Thursday, July 5, 2012

သာသနာကို ကြည်ညိုလွန်းလို့ မြန်မာဦးဇင်း ဖြစ်လိုသူ



အရှင် သရဏ၊ ဓာတ်ပုံ- Reiko's facebook

“မြန်မာကို ကမ္ဘာက လေးစားတာ သာသနာကြောင့်၊ ဒီသာသနာကို ကြည်ညိုလွန်းလို့ မြန်မာ ဦးဇင်းဖြစ်ချင်တဲ့ အရှင် သရဏ ကို သူပျော်သလောက်နေပါစေ” တဲ့၊ တိပဋိက ယောဆရာတော်က ပြောလိုက်တဲ့ စကားပါ။
ဒါဆို မြန်မာ ဦးဇင်းဖြစ်ချင်တဲ့ အရှင် သရဏဆိုတာ ဘယ်သူလဲ။
တိပိဋိက ယောဆရာတော်နှင့် အတူ
သူကတော့ ဟိုး အရှေ့ဥရောပက ကမ္ဘာကျော် ကတ္တီပါ တော်လှန်ရေးခေါင်းဆောင်ကြီး မစ္စတာ ဗားကလပ်ဗ် ဟာဗဲလ် ရဲ့ နိုင်ငံဖြစ်တဲ့ ချက်ရီပတ်ဗလစ် (Czech Republic) နိုင်ငံက ချက်လူမျိုး တဦးပါ။ ဗုဒ္ဓ ဘာသာကို ကြည်ညိုလွန်း လို့ ရှင် သာမဏေ အဖြစ်ခံယူခဲ့တယ်။ မြန်မာစာ မြန်မာယဉ်ကျေးမှုကိုလည်း အလွန် ချစ်မြတ်နိုး လို့ မြန်မာစာ၊ မြန်မာစကားကို လည်း တန်ဘိုးထား ပြောကြားတဲ့ သူပါ။

မကြာသေးခင် ရက်သတ္တပတ်ကမှ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ဆရာတော် ဦးပညာဝံသကို ဥပဇ္ဈာယ် ဆရာ အဖြစ်ခံ ယူကာ ဗုဒ္ဓဘာသာ ရှင်ရဟန်းဖြစ်လာတဲ့ အရှင် သရဏပါ။
ဥပဇ္ဈာယ်ဆရာတော်နှင့် အတူ
သူဟာ မြန်မာ့မြေကို ခြေမချခင်၊ ထေရ၀ါဒ ရဟန်းတပါးအဖြစ် မရခင်ကတည်းက မြန်မာစာ၊ မြန်မာစကား ကို ကောင်းမွန် ပိုင်နိုင်စွာ ပြောကြားနိုင်ရုံ မကပါဘူး။ ချက်-မြန်မာ အဘိဓာန်စာအုပ်ကို လည်း ပြုစုထားနိုင် သူတဦးပါ။

အရှင် သရဏ ပြုစု ထားတဲ့ ချက်-မြန်မာ အဘိဓာန်စာအုပ်ဟာ ပထမဆုံးဖြစ်ပါလိမ့်မယ်။ ဒီအရင် ချက်-မြန်မာ အဘိဓာန်ဆိုတာ မကြားဖူးခဲ့ ပါဘူး။

သီရိလင်္ကာနိုင်ငံ..ကိုလံဘိုမြို့ မှာ သွားရောက်နေထိုင်ပြီး ဗုဒ္ဓစာပေ၊ မြန်မာစာတွေ သူက လေ့လာခဲ့တယ်။ တခြား မြန်မာ အပါအ၀င် ဗုဒ္ဓဘာသာ ရှင်ရဟန်းတွေကို သူက အင်္ဂလိပ်စာသင်ပေးတယ်။ သီရိလင်္ကာနိုင်ငံ မှာ နေပြီး သီဟိုဠ် ဘာသာစာပေ၊ စကား လည်း သူက ကျွမ်းကျင်တယ်။ မြန်မာရဟန်းတော်တွေ ထံ ကရော အခြား နေရာများကပါ မြန်မာစာ တတ်မြောက်လာပြီး မြန်မာစာမှာ တော်လွန်းလာတော့ နောက်ဆုံး သူဟာ ချက်-မြန်မာ အဘိဓာန်ကို ရေးသားပြုစုနိုင်ခဲ့ တာပါဘဲ။

အခုလို ချက်လူမျိုး ရဟန်းတော် အရှင် သရဏဟာ မြန်မာနိုင်ငံကို ရောက်ပြီး သူ့ရင်ထဲက အဖြစ်ချင်ဆုံး ကို အခုလိုလည်း ဖွင့်ဟ ထားပါတယ်။

“လူ့ဘဝကို ရတာဟာ ဒုလဘ္ဘတရားဖြစ်တယ်။ ဦးဇင်း ငယ်ငယ်ကတည်းက သူများနားလည်ရင် ကိုယ် နားမလည်သေးဘူး။ခုလို ဗုဒ္ဓဘာသာဖြစ်လာဖို့ မြန်မာနိုင်ငံမှာ ရဟန်းဖြစ် ဖို့ အများကြီးကြိုးစား ခဲ့ရ တယ်။ မြတ်ဘုရား သာသနာမှာ လူဖြစ်ရတာ ဒီဘဝမှာတင် နိဗ္ဗာန်ရောက်အောင်ကြိုးစားရမယ်။ တန်အောင်ကြိုးစားရမယ်” လို့ အရှင်သရဏက ဆိုပါတယ်။

ဒါကြောင့် အရှင် သရဏက ၀ိပဿနာ တရား ဘာဝနာ ကျင့်ကြံပွားများ အားထုတ်ပုံကို အခု ရန်ကုန်မြို့မှာ စနစ်တကျ အနီးကပ် သင်ယူလေ့လာနေပါတယ်။ ၅ နှစ်ကြာရင်တော့ တောရပ်မှာသွားပြီး တရား ကျင့်ကြံ မှာ ဖြစ်ပါတယ်တဲ့။

No comments:

Post a Comment