Monday, July 23, 2012

အသက် ၄၀ ပြည့်နှစ် စကား


လူလိုသူလို မွေးနေ့တဲ့

အသက် ၄၀ ပြည့်နှစ် စကား

by Ye Min Tun on Monday, July 23, 2012 at 11:58am ·
ယနေ့ ကျနော့်အသက် ၄၀ ပြည့်သောမွေးနေ့ဖြစ်ပါတယ်။ ကျနော်ပြန်တွေးကြည့်တော့ ဘ၀မှာစုံနေပြီ။

၁၉၈၈ ကျည်ဆံတွေပလူပျံနေတဲ့ ရန်ကုန်မြို့ ကိုယ့်မြို့ကိုယ့်ရွာမှာ သူပုန်ကျောင်းသားဖြစ်ခဲ့ရတယ်။ သဘောင်္ပြန်ပေးဆွဲသူတွေလို့ စွပ်ဆွဲပြီး စစ်တပ်က လိုက်သတ်တာကို ပြေးရတဲ့ ကျောင်းသားတွေထဲမှာ အငယ်ဆုံးတယောက် အဖြစ် ပါခဲ့ဖူးတယ်။

၁၉၈၉ စစ်ထောက်လှမ်းရေးက အလိုရှိပြီး လိုက်ဖမ်းနေသော ကျောင်းသားငယ်တယောက်ဘ၀မှာ စက်မှုတက္ကသိုလ်မှ ကိုအောင်မိုးနှင့် ကိုမောင်မောင်လွင်(ကုလားကြီး) တို့နှင့်အတူ ခါးပိုက်နှိုက်ဆိုပြီး စစ်ထောက်လှမ်းရေးက အော်ပြီးကာ အကျင့်ယုက်လို့ လူအုပ်ကြီး ၀ိုင်းလိုက် ၀ိုင်းရိုတ်ကြတာကို ကျနော်တို့ ကျောင်သားတွေပါ အော်ပြီး သေလုမြောပါးပြေးဖူးတယ်။စစ်ထောက်လှမ်းရေးဖမ်းမိထားတဲ့ လမ်းမပေါ်ကနေ အသက်နှင့်လဲပြီး ပြေးခဲ့ဖူးတယ်။

၁၇ နှစ်ပြည့်မွေးနေ့က ၁၉၈၉ မှာ ထိုင်းနယ်စပ် ထမင်းနပ်မှန်အောင် မစားရတဲ့ ကျောင်းသားတွေနှင့် အတူရှိနေဖူးတယ်။ နာနက်သီးတွေနေ့တိုင်း ခိုးစားပြီး အသက်ဆက်ရလို့ လျှာတွေကွဲတာ ခံစားဖူးတယ်။ ထိုင်းဈေးထဲမှာ အမှိုက်သိမ်းတဲ့ ကျောင်းသားတွေဘ၀မှာ ကျနောလဲ အလှည့်ကျပါဖူးတယ်။ ထိုင်းထောင်ထဲမှာ သံတိုင်ထိုးထားတဲ့ ခြေကျဉ်းခတ် အကျဉ်းသား ဖြစ်ခဲ့ဖူးတယ်။  ပြေးလွှားနေတဲ့ဘ၀နှင့် မွေးနေ့တွေလဲ ရှိဖူးတယ်။

မိဘဆွေမျိုးတွေ လက်မခံတဲ့ ရာဇ၀င်လူဆိုးဖြစ်ခဲ့ရတယ်။ အဖေတယောက်တော့ သေတဲ့အထိ သူ့သား ကျနော့်ကို အားပေးထောက်ပံ့ကာ ချစ်သွားရှာပါတယ်။ အဲဒီအဖေ သူ့သား တိုက်တဲ့ ရေ တပေါက် မသောက်သွားရဘူး။ ထောင်ဝင်စာကို လာတွေ့ရတဲ့ အဖေအိုသေတဲ့ အချိန် သားကို နှုက်မဆက်သွားရဘူး။ ဟုတ်ပါတယ်လေ သူတို့အတွက်တော့ ကျနော်က လူဆိုးလူမိုက်ထက်တောင် ဆိုးပါတယ်။

ထောင်ထဲက စစ်ခွေးတိုက်မှာ ရိုက်နေတဲ့ ၁၉၉၁ မွေးနေ့ အပါဝင် မွေးနေ့ပေါင်း ခုနစ်ခုကို ထောင်ထဲမှာ ဖြတ်ဖူးတယ်။
တရုတ်နယ်ပြည်နယ်စပ်က အူကြောင်ကြောင်မွေးနေ့ကိုလည်း ဖြတ်သန်းဖူးတယ်။

လမ်းဘေးမှာ ငုတ်တုက်ထိုင်ငိုက်နေရတဲ့ မွေးနေ့ကိုလဲကြုံဖူးတယ်။ စားစရာမရှိတဲ့ မွေးနေ့ကိုလဲ ဖြတ်သန်းဖူတယ်။ ဆယ်စုနှစ် နှစ်ခုနီးပါး ညအိပ်ခါနီးတိုင်း လုံခြုံရဲ့လားဆိုပြီး စိတ်တထင့်ထင့်ဖြင့် အိပ်ခဲ့ရတယ်။
လူတွေ ၀ိုင်းချစ်တာ ခံစားဖူးသလို မုန်းတာလဲ ခံစားဖူးတယ်။ ကျနော်ကောင်းတာတွေ ရှိသလို ဆိုးတာတွေလဲ ရှိတယ် မသေခင် တနေ့ ချရေးသွား အုန်းမှာပါ။ ဘ၀က သင်ကြားပေးတဲ့ ဘ၀ပေးအသိက သာသာယာယာတော့ မသင်ပေးခဲ့ဖူးဘူး။ အချိုးအကွေ့တွေကို ကြမ်းကြမ်း တမ်းတမ်း ဖြတ်ခဲ့ရတယ်။

အခုတော့... ကျနော့်ဘ၀မှာ ဖြတ်သန်းခဲ့သော မွေးနေ့များထက်တော့ အခုလွန်စွာမှ ကွာခြားလွန်းပါသည်။ ကျနော်လွတ်လပ်စွာ တရားဝင်လူသား အဖြစ်ရပ်တည်ကာ တရားဥပဒေစိုးမိုးသော လူသားချင်းစာနာမှုရှိသော နိုင်ငံမှာ ခိုလှုံပညာ သင်ကြားနေပါပြီ။ သို့သော် ကျနော် မပျော်ဘူး။ စိတ်ထဲမှာ အမှန်ဝန်ခံရရင် အခုလိုနေရတာ ကိုယ်တယောက်ပါလား ဆိုတဲ့ အတွေးထဲရောက်နေတယ်။ အခုဆိုရင် ထောင်ထွက်သူငယ်ချင်းတွေ အကိုတွေ အမတွေ ပညာတပိုင်းစနှင့် တိုက်ပွဲဝင်နေတုန်းပဲ။ မနိုင်ဝန် ထမ်းနေကြရတယ်။ သူတို့ကို သနားတယ်။

ဒီနေ့ ကျနော်ဘာမှ ပျော်ပွဲရွှင်ပွဲ မလုပ်ပါ လုပ်ချင်စိတ်လဲ မရှိပါဘူး။ အိမ်တွင်းအောင်း စာဖတ်ပြီး ကျောင်းစာလုပ်နေမိပါသည်။ အသက်လေးဆယ်ပြည့်ပြီ။ အနာဂတ်အတွက် ကျနော်တို့ တိုင်းပြည်က မျိုးဆက်သစ်တွေကို ပံ့ပိုးပေးတဲ့ အဖိုးကြီးတယောက် ဘ၀နှင့် သေချင်ပါတယ်။ ဒါကြောင့် ကျနော်ကြိုးစားနေတယ်။ ကျနော်နိုင်ငံရေး လုပ်ခဲ့တာမဟုတ်ပါ။ တိုင်းပြည်အတွက် လိုအပ်နေတဲ့ အချိန်မှာ တိုက်ပွဲဝင်ခဲ့တဲ့ တာဝန်ကျေပွန်ချင်တဲ့ ကျောင်းသားငယ်တဦး ဖြစ်ခဲ့တာပါ။ ဒါကြောင့်လည်း တချိန်မှာ ပြည်တော်ပြန်နိုင်ခဲ့ရင် မျိုးဆက်သစ်တွေ ပညာရေးအတွက် အထောက်ကူပြုနိုင်တဲ့ အဖိုးကြီးဘ၀နှင့်သာ ပြန်နိုင်ဖို့ ကြိုးစားနေပါတယ်။

ကျနော်မှ ကျူးလွန်ခဲ့သော ကာယကံ ၀စီကံ မနောကံ ဖြင့် မှားယွင်းခဲ့သူတိုင်းကို ခွင့်လွှတ်ပါလို့ ဦးချလိုက်ပါသည်။ မွေးနေ့ဆုတောင်းသူရော ဆုမတောင်းဖြစ်သူ မိတ်ဆွေအားလုံးကို ချစ်ခင်လေးစားပါတယ်။

ရဲမင်းထွန်း

No comments:

Post a Comment