Tuesday, July 10, 2012

စုမတြာကျွန်းသည် သုဝဏ္ဏဘူမိမဟုတ်


သုဝဏ္ဏဘူမိအချက်အချာသည် မြန်မာနိုင်ငံမှ သထုံမဟုတ်ဘဲ အင်ဒိုနီရှားနိုင်ငံမှ စုမတြာကျွန်းဖြစ်ပုံကို မဟာဗောဓိဂျာနယ်၊ ဗုဒ္ဓသာသနိကပဌဝီဝင်ကျမ်းနှင့် မြန်မာ့စွယ်စုံကျမ်းတို့မှာ ဖော်ပြသည်။ ဖော်ပြချက်အားလုံးကို အကျဉ်းရုံးလျှင် -

၁။ အိန္ဒိယကျောက်စာဘက်ဆိုင်ရာတို့က နာလန္ဒတက္ကသိုလ်နေရာဟောင်းကို တူးဖော်ကြသောအခါ ခရစ် ၉၀၀ ခု၊ သာသနာ ၁၄၄၄ ခုနှစ်ထိုး ကြေးပုရပိုဒ်၌ သုဝဏ္ဏဒွီပခေါ် စုမတြာကျွန်း၏ ဘုရင်သီရိဗလပုတ္တဒေဝမင်းသည် ရာဇဂဟဂယာစီရင်စုအတွင်း၌ ပါဝင်သော ဒေဝပါလမင်းပိုင် ရွာငါးရွာကို မိမိပိုင်သုဝဏ္ဏဒွီပမှ ရွာငါးရွာဖြင့် လဲလှယ်၍ နာလန္ဒတက္ကသိုလ်ကြီးအား လှူဒါန်းကြောင်း ရေးသားထားသည်ကို တွေ့ရခြင်း၊

၂။ ပါရာဇိကဏ်အဋ္ဌကထာ၌ 'ဒီပဿ သမန္တတော အာရက္ခံ ထပေတွာ'ကို ထောက်၍ သုဝဏ္ဏဘူမိသည် ရေပတ်လည်ဝိုင်းကျွန်းဖြစ်သည်ဟု သိရခြင်း၊

၃။ ဇာတကဋ္ဌကထာတို့၌ တာမလိတ္တိသဘောင်္ဆိပ်နှင့် သုဝဏ္ဏဘူမိသည် ယူဇနာပေါင်း (၇၀၀) ကွာဝေးသည်ဟု ပြသဖြင့် မိုင်အားဖြင့် ၁၃၉၂ မိုင်ခွဲ ရှိပြီး ယခုခေတ်သထုံနှင့် မိုင်ပေါင်း (၄၀၀)ကျော် ကွာကာ စုမတြာနှင့် မိုင်ပေါင်း ၁၄၀၀ မတိမ်းမယိမ်းရှိခြင်း၊

၎။ ရှေးဟောင်းသာသနိကအဆောက်အဦးများ ရှိခြင်း၊

၅။ ပုဂံပြည် နရပတိစည်သူမင်းလက်ထက် (သာသနာ ၁၇ - ရာစု)၌ သီဟိုဠ်ကျွန်းမှ ဆပ္ပဒမထေရ်နှင့်အတူ လိုက်ပါလာသော ရာဟုလာမထေရ်သည် မလ္လာယုကျွန်း (မလေရှား)သို့ သွား၍ ဘုရင်အား ခုဒ္ဒသိက္ခာကျမ်းကို သင်ကြားပို့ချပေးကြောင်း ကလျာဏီကျောက်စာအဆိုကို သိရခြင်း

ဟူသော အချက်(၅)ချက် ဖြစ်သည်။ ထိုနောက်ဆုံးပေါ်ပညာရှင်များသည် ဤအချက်(၅)ချက်ကို လက်ဆုပ်လက်ကိုင်ပြု၍ စုမတြာကျွန်းကို မူလသုဝဏ္ဏဘူမိအဖြစ် သတ်မှတ်ပြီး ထိုမှတစ်ဆင့် မလေးရှား၊ ထိုင်း၊ ကမ္ဗောဒီးယား၊ လာအို၊ ဗီယက်နာမ်၊ ရာမညဒေသ (မြန်မာနိုင်ငံအောက်ပိုင်း)သို့ သာသနာတော်ထွန်းကားပြန်ု့ပွားလာကြောင်း ယူဆကြသည်။ ထိုအချက်(၅)ချက်ကို အနည်းငယ် ချေပလိုသည်။

၁။ ကြေးပုရပိုဒ်၌ ပါရှိသော ပါလမင်းဆက်သည် ဘင်္ဂါလီမင်းဆက် ဖြစ်သည်။ အေဒီ ၇၃၀ မှ စတင်ပြီး အေဒီ ၁၂ ရာစုတွင် ပျက်သည်။ ဘင်္ဂလားနယ်နှင့် ဗီဟာရ်နယ်တောင်ပိုင်းကို အုပ်ချုပ်သည်။ မဟာယာနဗုဒ္ဓဘာသာဝင် ဖြစ်သည်။ နာလန္ဒတက္ကသိုလ်မှာ အေဒီ ၄၆၇ ခုမှာ နရသီဟဂုပ္ပတမင်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ဤတက္ကသိုလ်မှ ပဏ္ဍိတမဟာယာနဒေဝဘွဲ့နှင့် ရိုးရိုးပဏ္ဍိတ်ဘွဲ့များကို ပေးသည်။ ထေရဝါဒနှင့်ဆိုင်သည့်ဘာသာရပ်များကို မသင်ပါ။ ပါဠိဘာသာကိုတောင် အသုံးအမှတ်မပြု။ အမှန်တွင် ဤမဟာယာနအဆက်အနွယ်ရဟန်းများသည် ဒုတိယသံဂါယနာတင်ကတည်းက ထေရဝါဒနှင့် လမ်းခွဲခဲ့ကြသူများ ဖြစ်သည်။ အသောကမင်းသည် ထေရဝါဒဖြစ်၍ သထုံဗုဒ္ဓဘာသာသည်လည်း ထေရဝါဒ ဖြစ်သည်။ ပထမအချက်သည် ခုတ်ရာတခြား ရှရာတလွဲသာ ဖြစ်သည်။

၂။ ဒီပသဒ္ဒါကို တွေ့၍ သုဝဏ္ဏဘူမိကို ရေပတ်လည်ဝိုင်းနေရမည်ဟု ဆိုလျှင် ပုဂံကို တမ္ဗဒီပဟု ခေါ်သည်။ အင်ဒိုးနီးရှားတွင် ရှိသလော။ ရှင်မဟာဗုဒ္ဓဃောသကို သထုံသားဟု ယူလျှင် ရှင်းသည်။ မွန်တို့က ရေပတ်လည်ဝိုင်းကျွန်း၊ ကုန်းကမူ၊ တောင်အငူ (၃)မျိုးကို ဒီပသဒ္ဒါဖြင့်သာ ပါဠိစီသည်။ ကော့ခမိုင်ဆိုလျှင် ဘီလူးကျွန်း၊ ကော့ဘိန်းဆိုလျှင် အိုးကုန်းရွာ၊ ကော့ဂရိုင်းစေတီဆိုလျှင် တောင်အငူစေတီဟု ဆိုရသည်။ မွန်စကား 'ကော့' ကို ဒီပသဒ္ဒါဖြင့်သာ စီသည်။ သို့သော် ကော့ သည် ကျွန်းတစ်မျိုးတည်း အဓိပ္ပါယ်ရှိသည်မဟုတ်။ အရှင်သောဏအရှင်ဥတ္တရတို့ ကြွရောက်ခဲ့သော သုဝဏ္ဏဘူမိသည် လက်ရှိသထုံမဟုတ်၊ ဘီလင်းမှ ကေလာသတောင်ခြေဖြစ်ကြောင်း ကလျာဏီကျောက်စာက ဆိုသည်။ လူနေရပ်ကွက်သည် မြေပြင်၌ ရှိ၍ မင်းနေအိမ်သည် တောင်အငူ၌ ရှိသည်။ ဒီပဿ သဒ္ဒါသည် ဤတောင်အငူကို ဆိုလိုသည်။

၃။ ဤနံပါတ်(၃)အချက်ကို ရှင်းလိုလျှင် စုမတြာကျွန်းကို လက်မွန်မစွ အဆိုပြုခဲ့ကြသော အနောက်တိုင်းပညာရှင်များသည် ကပ်ကမ္ဘာအကြောင်းနှင့် ဘုရားအလောင်းတို့၏ အခန်းကဏ္ဍကို ယုံကြည်မှသာ သင့်လျှော်သည်။ ဘုရားအလောင်းသည် မဟာကပ်ပေါင်းအသင်္ချေတို့တွင် နန္ဒ၊ သုနန္ဒ၊ ပထဝီ၊ မဏ္ဍ၊ ဓရဏီ၊ သာဂရ၊ ပုဏ္ဏရိက ဟူသော ခုနှစ်အသင်္ချေအတွင်း၌ ဗြဟ္မဒေဝ အစရှိသော တစ်သိန်းနှစ်သောင်းငါးထောင်သော ဘုရားရှင်တို့ကို ဖူးမြော်ရပြီး ဘုရားဖြစ်ချင်စိတ် ရှိလှသဖြင့် ပါရမီဖြည့်တော်မူခဲ့သည်။ ထို့နောက် သဗ္ဗဘဒ္ဒ၊ သဗ္ဗဖုလ္လ၊ သဗ္ဗရတန၊ ဥသဘက္ခန္ဓ၊ ခန္ဓုတ္တမ၊ မာဏိတ၊ ဘဒ္ဒ၊ သဗ္ဗဘလ္လ ဟူသော ကိုးအသင်္ချေအထက်၌ ပေါရာဏသကျဂေါတမ အစရှိသော သုံးသိန်းရှစ်သောင်းခုနှစ်ထောင်သော ဘုရားရှင်တို့နှင့် ကြုံတွေ့ရပြီး နှုတ်ရောစိတ်ပါ ဘုရားဆုပန်ခဲ့သည်။ ထိုမှနောက်၌ သုမေဓာ ရှင်ရသေ့ဘဝသို့ ရောက်လာခဲ့သည်။ သုမေဓာရှင်ရသေ့ဘဝမှ စ၍ သေလ၊ ဘာသ၊ ဇေယျ၊ ရုစိယ ဟူသော လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းအထက်၌ နှစ်ကျိန်ရှစ်ဆုကုန်သော ဘုရားရှင်တို့တွင် ဒီပင်္ကရာဘုရားမှစ၍ နိယတဗျာဒိတ်ကို ရလျက် ဘဝပေါင်းများစွာ ပါရမီဖြည့်ခဲ့သည်။ ဤဘဒ္ဒကမ္ဘာ၌ပင် တေမိ စသော ဇာတ်ပေါင်း (၃၅)ဇာတ် ဖြစ်၍ ဝေဿန္တရာမင်းဘဝသို့ ရောက်ရှိခဲ့သည်။

ဒလိဒ္ဒဇာတ်၌ အသင်္ချေ(၂၀)နှင့်ကမ္ဘာတစ်သိန်းအထက်၌ ဘုရားလောင်းသည် ဂန္ဓာရတိုင်း၌ ဆင်းရဲသားဖြစ်၍ သုဝဏ္ဏဘူမိသို့ ရွှေရှာထွက်ကြောင်း ပြသည်။ ဤဘဝတွင်ပင် ဘုရားဖြစ်ချင်စိတ်ပေါ်ခဲ့သည်။ နောက်ဇာတ်တစ်ခုမှာ မဟာဇနကဇာတ်ဖြစ်သည်။ ဘဒ္ဒကမ္ဘာဖြစ်စဉ်(၃၆)အနက် နံပါတ်(၃)၊ ဇာတ်တော်ကြီးဆယ်ဘွဲ့အနက် နံပါတ်(၂) ဖြစ်သည်။ အလွန်ရှေးကျသည်။ ထို့ကြောင့် ဒလိဒ္ဒဇာတ်မှာ ပါရှိသော သုဝဏ္ဏဘူမိသည် သုမေဓာရှင်ရသေ့ဘဝကိုပင် သက်တမ်းကျော်နေပြီ။ မဟာဇနကဇာတ်မှ သုဝဏ္ဏဘူမိသည်ပင် နှစ်အသင်္ချေပေါင်းများစွာ သက်တမ်းရှိနေပြီ။ ဇာတ်တော်၌ ပါရှိသော သုဝဏ္ဏဘူမိနှင့် မွန်တို့၏ သုဝဏ္ဏဘူမိ အတူတူပင်ဟုဆိုလျှင် မှားချိမ့်မည်။ ထို့ကြောင့် ယူဇနာ (၇၀၀) ကိစ္စ ရှင်းစရာပင် မလိုပါ။

အကယ်၍ ယူဇနာ(၇၀၀)ကိစ္စကို ရှင်းရမည်ဟုဆိုလျှင်လည်း ဝန်မလေးပါ။ သထုံနှင့်တာမလိတ္တိ မိုင်(၄၀၀)ကွာနေခြင်းမှာ အဆိုပါပညာရှင်တို့က မျဉ်းဖြောင့်ပုံစံဖြင့် တိုင်းတာခဲ့ခြင်းဖြစ်သည်။ ခေတ်ဟောင်းရေကြောင်းသည် ကမ်းရိုးတန်းမှ မိုင်တစ်ရာဝေး၍ သွားလေ့ရှိမည်မထင်ပါ။ ထို့ကြောင့် ကမ်းခြေကို လိုက်၍ မျဉ်းကွေးပုံစံဖြင့် တိုင်းရမည်ဖြစ်သည်။ ယင်းသို့ တိုင်းတာခဲ့သည်ရှိသော် သထုံနှင့်တာမလိတ္တိသည် ယူဇနာ(၇၀၀)နှင့် အကိုက်ပင် ဖြစ်သည်။

၎။ ဤအချက်ကိုလည်း တလွဲတွေးကြခြင်း ဖြစ်သည်။ သထုံ၌ ရှေးဟောင်းအဆောက်အဦးမရှိ၊ စုမတြာ၌သာ ရှိသည်ဟု ဆိုကြသည်။ အဆိုပါစာရေးဆရာတို့ညွန်းပြသည့်ဗောရောဗုဒုရ်စေတီ၊ စန္ဒီမင်ဒွတ်အစရှိသော သာသနိကအဆောက်အဦးများသည် စုမတြာကျွန်း၌ ရှိသည်မဟုတ်၊ ဂျားဗားကျွန်း၌ အေဒီ(၈)ရာစုနောက်ပိုင်းတွင်မှ တည်ဆောက်ထားသော သာသနိကအဆောက်အဦးများ ဖြစ်သည်။ ထိုစဉ်က စုမတြာနှင့်ဂျာဗားတို့သည် သီးခြားနိုင်ငံများဖြစ်ကြသည်။ ပျူနှင့်မွန်ကို ရောကုန်သလိုမျိုး ဖြစ်သည်။ ထူးဆန်းသည်မှာ စေတီဘုရားကျောင်းကို စန္ဒီဟု ခေါ်ကြသည်။ သူတို့သည် ဗုဒ္ဓဘာသာမဖြစ်ခင် ဟိန္ဒူများဖြစ်ခဲ့ကြောင်းထင်ရှားသည်။ ထို့ပြင် ဤစေတီတော်များသည် ထေရဝါဒအဆောက်အဦးများမဟုတ်ဘဲ မဟာယာနနှင့်ဟိန္ဒူအမွေအနှစ်များသာ ဖြစ်သည်။ သာသနိကအဆောက်အဦးမရှိဟု သူတို့ပြောနေသော သထုံဒေသသည် အေဒီ (၃)ရာစုရှေးဟောင်းပစ္စည်းများကို တွေ့ရှိရသော ဒေသ ဖြစ်သည်။ ကျိုက်ထီးဆောင်း မြေထိုးစက်နှင့် ကြိတ်မိ၍ ကွဲထွက်လာသော ကျောက်ပြားတစ်ခု၌ ယေ ဓမ္မာ ဟေတုပ္ပဘာဝါ ဂါထာ ပါရှိသည်ကို စာရေးသူတို့ မြင်တွေ့ရသည်။ ယင်းမွန်ပါဠိသည် အင်ဒိုရှိဘယ်သာသနာ့ပစ္စည်းထက်မဆို ရှေးကျသည်။ တတိယသံဂါယနာခေတ် သုဝဏ္ဏဘူမိသာသနာပြုသင်္ကေတဖြစ်သော မနုဿီဟရုပ်သည် မြန်မာနိုင်ငံ၌သာ တွေ့ရှိရသည်။ ထို့ကြောင့် သူတို့သုဝဏ္ဏဘူမိအဆိုသည် ယုတ္တိမတန်ချေ။

၅။ သူတို့ထောက်ပြသည့်အချက်များတွင် ဤနောက်ဆုံးအချက်သည်သာ ထေရဝါဒနှင့် တိုက်ရိုက်သက်ဆိုင်သည်။ သို့သော် ဤအချက်ကို ကလျာဏီကျောက်စာမှ ယူသည်ဖြစ်၍ သုဝဏ္ဏဘူမိသည် ဘီလင်းရှိကေလာသတောင်ဖြစ်သည်ဟု ကလျာဏီကျောက်စာမှာပင် ဖော်ပြပြီဖြစ်၍ သူတို့အဆို ပျက်ပြယ်ပြီသားဖြစ်သည်။ ဤအချက်ဖြင့် ထေရဝါဒသည် အင်ဒိုနီရှားမှ မြန်မာသို့ ပျံ့နှံ့ခဲ့ခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံမှ မလေရှားသို့ ပြန့်ပွားခဲ့ခြင်းသာ ဖြစ်သည်။

စာရေးသူ ဤထက် အသေးစိတ် ဆွေးနွေးနိုင်သည်။ ဤ၌ ဤမျှသာ ရပ်ပါရစေ။ လိုရင်းတိုရှင်းပါ
 စာရေးသူ
Ven Ravika

No comments:

Post a Comment