Wednesday, June 13, 2012

ပြည်တွင်းစစ်နဲ့ အဖိုးအို

on June 13, 2012

ရွာဦးမှာ ၂ လောင်း ရွာလယ်မှာ ၁ လောင်း
ရွာသင်္ချိုင်းမှာ ၃ လောင်း အလောင်းကြည့်လို့ ကျောင်းပျက်
တရက်လဲ မဟုတ်၊ နှစ်ရက်လဲ မဟုတ်
တလလဲ မဟုတ်၊ နှစ်လလဲ မဟုတ်
ကျောင်းအုပ်ကြီးရဲ့ ကြိမ်ဒဏ် ကျောကော့အောင်ခံရ
ဆရာမကလဲ၊ နားရွက်ဆွဲ ထိုင်ထ
သြော်…. ကာလ ကာလ ဒို့ ကာလဟဲ့၊
လူဖြစ်စမှာ ကမ္ဘာစစ်တဲ့ ကျောင်းနေစမှာ ပြည်တွင်းစစ်တဲ့။
ကမ္ဘာစစ်မှာ၊ ဗမာက ဂျပန်ကို တော်လှန်သတဲ့။
ပြည်တွင်းစစ်မှာ၊ ဗမာက ဗမာကို ဆော်ပြန်သတဲ့၊
ခေတ်ကတော့ ဗမာ့ခေတ် လွတ်လပ်ရေး ရစ၊
ဗမာက ဗမာကို ညီအစ်ကို အချင်းချင်း သားအဖချင်း၊
တူဝရီးချင်း ဆွေးချင်း မျိုချင်း၊ သူငယ်ချင်းတွေ၊
အိမ်နီးနားချင်း ရွာနီးနားချင်း မြို့နီးနားချင်း
“ဗမာချင်းချင်း တိုက်ခိုက်ခြင်းက လူ့ဘ၀” လို့ ခေတ်က သင်ခဲ့၊
သင်ခဲ့သည်မှာ သမိုင်းပါတကား “သမိုင်းဆိုတာ စစ်ပွဲပါတကား”
အထင်မှားရ အသင်မှားတဲ့ သင်ခန်းစာ။
ကမ္ဘာစစ်မှာ.. ဖက်ဆစ်ဂျပန် ကျူးကျော်ရန်ကို၊
တော်လှန်တိုက်ခိုက်၊ စစ်ထဲလိုက်တော့ လိုက်တဲ့ ရွာသား၊
ဒို့များ ဦးလေးရယ် ဦးလေးအရွယ်၊ ရွာလယ်ခြင်းဝိုင်းရယ်
တ၀ိုင်းလုံးဟာ စစ်ထဲပါသတဲ့၊
ပါသွားသူက ကိုးယောက် ဆယ်ယောက်
ပြန်လာသူက ငါးယောက်ခြောက်ယောက်
လေးငါးယောက်ဟာ၊ ပြန်လာလို့မှ ခဏမကြာ၊
တလတာလား တနှစ်တာလား၊
နားကြပြီးနောက် တယောက်က ကွန်မြူနစ်
တယောက်က ဆိုရှယ်လစ် မလစ်သူက၊ ပြည်သူ့ရဲဘော်
ရဲဘော်ထဲမှ၊ တချို့က အနီ တချို့က အဖြူ၊
တောရောက်သူရောက် တောင်ရောက်သူရောက်၊
တယောက်ကို တယောက်ကျောခိုင်း
ဂိုဏ်းမတူရင်၊ ရန်သူတွေဖြစ်
ရွာကိုပစ်ခွာ၊ ပြန်မလာတော့၊
ကမ္ဘာစစ်ကြီး၊ တချီပြီးလဲ
ပြည်တွင်းစစ်မီး၊ မပြီးပြတ်သေး
ချိုးဖြူလေးလဲ၊ ဝေးရပ်ကိုပျံ
လောက်စာမှန်သလား၊ လေးမြားမှန်သလား
ကျည်ဆံမှန်သလား ဒို့များမှာတော့၊
ကျောင်းသားကနေ ဆရာတွေဖြစ်၊
ဆရာကနေ သွားကြွေဆံဖြူ၊ တောင်ဝှေးကူရ
ချိုးဖြူလေးရေ ဘယ်မှလဲ၊ ပြန်ခဲ့ပါတော့ မျှော်နေဆဲ။
မောင်စွမ်းရည်
ဇွန် ၁၁၊ ၂၀၁၂

No comments:

Post a Comment