ဆောင်းပါးရှင် ဦးထွန်းအောင်ကျော်
မြေခွေးတွင်းသို့ဝင်ခြင်း ( Enter the Fox Den)
မေလ (၂) ရက်နေ့ ၂၀၁၂ ခုနှစ်မှာဒေါ်အောင်ဆန်းစုကြည်တို့ရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာနဂိုတောင်း ဆိုနေတဲ့ “၂၀၀၈အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်” ဆိုတဲ့အစား၊”လေးစားလိုက်နာပါ့မယ်”လို့ ပြောင်းပေးဘို့ တောင်းဆိုတာကိုရုပ်သိမ်းပြီး မူလ (၂၀၀၈) အခြေခံဥပဒေမှာ ရေးသားထားတဲ့အတိုင်း ဂတိသစ္စာပြုပြီး လွှတ်တော်ကိုတက် ရောက်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်တို့ပါတီကိုပြည်သူတွေကဝက်ဝက်ကွဲမဲပေးခဲ့ကြတာအထူးပြောစရာလိုမယ်မထင်ပါဘူး။ မြန်မာနိုင်ငံမှာစစ်အုပ်ချုပ်ရေးကနေ အ ရပ်သားအစိုးရအဖြစ်ကိုပြောင်းလဲခဲ့တာ (၂) ကြိမ်ရှိပါပြီ။ ပထမအကြိမ်ကတော့ တော်လှန်ရေးကောင်စီဦးစီးရေးဆွဲခဲ့တဲ့ (၁၉၇၄) အခြေခံဥပဒေကို အသက်သွင်းပြီး မဆလပါတီတခုတည်းသာ ရှင်သန်ခွင့်ပေးတဲ့အရပ်သားအစိုးရကိုဖွဲ့စည်းခဲ့ခြင်းဘဲဖြစ်ပါတယ်။ အဲဒီမဆလပါတီဟာလဲ ထိပ်တန်း စစ်ဗိုလ်ချုပ်တွေအားလုံးလိုလို အရပ်ဝတ်ပြောင်းပြီး အာဏာကိုဆက်လက်ရယူခဲ့ကြတာမို့ကုလားကြီးနဲ့အရာကြီးသဘောမျိုးသာဖြစ်လို့ ပြည်သူတွေ သိသိကြီးနဲ့သေနတ်မိုးထားလို့ခံခဲ့ကြရတာပါ။ ဗိုလ်ချုပ်နေဝင်းကနေ ဦးနေဝင်းဖြစ်တာကလွဲလို့အုပ်ချုပ်မှု၊ ဖိနှိပ်မှုတွေမပြောင်းလဲခဲ့ပါဘူး။ ရှစ်လေးလုံး အရေးတော်ပုံကြီးပေါ်လာမှ ပါတီစုံသွားမလား? တပါတီစံနစ်ဘဲသွားမလား ? ဆိုတာကို မမေးချင်မေးချင်ထုတ်ပြောလာရတာအများအသိ။
ငြိမ်ပိ တဖြစ်လဲ နအဖလက်ထက်မှာလဲ ဦးနေဝင်းနည်းတူ ဗိုလ်ချုပ်သန်းရွှေကသူ့စိတ်ကြိုက် (၂၀၀၈) အခြေခံဥပဒေ ကိုရေးဆွဲပြီး အတည်ပြုခဲ့ပြန်ပါတယ်။ (၂၀၀၈) အခြေခံဥပဒေကို (၁၉၉၃) ခုနှစ်လောက်ကစပြီး အမည်ခံအမျိုးသားညီလာခံကနေ စစ်တပ်ရွေးချယ်ထားတဲ့ လူတွေနဲ့စိတ်ကြိုက်ကိုယ်လိုသလိုရေးဆွဲ၊ စစ်တပ်ရဲ့သြဇာကိုနိုင်ငံရေးအပေါ် လွှမ်းမိုးပြီး အတင်းအကြပ် ပြည်သူတွေကိုချိမ်းခြောက်အတည်ပြုခဲ့တာပါ။ အခြေခံဥပဒေတခုရေးဆွဲရာမှာပြည်သူ့အကျိုးအတွက် အချိန်ယူရေးဆွဲဒါမျိုးဟာ သဘာဝကျလို့ လက်ခံနိုင်ပေမဲ့ ပြည်သူ့အပေါ်စစ်အာဏာစက်လွှမ်းမိုး နိုင်ဖို့အချိန်ယူပြီး (၁၅) နှစ်ကြာရေးဆွဲခဲ့တာဟာသမိုင်းအမဲစက်တခုဖြစ်ပါတယ်။
ဒီအခြေခံဥပဒေအရရွေးကောက်ပွဲပြုလုပ်တဲ့အခါမှာလဲ အတိုက်အခံပါတီတွေကိုဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးလုပ်ပြီး နောက်ဆုံးမဲရှုံးတဲ့နေရာတွေမှာ ကြိုတင်မဲ ဆိုတာတွေနဲ့ညစ်ပတ်အနိုင်ယူခဲ့တာအများအသိပါ။ ဘာဘဲဖြစ်ဖြစ် မြန်မာလူမျိုးတွေဟာအကောင်းကိုမြင်တဲ့လူမျိုးတွေဖြစ်လို့၊ ဦးသိန်းစိန်သမတအဖြစ် ကျမ်းကျိန်ပြီး တက်လာတဲ့အခါ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်လာတာကိုတွေ့ရတော့ဝမ်းသာအားရနဲ့အားပေးခဲ့ကြပါတယ်။
ဒီလိုအားပေးတဲ့သူတွေထဲမှာဒေါ်အောင်ဆန်းစုကြည်လဲပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကဦးသိန်းစိန်ကို သူမ အနေနဲ့ယုံကြည်ကြောင်း အတိအလင်းပြောကြားခဲ့ပါတယ်။ တဦးနဲ့တဦး တဖွဲ့နဲ့တဖွဲ့လက်တွဲပြီးလုပ်နိုင်ဘို့မှာ ပထမယုံကြည်မှုကိုတည်ဆောက်ယူရမှာဖြစ်ပါတယ်။ ယုံကြည်မှု မရှိဘဲ ဘယ်လိုမှ တဦးနဲ့တဦးလက်တွဲလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်ဒေါ်စုမြေခွေးတွင်း (လွှတ်တော်) ထဲကို စွန့်ပြီးဝင်သွားတာဖြစ်ပါတယ်။
လွှတ်တော်ထဲမှာ ကြံဖွတ်အမတ်မြေခွေးအုပ်ကြီးနဲ့ မကြာခင်ကအခွင့်ထူးခံ၊ ရာထူးပိုကြီးတဲ့စစ်တပ်ကိုယ်စားလှယ်ဗိုလ်မှူးချုပ်တွေနဲ့အစားထိုးလိုက်တဲ့ ဝံပုလွေ (၂၅) ရာခိုင်နှုန်း အုပ်ကလဲရှိနေပါတယ်။ ဒီအုပ်ကြီးနှစ်အုပ်စုဟာပြည်သူ့ကိုယ်စားလှယ်အစစ်အမှန်တွေက လွှတ်တော်တွင်းမှာ ဒီမိုကရေစီနည်းကျပြုပြင် ပြောင်းလဲမှုတွေကို တင်လာခဲ့ရင်ရိုက်ချဘို့တာစူနေကြတာဖြစ်ချင်ဖြစ်မယ်။ သူတို့အကျိုးစီးပွါးကိုထိခိုက်မယ်လို့ မြင်တဲ့ဘယ်ပြောင်းလဲမှုမျိုးကိုမဆို တိုင်းပြည်ဘယ်လောက်ဘဲအကျိုးရှိရှိ အစည်းအဝေးကြမ်းခင်းပေါ် မရောက်ခင်ကတည်းက လွှတ်တော်ဥက္ကဌကနေ ပယ်ချကောင်းပယ်ချနိုင်ပါတယ်။
အခုဒေါ်အောင်ဆန်းစုကြည် တို့လွှတ်တော်ထဲကိုရောက်လာပြီးမရှေ့မနှောင်း ဒုသမ္မတဦးတင်အောင်မြင်ဦးနှုတ် ထွက်လွှာတင်တဲ့သတင်းထွက်လို့ လာပါတယ်။ ဒါဟာတိုက်ဆိုင်မှုလား? နအဖရဲ့ကြိုတင်ချထားတဲ့ကျားကွက်လား? အားလုံး စဉ်းစားဖို့လိုပါတယ်။
တင်အောင်မြင့်ဦးဟာ တင်းမာသောအုပ်စုမှဖြစ်လို့ ဒီလိုတင်းမာရေးလမ်းစဉ်လိုက်နေသူနှုတ်ထွက်သွားခြင်းဟာ အလယ်အလတ်လမ်းစဉ်သမား ဦးသိန်းစိန်တို့အုပ်စုအနိုင်ရ အားကောင်းလာတာဖြစ်တယ်။ မြန်မာပြည်တိုးတက်ရေးအတွက် ကောင်းတဲ့နမိတ်လက္ခဏာဘဲလို့ ယူဆသူတွေ၊ အကောင်းမြင်ဝါဒသမားတွေကဆိုကြပါတယ်။ ဒေါ်စုကိုဒုသမ္မတနေရာပေးချင်ပေးမယ်လို့လဲယူဆသူတွေရှိပါတယ်၊ ဒါမှမဟုတ်လဲ ဝန်ကြီးနေရာ တနေရာပေး ချင်ပေးမယ်လို့ထင်ကြေးပေးကြသူတွေပေးကြပါတယ်။ စစ်အာဏာမလျှော့ကျရေးအတွက်ကျားကွက်ရွေ့သလို အကွက်ချပြီးကစား နေတာလား? တိုင်းပြည်ကြီးကမ္ဘာ့အလယ်မှာ ဆင်းရဲမွဲတေနေတာကိုမကြည့်ရက်လို့ ကိုယ့်လူမျိုးတွေနိုင်ငံတကာမှာမျက်နှာငယ်ငယ်နဲ့ အလုပ်သမားတွေ အဖြစ်၊ အိမ်စေတွေအဖြစ်သွားလုပ်နေရတာကို တွေ့မြင်ရတဲ့အခါယူကြုံးမရဖြစ်ပြီး ငါ့တိုင်းပြည်နဲ့လူမျိုးတွေကို ငါတို့ကယ်တင်မှရမယ်ဆိုတဲ့စိတ်နဲ့ တကယ် ပြောင်းလဲဖို့ဆုံးဖြတ်ခဲ့တာလားမဝေးတော့တဲ့အနာဂါတ်မှာကျွန်တော်တို့တတွေအဖြေရှာနိုင်တော့မှာဖြစ်ပါတယ်။
ဦးသိန်းစိန်ဟာအမှန်တကယ်စိတ်ရင်းမှန်သူဖြစ်ပြီး တိုင်းပြည်ကောင်းစားတာကိုမြင်ချင်တဲ့အတွက်ဒေါ်အောင်ဆန်းစုကြည်ကိုအစိုးရ နဲ့တွဲလုပ်ရန် ကမ်းလှမ်းခဲ့တယ် လုပ်ပိုင်ခွင့်ပေးခဲ့မယ်ဆိုရင်မျိုးချစ်စိတ်စေတနာအရင်းခံကြောင့် မြန်မာနိုင်ငံကြီးတွင်းရှိ ပြည်သူအားလုံးအတွက် ကျဆုံးခဲ့ရသော ဂုဏ်သိက္ခာများကိုပြန်လည်ဆယ်ယူနိုင်မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အားကိုယူပြီး ပြည်တွင်းငြိမ်းချမ်းရေး၊ ကျန်းမာရေး နဲ့ပညာရေးတွေမှာ ထိထိရောက်ရောက် ပြည်တွင်းပြည်ပအင်အားစုတွေရဲ့ အကူအညီကိုရယူပြီးပူးပေါင်းလုပ်ကြမယ်ဆိုရင် အတိုက်အခံ၊ စစ်အုပ်စုဆိုတဲ့ အမြင်တွေ ပျောက်ကွယ်ပြီး အမျိုးသားရင်ကြားစေ့ရေးကို လက်တွေ့ကျကျလုပ်နိုင်မှာဖြစ်တယ်၊ လွတ်လပ်ရေးရစကနေ ၊ ပြည်တွင်းစစ်ကြောင့် နှစ် (၆၀) အတွင်း ယနေ့အထိ ပြည်သူသန်းနဲ့ချီပြီး သေဆုံးခဲ့ရသလို၊ မြန်မာပြည်သူတွေကို ဆင်းရဲတွင်းပို့နေတဲ့ဒီပြည်တွင်းစစ်ကိုလဲအမြန်ဆုံး ငြိမ်းသတ်နိုင်မှာဖြစ်တယ်။
ဦးသိန်းစိန်အစိုးရအနေနဲ့ မကြောက်မရွံဘဲပြည်သူတွေရဲ့အခွင့်အရေးတွေကိုရဲရဲတင်းတင်းဖွင့်ပေးခြင်း၊ ပုဂ္ဂလိကပိုင်သတင်းစာထုတ်ဝေခွင့်အပါအဝင် သတင်းလွတ်လပ်ခွင့်များကိုကမ္ဘာ စံချိန်မှီခွင့်ပြုခြင်း၊ လူ့လွတ်လပ်ခွင့်ချိုး ဖေါက်သူမှန်သမျှကိုကြောသား၊ ရင်သားမခွဲခြားဘဲ ထိထိရောက်ရောက် အရေးယူခြင်းဖြင့်တရားဥပဒေစိုးမိုးရေး ကိုတည်ဆောက်ခြင်းဖြင့်ပြည်သူများ၏ယုံကြည်ကိုးစားမှုကိုရယူမယူစောင့်ကြည့်ရပေမည်။
ထို့ပြင် ခရိုနီများလက်ဝါးကြီးအုပ် မတန်တဆဈေးတင်ထားသောတယ်လီဖုံးဈေးကွက်၊ ဟော်တယ်လုပ်ငန်း၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်း၊ လယ်ယာမြေ မတရားသိမ်းယူမှုများကိုတရားမျှတမှုရှိစေရန်လူတိုင်း တရားမျှတစွာလွတ်လပ်စွာယှဉ်ပြိုင်နိုင်ခွင့်၊ ထုတ်လုပ်ခွင့်တို့ကိုဖန်တီးပေးရမည်။ ကြိုးနီစံနစ် မထားရှိဘဲ သမ္မတမှတိုက်ရိုက် ခန့်ထားဖွဲ့စည်းပေးသော “အထူးစစ်ဆေးတိုက်ရိုက်ဆုံးဖြတ်ရေးဌာန” SIDDB(Special Investigation and Direct Decision Branch)ကိုဖန်တီး၍ထိုဌာနမှညွှန်ကြားရေးမှူးကအခင်းဖြစ် ရာသို့တိုက်ရိုက်သွားရောက် ဖြေရှင်းစေခြင်းဖြင့် မသမာမှုများ၊ ကြားခံ လာဒ်ပေးလာဒ်ယူမှုများ လက်တွေ့ကွင်းဆင်း ဖြေရှင်းဖြင့်အချိန် ကြာမှု၊ နှင့်ကြိုးနီစံနစ်တို့ကိုတားဆီး နိုင်ပေလိမ့်မည်။
ယနေ့လတ်တလောဖြစ်ပေါ်နေသော လျှပ်စစ်မီးလုံလောက်စွာရရှိရေး လှုပ်ရှားမှုသည်မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေရခြင်းအကြောင်းရင်းထဲမှတခုဖြစ်သည်။ ဆင်းရဲမွဲတေရခြင်းအကြောင်းရင်း (၃) ချက်ရှိသည်။
၁။ စစ်အာဏာရှင်စံနစ်သက်ဇိုးရှည်ခဲ့ခြင်းကြောင့်လူ့အခွင့်အရေးဆုံးရှုံးခဲ့ရသည်။
လူ့အခွင့်အရေးဆုံးရှုံးခဲ့ခြင်းကြောင့် မတရားဥပဒေများကြီးစိုးလာခဲ့ ရသည်။ ထို့ကြောင့်ခရိုနီစီးပွါးရေးထွန်းကား လာပြီးလက်တဆုပ်စာလူတစုနှင့် ဗိုလ်ချုပ်များသာချမ်းသာလာခဲ့ပြီး ပြည်သူလူထုကြီးတရပ်လုံး ကုန်းကောက် စရာမရှိဆင်းရဲမွဲတေသွားခဲ့ရသည်။ သဘာဝအရင်းအမြစ်များ၊ လူသားအရင်းအမြစ်များအတိုင်း အဆမရှိဆုံးရှုံး ခဲ့ရသည်။ ဆင်းရဲချမ်းသာကွာဟမှုမှာ မယုံကြည်နိုင်စရာအထိမိုးနဲ့မြေပမာကွာခြားသွားခဲ့ရသည်။
၂။ ပြည်တွင်းစစ်အဆုံးမသတ်နိုင်ခြင်းသည် တချက်။
ပြည်တွင်းစစ်ကြောင့်တန်ဖိုးမဖြတ်နိုင်သောလူ့အသက်သိန်းသန်းချီပြီးဆုံးရှုံးခဲ့ရသည့်အတွက်လူသားရင်းမြစ်များယုတ်လျော့ရော့နည်းသွားခဲ့ရသည်။ လူ့အသက်သာမကအိုးအိမ်တိုက်တာအဆောက်အအုံများပါနှစ်ပေါင်း (၆၀) အတွင်း ပျက်စီးခဲ့မှုများအားလုံးသည် ဘီလီယံနှင့်ချီ၍ရှိသည်။ ပြည်တွင်း စစ်ကြောင့်စီးပွါးရေးကောင်းကောင်းမလုပ်နိုင်သဖြင့် တိုင်းပြည်မွဲတေလာခဲ့ရသည်။
၃။လျှပ်စစ်မီးလုံလောက်စွာမရသဖြင့်ပြည်တွင်းထုတ်ကုန်ထုတ်လုပ်သောစက်ရုံများမလည်ပတ်နိုင်ခြင်းသည်တချက်။
တိုင်းပြည်တိုးတက်ဖွံဖြိုးရန်မှာစက်မှုလက်မှုတိုးတက်ဖွံဖြိုးဖို့လိုအပ်သည်။ စက်မှုလက်မှုတိုးတက်ဖွံဖြိုးရန်အတွက် လျှပ်စစ်ဓါတ်လုံလောက်စွာရဖို့ လိုသည်။ လျှပ်စစ်မီးလုံလောက်အောင်မရရှိသောနိုင်ငံသည် ဘယ်တော့မှတိုးတက်ဖွံဖြိုးမှုရနိုင်မည်မဟုတ်ချေ။ စစ်အစိုးရမှလျှပ်စစ်ထုတ်လုပ်မှုကို ပြည်တွင်းသုံးစွဲမှုထက်ပြည်ပသို့ရောင်းချ၍ မိမိအိတ်ထဲနိုင်ငံခြားငွေထည့်ရန်သာ စိတ်ဝင်စားခဲ့ကြသည့်အတွက်ပြည်တွင်းစက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုး မှု မရှိဘဲရရစားစား အသေးစားလုပ်ငန်းရှင်လေးများဘဝမှမတက်နိုင်ဘဲရှိသဖြင့်ပြည်တွင်းလိုအပ် ချက်ကိုပြည်ပမှသာအဓိကတင်သွင်းရသဖြင့်ပြည်တွင်းမှ ကုန်ကြမ်းများဈေးပေါ်ပေါ်ဖြင့်ထွက်သွားပြီးပြည်ပမှ ကုန်ချောများ ဈေးကြီးဖြင့်ဝင်ရောက်လာပြီး တိုင်းပြည်လိုငွေပြပြီး ကြွေးလည်ပင်းခိုက်လာသည်မှာ အဆန်းမဟုတ်ချေ။ ထို့ကြောင့်စီးပွါးရေးရင်းနှီးမြှုပ်နှံမှုများမှာ ဒေါ်စုပြောသကဲ့သို့ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိအောင်အလေးထားသော၊ အလုပ်သမားများ ရပိုင်ခွင့်ခံစားပိုင်ခွင့်တို့ကိုလေးစားလိုက်နာသော၊ပြည်တွင်းကုန်ချောထုတ်လုပ်သော စက်ရုံအလုပ်ရုံများရင်းနှီးမြှုပ်နှံနိုင်လာလျှင် ပြည်သူတို့အလုပ်အကိုင် များ ရရှိလာပြီးစီးပွါးရေးချောင်လည်လာကြမည်ဖြစ်သည်။
သို့ရာတွင် တချို့ကဦးသိန်းစိန်အစိုးရသည်အမှန်တကယ်ပြုပြင်ပြောင်းလဲရေးထက်၊ စစ်တပ်လက်ဝါးကြီးအုပ်ထားမှုကို အချိန်ဆွဲနိုင်သမျှဆွဲထား နိုင်ရေးကို ဦးတည်၍အပေါ်ယံပြောင်းလဲမှုတို့ကိုပြုလုပ်နေခြင်း (Superficial Change) ဟုဝေဖန် သုံးသပ်ကြသည်။ ထိုသူတို့ထံတွင်လည်း သံသယဖြစ်လောက်သည့် ထောက်ပြချက်များကရှိနေခဲ့သည်။ လွှတ်တော်အတွင်း ကိုယ်စားလှယ်များ မိမိတင်ပြဆွေးနွေးလိုသည်ကို လွှတ်တော် ဥက္ကဌထံတင်ပြ၍ဥက္ကဌကခွင့်ပြုမှသာ ဆွေးနွေးခွင့်ရှိသည်မှာ လွှတ်တော်တွင်းတွင်ပင်အများက သင့်တော်သည်ဆွေးနွေးသင့်သည်၊ မဆွေးနွေးသင့် ဆိုသည့် ဆုံးဖြတ်ခွင့်ကိုပေးမထားဘဲ လွှတ်တော်ဥက္ကဌတဦးတည်းကသာ ဦးစွာဆုံးဖြတ်ခွင့်ကိုယူထားသည်ဟုထောက်ပြခြင်း။ (၈၈) မျိုးဆက် ခေါင်းဆောင်များ၏ ပြည်ပထွက်ခွင့်ပတ်စပို့ကို ထုတ်မပေးဘဲထားခြင်းနှင့်ပြည်ပ ရောက်စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုများကို သမ္မတက ပြန်လာကြပါဟုနှစ်ကြိမ်ထုတ်ဖေါ်ပြောကြားခဲ့သော်လည်း တကယ်တန်းသွားရောက်လည်ပတ်ရန်လျှောက်ထားသူများကိုဗီဇာထုတ်မပေးခြင်းအပြင် သံအမတ်ကြီးထံသို့ အစိုးရဆန့်ကျင်ရေးမလုပ်ခဲ့ဘူးကြောင်း၊ ပြည်တွင်းရောက်လျှင်နိုင်ငံရေးလုပ်နေသူ များကိုတွေ့ဆုံခြင်းအားပေးခြင်း မပြုလုပ်ပါဟု ဝန်ခံလက်မှတ်ရေးထိုးရမည်ဆိုသည်မှာ လက်တွေ့တွင်အပြောနှင့်အလုပ်မညီကြောင်းထောက်ပြကြသည်။
အဓိကထောက်ပြချက်မှာနိုင်ငံရေးအကျဉ်းသားများအားလုံးကိုလွှတ်မပေးဘဲ တချို့တဝက်ကိုသာလွှတ်ပေးပြီး (၄၀၀) နီးပါးကို ဆက်လက်ဖမ်းဆီးထား ခြင်းနှင့် မြန်မာနိုင်ငံတွင်နိုင်ငံရေးအကျဉ်းသားဟူ၍မရှိဟု အစိုးကိုယ်တိုင်က စစ်အုပ်ချုပ်ရေးကာလအာဏာပိုင်များအသုံးအနှုန်းအတိုင်း ပြောကြား၍ နိုင်ငံရေးအကျဉ်းသားများရှိခြင်းကို ဗြောင်ငြင်းပယ်ခဲ့ခြင်းကြောင့် ဦးသိန်းစိန်အစိုးရကိုယုံကြည်ရန်ခက်စေခဲ့သည်။
ထို့ပြင် သတင်းလွတ်လပ်ခွင့်ကို လျော့ပေးသည်ဆိုသော်လည်း ဆင်ဆာရှိနေသေးသည့်အပြင် ပြည်သူသန်း (၆၀) အတွက်သတင်းစာ (၄) စောင်သာရှိနေပြီး ထိုဖြန့်ချီနေသောသတင်းစာများမှာလည်း အစိုးရပိုင်သတင်းစာများဖြစ်သည့်အပြင် ဝါဒဖြန့်သတင်းများသာ (၁၉၆၃) ခုနှစ်မှ စ၍ယနေ့အထိ လွှမ်းမိုးနေခဲ့သည်။
ပြည်သူများကို သတင်းမှန်ဖြန့်ချီသည့် ပုဂ္ဂလိကသတင်းစာများထုတ်ဝေနိုင်မှုကို ယနေ့အထိမပေးသေးဘဲထားခြင်းကြောင့် လက်ရှိအစိုးရကို အမှန် တရားကိုဖုံးကွယ်လိုသောစိတ်ရှိနေသည် ဟုမြင်ကြသည်။ သို့ရာတွင်မကြာသေးမှီက ပြည်သူပိုင်သတင်းစာများ အရည်အသွေးမြှင့်တင်ရန် ဆွေးနွေးပွဲ လုပ်သည့်အကြောင်းကို ဖတ်လိုက်ရသည်။ ပါဝင်ဆွေးနွေးကြသူများကနိုင်ငံပိုင်သတင်းစာများ၏ အရည်အသွေးသည် ကျဆင်းလျက်ရှိပြီး အစိုးရသတင်းစာများတွင် ပြည်သူစိတ်မဝင်စားသည့်နိုင်ငံအကြီးအကဲများ ဖဲကြိုးဖြတ်နေပုံ၊ ခရီးလှည့်လည်နေပုံများကို နေ့တဓူဝဖေါ်ပြနေခြင်းကို ဖြုတ်သင့်ကြောင်း၊ ပြည်သူလူထုစိတ်ဝင်စားမည့်သတင်းများကိုပို၍ထည့် ခြင်းဖြင့်အရည်အသွေးကိုမြှင့်တင်သင့်ကြောင်း။ ထို့ပြင် တချိန်ချိန်တွင် ပေါ်လာမည့်ပုဂ္ဂလိကသတင်းစာများကို ယှဉ်နိုင်ရန်ယခုကထည်းကစဉ်းစားပြုပြင်ရမည့်အကြောင်းဆွေးနွေးချက်သည်၊ မကြာခင်ကာလတွင်သတင်းစာ လွတ်လပ်ခွင့်၊ စာပေလွတ်လပ်ခွင့်ရတော့မည်လောဆိုသည့်အတွေးကိုဝင်ရောက်လာစေသည်။ တဖက်တွင်လည်း ပြန်ကြားရေးဝန်ကြီးက စာနယ်ဇင်း တင်းကြပ်မှုကို လျော့ပေးမည်ဟုပြောကြားသော်လည်း သတင်းစာထုတ်ဝေခွင့်ကိုနှာစေးနေခဲ့သည်။ မည်သို့ဆိုစေ လက်ရှိအစိုးရမှ ပုဂ္ဂလိကသတင်းစာ ထုတ်ဝေမှုကိုချက်ချင်းခွင့်ပြုလုပ်လိမ့်ဦးမည်မဟုတ်ချေ၊ ယနေ့အခြေအနေအတိုင်း ပုဂ္ဂလိကသတင်းစာများထုတ်ဝေခွင့်ကိုပေးလိုက်ပါက အစိုးရပိုင် သတင်းစာများဖတ်သူမရှိသည့်ကိန်းမုချဆိုက်ပြီး နှစ်မကူးခင်ပြုတ်နိုင်သဖြင့်အစိုးရသတင်းစာများ၏ဝါဒဖြန့် သတင်းစာဘဝမှခေတ်နှင့်လျှော်ညီသော ပုံစံပြောင်းပြီး ပုဂ္ဂလိကသတင်းစာများကိုယှဉ်ပြိုင်နိုင်ရန်ကြိုတင်ပြင် ဆင်နေ ကြောင်းထင်ရှားသည်။
လက်ရှိအုပ်ချုပ်သူများထဲမှတချို့သည် တလမ်းသွားအတွေးအခေါ်ဖြင့်ရှင်သန်ကြီးထွားလာသူများဖြစ်ကြသည်။ အရာရာကိုအာဏာသုံး၍ ဆုံးဖြတ် တတ်သော ညဉ်ဆိုးသည်အရိုးစွဲနေခဲ့သည်။ ပြည်သူကိုဂရုစိုက်စရာမလိုငါသိတယ်ငါတတ်တယ်၊ ဘယ်သူ့မှတိုင်ပင်စရာမလိုဆိုသည့်အစွဲရှိသည်။ ဥပမာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဦးဇော်မင်း၏ မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်သော ပြောကြားမှုသည် ထိုစရိုက်ရှိသူများ၏ အကျင့်စရိုက်ကို လှစ်ဟ ပြလိုက်ခြင်းပင်ဖြစ်သည်။ ဘယ်လိုအမျှော်အမြင်နဲ့ဘယ်လိုအတွေးအခေါ်နဲ့များ ဝန်ကြီးဖြစ်လာသူလဲဆိုသည်က တွေးစရာဖြစ်သလိုတိုင်းပြည်အတွက် အထူးရင်လေးစရာဖြစ်သည်။ နိုင်ငံပိုင်သတင်းစာကို အစိုးရပိုင်သတင်းစာအဖြစ်သတ်မှတ်အသုံးပြုနေမှုသည် တလမ်းသွားအတွေးအခေါ်အကျင့်အကြံပင် ဖြစ်သည်။ တသက်လုံးဒီသတင်းစာတွေကို ငါတို့ပါတီအကျိုးအတွက်၊ ငါတို့အာဏာရရေးအတွက်၊ ငါတို့ဝါဒဖြန့်ချီရေးအတွက် အသုံးပြုမယ်ဆိုသည့် အတွေးအခေါ်သည် အာဏာရှင်ခေတ်ကအတွေးအခေါ်ဖြစ်သည်။ ယနေ့အထိ အာဏာရှင်ခေတ်ကအမူအကျင့်ကို မဖြောက်နိုင်ကြအတိုက်အခံသည် အစိုးရဖြစ်လာနိုင်သည် ဆိုသည့်အတွေးအခေါ်မရှိသည်လား? အတိုက်အခံကို ရှိယုံသာထားပေးပြီး ငါတို့ဘဲလက်ပြောင်းလက်လဲနဲ့ အာဏာဆက်ယူသွားမည်လားဆိုသည်ကိုစောင့်ကြည့်ရပေမည်။ မှန်မှန်ကန်ကန်သုံးသပ်ရလျှင် အစိုးရပိုင်သတင်းစာဆိုသည်မှာ ဒီမိုကရေစီနိုင်ငံတခုတွင် မရှိသင့်သောအရာတခုဖြစ်သည်။ ပုဂ္ဂလိကပိုင်နှင့်နိုင်ငံရေးပါတီပိုင်သတင်းစာများရှိခြင်းသည် အဓိပ္ပါယ်ရှိသည်။ နိုင်ငံရေးပါတီများက မိမိတို့ပါတီမူဝါဒ သဘောထားများကိုပြည်သူသို့ချပြဆွေးနွေးခြင်း၊ ပြည်သူလူထု၏ထောက်ခံမှုကို ရယူခြင်းတို့သည်နိုင်ငံရေးပါတီများလုပ်ရမည့်အလုပ်ဖြစ်သည်။ အစိုးရ အလုပ်မဟုတ်။ အစိုးရအလုပ်သည် မိမိမူဝါဒများကိုသတင်းစာဆရာများသို့တင်ပြ၍ ထိုသတင်းစာဆရာများကနေ ပြည်သူသို့တဆင့်တင် ပြပေးခြင်းသာဖြစ်သည်၊ ကိုယ်ပိုင်သတင်းစာမလို အဘယ့်ကြောင့်ဆိုသော် အစိုးရဟူသည် ရွေးကောက်ပွဲတွင် အနိုင်ရသည့်ပါတီကဖွဲ့စည်းရခြင်း ဖြစ်သဖြင့် ပါတီတခုသည် ရာသက်ပန်အာဏာစွဲကိုင်ထား၍ မရနိုင်ချေ၊ ရသည်ဆိုလျှင် ထိုနိုင်ငံသည် ဒီမိုကရေစီနိုင်ငံမဟုတ်ချေ အာဏာရှင်နိုင်ငံသာ ဖြစ်ပေမည်။ မြန်မာနိုင်ငံတွင်အစိုးရပိုင်သတင်းစာသည် အနိုင်ရပါတီ၏သတင်းစာဖြစ်နေသည်၊ နိုင်ငံပိုင်သတင်းစာမှ ဘက်လိုက်၍အတိုက်အခံပါတီနှင့် ထိုပါတီခေါင်းဆောင်များကို ဝေဖန်ခြင်း၊ တိုက်ခိုက်ခြင်းတို့ကိုဗြောင်လုပ်လျက်ရှိသည်။ အတိုက်အခံပါတီအနိုင်ရပါက ထိုသတင်းစာသည် အတိုက်အခံပါတီကသုံးစွဲရမည့်သဘောရှိသည်။ သတင်းစာဟူသည် အာဏာရလာသောနိုင်ငံရေးပါတီများက တယောက်တလှည့်မောင်ပိုင်စီးပြီး မိမိတို့အကျိုးအတွက်မူဝါဒဖြန့်ချီရေးလုပ်ခွင့်ပေးသောစံနစ်သည် ဒီမိုကရေစီကျင့်စဉ်နှင့်လုံးဝဖီလာဖြစ်နေပေသည်။ မူလသတင်းစာချုပ်ကိုင်ထားသူများ အားလုံးဖယ်ရှားပစ်ရမည့်သဘောရှိသည်။ ထို့ကြောင့် ယနေ့မြန်မာနိုင်ငံရှိ နိုင်ငံပိုင်သတင်းစာ၎စောင်လုံးကိုပုဂ္ဂလိကပိုင်ပြောင်းလဲရေးနှင့် ပုဂ္ဂလိကပိုင်သတင်းစာထုတ်ဝေမှုကိုခွင့်ပြုမည်ဆိုလျှင် (၂၀၁၅) ရွေးကောက်ပွဲသည် တရားမျှတသည့်ရွေးကောက်ပွဲဖြစ်ရန် အတော်အတန် ကြိမ်းသေပြီဟု ပြောလို့ရနိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက (၂၀၁၀) ကဲ့သို့ မဲလိမ်မဲခိုးမှုများနှင့်သာပြည့်နှက်နေပေလိမ့်မည်။ အမှန်တရားကိုထုတ်ပြောနိုင်သော၊ ဖွင့်ချနိုင်သောလွတ်လပ်သောသတင်းစာများမထွက်ပေါ်သေးသမျှ အမှန်တရားများကို မသမာမှုဖြင့် ပိတ်ပင်တားစီး မှုများက ရှိနေမည်သာဖြစ်သည်။ တရားဥပဒေစိုးမိုးမှုဆိုသည်ကလည်း စာအုပ်ထဲတွင်းသာ ဖတ်ကောင်းသည့်အဆင့်ရှိနေပေလိမ့်မည်။
ဒေါ်အောင်ဆန်းစုကြည်ကပါရီမြို့အမေးအဖြေတွင် ဖြေကြားသွားခဲ့ရာတွင် “အတိုက်အခံဆိုတာတချိန်မှာအစိုးရဖြစ်နိုင်တယ်ဆိုတာသတိပြုမိဖို့လိုတယ်၊ တသက်လုံးအတိုက်အခံဖြစ်မနေဘူး” ဆိုသည့်စကားသည်အားလုံးသတိချပ်သင့်သည့်စကားဖြစ်သည်။ အထူးသဖြင့် တိုင်းပြည်အာဏာကိုရယူထား သောစစ်တပ်၊ ကြံဖွံ့ပါတီနှင့် စစ်ဗိုလ်ချုပ်များအထူးစဉ်းစားရမည့်အချက်ဖြစ်သည်။ ထို့ကြောင့် ကိုယ်ကမဲရှုးံ၍ အတိုက်အခံဘဝရောက်လျှင် လက်ဝါးကြီးအုပ်ရယူထားသောအခွင့်အရေးများကို မဲအနိုင်ရသောပါတီကယူသွားပေမည်။ ထိုအခါကျမှ မတရားပါဘူးဟုပြောလို့မရ။ ယ္ခုကတည်းက မျှတအောင်အမြှော်အမြင်ရှိရှိပြုပြင်ပြောင်းလဲနိုင်ဖို့လိုပေသည်။ ထိုသို့မဟုတ်ဘဲ ငါတို့ဘဲအမြဲအစိုးရဖြစ်ရမယ်၊ အတိုက်အခံဟာ အမြဲအတိုက်အခံ နေရာကနေမတက်စေရဘူးဆိုသည့်ညဉ်ဆိုးကို ဆက်လက်ထားရှိနေမည်ဆိုလျှင် မြန်မာပြည်သားတို့စစ်ကျွန်၊ အိမ်နီးချင်းနိုင်ငံများ၏ စီးပွားရေး ကျွန်သဘောက်ဘဝမှ တက်နိုင်လိမ့်မည်မဟုတ်ချေ။ ပြည်တွင်းစစ်မီးသည်လည်း ဆက်လက်တောက်လောင်နေမည်သာဖြစ်သည်။
တိုင်းရင်းသားများအရေးနှင့်ပတ်သက်၍ပြောရမည်ဆိုလျှင် သမ္မတကြီးမှ ကချင်ပြည်နယ်တွင် တိုက်နေမှုကိုရပ်ဆိုင်းရန်အမိန့်ပေးသော်လည်း ပထမတွင် ရှေ့တန်းသို့သတင်းမရောက်သေးလို့ပါဟုဆင်ခြေပေးခဲ့ပြီး သမ္မတအမိန့်ကိုဖီဆန်ပြီးဆက်လက်တိုက်နေသည်မှာ တနှစ်ကျော်လာသည့် ယနေ့ အထိပင်ဖြစ်သည်။ ထို့ကြောင့်အမှန်တကယ်အာဏာသည် အခြေခံဥပဒေအရ သမ္မတတွင်တကယ်ရှိမှရှိရဲ့လား ရုပ်သေးသမ္မတ (သို့မဟုတ်) စစ်တပ်ကိုမလွန်ဆန်နိုင်သော အကန့်အသတ်သာလုပ်ပိုင်ခွင့်ရှိသော သမ္မတလားဟုထင်စရာဖြစ်လာခဲ့ပေသည်။
နောက်တချက်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးကို ဦးအောင်မင်းနှင့်အပြီုင်လုပ်နေသော ဦးအောင်သောင်းသည် တင်းမာသူတဦးဖြစ်သူဟု ကြော်ကြားပါသည်။ သို့ရာတွင် ဦးအောင်သောင်းဆွေးနွေးပွဲတွင်ပါဝင်မလာတော့ဘဲ ဦးအောင်မင်းတဦးတည်း လုပ်ပိုင်ခွင့်ရလာခဲ့ပါသည်။ တခုသတိ ပြုမိသည်မှာ ငြိမ်းချမ်းရေးရလာသည့် (SSA) နှင့် (KNPP) တို့နှင့် ယခုရက် အတွင်းတိုက်ပွဲများပြန်လည်ဖြစ်လာသည်မှာ ဦးအောင်မင်းကြိုးစားမှုကို စစ်တပ်မှ လက်မခံကြောင်းအချက်ပြခြင်းလားဟုထင်စရာရှိသည်။ ထိုအချက်များကြောင့်စစ်တပ်သည်သမ္မတအမိန့်ကိုမနာခံဘဲ ဗိုလ်ချုပ်မင်းအောင်လှိုင် က သူ့သဘောသူဆောင်နေသည်ဟု မှတ်ချက်ပေးရမလိုအခြေအနေကဖြစ်နေသည်။
နိဂုံးအားဖြင့် ဒေါ်အောင်ဆန်းစုကြည်သည်မြေခွေးတွင်းထဲသို့ဝင်ရောက်သွားပြီဖြစ်သည်၊ ဒေါ်စုနှင့်ဒီမိုကရေစီအင်အားစုများက စစ်မှန်သောဒီမိုကရေစီ နိုင်ငံတော်ကြီး ပေါ်ပေါက်လာစေရန် ရည်သန်၍အများအကျိုးအတွက် ဒီမိုကရေစီစံချိန်စံညွှန်းနှင့်ညီသောဥပဒေသများကို လွှတ်တော်သို့ တင်သွင်းသည့်အခါ မြေခွေးနှင့်ဝံပုလွေများက ဝိုင်းကိုက်ကြမည်လား၊ လက်ခံမည်လားစောင်ကြည့်ရပေမည်။ သားစားကြူးသော သားရဲတွင်းသို့ ဒေါ်စုရဲရင့်စွာ ဝင်ရောက်သွားပြီ၊စောင့်ကြည့်အားပေးရမည်ကကျွနုပ်တို့တတွေ။
အမိမြန်မာနိုင်ငံတော်ကြီးစစ်ကျွန်ဘဝဆိုးမှ အမြန်ဆုံးလွတ်မြောက်၍ မြန်မာလူမျိုးများကမ္ဘာတွင်
မော်ကြွားနိုင်သောလူမျိုးများဘဝသို့ ရောက်ရှိရေးကို ရည်မှန်းလျက်
ထွန်းအောင်ကျော် ( ခေတ္တ အီသီကာမြို့၊ အမေရိကန်နိုင်ငံ)
ဂျူလိုင် ၂ ရက်၊ ၂၀၁၂၊ ညနေ၇နာရီ ၃၈မိနစ်
No comments:
Post a Comment