Thursday, July 5, 2012

ယုံကြည်ချက် အကျဉ်းသား ၃၃၀ ကျန်ရှိသေးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဇော်ဝင်းသန်းနှင့် ကျော်ဆုမွန်
အတွဲ ၂၉ ၊ အမှတ် ၅၇၆ (၆ - ၁၂ ၊ ၇ ၊ ၂၀၁၂)

သတင်းစာရှင်းလင်းပွဲတွင်ဒေါ်အောင်ဆန်းစုကြည်ပြောကြား
နေစဉ်။
ဓာတ်ပုံ-ရတနာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြုစုထားသည့် စာရင်းအရ ယုံကြည်ချက်အကျဉ်းသား ၃၃၀ ခန့် အကျဉ်းထောင်များထဲတွင် ကျန်ရှိနေသေးကြောင်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ဇူလိုင်လ ၃ ရက်နေ့က အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။
"ကျွန်မတို့ အမြဲပြောနေတာက အားလုံးကို ပြန်လွှတ်ပေးဖို့ ပြောထား ပါတယ်။ ကျွန်မတို့ ပါတီမှာ ရှိတဲ့စာရင်း အရအယောက် ၃၃၀ ကျန်ပါ သေးတယ်။ ကျွန်မတို့အနေနဲ့ အဲဒီအယောက် ၃၃၀ လွှတ်ဖို့အတွက်ပဲ တောင်းဆိုပေးမှာဖြစ်ပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (က)နှင့်အညီ အကျဉ်းထောင် အသီးသီးမှ နိုင်ငံသားနှင့် နိုင်ငံခြား အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၈၀ ဦးအား ဇူလိုင်လ ၃ ရက်နေ့မှစတင်ပြီး ပြည်ထောင်စုသမ္မတ ဦးသိန်းစိန်က ပြစ် ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့ပြီး နိုင်ငံခြားသားများအား ပြည်နှင်ဒဏ်ပေးခဲ့သည်။
စာရင်းအရ အကျဉ်းထောင် အသီးသီးမှ နိုင်ငံသားအကျဉ်းသား ၃၇ ဦး၊ နိုင်ငံသားအကျဉ်းသူ ကိုးဦး စုစုပေါင်း ၄၆ ဦးနှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေး နှင့် လူမှုရေးအရ ငဲ့ညှာသောအားဖြင့် နိုင်ငံခြားသား အကျဉ်းသား ၃၄ ဦး စုစု ပေါင်း ၈၀ ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ (၁)အရ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်နှင့် ပြည်နှင်ဒဏ် အသီးသီး ပေးခဲ့သည်။
ယခုလွှတ်ပေးခဲ့သူများတွင် ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူ ၂၂ ဦးခန့် ပါဝင်သည်ဟု သိရသည်။
အင်းစိန်ထောင်မှ လွတ်မြောက် လာသည့် အကျဉ်းသား ၁၁ ဦးအနက် အမျိုးသားကိုးဦးနှင့် အမျိုးသမီးနှစ်ဦး တို့ဖြစ်သည်။
ထိုသူတို့မှာ အောင်မိုးဇော် (ခ) မိုးသီး၊ စောဖရန်စစ် (ခ)ကျော်ကျော်၊ အန်ထော်နီ(ခ) ထွန်းမြတ်၊ မြင့်ကြိုင်၊ စောနိုင်ဝင်း၊ ရန်နိုင်(ခ)အေးသိန်း၊ ထွန်းမြတ်သူ၊ ဇော်မင်းအောင်၊ စောဝီလျံနှင့် ဇာဏီဦး (ခ)ဇာဇာ၊ အေးအေးနွယ်တို့ ဖြစ်ကြသည်။
အင်းစိန်ထောင်အပြင် ကသာ၊ မြင်းခြံ၊ ကော့သောင်း၊ ပြည်၊ သရက်၊ ဖားအံနှင့် မန္တလေးထောင်များမှလည်း ပါဝင်ရာ ထောင်ဒဏ် အများဆုံး ၅၉ နှစ် ချမှတ်ခံခဲ့ရသော ဗကသမှ ကိုအေးအောင်သည် ဇူလိုင် ၄ ရက်နေ့တွင် လေကြောင်းခရီးဖြင့် ကသာမှ ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာသည်။
မြန်မာအစိုးရသည် ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူ ၂၀၀ ခန့် ကို ပြန်လွှတ်ပေးခဲ့ပြီး ယခုနှစ် ဇန်န၀ါရီ လက ၃၀၀ ခန့် လွှတ်ပေးခဲ့သည်။
"ဒီမိုကရေစီနိုင်ငံကို ထူထောင်နေတဲ့ အချိန်မှာ ယုံကြည်ချက်အကျဉ်းသားဆိုတာ မရှိသင့်တော့ပါဘူး။ ကျန်သေးတဲ့သူတွေကိုလည်း မကြာသေးမီလွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်"ဟု ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက အေအက်ဖ်ပီကိုပြောသည်။

http://www.myanmar.mmtimes.com/2012/news/576/news10.html

No comments:

Post a Comment