အပတ်စဉ်ထုတ် ဂျာနယ်တွေ ပလူပျံအောင် ထွက်နေချိန်တွင် ဂျာနယ် တစ်ချို့ကို စောင့်ဖတ်သော အကျင့်တစ်ခုရှိနေတတ်၏။ ကြာတော့ အခုလိုစောင့်ဖတ်ခြင်းကိုက စာရေးသူကို အလုပ်တစ်ခုလို ဖြစ်နေစေခဲ့သည်။ ထိုစောင့်ဖတ်ဖြစ်ခဲ့သော ဂျာနယ်များထဲမှ (၅.၆.၂ဝ၁၂)နေ့ထုတ် New Watch (စောင့်ကြည့်) ဂျာနယ်ပါ ဆောင်းပါးတစ်ပုဒ်နှင့် ပတ်သက်၍ ပြောဖို့၊ ဆိုဖို့ရာ အကြောင်းတစ်ခု ဖြစ်လာခဲ့သည်။ ဆောင်းပါးအမည်က စင်ပြိုင် မင်းသားရူးများ။ ရေးသူက အခြားသူတော့ မဟုတ်၊ မောင်သာနိုး။
ဆောင်းပါးအစက ညီညွတ်ရေးနှင့် စထားခဲ့ပြီး ဆောင်းပါးအလယ်နှင့် အဆုံးတို့တွင်တော့ အဖွဲ့အစည်း အချို့နှင့် ပုဂ္ဂိုလ်တချို့ကို ပုတ်ခတ် ထိခိုက်စော်ကားထားသည်။ အကြောင်းအရာ၊ အဖြစ်အပျက်၊ အခြေအနေ မှန်တို့ကို ထဲထဲဝင်ဝင်မသိဘဲ လေဖမ်းဒန်းစီးပြီး တာဝန်မဲ့စွာဖြင့် ကလောင်ရမ်းကားထားသည့် ဆောင်းပါးပင် ဖြစ်သည်။ ဖတ်ပြီး လျှင်ပြီးခြင်းပင် မောင်သာနိုးကို အတော်ပင် သနားမိသွားသည်။
ပထမဦးဆုံးက မောင်သာနိုး ပုတ်ခတ် ပြောဆိုချင်သည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်တို့ကို နာမည်နှင့် ဗြောင်ထုတ်ပြီး ပြောရဲသည့် သတ္တိမရှိတာဖြစ်သည်။ ဒုတိယတစ်ခုက အမျိုးသားခေါင်းဆောင်နှင့် သူ့သမီး လူထုခေါင်းဆောင်ကို အောင်ဆန်းသမီးဟု ရိုင်းရိုင်းစိုင်းစိုင်း သုံးနှုန်းထားသည့်ကိစ္စ ဖြစ်သည်။ နောက်တစ်ချက် က အခုလို ရေးသားပြောဆိုမှုတွေဟာ ဘယ်သူ့ကို အကျိုးရှိစေပြီး ဘယ်သူ့ကို အကျိုးမဲ့စေသလဲ။ ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းတွေက ဘယ်သူတွေအတွက် တကယ်လက်တွေ့မှာ ဘာတွေဆောင်ရွက် ပေးနေလဲဆို တာကို မစဉ်းစားနိုင်လောက်အောင် နိမ့်ကျနေသည့် မောင်သာနိုး၏ ဆင်ခြင်စဉ်းစားမှုပင်ဖြစ်သည်။ အမှန်တော့ မောင်သာနိုးကို ဝန်းကျင်ကြီးတစ်ခုလုံးက ဘေးမဲ့ပေးထားတာကြာပြီဖြစ်သည်။ ထို့ကြောင့် ဖြစ်စဉ်တချို့ကို သိရှိအောင် နောက်ကြောင်း အနည်းငယ် ပြန်လှန်ချင်သည်။
လွန်ခဲ့သော (၂၄)နှစ်ကျော် (၁၉၈၈) ခုနှစ်က တစ်ပြည်လုံး အုံကြွခဲ့သော ၈၈ အရေးတော်ပုံကြီး ဖြစ်ပွားခဲ့သည်။ ဗိုလ်နေဝင်းဦးဆောင်ခဲ့သည့် မ.ဆ.လတစ်ပါတီအာဏာရှင်စနစ်ကို ဖြုတ်ချခဲ့ပြီး လူ့အခွင့်အရေး၊ ဒီမိုကရေစီ အရေး၊ ပါတီစုံဒီမိုကရေစီစနစ်ပေါ်ပေါက်ရေးတို့ကို တောင်းဆိုခဲ့ကြသည်။ ထို(၈၈)အရေးတော်ပုံ ကာလ အစပိုင်းနှင့် ဇာတ်ရှိန်မြင့်သည့် ကာလတစ်ခုလုံးတွင် ကျောင်းသားလူငယ်များက ဦးဆောင်ခဲ့ပြီး အသက်စတေး စွန့်လွှတ်အနစ်နာခံ၍ ပါဝင်ခဲ့ကြသည်ကို ပြည်သူက သိရှိထားပြီးဖြစ်သည်။ ပြီးခဲ့သောကာလ နိုင်ငံရေး ဖြစ်စဉ်များနှင့် ယနေ့ကြုံတွေ့နေရသော နိုင်ငံရေးဖြစ်စဉ် အဖြစ်အပျက်အားလုံးတို့သည် (၁၉၈၈)ခုနှစ် အရေးတော်ပုံ၏ အဆက်ပင်ဖြစ်သည်။ တနည်းအားဖြင့် မပြီးဆုံးသော ဒီမိုကရေစီရေး တိုက်ပွဲ၏ လုပ်ငန်း အဆက်လည်းဖြစ်သည်။ ထို (၈၈) အရေးတော်ပုံကြောင့် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသား တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာပြည်သူတို့၏ နိုင်ငံရေးနိုးကြားမှုကလည်း အမြင့်ဆုံးသို့ ရောက်လာခဲ့သည်။ ထိုအရေးတော်ပုံက နိုင်ငံရေးပါတီများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အများအပြား ကိုလည်း မွေးထုတ်ပေးခဲ့သည်။
၁၉၈၉-၉ဝ ကျော်ကာလ ဖိနှိပ်မှုများကြောင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ အများအပြား ဖမ်းဆီးထိန်းသိမ်းခံကြရသည်။ တချို့လည်း တစ်နယ်တစ်ကျေး ရောက်ကုန်ကြသည်။ ဖမ်းဆီးထိန်းသိမ်းခံရသူ တွေကျပြန်တော့လည်း နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခြင်းခံခဲ့ရသည်။ ထိုအထဲတွင် ယခု(၈၈) မျိုးဆက်ကျောင်းသားများ အုပ်စုလည်း အပါအဝင်ဖြစ်သည်။ ထို့ကြောင့် သူတို့အကြောင်းကိုလည်း တစ်စေ့တစ်စောင်း ကြည့်ဖို့လိုမည်ထင်သည်။ သူတို့ထဲမှ ခေါင်းဆောင်အများစုသည် (၁၉၈၈) အရေးတော်ပုံ၏ အစပိုင်းကာလကတည်းက ပါဝင်ခဲ့သူတွေဖြစ်သည်။ နောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပြီး အကျဉ်းထောင် အသီးသီးတို့တွင် နှစ်ရှည်လများ နေထိုင်လာခဲ့ကြရသူတွေဖြစ်သည်။ အနှစ် (၂ဝ)ကျော်ကြာ ဒုက္ခပေါင်းစုံကို ခါးစည်းခံရဖို့ဆိုလျှင် သာမန်ယုံကြည်မှုတွေ၊ သာမန်ခံယူမှုတွေနှင့် ကျော်ဖြတ်၍ မရတော့တာ သေချာလောက်သည်ဟု ထင်မိသည်။ ဘဝတွေ ဆုံးရှုံးသွားကြသည်။ အခန့်မသင့်လျှင် အသက်တွေ ဆုံးရှုံးသွားနိုင်သည်။ သဘောမထားတတ်လျှင် ရူးလည်းသွားနိုင်သည်။ ဒီနေရာတွင် ကိုယ့်ကိုယ်ကို အထင်ကြီးတတ်သူ မောင်သာနိုး တစ်ယောက်သာ သူတို့လောက်နေရလျှင် ရူးသွားမှာ သေချာသည်။
ယခု ပြန်လည်လွတ်မြောက်လာပြန်တော့လည်း မပြီးဆုံးသော သမိုင်းတာဝန်များကို ထမ်းဆောင် နေကြဆဲဖြစ်သည်။ သူတို့ လုပ်စရာရှိသည့် အလုပ်များကို ရဲရဲတင်းတင်း ရှေ့ထွက်လုပ်နေကြသည်။
အခြေအနေကြီးတစ်ခုလုံးက ပြောင်းဖို့ တောင်းဆိုနေကြသည်ကို အားလုံးက သိနေကြသည်။ သူတို့ အတွင်းတွင် ပြဿနာတွေနှင့်ပတ်သက်၍ အမြင်တွေ၊ သဘောထားတွေ၊ တူချင်မှလည်း တူနိုင်သည်၊ တစ်ထပ်တည်း ကျချင်မှကျမည်။ သေချာတာတစ်ခုတော့ရှိသည်။ ဖိနှိပ်ချုပ်ချယ်မှုကင်းသည့် လွတ်လပ် ပွင့်လင်းသည့် ဒီမိုကရေစီလူ့ဘောင်ပေါ်ထွန်းရေးအတွက် ရည်မှန်းချက်က အားလုံးတူညီနေကြသည်။ ထို တူညီမှုအပေါ်တွင် အလုပ်လုပ်နေကြခြင်းဖြစ်သည်။ ဘယ်သူကမှ အားလို့ ထလုပ်နေကြခြင်းတော့မဟုတ်။
သူတို့ ဒီကနေ့ လုပ်နေသည့် အလုပ်တွေက စင်ပြိုင်လုပ်နေတာလား၊ လုပ်သင့် လုပ်ထိုက်တာကို လုပ်နေတာလားဆိုတာကို လက်တွေ့အလုပ်တွေကို ဆန်းစစ်ကြလျှင် မြင်နိုင်သိနိုင်သည့် ကိစ္စဖြစ်သည်။ ဒီနေရာတွင် မောင်သာနိုးသိအောင် ထပ်ပြောပြရအုံးမည်။ တူညီသည့် ဘုံအကျိုးစီးပွားပေါ်တွင် ဝန်းရံထောက်ခံဖို့အတွက်တော့ လိုအပ်သည်။ ပါတီတွေ ဖြစ်ချင်ဖြစ်မည်။ အဖွဲ့အစည်းတွေလည်း ဖြစ်ချင် ဖြစ်မည်။ ကုန်ကုန်ပြောရလျှင် ဘောလုံးအသင်းတွေမှာပင် အရံလူထားပြီး ကစားကြရတာရှိသည်။ ဒီအချက် တွေကို မောင်သာနိုး မသိ၍ ပြောနေခြင်းလား၊ သိသိနှင့် ပြောနေခြင်းလားတော့မသိ။
မြန်မာပြည်သူတို့၏ နိုင်ငံရေးအသိက မြင့်မားသည်။ သူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည် ဆိုလျှင် ထောက်ခံ၍ သူတို့လိုအပ်ချက်ကို ဆန့်ကျင်လျှင်၊ သူ့အလိုလို ဖယ်ရှားခြင်းခံသွားရမည်။ ယခုလည်း ပြည်သူလူထုက သူတို့၏ လိုအပ်ချက်ကို တစ်စုံတစ်ရာ ဖြည့်ဆည်းဆောင်ရွက်ပေးနေခြင်းကြောင့်သာ သွားလေရာတွင် ကြိုဆိုထောက်ခံမှုတွေနှင့် ကြုံနေရခြင်းဖြစ်သည်။ တပြိုင်နက်တည်းတွင် သူတို့၏ ပေးဆပ်မှုကို အသိအမှတ် ပြုတာကြောင့်လည်းဖြစ်သည်။ ထပ်ပြောရလျှင် (၈၈) မျိုးဆက်သည် သမိုင်း၏ တာဝန်ကို ဆက်ခံသော Politcal Mendate ရရှိထားသူတွေလည်းဖြစ်သည်။ (၈၈) မျိုးဆက်ကျောင်းသား အဖွဲ့အစည်းကိုယ်၌ကိုက ယခု မြင်တွေ့နေသူ တွေနှင့်သာဆိုင်သည်မဟုတ် (၈၈)ခုနှစ် ကာလကြီး တစ်ခုလုံးတွင် ပါဝင်ခဲ့သူတွေနှင့်ပါဆိုင်သည့် ကိစ္စဖြစ်သည်။ ဒါတွေကို မောင်သာနိုးက မနာလိုစိတ်အခံဖြင့် မကျေမနပ်ဖြစ်နေခြင်း ပင်ဖြစ်သည်။
၁၉၈၉-၉ဝ ကာလ အခြေအနေများကြောင့် အချို့နိုင်ငံရေးပါတီများ ဖျက်သိမ်းခြင်းခံလိုက်ရတာ တွေရှိသည်။ ထိုထဲတွင် မန္တလေးတွင် အခြေစိုက်သည့် အမျိုးသားနိုင်ငံရေးတပ်စုပေါင်းပါတီလည်း ပါဝင်ခဲ့သည်။ အမျိုးသားနိုင်ငံရေးတပ်ပေါင်းစုပါတီသည် ၁၉၈၈အရေးတော်ပုံ ကာလအပြီး တိုက်ပွဲကြားထဲက ပေါ်လာသော ပါတီဖြစ်သည်။ တော်ဘုရားလေး ဦးအောင်ဇေ၊ ဟံသာဝတီ ဦးဝင်းတင် ယခု NLD (နာယက) ရှေ့နေ ဒေါ်မြင့်မြင့်ခင်၊ ဦးကျော်ဝင်း စသည့် မြို့လူထုက ယုံကြည်အားထားသော ကျောင်းသားရဲဘော်ဟောင်းတွေ၊ အလုပ်သမား ရဲဘော်ဟောင်းတွေ၊ မြို့မိ၊ မြို့ဖတွေနှင့် ပါဝင်ဖွဲ့စည်းထားသည့်ပါတီဖြစ်သည်။ နာယက (၆)ဦး၊ ဗဟိုအလုပ် အမှုဆောင် (၂၁)ဦး၊ ပေါင်း(၂၇)ဦးဖြင့် ဖွဲ့စည်းထားပြီး မန္တလေးတွင်သာမက ရန်ကုန်တွင်ပါ ရုံးဖွင့်ပြီး အလုပ်လုပ်ခဲ့ကြသည်။ သည့်နောက် (၁၉၈၉) နောက်ပိုင်းတွင် ပါတီရုံး အပိတ်ခံရပြီး မတရားသင်း ကြေညာခြင်း ခံခဲ့ရကာ နာယက၊ ဗဟိုအလုပ်အမှုဆောင်၊ အပါအဝင် (၁၆)ဦး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။ ထိုအချိန်က ပါတီအလုပ်အမှုဆောင်အများစုနှင့် ပါတီအလုပ်အမှုဆောင် အားလုံးနီးပါး ထိန်းသိမ်းခံရသည်မှာ အမျိုးသားနိုင်ငံရေးတပ်ပေါင်းစုပါတီနှင့် ပြည်သူ့တိုးတက်ရေးပါတီနှစ်ခု သာရှိခဲ့သည်။
ထပ်ပြောရအုံးမည်။ ၁၉၈၉ မေလက ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးစည်းရုံးရေးခရီးစဉ်တွင် ''လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုပါ၏''ဟု အသုံးအနှုန်းကို အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု ပါတီကပင် ပထမဆုံး သုံးနှုန်းခဲ့သည်။ ထိုပါတီပျက်သွားသည့်အကြောင်းက မောင်သာနိုးပြောသလို ပျက်သွား ခြင်းမဟုတ်။ သမိုင်းတစ်ကွေ့မှာ ဖုန်ထမထတော့မသိ။ နိုင်ငံရေး မိုးကြိုးမုန်တိုင်း ဆင်ခဲ့သူတွေဖြစ်၍သာ ပါတီ ဖျက်သိမ်းခံလိုက်ရခြင်းဖြစ်သည်။
ထိုထဲတွင် အချို့က ကွယ်လွန်သွားကြပြီဖြစ်သည်။ ဦးဝင်းတင်ဆိုလျှင်လည်း အခုအချိန်ထိ NLD ပါတီတွင် တာဝန်ထမ်းဆောင်နေဆဲပင်ဖြစ်သည်။ သမိုင်းအဆက်ဆက်တွင် အနစ်နာခံမှုတွေ၊ စွန့်လွှတ်မှုတွေက ထုနဲ့ထေး။ အဆိုပါ ပုဂ္ဂိုလ်တွေ အနေဖြင့် အခုလို တိုင်းပြည်အတွက် ယုံကြည်မှုအတွက် စွန့်လွှတ်အနစ်နာခံ ဒုက္ခခံနိုင်သည့် အားထုတ်မှုမျိုးကို ကိုယ့်ကိုယ်ကိုအတွက် ကိုယ်ကျိုးစီးပွားကိစ္စ သက်သက်အတွက်သာ ဇောက်ချ ဆောင်ရွက်ခဲ့မည်ဆိုလျှင် ပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့် မောင်သာနိုးထက်မနည်း ချမ်းသာနိုင်သူ တွေချည်းပင်ဖြစ်သည်။
နောက် အမျိုးသားခေါင်းဆောင် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ့သမီး လူထုခေါင်း ဆောင်ကို အောင်ဆန်းသမီးဟု သုံးနှုန်းသည့် ကိစ္စပင်ဖြစ်သည်။ အခေါ်အဝေါ်၊ အသုံးအနှုန်း ရှိပြီးသား၊ ကျပြီးသားဖြစ်သည်။ ဒါကို မောင်သာနိုးက သူနှင့် ခေတ်ပြိုင်လိုလို၊ သူ့သူငယ်ချင်းလိုလို နှင့် ပုံဖမ်းထားသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေတ်ပြိုင် ဆရာဒဂုန်တာရာတို့၊ ကွယ်လွန်သွားသည့် သခင်အုန်းမြင့် တို့တောင် သခင် အောင်ဆန်း ကိုအောင်ဆန်း ဟုခေါ်ဝေါ်ခဲ့သည်။ ဒါကို မောင်သာနိုး မသိ၍မဟုတ် သိသိနှင့် သုံးထားခြင်းဖြစ် သည်။ မောင်သာနိုးတွင် ဘာဂါရဝတရားမှမရှိ၊ အဂါရဝတရားသာရှိသည်။ မောင်သာနိုး ဂါရဝတရားထားခဲ့သည့် ကိစ္စတွေတော့ရှိသည်။ တခြားတော့မဟုတ် မြန်မာပြည်အုပ်စိုးသူ အဆက်ဆက်ကိုတော့ ဘယ်တော့မှ အဂါရဝတရားနှင့် ခေါ်ဝေါ်ဝေဖန်ရေးသားခဲ့ခြင်း တစ်လုံး တစ်ပါဒမှ မရှိခဲ့တာဖြစ်သည်။
သည်မှာတွင် မောင်သာနိုးကို ပြန်လည်ဆန်းစစ်ဖို့ လိုမည်ထင်သည်။ မောင်သာနိုး ဘာလဲ ဘယ်လဲ။ ရှင်းသည်။ ဘာမှလဲမဟုတ်၊ ဘယ်မှလဲ မဟုတ်။ (၁၉၈၈)ခုနှစ် ရှေ့ပိုင်းက မောင်သာနိုး ဘာတွေ လုပ်ခဲ့သလဲနှင့် (၁၉၈၈)ခု နောက်ပိုင်းကော မောင်သာနိုး ဘာတွေလုပ်ခဲ့သလဲမေးလျှင် ဖြေစရာ ဘာတစ်ခုမှ မယ်မယ်ရရမရှိ။ စစ်ကိုင်းသား၊ (၁၉၅၁) ခုနှစ်မှာ မန္တလေးတက္ကသိုလ် ရောက်ခဲ့သူ၊ ၅၁-၅၃ ကာလအတွင်း မန္တလေး ကျောင်းသား လှုပ်ရှားမှုများတွင် လမ်းကြုံ၍ ခဏတဖြုတ်ပါဖူးရုံသာ။ (၁၉၅၃) အောက်တိုဘာ ကျောင်းတစ်လ ပိတ်ရေးကိစ္စအပါအဝင် မတော်တဆနှင့် ခဏတဖြုတ် အထိန်းအသိမ်းခံရခြင်းမျိုးပဲရှိခဲ့သည်။ အထိန်းအသိမ်း ခံရသည့် ခေတ်ကလည်း ဖ.ဆ.ပ. လ အစိုးရခေတ်။ မောင်သာနိုး အုတ်ရိုး အတွင်းနေထိုင်ဖူးသည့် ရက်တွေကို တွက်လိုက်လျှင် ၈၈ မျိုးဆက်ကလူတွေ၊ အမျိုးသားနိုင်ငံရေးတပ်ပေါင်းစုပါတီက ပုဂ္ဂိုလ်တွေ အုတ်ရိုးဘေး ရှုးရှုးထိုင်ပေါက်သလောက်တောင် ရက်မရှည်ကြာခဲ့။ ဘာနိုင်ငံရေး ယုံကြည်မှုမှ ခိုင်ခိုင်မာမာ မရှိခဲ့။ ထိုခေတ် အခြေအနေကြောင့် ဝဲသလိုလို၊ ရဲသလိုလို။ တကယ်တော့ ဘာမှမဟုတ်။ ဘယ်လူထု အဖွဲ့အစည်းတွင်မှလဲ အလုပ်မလုပ်ခဲ့ဘူး။ ဘယ်လှုပ်ရှားမှုမှလဲ မပါဝင်ခဲ့သူ။ လူထုသတင်းစာတိုက်၌ ခဏတဖြုတ် အရိပ်ဝင်ခိုပြီး အထက်ဗမာ နိုင်ငံစာရေး ဆရာအသင်းတွင် လူလုံးဝင်ပြ ရုံသာရှိခဲ့သည်။
၁၉၇ဝ လောက်ကတည်းက မောင်သာနိုး လူထုဆန့်ကျင်ရေး စကားတွေကို တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး စတင်ပြောနေခဲ့တာဖြစ်သည်။ ၁၉၈၈ နောက်ပိုင်းတွင် မောင်သာနိုး လူထုဆန့်ကျင်ရေး၊ နိုင်ငံရေး ဆန့်ကျင်ရေး ပြောတာတွေ ပိုများလာခဲ့သည်။ (၁၉၉၃-၉၄-၉၅)ကာလက သူ့သင်တန်းတွင် မကြာခဏ ကြုံတိုင်း ပြောတာ တစ်ခုရှိသည်။ ''ဒီကောင်မလေး ဒီနိုင်ငံရေးမှာ ပါဝင်လို့မရဘူးဆိုတာနှင့် ပွဲကပြီးသွားပြီ''ဆိုသော စကားဖြစ် သည်။ ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အများအပြား ဖမ်းဆီးထိန်းသိမ်းခံနေရချိန်ဖြစ်သည်။ ကာလီနတ်သမီးဆောင်းပါး ထွက်လာတော့ လူထုဒေါ်အမာကပင် ''မောင်သာနိုးရယ် လက်နက်ချစရာအချိန် ဒီလောက်တောင် ရှားရ သလားကွယ်'' ဟုတောင် ပြောယူရတဲ့ အဆင့်ဖြစ်လာခဲ့သည်။ ကြာလာတော့ မောင်သာနိုးကို စာပေအဝန်းအဝိုင်းနှင့် သူတပည့်တွေကပါ ဆန့်ကျင် လာကြသည်။ ဒါ့ကြောင့် သူ့အတွက် နေရာကျဉ်းလာခဲ့သည်။ သာရေး၊ နာရေးနှင့် ဧည့်ခံပွဲအချို့တွင် မလွှဲသာ၍ တွေ့ရလျှင်လည်း သူ့ကို ဆက်ဆံမည့်သူက နတ္ထိ၊ ဧည့်ခံမှုလည်းမရှိ။ အများစုကြီးက ဖယ်ကျဉ်ထားကြသည်။ ဒါကိုက မောင် သာနိုးကို သူ့အသိုင်းအဝိုင်းက ဒဏ်ခတ် ထားခြင်းပင်ဖြစ်သည်။
ချုပ်၍ပြောရလျှင် မောင်သာနိုး အနေဖြင့် မိမိကိုယ်တိုင်က ဘယ်နေရာမှာ ရှိနေသည်၊ ဘယ်နေရာမှာမှ မရှိတော့ သည်ကို သိဖို့လိုမည်။ မောင်သာနိုး တလျှောက်လုံးထားခဲ့သည့် အရင်းခံ စိတ်ထားကိုက ပြည်သူ့ဘက်မှာ မရှိသည့်အတွက် အခုလို ရေးသားပြောဆိုမှုမျိုးတွေ ဆက်တိုက်လုပ်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံရေး အခင်းကျင်းကြီးထဲ တွင် မောင်သာနိုး တစ်ယောက် ဘယ်ထောင့်၊ ဘယ်နေရာကမှ ပါဝင်ခဲ့ခြင်းမရှိပဲ သုံးသပ်ဝေဖန်ခွင့် မရှိသည်ကို သိထားရန်လည်းလိုသည်။ လုပ်နိုင်သူတွေက သူ့အလုပ်ကိုသူ တာဝန်သိသိလုပ်နေကြသည်။ အလုပ်လုပ်နေကြသူအားလုံး ညီညီညွတ်ညွတ်ရှိကြဖို့ အရေးကြီးနေချိန်တွင် မောင်သာနိုး၏ ဆောင်းပါးက ညီညွတ်ရေးကို ပျက်စီးလိုသည့် ဆန္ဒဖြင့် ရေးထားသည့်ဆောင်းပါးဖြစ်သည်။ နောက်ဆုံးအနေဖြင့် မောင်သာနိုးကို သတိပေးပြောလိုသည်မှာ ကျီးဘုတ်ရိုသေမှ ဘုတ်ကျီးရိုသေနိုင်မည်။ ဆင်ခြင်တုံတရား ကင်းမဲ့စွာဖြင့် ရေးသားနေမှုကို ရပ်တန်းကရပ်ဖို့ ဖြစ်သည်။ သို့မဟုတ်ပါက စာပေတရားခွင်၊ လူမှုတရားခွင်နှင့် အမှန်တရား တရားခွင်တို့က မောင်သာနိုးကို ခွင့်လွှတ်ပေးလိမ့်မည်မဟုတ်ဟု ဆိုချင်သည်။
စာရှုသူ ရဲဘော်အပေါင်းတို့အား အသိပေးစေချင်သည်မှာ အသေဝနာစဗာလနံဟု. . .
သစ်ထွန်းကျော်
၆.၆.၂ဝ၁၂ wunna Cho

No comments:
Post a Comment