင်ေ၇ွှပြည်တော်ကြီးဟာ မျှော်လေတိုင်း မဝေးနိုင်တော့ပါဘူး။

နောက်ဆုံးအနေနဲ့ ကျွန်ုပ်တင်ပြချင်တာကတော့ ပြည်ထောင်စုဖွား တိုင်းရင်းသားများ အားလုံးပါဝင်ဖွဲ့စည်းထားတဲ့ ဖ၊ဆ၊ပ၊လ အဖွဲ့ကြီးရဲ့ (ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံကြီးမှာ) ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသွားခဲ့တဲ့ ကျုပ်တို့လိုချင်တာကတော့ (Greatest  Happiness of the Greatest  Number) လူအများဆုံး အကောင်းဆုံး ချမ်းသာသုခရအောင် လူအများက ကြိုးကိုင်တဲ့ ဒီမိုကရေစီမျိုးကိုသာ ဖြစ်တယ ဆိုတဲ့မိန့်ခွန်းစကားအတိုင်း ကျမတို့နိုင်ငံတော်ကြီးကို အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းထားတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းကြပါစို့လို့…တိုက်တွန်းနှိုးဆော်ရင်း(၆၅)နှစ်မြောက် အာဇာနည်နေ့ကြီးကိုဂုဏ်ပြုလိုက်ရပါတယ်။

မြန်မာ့လွတ်လပ်ရေးအတွက် ခေတ်အဆက်ဆက် အသက်ပေးလှူသွားခဲ့ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသား အာဇာနည်အပေါင်းကို ဤဆောင်းပါဖြင့် ပူဇော်ဂုဏ်ပြုပါ၏။
နန္ဒာ(ဂျပန်)

ကျမ်းကိုးစာရင်း
ဦးပုကလေး (ငါတို့ဗိုလ်ချုပ် ဘာတွေ လုပ်ခဲ့သလဲ)
ဦးအောင်သန်း (အောင်သန်းရဲ့ အောင်ဆန်း)
ဝင်းတင့်ထွန်း (အမှောင်ကြားက ဗမာပြည်)
မှတ်ချက်……အဘသခင်ဦးအုန်းမြင့်(လွတ်လပ်ရေးတိုက်ပွဲဝင်) နဲ့ အဘရဲနီသက်ဝင်း(ခ)သံမဏိစိန်လှ တို့၏ ထောင်တွင်း ကိုယ်တွေ့ ပြောကြားချက်များကို ပြန်လည်ပြောကြားပေးသော၊ ကျွန်ုပ် သိလိုသော မြန်မာ့နိုင်ငံရေးဖြစ်စဉ်များကို သင်ကြားလမ်းညွှန်ပေးသော ခင်ပွန်းသည် ကိုရဲမင်းထွန်းအား ကျေးဇူးတင်ပါသည်။

 မနန္ဒာ

No comments:

Post a Comment