Thursday, June 21, 2012

ချိုတူးဇော်ရဲ့ ... ဘက်ဂီယာ





ဘက်ဂီယာ

လက်ရှိ အစိုးရ ဟာ လုံးဝ မရိုးသားတဲ့ အပြင် ဘယ်လိုပဲ “ဒီမိုကရေစီ” နာမည်တပ်တပ်၊ ဘယ်လိုပဲ “ဒီမိုကရေစီ” အရေခြုံခြုံ၊ ဘယ်လိုပဲ “ဒီမိုကရေစီ” လမ်းကြောင်းကို သွားနေပါတယ် လို့ပဲပြောပြော
နောက်ကြောင်းပြန် အာဏာရှင်လမ်းကြောင်း ကို ဖြောင့်ဖြောင့်ကြီး ဘက်ဂီယာထိုး ဆုတ်ခွာသွားနေပြီ ဆိုတာ ဒီနေ့နိုင်ငံရေး အခြေအနေတွေက ပြလို့ နေပါပြီ။

ကြားဖြတ်ရွေးကောက်ပွဲ ရဲ့ ရလာဒ်ဟာ ၉၀ ရလာဒ်လိုပဲ စစ်အုပ်စု ကို အရှိုက်ထိ၊ အငိုက်မိ သွားခဲ့ရတဲ့ ရလာဒ် တခုပါ။ ၉၀ တုန်းကလည်း ဒီလောက်တော့ ပိုးစိုးပက်စက် ရှုံးလိမ့်မယ် မထင်ခဲ့ပေမယ့်၊ ရှုံးခဲ့တယ်။
ခုတခါ နှစ် ၂၀ ကျော် အခိုင်အမာ တည်ဆောက်ထားတဲ့ ခံတပ်ကြီးတွေ၊
ကတုတ်ကျင်းတွေဟာ နာရီပိုင်းအတွင်း ကျရှုံးလိုက်ရတဲ့ စစ်ပွဲ တပွဲ
ကို မျက်ဝါးထင်ထင် ကြုံတွေ့လိုက်တဲ့အခါမှာ မစားရတဲ့ အမဲ သဲ နဲ့ပက်၊ မင်းသားကြီး မလုပ်ရရင် ပတ်မကြီးကို ထိုးဖေါက်တယ် ဆိုတဲ့ တိုင်းပြည်မျက်နှာကို မထောက်၊ ပြည်သူမျက်နှာကို
မထောက်တဲ့ လုပ်ရပ်တွေကို တခု ပြီး တခု သာ ကျူးလွန်တော့တယ်။

သိသာလွန်းတဲ့ အဓိကရုဏ်းတွေကို သိသိသာသာပဲ ဖန်တီးပြီး လူတွေသေကြေကြ၊ အိမ်ရာတွေ မီးလောင်ကြ တဲ့ ရက်ပိုင်းလေး တော်တော်
ကြာအောင် အစိုးရဟာ ငြိမ် နေခဲ့တယ်။
ဒီလို ငြိမ်တာမျိုးဟာ ၂၀၁၀ တုန်းကလည်း ဖုံးမနိုင်၊ ဖိမရ တခါငြိမ်ခဲ့ဖူးတယ်။
ဒီတခါမှာ သမ္မတဦးသိန်းစိန်၊ ဦးရွှေမန်းတို့ကို နောက်က အုပ်စုတစု က ချုပ်
ကိုင်ထားလိုက်ပြီ လို့တောင် ကျနော်ထင်ခဲ့မိပါတယ်။
ဒါပေမယ့် သမ္မတဦးသိန်းစိန်ဟာ ရက်အနည်းငယ် ကြာတဲ့အခါမှာ (သူပျောက်နေတာကို ပြည်သူတွေကြားထဲမှာ ပြောဆိုဝေဖန်မှုတွေ များလာတဲ့အခါမှာ) လူလုံးထွက်ပြပြီးသွားတယ်။

အပြုသဘော ကို သွားနေပါတယ်။ နောက်ကြောင်းပြန်မလှည့်တော့ပါဘူး တွင်တွင်ပြောနေတဲ့ အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခရီးစဉ်နဲ့ နိုဘယ်လ်ဆုပေးပွဲ အခမ်းအနား၊ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ လျှမ်းလျှမ်းတောက် ဂုဏ်ပြုပွဲ အခမ်းအနားအကြောင်းတွေကို စိုးစိမှ ဖေါ်ပြ
ခြင်း မပြုသလို၊ အင်မတန် လူကြီးလူကောင်းဆန်ပါတဲ့ ပြန်ကြားရေး ညွှန်ချုပ်
ကြီးကလည်း ဟန်မဆောင်နိုင်အောင် ကို နိုင်ငံတကာ မီဒီယာမှာ ပေါက်ကွဲ
ပါတော့တယ်။

တကယ်တော့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အ၀ါ ကို ဒီလောက်ထိ သူတို့ တွက် ထားဟန်မတူပါဘူး။

ဒီလူတွေဟာသိပ်မကြာသေးခင် လ ပိုင်းကလေးကမှ သူတို့ အင်မတန်မှ ပြုပြင်ပြောင်းလဲ လို ပါကြောင်း၊ ဒီမိုကရေစီ ဘက်တော်သားများ
ဖြစ်ပါကြောင်း (ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း က အစ) သူတို့ ကို လူတွေ က အထင်အမြင်မှားနေကြောင်း ဖရိုဖရဲ ပြီတီတီ အပြုံးတွေနဲ့ သတင်း စာနယ်ဇင်း မျက်နှာတွေမှာ အတိအလင်း ပြောခဲ့တယ်။
ခု အဲဒီ ဟန်ဆောင် မျက်နှာဖုံးတွေကို ဟန်တောင် မဆောင်နိုင်တော့ဘဲ ကွာ ကျခဲ့ရတယ်။

သေချာ သုံးသပ်ပါ။
ဒီရက်ပိုင်း အတွင်းမှာ လက်ရှိအစိုးရ ရဲ့ ခြေလှမ်းတွေဟာ အရင် စစ်အစိုးရ ရဲ့
ခြေလှမ်းတွေ အတိုင်းပဲ တထပ်တည်း ကို တူ ပါတယ်။

သမ္မတဦးသိန်းစိန် ဟာ သူတို့ ပြန်ပေးဆွဲ မခံထားရကြောင်း သက်သေ ထူတဲ့
အနေနဲ့ ဒုတိယမိန့်ခွန်း ကို ကာလံဒေသံ ဘာမှ မအပ်စပ်ပဲ ပြောသွားတယ်။
တချိန်တည်းမှာ အဲဒီမိန့်ခွန်းဟာ ကြံ့ဖွံ့စစ်အာဏာရှင်တွေ ရဲ့ မစားရ၀ခမန်း အိပ်မက်တွေ ကို ဖုံးမနိုင်ဖိမရ ပေါ်လွင်နေတယ်။

ကြံ့ဖွံ့စစ်အုပ်စုတွေဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ရလာဒ်ကို ပြန်မေ့နေတယ်။ အဲဒီတုန်း က ကြိုတင်မဲတွေနဲ့ မဲလိမ် မဲခိုး မှု တွေမလုပ်ရင် ခု ကြားဖြတ်ရွေးကောက်ပွဲ နဲ့ သိပ်မကွာတဲ့ အခြေအနေ
ကို ရခဲ့တယ် ဆိုတာ လူတိုင်းသိတယ်။
တစည နဲ့ ၂ ပါတီတည်း ပြိုင်တဲ့ နေရာမှာတောင် တစည နိုင်ခဲ့တယ်။
၂၃ နှစ်လုံးလုံး လမ်းတွေ၊ တံတားတွေ၊ ဆည်တွေ ဘယ်လောက် ဖေါက်ခဲ့
ပါကြောင်း အပ်ကြောင်းထပ်အောင်ပြော၊ နောက် ရွေးကောက်ပွဲ ကာလမှာ
ဇွတ်အတင်း လမ်းတွေ ခင်းပြ နဲ့ သရုပ်ပျက်ခဲ့တဲ့ တိုင် ပြည်သူရဲ့ အော့နှလုံး
နာ မှု ကို သူတို့ ပြန် အဖတ်မဆည်နိုင်တော့ဘူး။
ခုလည်း မစားရ၀ခမန်း စီမံကိန်းတွေကို ပြောပြီး “ဒါတွေ ရှိပါတယ်” လို့
ချစ်တီးကုလားက ခြေကျင်းတွေ၊ လက်ကောက်တွေ တပြပြ ချစ်ရေးဆို သလို
ဆို မဆုံး လုပ်ပြန်ပြီ။ ဒီလိုနည်းနဲ့ ပြည်သူ ကို စည်းရုံးနေသလို တဘက်က
ရိုဟင်ဂျာရေးနဲ့ တပ်မတော်ဟာ ဘယ်လောက် အနစ်နာ ခံ၊ ဘယ်လောက် တန်ဖိုးကြီး အရေးကြီးပါကြောင်း “ပြ” နေပြန်တယ်။
တချိန်တည်းမှာလည်း သူတို့ စ ခဲ့တဲ့ ဒီမီးကို ဆွဲ ပြီး မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ စီမံကိန်းနဲ့ ပြည်သူကို အကြပ်ကိုင်နေတယ်။

ဒါပေမယ့် တချိန်တည်းမှာကို သူတို့ရဲ့ အတွင်း အဇ္ဈတ္တကနေ ဖုံးမရ၊ ဖိမရ၊
ယောက်ျားရင့်မာကြီးတွေတန်မဲ့ ပူလုံးကြွ လာတဲ့ ဣဿာ မစ္ဆရိယ တွေက
အံ့သြစရာကောင်းလောက်အောင် ပေါ်လို့နေတယ်။ ရှေ့က ဘယ်လို ဟန်ဆောင်ထားထား၊ နောက်က အစွယ်တွေ ကို ဖုံးမနိုင် ဖြစ်နေပြီ။

ဒါပေမယ့် ဒီလူတွေရဲ့ ယုတ်မာပက်စက်တဲ့ ပြည်သူ့သွေးကို မျက်ရည်ကို ခင်း
ပြီး သူတို့ အာဏာအတွက် ဖန်တီးခဲ့တဲ့ အဓိကရုဏ်းကြောင့် ပြည်သူအများစု
ဟာ သူတို့လိုသလို ဖန်တီးရာနောက် ကို ပါသွားရတယ်။

ခုချိန်မှာ ဦးသိန်းစိန်၊ ဦးရွှေမန်းတို့ဟာ ပြန်ပေးဆွဲ ခံနေရတာလား၊
ဒါမှမဟုတ် တကြိတ်တည်း တဥာဏ်တည်းပဲ လား ဆိုတာ
ဘယ်သူမှ မပြောနိုင်ပါ။

သေချာ စိစစ် သုံးသပ်ပါ။ လက်တွေ့ ကျကျ စဉ်းစားပါ။

စနစ်တကျ ဖွဲ့စည်းထားတဲ့ ကချင် ကေအိုင်အေတပ်ဖွဲ့ တွေကို လက်နက်ကြီး လက်နက်ငယ်တွေ နဲ့ တပ်မကြီးတွေ အမျိုးမျိုး ထိုးစစ် ဆင်နိုင်တဲ့ တပ်၊

မဲသဝေါ၊ မာနယ်ပလော တကယ့် အခိုင်အမာ ကေအန်ယူစခန်းကြီးတွေကို
တိုက်ခိုက်ဖြိုခွင်းနိုင်ခဲ့တဲ့ တပ်၊ အဲဒီ လို တပ်ရင်းတပ်မကြီးတွေ အများကြီး ရှိတဲ့ တပ်မတော်ကြီးဟာ ရခိုင်ပြည်နယ် ထဲမှာ ဟိုမှာ ရွာလုံးကျွတ် ဘင်္ဂလီတွေ ၀င်မီးရှို့သွားသတဲ့၊ ဒီမှာ ခေါင်းဖြတ်သွားသတဲ့ ဆိုတဲ့ သတင်းတွေ ထွက်လာ ရတာ ဘာမှ မဆိုင်သလို ပဲ။

သေချာ စဉ်းစားဆင်ခြင်ပါ။
ရခိုင်ပြည်ရောက် သတင်းထောက်တွေ ရဲ့ သတင်းတွေကို ဖတ်ပြီး ဝေဖန်သုံးသပ်ပါ။
ဘင်္ဂလီတွေမှာ သေနတ်ဘယ်နှလက်များ ပါနိုင်မလဲ။ တုတ်တွေ၊ ဓါးတွေ၊
ဓါတ်ဆီပုလင်းတွေနဲ့ သာ သောင်းကျမ်းနေတယ်။
စစ်တပ် က နည်းနည်း ၊ လုံထိန်း က မလောက်မငှ နဲ့ လို့ သတင်းတွေ ဖတ်နေရတယ်။

အာဏာ ကို တည်ဆောက်ဖို့အတွက် ဒီလို မသမာတဲ့နည်း နဲ့ ပြည်သူ့သွေး
ကို မြေကျအောင်၊ လူမျိုးခြား ၊ ဘာသာခြားတွေ ဆီမှာ အစော်ကားခံရအောင်
လုပ်နေတယ် ဆိုရင် ခင်ဗျားတို့ ဒီအာဏာကို လက်လွှတ်ရချိန်နီးပြီ၊ ခင်ဗျားတို့ဟာ ကမ္ဘာမှာ ရှိရှိသမျှ အာဏာရှင်တွေ ကျဆုံးခဲ့သလို၊ ကျဆုံးဖို့
အရမ်းနီးကပ်လာပြီ လို့ပဲ သတိပေးမယ်။
ကဒါဖီ တို့၊
ဆဒမ်ဟူစိန် တို့ နောက်ကို လိုက်ဖို့ သာ ပြင်ထားကြတော့ လို့ အတိအလင်း ပြောချင်တယ်။ ဒီတခါ ခင်ဗျားတို့လုပ်ရပ် ပေါ်ပြီ ဆိုတာနဲ့ ပြည်သူက ခင်ဗျားတို့ ဘယ်လို လှည့်စား လှည့်စား လက်ခံတော့မှာ မဟုတ်ဘူး။

ချိုတူးဇော်

No comments:

Post a Comment