Monday, July 16, 2012

အာဇာနည်ဗိမာန်ကအရိုးတွန်သံ


by Victor Tan on Monday, July 16, 2012 at 3:01pm ·




အာဇာနည်ဗိမာန်ကအရိုးတွန်သံ

ဇူလိုင် ၁၉ မိုးက
မျက်ရည်တွေဖြိုးကြွ
အတိုးချ မကြေပွဲ
ကြေကွဲခြင်းများစွာနဲ့
တိမ်လိပ်ငယ်ပမာ
တရိပ်ရိပ်တက်လာ
စိတ်မသက်သာစရာအတိ
မချိတင်ကဲ ရင်ထဲက ငိုကြွေး
ဘ၀င်ထဲက ပူဆွေးရတဲ့
အာဇာနည်သွေးနဲ့
ရေးခဲ့တဲ့ အာဇာနည်နေ့ပါ…။

ဤနေ့ဤရက်ကို အစဉ်အဆက်
လေးလေးနက်နက် ယုံကြည်ချက်နဲ့
ဂုဏ်တက် အဆင်းလှ
ကျင်းပခဲ့ကြတာ နှစ်လချိန်ခါ
အတော်ကြာခဲ့ပါလေပြီ။

နအဖခေတ်ရောက်မှ
မှောက်မှောက်မှားမှား
ဖေါက်ဖေါက်ပြားပြား ကြောက်သလားမမေးနဲ့
အာဇာနည်ချွေး အာဇာနည်သွေးနဲ့
ရေးခဲ့တဲ့ သမိုင်းလမ်းကြောင်းကို
ပြန်ပြောင်းမပြောချင်
သမိုင်းတွင်တဲ့ဗိုလ်ချုပ်အောင်ဆန်းစကား
ပြန်ကြားရပါလျှင် မွှေးမျှင်တန်းတန်း
ကျောကချမ်း မနောကဆန်း
သဘောကကြမ်းလာပြီး
လမ်းတခွင်မှာ လှမ်းမမြင်နိုင်အောင်
အဆန်းထွင်ပြီး ရာဇ၀င်ကိုပြင်…။

မသိကျိုးကျွန် အလွန်မိုက်မဲ
သတ္တိကဲလိုက်ပုံများ
ယုံနိုင်ဖွယ်မရှိ လူသိထင်ရှား
အလွန်ကျော်ကြားတဲ့
နေ့ရက်များကိုပါ
ဖယ်ရှားရှောင်ကွေ့
အာဇာနည်နေ့ အကုန်မေ့သတဲ့…။

တော်လှန်ရေးနေ့ကိုလဲ
တပ်မတော်နေ့တဲ့…။

အာဇာနည်အကြောင်း ရေမြောင်းထဲလောင်း
သမိုင်းလမ်းကြောင်း
ပြောင်းချင်သလိုပြောင်းပေမယ့်
သူရဲကောင်းဗိမာန်က
အာဇာနည်တွေရဲ့အရိုးတွန်သံတွေဟာ
မိုးစွန်ဘ၀ဂ်ဖျားထိ ညံသွားပါလိမ့်မယ်…။

တက္ကသိုလ်ဘုန်းကြွယ် (ဇူလိုင် ၁၅ ၂၀၁၂)

No comments:

Post a Comment