Friday, July 6, 2012

'လှေကလေးကိုလှော်မည်၊ ဘေးမသမ်းဘဲ အေးချမ်းတော့သည်' သီချင်း ဆိုပါလေဦး ကြီးကြီး ဘိလပ်ပြန်သန်း


ကေအမ်အက်စ်
အတွဲ ၂၉ ၊ အမှတ် ၅၇၆ (၆ - ၁၂ ၊ ၇ ၊ ၂၀၁၂)
ကြီးကြီးရေ... ဒီနေ့ဒီအချိန် ဒီကာလ မှာ ကျွန်တော်လေ ကြီးကြီးရယ်၊ ပက်ထရစ်ရှာဂိုးလ်ဘုသ်(PGB လေဒီ ဂိုးလ်ဘုသ်)ရယ်၊ အစ်ကိုမိုက်ကယ်ရယ် ကို အရမ်းသတိရနေမိပါတယ်။
ဘာ ကြောင့်လဲဆိုတော့ ကြီးကြီးချစ်တဲ့၊ ကြီးကြီးခေါ်လေ့ရှိတဲ့ 'စု'တစ်ယောက် ၁၃-၆-၂၀၁၂ နေ့ကစပြီး ကြီးကြီးတို့ဆီကို ရောက်နေ လို့ပါပဲ။
ကြီးကြီးတို့ သုံးယောက်သာ သက်ရှိထင်ရှားရှိနေကြမယ်ဆိုရင် အစ်မကိုလာရောက်ကြိုဆို နေကြမယ့်သူတွေထဲမှာ ရှေ့ဆုံးကရှိနေ ကြမယ်ဆိုတာ မျက်စိထဲမှာ မြင်ယောင် နေမိလို့ပါပဲ။
အခုလိုမျိုး အစ်မတစ်ယောက် သွားရလိမ့်မယ်ဆိုတာကို ကျွန်တော်ဖြင့် အိပ်မက်တောင်မမက်ခဲ့ရဲပါဘူး။
ကြီးကြီး တို့ဆို ဘယ်ထင်မိကြပါ့မလဲ။
တကယ် အဟုတ်ပါကြီးကြီးရဲ့။
၁၃-၆-၂၀၁၂ နေ့ မနက် ၉ နာရီကျော်လောက်မှာ ထိုင်းလေကြောင်း TGနဲ့ မြန်မာနိုင်ငံက ထွက်ခွာသွားခဲ့တာပါ။
ခရီးစဉ်က ပထမ ဆွစ်ဇာလန်နိုင်ငံ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်က ကျင်းပတဲ့ ဂျနီဗာမြို့က အစည်းအဝေး၊ ပြီးတော့ နော်ဝေနိုင်ငံ အော်စလိုမြို့က နိုဘယ်ငြိမ်းချမ်းရေးဆု ပေးပွဲအခမ်းအနား၊ ရပ်ဖတိုဆုပေးပွဲ အခမ်းအနား၊ ပြီးတော့ အိုင်ယာလန် နိုင်ငံ ဒဗ္ဗလင်မြို့က လူ့အခွင့်အရေး အတွက် ပေးတဲ့ ဆုအခမ်းအနား၊ ပြီးတော့ ဗြိတိန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်က ပေးတဲ့ ဂုဏ်ထူးဆောင်ဥပဒေ ဒေါက်တာ ဘွဲ့ပေးတဲ့ အခမ်းအနား၊ ၁၉-၆-၂၀၁၂ မှာ ကျရောက်တဲ့ အစ်မရဲ့ ၆၇ နှစ်မြောက် မွေးနေ့အခမ်းအနားကို အစ်ကိုနဲ့ အစ်မ တို့ရဲ့ နေအိမ်မှာ မိသားစုတွေနဲ့ ကျင်းပ မယ့်အခမ်းအနားတွေ တက်ရောက်ဖို့ အစ်မထွက်ခွာသွားခဲ့ပါတယ်။
တကယ်ပါ ကြီးကြီး၊ ယုံလိုက်ပါနော်။
ကြီးကြီးရေ၊ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ အစ်မနဲ့ တွေ့ရပြီးနောက်ပိုင်း ကျွန်တော်တို့ဆီမှာ အပြောင်းအလဲတွေ ဟာ အံ့ဩဖို့ ကောင်းအောင် ပြောင်းလဲ လာကြတာဟာ မြန်ဆန်လွန်းလှပါ တယ်။
၂၀၁၁ ခုနှစ်ရဲ့ နှစ်ဝက်ကျော် ကာလတွေဟာ ကြီးကြီးရဲ့ 'စု'အတွက် အပြောင်းအလဲမြန်ဆန်တဲ့ ကာလတွေ ပါပဲ။
'သမိုင်းတစ်ကွေ့ပြောင်းလဲလာမှု လို့' ခေါ်ဆိုရင်လည်း ရပါတယ်။
မဖြစ်နိုင်ပါဘူးဆိုတဲ့ အရာတွေဟာ မထင်မှတ်တဲ့ အနေအထားတွေ ဖြစ်လာလို့ပါပဲ။
တချို့ကတော့ အရွေ့ တစ်ခုလို့ တင်စားကြပါတယ်။
(၁) ၂၀၁၀ နိုဝင်ဘာလ ၁၃ ရက်နေ့ မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာခြင်း၊
(၂) သတင်းလွတ်လပ်ခွင့်လေးများ အနည်းငယ်ဖြစ်ပေါ်လာခြင်း၊
(၃) ဒေါ်အောင်ဆန်းစုကြည်ကို ဧည့်သည်တွေက လွတ်လပ်စွာလာ ရောက်တွေ့ဆုံနိုင်ခြင်း၊
(၄) ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက် နေ့မှာ အရပ်သားဒီမိုကရေစီအစိုးရသစ် တစ်ခု ပေါ်ထွက်လာခြင်း၊
(၅) ၂၀၁၁ ခုနှစ်၊ ဩဂုတ်လမှာ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သမ္မတ အိမ်တော်မှာ တွေ့ဆုံ ဆွေးနွေးကြခြင်း၊ (အဲဒီမှာ ထူးခြားချက်က နိုင်ငံတော် သမ္မတကြီးရဲ့ ဧည့်ခန်းမှာ အမျိုးသား ခေါင်းဆောင်ကြီး တပ်မတော်ဖခင်ကြီး အစ်မရဲ့ဖေဖေ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံကို ချိတ်ဆွဲထားတာကို မြင်တွေ့ ရတဲ့အတွက် သန်း ၆၀ သော ပြည်သူ တွေက အံ့ဩ ၀မ်းသာစွာဖြင့် ဂုဏ်ယူ ကြပါတယ်။ သမ္မတကြီးဦးသိန်းစိန်ကို လည်း ပြည်သူတွေက လေးစားထောက်ခံ မှု ပြုကြပါတယ်။)
မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့် လေးတွေ တချို့လည်း ရှိလာခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေကို မီဒီယာတွေမှာ ဖော်ပြခွင့်တွေ ပေးခဲ့ ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းတွေကိုလည်း လွတ်လပ်စွာ ဖော်ပြခွင့်တွေ ပေးခဲ့ကြပါတယ်။
အဲသည်လို လုပ်ခွင့်ပေးတယ်လည်းဆို ရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို မျက်နှာဖုံးမှာ အပြိုင်အဆိုင် အလု အယက် ဖော်ပြကြတာ တကယ့်ကို မှတ်တမ်းပါပဲ။
ကျွန်တော်ကလည်း ဘယ်ရမလဲ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးခဲ့ဖူးတဲ့၊ မိသားစုလိုနေတဲ့၊ မွေးစား အဒေါ်လို့ ဒေါ်အောင်ဆန်းစုကြည် ခေါ်ဝေါ်ခဲ့တဲ့ ခေတ်ဟောင်းက အဆိုတော်ကြီး 'ဘိလပ်ပြန်သန်း'ဆိုတဲ့ အဒေါ် ကြီးအကြောင်း ဆောင်းပါးရေးတာပေါ့။
တော်ပါသေးရဲ့၊ စာပေစိစစ်ရေးကလည်း ခွင့်ပြုကြပါတယ်။
ကျေးဇူးလည်း တင်မိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ အင်တာဗျူးလုပ်ဖို့ တောင်းဆို ကြတာများ ကြီးကြီးရယ် ကိုသိန်းဦး၊ ကိုဝင်းထိန်တို့မှာ မအားလပ် အောင်ဖြစ် ကြရတာပါပဲ။
ထုတ်ဝေတဲ့ ဂျာနယ်တိုင်းမှာ အစ်မပုံ ပါတဲ့ ဂျာနယ်ဆို ရောင်းအကောင်းဆုံး ပါပဲ။
တချို့က ဘာလုပ်သလဲဆိုတော့ ဟိုတုန်းက ငယ်စဉ်ဘ၀က ဓာတ်ပုံ တွေရော၊ မိသားစုဆွေမျိုးမိတ်ဆွေတွေ နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေရော၊ ရှားပါးဓာတ်ပုံတွေရော ဂျာနယ်တိုင်းမှာ ဖော်ပြကြတာဟာ အားရစရာပါပဲ။
ကိုယ့်အစ်မပုံပါတဲ့ ဂျာနယ်ဆိုပြီး ကျွန်တော့မှာ ၀ယ်လိုက်ရတာ မပြောပါ နဲ့တော့ ကြီးကြီးရယ်(အဲဒီမှာ ထူးခြားတဲ့ အမျိုးသမီးကြီး တစ်ယောက်ရဲ့ ဓာတ်ပုံ တွေ ပါပါလာတာကို လူတွေက သတိ မထားမိကြဘူး။ မသိတာလည်းပါပါ တယ်။ မသိဆို လွန်ခဲ့တဲ့ ခေတ်ဟောင်း ကာလကဆိုတော့ ဘယ်သိကြတော့ မလဲ။ တချို့ကတော့ နာမည်ကြားဖူး ကြတယ်။ သူ့သီချင်းတွေ နားထောင်ဖူး ကြတယ်။ ခေတ်ဟောင်းမီလိုက်တဲ့သူ တွေဆို သိကြပါတယ်။ အစ်မဖေဖေ ဗိုလ်ချုပ်အောင်ဆန်း နှစ်သက်တဲ့ ခေတ်ဟောင်း အဆိုတော်ကြီး 'ဘိလပ် ပြန်သန်း'ရဲ့ ဓာတ်ပုံပေါ့။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုတွေနဲ့အတူတွဲ ပြီး ပါလာလေ့ရှိတဲ့ခေါင်းမှာ ပ၀ါလေးကို မေးသိုင်းစီးပြီး နေကာပါဝါမျက်မှန် တပ် ထားတဲ့ မြန်မာအမျိုးသမီးကြီး တစ်ယောက်ဟာ အမြဲပဲပါနေတတ်ပါ တယ်။
တစ်ခါတလေ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခွေးကြီးပါပီ့ကို လက်ကနေ ပွေ့ထားတဲ့ပုံလည်း မြင်ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က အဆိုတော်ကြီး ဘိလပ်ပြန်သန်းကို 'သူ့ရဲ့ မွေးစား အဒေါ်'လို့ ခေါ်ဝေါ်သုံးနှုန်းတတ်ပါ တယ်။
'ကြီးကြီး'လို့လည်း ခေါ်ဆိုပါ တယ်။ (အစ်မတို့မိသားစု ဆွေမျိုးအသိုင်း အ၀ိုင်းဟာ မြန်မာဆန်တဲ့ အခေါ်အဝေါ် မျိုးတွေသာ သုံးစွဲကြပါတယ်။ ဖေဖေ၊ မေမေ၊ ဒေါ်ကြီး၊ ဒေါ်လေး၊ ကြီးကြီး၊ မမ၊ မမတင်လှ၊ မမချော၊ ကိုကိုအေး၊ ကိုကိုဦး၊ ကိုကိုလင်း၊ ကိုထွေး၊ ချိုချို၊ ကိုကိုညီ ဆိုတာတွေ ဆွေမျိုးအသိုင်းအ၀ိုင်းမှာ သုံးနှုန်းတဲ့ အခေါ်အဝေါ်တွေပါပဲ။) အစ်မရဲ့ဘ၀မှာ အဆိုတော်ကြီး ဘိလပ်ပြန် သန်းနဲ့အတူ တန်းတူထားရမယ့် မိတ်ဆွေတစ်ယောက်လည်း ရှိခဲ့ပါတယ်။
PGB လို့ ခေါ်တဲ့၊ ပက်ထရစ် ရှာဂိုးလ်ဘုသ်လို့ ခေါ်တဲ့ အမျိုးသမီးကြီး ပါပဲ။
အစ်မမိသားစုပုံနဲ့ သူ့ပုံဟာလည်း အမြဲပဲပါတတ်ပါတယ်။ PGB ဟာ ၁၉၅၃ ခုနှစ်မှ ၁၉၅၆ ခုနှစ်အထိ မြန်မာ နိုင်ငံမှာ တာဝန်ထမ်း ဆောင်ခဲ့တဲ့ ဗြိတိသျှသံအမတ်ကြီး Mr.Gore Booth ရဲ့ ဇနီးပါပဲ။ (၁၉၉၁ ခုနှစ်၊ ဒီဇင် ဘာလ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့ထုတ်၊ အတွဲ ၂၉၊ အမှတ် ၈၆၊ လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာပါ ပုဂ္ဂိုလ်) အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းဟာ အိန္ဒိယနိုင်ငံမှ ခေါင်းဆောင်ကြီး ဂျာဝါဟာလာနေရူး နဲ့ ခင်မင်ရင်းနှီးခဲ့သလို ဗြိတိသျှနိုင်ငံမှ နိုင်ငံရေးခေါင်းဆောင်များ၊ စစ်ရေး ခေါင်းဆောင်များ နဲ့လည်း ခင်မင် ရင်းနှီးခဲ့ပါတယ်။ လော့ဒ်လူဝီအားလ် မောင့်ဘက်တန် (မြန်မာ) တို့ဆိုလည်း ရင်းနှီးသော မိတ်ဆွေစာရင်းမှာ ပါဝင် ပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာ နိုင်ငံမှာ လာရောက်ပြီး သံတမန်တာဝန် ထမ်းဆောင်ခဲ့ကြတဲ့ သံတမန် တော်တော် များများဟာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိသားစုတွေအပေါ်မှာ လေးလေးစားစား ဂုဏ်ယူစွာနဲ့ ခင်ခင်မင်မင် ဆက်ဆံ ကြပါတယ်။
အထူးသဖြင့် အိန္ဒိယ သံတမန်များ၊ ဗြိတိသျှသံတမန်များဟာ ဗိုလ်ချုပ်အောင်ဆန်း မိသားစုအပေါ်မှာ လေးလေးစားစား ဆက်ဆံလေ့ ရှိပါ တယ်။
၁၉၅၃ ခုနှစ်မှ ၁၉၅၆ ခုနှစ်အထိ မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗြိတိသျှသံအမတ်ကြီး Mr. Gore Booth မိသားစုဟာ ဗိုလ်ချုပ်အောင်ဆန်း မိသားစုအပေါ်မှာ ခင်မင်ရင်းနှီးစွာနဲ့ နိုင်ငံ့ခေါင်းဆောင် မိသားစုသဖွယ် ဆက်ဆံကြပါတယ်။ ဗိုလ်ချုပ်အောင် ဆန်း သားသမီးတွေအပေါ်မှာလည်း မိသားစုသဖွယ် ဆက်ဆံပါတယ်။ (သာဓကအနေနဲ့ပြရရင် သံအမတ်ကြီး ဂိုးဘုသ်မိသားစုက ၁၉၅၄ ခုနှစ်၊ နိုဝင် ဘာလမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုးနှစ် သမီးအရွယ် အောင်ဆန်းစုကြည်ကို အဲလီဇဘက် ဘုရင်မကြီးရဲ့ မိသားစုဝင် လေးဦးရဲ့ ပုံတွေပါဝင်တဲ့ ဓာတ်ပုံစာအုပ် အမှတ်စဉ်(၄) စာအုပ်လေး လက်ဆောင် ပေးခဲ့တာဟာ နှစ်ပေါင်း ၆၀ နီးပါးထိတိုင် အောင် ရှိနေပါသေးတယ်။)
သံအမတ်ကြီး Mr. Gore Booth ဟာ မြန်မာနိုင်ငံမှာ တာဝန်ပြီးဆုံးခဲ့သော် လည်း အိန္ဒိယနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီးအဖြစ် တာဝန်အပေးခံရပါ တယ်။
မြန်မာနိုင်ငံအစိုးရဟာ ၁၉၆၀ ခုနှစ်မှာ ဒေါ်ခင်ကြည်ကို အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။
Mr. Gore Booth မိသားစုဟာ ဗိုလ်ချုပ်အောင် ဆန်း မိသားစုနဲ့ နယူးဒေလီမြို့မှာ ပြန်လည်ဆုံတွေ့ခဲ့ကြပြန်ပါတယ်။
ထိုအချိန်က အဆိုတော်ကြီး ဘိလပ် ပြန်သန်း (ဒိုရာသန်းဧ)ဟာ အိန္ဒိယနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ လက် အောက်ခံအဖွဲ့ အစည်း တစ်ခုမှာ တာဝန် ထမ်းဆောင်နေပါတယ်။
အစ်မဖေဖေနဲ့ ခင်မင်ခဲ့ဖူးတော့ အစ်မမိသားစုနဲ့လည်း ရင်းနှီးခဲ့ကြပါတယ်။
အစ်မဟာ အိန္ဒိယနိုင်ငံမှာ ပညာသင် ကြားပြီး လန်ဒန်မှာ ပညာသင်ကြားဖို့ အခွင့်အရေးရတဲ့အခါ လေဒီဂိုးလ်ဘုသ် မိသားစုက အစစအရာရာ ကူညီစောင့် ရွက်ခဲ့ကြပါတယ်။
ကြီးကြီး ဘိလပ်ပြန် သန်းကလည်း အိန္ဒိယနိုင်ငံကနေ အယ်လ်ဂျီးယားနိုင်ငံ ကုလသမဂ္ဂအဖွဲ့ အစည်းမှာ ပြောင်းရွှေ့တာဝန်ထမ်း ဆောင်ရပြန်ပါတယ်။ အစ်မဟာ ကျောင်းပိတ်ရက်တွေမှာ ကြီးကြီး ဘိလပ်ပြန်သန်းရှိရာ အယ်လ်ဂျီးရီးယား နိုင်ငံကို သွားလည်ပြီး ကြီးကြီးနဲ့အတူ လမှုဝန်ထမ်းတာဝန်တွေကို လုပ်အား ပေးခဲ့ပါတယ်။
ကုလသမဂ္ဂအဖွဲ့အစည်း ကြီးရဲ့ လုပ်ငန်းအတွေ့အကြုံတွေကို ပထမဆုံးယူခဲ့တာပါပဲ။ နောင် ကြီးကြီး ဘိလပ်ပြန်သန်း နယူးယော့ခ် ကုလသမဂ္ဂ ဌာနချုပ်မှာ တာဝန်ထမ်းတော့လည်း အတူလိုက်ပါပြီး ကုလသမဂ္ဂ၀န်ထမ်း အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ထိုစဉ်အချိန်ကတည်းက အစ်မရဲ့ ဘ၀မှာ ကြီးကြီးဒေါ်သန်းဧနဲ့ ပတ်ထရာ ရှာဂိုးလ်ဘုသ်တို့ မိတ်ဆွေရင်းတွေပါပဲ။
အစ်မရဲ့ အိမ်ထောင်ရှင်ဘ၀မှာလည်း ကြီးကြီးတို့နှစ်ယောက်က အစ်မအနား မှာ အမြဲရှိပေးလျက်ပါပဲ။ ၁၉၉၅ ခုနှစ်မှာ ကြီးကြီး ဘိလပ်ပြန် သန်းနဲ့ လေဒီဂိုးလ်ဘုသ်တို့နှစ်ယောက် မြန်မာနိုင်ငံကိုရောက်ရှိခဲ့ပြီး အစ်မရဲ့ခြံ ရှေ့ ဟောပြောပွဲတွေကို အားပေးခဲ့ကြပါ တယ်။
ကြီးကြီးရဲ့ လက်ခုပ်တီးပြီး အား ပေးနေတဲ့ပုံလေးကို ယနေ့ထက်တိုင် မြင်ယောင်နေမိပါတယ်။ အစ်မနဲ့ ကြီးကြီး တို့နှစ်ယောက်ဟာ နောက်ဆုံးတွေ့ဆုံ ကြခြင်းဆိုလည်း မမှားပါဘူး။
ကြီးကြီး ဘိလပ်ပြန်သန်းက ၂၀၀၈ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပြီး လေဒီဂိုးလ်ဘုသ်က တော့ ၁၃-၂-၂၀၁၂ ခုနှစ်က ကွယ်လွန် သွားခဲ့ကြလို့ပါပဲ။
အခုလို အစ်မရဲ့ ဥရောပခရီးစဉ်မျိုးမှာ ကြီးကြီးတို့ နှစ်ယောက်သာ ရှိနေခဲ့မယ်ဆိုရင် ဘယ် လောက်ဝမ်းသာကြမယ်ဆိုတာ ပြော မပြတတ်အောင်ပါပဲ။ အစ်မက ကြီးကြီး တို့ဆီရောက်နေပေမယ့် ကြီးကြီးတို့က မရှိကြတော့ပါဘူး။
အစ်မကို ဆွစ်ဇာလန်သမ္မတကြီးက နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုပါတယ်။ လုံခြုံရေးကလည်း အပြည့်အ၀ တာဝန် ယူပေးပါတယ်။ နော်ဝေရောက်တော့ လည်း ဘုရင်မင်းမြတ်နဲ့ မိဖုရားကြီးက ဂုဏ်ပြုကြိုဆိုပြီး ညစာစားပွဲနဲ့ တည်ခင်း ဧည့်ခံပါတယ်။
၁၉၉၁ ခုနှစ်က ရခဲ့တဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် ထပ်ဆင့် ဂုဏ်ပြုပါတယ်။ U2 တေးဂီတအဖွဲ့က ဘိုနိုကလည်း နော်ဝေအထိ လာပြီး ကိုယ်ပိုင်လေယာဉ်ပျံနဲ့ ကြိုဆိုပါတယ်။
အစ်မကို အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့ အထိ ပို့ဆောင်ပေးပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ပေး အပ်တဲ့ဆုကို အဖွဲ့ကိုယ်စား ဘိုနိုက ပေး အပ်ပါတယ်။ (မောင်ထိန်လင်းက သူ့ အမေကို နော်ဝေကနေ စောင့်ကြိုနေပါ တယ်) အစ်မရဲ့ ၆၇ နှစ်မြောက် မွေးနေ့ ကိုတော့ အောက်စဖို့ဒ်မှာ မိသားစုနဲ့ အတူ ကျင်းပပါတယ်။
အစ်ကို မိုက်ကယ် နဲ့ ကြီးကြီးတို့နှစ်ယောက်သာ မရှိခဲ့တာ မို့ စိတ်မကောင်းဖြစ်မိပါတယ် ကြီးကြီး။ အောက်စဖို့ဒ်တက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဥပဒေ ပါရဂူဘွဲ့ကို တက် ရောက်ယူခဲ့ပါတယ်။
ချားလ်မင်းသားနဲ့ ကဗီလာတို့ကလည်း ကလဲယားစ်ရင့် အိမ်တော်မှာ ဂုဏ်ပြုခဲ့ပါသေးတယ်။ အစ်မဖေဖေရောက်ခဲ့တဲ့ အမှတ်(၁၀) ဒေါင်းနင်းလမ်းကအိမ်မှာ ၀န်ကြီးချုပ်က ကြိုဆိုဂုဏ်ပြုပါတယ်။ ဗြိတိသျှပါလီမန် အထက်အောက် လွှတ်တော်နှစ်ရပ်စလုံး က ၀က်စ်မင်စတာခန်းမမှာ ဟောပြော ခွင့်ပေးခြင်းခံရတဲ့ ကမ္ဘာပေါ်မှာ ပဉ္စမ မြောက် ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်သွား ပါတယ်။
ပထမဆုံးအမျိုးသမီး၊ အာရှ တိုက်ရဲ့ ပထမဆုံးခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်တွေ ရရှိခဲ့ပါတယ်။
တမလွန် ဘ၀တွေကနေ 'စု'အတွက် ကြီးကြီးတို့ သုံးယောက် ဂုဏ်ယူနေကြမယ်ဆိုတာ ယုံကြည်ပါတယ် ကြီးကြီး။ 

မြန်မာတိုင်းမ်

No comments:

Post a Comment