နိုင်ငံမဲ့ (Stateless) ဆိုတာကို အနည်းငယ် ပြောပြလိုပါတယ်။ မြန်မာတွေ ပြည်ပကို ထွက်နေတာ အများကြီးရှိလို့ သိသူတွေလည်း အတော်များများ ရှိကြမှာပါ။
လက်ရှိ နိုင်ငံတကာရဲ့ အနေအထားမှာ ဘယ်သူမဆို အခြားနိုင်ငံတခုကို တရားဝင် ဝင်ရောက်လာပြီး ရက်ကျော် (Overstay) နေထိုင်ရင် (သို့) ခိုးဝင် (Illegal entry) လာရင် သက်ဆိုင်ရာနိုင်ငံရဲ့ (သူကြိုက်သလို ရေးဆွဲထားတဲ့) လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ ရင်ဆိုင်ရပါတယ်။ အဲဒီဥပဒေရဲ့ စီရင်ဆုံးဖြတ်ချက် မတိုင်မီ လ-ဝ-က ဥပဒေဘောင် အတွင်းကပဲ နေထိုင်ရပါတယ်။
အဲဒါကြောင့် အလုပ်လုပ်ခွင့် မရှိတာတို့၊ လက်ထပ်ရင် အသိပေး / ခွင့်တောင်းရတာတို့၊ အခြားနယ်မြေကို ကူးသန်း သွားလာခွင့် မရှိတာတို့၊ ကျောင်းတက်ခွင့် မရတာ၊ ကျန်းမာရေး ခံစားခွင့် မရှိတာ စတဲ့ နိုင်ငံသားတွေ ရတဲ့ အခွင့်အရေးမျိုးတွေ မရနိုင်တာကို လ-ဝ-က ဥပဒေ ချိုးဖောက်သူတွေဘက်က အရင် နားလည်ထားရမှာ ဖြစ်ပါတယ်။
ဒုက္ခသည် ရက်ဖြူဂျီ (Refugee) အဖြစ် လျှောက်ခွင့် ရှိတာ / မရှိတာ၊ ခံစားခွင့် ပြုတာ / မပြုတာမျိုးကလည်း နိုင်ငံတခုနဲ့တခု မတူကြပါဘူး။ လျှောက်ထားသူတွေကိုလည်း တဦးချင်းမှာ အမှုတခုချင်းအလိုက် (case by case) သီးသန့်စီ အထပ်ထပ် အချိန်ယူ စစ်ဆေးပုံချင်းလည်း မတူပါဘူး။ ဒီလိုကြားကာလတွေမှာ လူ့အခွင့်အရေး ခံစားခွင့်တွေကို နိုင်ငံသားတွေနဲ့ တန်းတူမရတာက လက်ရှိ နိုင်ငံတကာရဲ့ အခြေအနေပါပဲ။
လ-ဝ-က ဥပဒေကို ချိုးဖောက်သူမှန်သမျှ ပြည်နှင်ဒဏ် (Deportation) ပေးခံကြရပါတယ်။ မိခင်နိုင်ငံက လက်မခံလို့၊ ဒါမှမဟုတ် မိခင်နိုင်ငံက နိုင်ငံရေး (သို့) စီးပွားရေး (သို့) အခြားတခုခုအရ ပြန်လည် လက်မခံနိုင်စရာ အကြောင်းရင်းက ခိုင်လုံနေရင်တော့ ပြည်နှင်ဒဏ် ပေးလို့ မရတာကြောင့် လက်ခံပေးနိုင်မယ့် တတိယနိုင်ငံကို စီစဉ်ရပါတယ်။ တတိယနိုင်ငံလည်း မရှိဘူးဆိုရင် ရောက်ရှိရာနိုင်ငံမှာပဲ နိုင်ငံမဲ့ (Stateless) အဖြစ် နေထိုင်ရပါတယ်။ ဒုက္ခသည်အဖြစ် နေထိုင်ခွင့် ရရှိသွားပြီးတာတောင်မှ နိုင်ငံသား မဖြစ်သေးပါဘူး။ ဒါဟာလည်း နိုင်ငံမဲ့ (Stateless) ဖြစ်နေတာ တခုပါပဲ။
လ-ဝ-က ဥပဒေ ပေါ့လျော့ရင် ပြည်ပကနေ တိုင်းတပါးသားတွေ အစုလိုက် အပြုံလိုက် ဝင်လာနိုင်တာ နိုင်ငံတိုင်းက သိလို့ အတတ်နိုင်ဆုံး ကာကွယ်ကြပါတယ်။ နိုင်ငံကို ကာကွယ်ဖို့ ဆိုတဲ့အရေးမှာ ပြည်ပစစ်တပ်တွေ ကျူးကျော်ဝင်ရောက်လာတာကို ခုခံဖို့ တခုတည်း မဟုတ်ပါဘူး။ တရားဝင် လာရောက်ပြီး ရက်ကျော်နေထိုင်တာ၊ တရားမဝင် ခိုးဝင်တာတွေကိုလည်း ကာကွယ်ရပါတယ်။ နိုင်ငံရဲ့ ဝိသေသလက္ခဏာတွေ မပျက်စီးစေရဖို့အပြင် လုံခြုံရေး၊ လူမျိုးရေး၊ ဘာသာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စတဲ့ အစစအရာရာကို ကာကွယ်ထားနိုင်ဖို့ အသေးစိတ် တွက်ချက်ပြင်ဆင်ပြီး စီမံရပါတယ်။
ပြည်ပမှ လာရောက်နေထိုင်သူတွေက လ-ဝ-က ဥပဒေ ချိုးဖောက်ထားရင် နိုင်ငံတကာမှာ လူသားချင်း စာနာထောက်ထားမှုအပိုင်းကို ထည့်တွက်လေ့ရှိကြပေမယ့် နိုင်ငံအလိုက် လူ့အခွင့်အရေးကိစ္စတွေမှာ အနိမ့်ဆုံး အဆင့် သတ်မှတ်ပုံချင်း မတူကြပါဘူး။ တိုင်းပြည်ရဲ့ ကြွယ်ဝချမ်းသာမှု၊ စာနာမှု၊ မိမိနိုင်ငံရဲ့ တန်ဖိုးကို ထိန်းသိမ်းမှု၊ စိုးရိမ်ကြောင့်ကျစရာ အနေအထားတို့အပေါ်မှာ မူတည်ရုံသာမက လ-ဝ-က ဥပဒေ ချိုးဖောက်သူတွေရဲ့ ရည်ရွယ်ချက်၊ တန်ဖိုးအနေအထား စတဲ့ အကြောင်းအမျိုးမျိုးတို့အပေါ်မှာလည်း မူတည်ပါတယ်။
ဒါကြောင့် ပြည်ပက လာရောက်ပြီး လ-ဝ-က ဥပဒေ ချိုးဖောက်ထားသူတွေအတွက် လူ့အခွင့်အရေးကိစ္စ တခုတည်းကို ရှေ့တန်းတင်ထားလို့ မရနိုင်ပါဘူး။ ဒုက္ခသည်အဖြစ် လျှောက်ထားရတဲ့ အကြောင်းရင်းတွေကို အမှန်အတိုင်း တင်ပြဖို့၊ ဥပဒေဘောင်ဝင်ဖို့ ဆိုတာတွေကလည်း သိပ်အရေးကြီးပါတယ်။ လူကုန်ကူးတာ (Human-trafficking) တွေကလည်း မဖြစ်မနေ တားဆီးရတဲ့ အရေးကြီး ပြဿနာတခု ဖြစ်နေပါတယ်။ ပြောစရာတွေက များလွန်းလှပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်နေတဲ့ကိစ္စတွေမှာ သေချာတာကတော့ လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ခေတ်စနစ်နဲ့အညီ အသင့်တော်ဆုံးဖြစ်အောင် ပြန်လည်စိစစ် ပြင်ဆင်ဖို့ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။ ဝန်ထမ်း အနေအထားကိုလည်း အလားတူ စိစစ်ပြင်ဆင် စီမံထားဖို့ လိုပါလိမ့်မယ်။ နယ်ခြားဒေသတွေကနေ တရားမဝင် ခိုးဝင်လာသူတွေကို တားဆီးဖို့ လိုအပ်ရင် စစ်တပ်၊ ရဲ စတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်တာတွေကိုလည်း ခေတ်စနစ်နဲ့အညီ အကောင်းဆုံး ဖြစ်သင့်ပါတယ်။ ဒီလိုပဲ နိုင်ငံသားဖြစ်မှု အပေါ်မှာ တိုင်းပြည်ရှေ့ရေးကို မျှော်တွေး ကြံဆပြီး အမြဲတမ်း အကောင်းဆုံး ဖြစ်နေသင့်ပါတယ်။
လွင်အောင်စိုး
၂၁-၆-၂ဝ၁၂
No comments:
Post a Comment