Sunday, July 22, 2012

စင်ကာပူနိုင်ငံသို့ ဗြဟ္မစိုရ်ခြေလှမ်းတစ်လှမ်း





 စင်ကာပူနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း ဂီတဖျော်ဖြေပွဲများ၊ စာပေဟောပြောပွဲများကို လစဉ်အလိုက် ကျင်းပပြုလုပ် ဖျော်ဖြေနေသည့်ကြားမှ ထူးခြားစွာဖြင့် ၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လတွင် MAZ Entertainment Group (Singapore)မှ စီစဉ်ဆောင်ရွက်ပြီး “ဗြဟ္မစိုရ်ခြေလှမ်းများ” အမည်ရှိသော မြန်မာပြည်တွင်းရှိ လူမှုရေးသမားများ၏ ပေးဆပ်လုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြား၍ ဂီတသံစဉ်များဖြင့် ဖျော်ဖြေမှု တစ်ရပ်အား ကျင်းပပြုလုပ်ခဲ့သည်။ ပြည်ပရောက် မြန်မာမိသားစုများ အမျိုးဘာသာ သာသနာအား မမေ့မလျော့ပဲ လူသားချင်း စာနာစိတ်များ မွေးဖွားလာရန်အတွက် “ဗြဟ္မစိုရ်ခြေလှမ်းများ” ဟူသော အခမ်းအနားတစ်ရပ် ကျင်းပနိုင်ရန် MAZ Entertainment Group (Singapore) အဖွဲ့အား အဖွဲ့ဝင် (၄) ဦးဖြင့် စတင်စီစဉ် ဆောင်ရွက်ကြပြီး အခမ်းအနားမှ ရရှိသည့် ငွေကြေးအားလုံးကို လှူဒါန်းသွားကြမည်ဖြစ်ကြောင်း၊ အခမ်းအနားအတွက် အလှူခံဖို့အတွက် စင်ကာပူနိုင်ငံတွင် တရားဝင်အလှူငွေဖြတ်ပိုင်း ပြုလုပ်ခွင့်မရရှိသည့်အတွက် စက္ကူ သေတ္တာဘူးများများ ပြုလုပ်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းငွေအဖြစ် ကောက်ခံကြရန်၊ နာရေးကူညီမှုအသင်း(ရန်ကုန်)အား ပံ့ပိုးနိုင်ရန်နှင့် စင်ကာပူနိုင်ငံရှိ မြန်မာမိသားစုဝင်များအနေဖြင့် မြန်မာ နိုင်ငံတွင်းရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုများအား တိကျမှန်ကန်စွာ သိရှိနိုင်ရန်အတွက် ရည်ရွယ်၍ အကျိုးဆောင်ပေးနိုင်ရန်အတွက် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကာ ၁၅.၇.၂ဝ၁၂ ရက်နေ့တွင် စင်ကာပူနိုင်ငံရှိ Jurong Sports & Culturo Center ခန်းမ၌ နေ့လည် (၃းဝဝ) နာရီ အချိန်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။ ယင်းအခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး Tဒေါ်ရွှေဇီးကွက်မှ လူမှုရေးလုပ်ဆောင်မှုအကြောင်း၊ လူမှုရေးသမားများ၏ကျင့်ဝတ် စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ကာ ဥက္ကဋ္ဌ ဦးကျော်သူမှ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုပုံရိပ်မှတ်တမ်းများအား Slide Show ဖြင့် ပြသရှင်းလင်းခဲ့ပြီး အခမ်းအနား တက်ရောက်လာကြသည့် မြန်မာမိသားစုများနှင့် အမေးအဖြေကဏ္ဍအား ဦးကျော်သူနှင့်ဇနီး ဒေါ်ရွှေဇီးကွက်တို့မှ မြန်မာမိသားစုများနှင့် နွေးထွေးစွာ ပြုလုပ်ခဲ့သည်။ ထို့နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အထူးဧည့်သည်တော် အသင်းဝင် ကိုဆောင်းဦးလှိုင်မှ ဥက္ကာဦးသာနှင့် ပူးတွဲ၍ လူမှုရေးပရဟိတစိတ်ဓါတ်များ မြှင့်တင်ပေးသော ဂီတသံစဉ်များဖြင့် ပရိသတ်အား စကားပြောကြားကာ ဥက္ကာဦးသာနှင့်ပူးတွဲ၍ သီဆိုဖျော်ဖြေပေးခဲ့သည်။ ထိုအခမ်းအနားတွင် စင်ကာပူ ရောက် မြန်မာမိသားစုများ၊ မြန်မာ့လူမှုရေးအဖွဲ့အစည်းများ၊ လူမှုရေးသမားများတို့သည် Jurong Sports & Culturo Center ခန်းမအပြည့် လာရောက်အားပေး ကြကာ ပြည်တွင်းရှိ မြန်မာပြည်သူ လူထုတို့အား နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး စသည့် ကူညီမှုများကို ပြုလုပ်ပေးဆပ်နေသော နာရေးကူညီမှုအသင်း(ရန်ကုန်) အား အလှူငွေများ ထည့်ဝင် လှူဒါန်းခဲ့ကြသည်။ ထို့နောက် ၁၇.၇.၂ဝ၁၂ ရက်နေ့ ညဘက်တွင် ဗြဟ္မစိုရ် ခြေလှမ်းများဖြင့် ခရီးသွားကြသော ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်၊ ကိုဆောင်းဦးလှိုင်တို့သည် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ၂၁.၇.၂ဝ၁၂ ရက်နေ့ နေ့လည် (၂းဝဝ) နာရီအချိန်တွင် ပွဲစီစဉ်သူ MAZ Entertainment Group (Singapore) မှ ဦးဘိုဘိုဝင်း ဦးဆောင်၍ အဖွဲ့ဝင် (၃) ဦးတို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာ ရောက်၍ “ဗြဟ္မစိုရ်ခြေလှမ်းများ” လူမှုရေးဖျော်ဖြေပွဲ၍ ရရှိသည့် အလှူငွေ သိန်း (၈ဝ) ကျပ်တိတိအား လှူဒါန်းခဲ့ကြသည်။ ယင်းလှူဒါန်းပွဲ အခမ်းအနားတွင် ဥက္ကဋ္ဌ ဦးကျော်သူမှ စင်ကာပူနိုင်ငံသို့ ရောက်ရှိစဉ် မိမိသည် ကျန်းမာရေးမကောင်းသည့်အတွက် မိမိအား မိသားစုသဖွယ် အစစ အရာရာ ဂရုတစိုက် ဆေးဝါး ကုသပေးခဲ့သည့် MAZ Entertainment Group (Singapore) အဖွဲ့သားများနှင့်တကွ၊ ကြွရောက်အားပေး ကြသော မြန်မာမိသားစုဝင်များနှင့် စင်ကာပူနိုင်ငံရှိ လူမှုရေးအဖွဲ့သားများ အားလုံးတို့အား ကျေးဇူးအထူး တင်ရှိပါကြောင်း ပြောကြားခဲ့ပြီး MAZ Entertainment Group (Singapore)မှ ဦးဘိုဘိုဝင်းသည် “ဗြဟ္မစိုရ်ခြေလှမ်းများ” လူမှုရေးဖျော်ဖြေပွဲ ကျင်းပရခြင်းအကြောင်းနှင့် တွေ့ကြုံခဲ့ရသော အခက်အခဲများ အား ရှင်းလင်းပြောကြားကာ မြန်မာပြည်တွင်းရှိ လူမှုရေးလုပ်ငန်းများအား စွမ်းစွမ်းတမံ လုပ်ဆောင်ပေး နေသော နာရေးကူညီမှုအသင်း(ရန်ကုန်)အား လှူဒါန်းဖြစ်ခဲ့သည့် အကြောင်းအရာများကို ထပ်မံပြောကြား ခဲ့ပြီး အလှူငွေကျပ် (၈ဝ) သိန်းတိတိအား ပေးအပ်ခဲ့သည်။ ထို့နောက် ကိုဆောင်းဦးလှိုင်မှ ကျေးဇူးတင် စကားပြောကြားရာတွင် ယခင့်ယခင် မိမိသည် ပြည်ပနိုင်ငံများသို့ သွားရောက်၍ ဂီတဖျော်ဖြေပွဲများ ကျင်းပခဲ့သော်လည်း ယခုကဲ့သို့ လူမှုရေးဖျော်ဖြေမှုပွဲအား ပထမဦးဆုံးဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေ ဖြင့် အားပေးသည့်ပရိသတ် နည်းပါးမည်ကို စိုးရိမ်မိကြောင်း၊ သို့သော် ယခုကဲ့သို့ စည်ကားသိုက်မြိုက် စည်းကမ်းရှိစွာဖြင့် အားပေးခဲ့ကြသော စင်ကာပူရောက် မြန်မာမိသားစုဝင်များရှိသည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ကြွရောက်လာကြသော စင်ကာပူရောက် မြန်မာမိသားစုဝင်များ၊ MAZ Entertainment Group (Singapore) အဖွဲ့သားများ၊ အလှူငွေ ကောက်ခံပေးကြသော လူမှုရေးစိတ်ဓါတ် ပြင်းပြကြသော ညီငယ်၊ ညီမငယ်များအားလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ကာ အခမ်း အနားအား အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။ ယင်း “ဗြဟ္မစိုရ်ခြေလှမ်းများ” ဖြင့် သွားရောက်ခဲ့သော စင်ကာပူနိုင်ငံ ခရီးစဉ်တွင် စင်ကာပူနိုင်ငံရှိ မြန်မာမိသားစုများ၏ လူမှုရေးစိတ်ဓါတ် ပြင်းထန်မှုများ၊ ပြည်တွင်း/ပ မခွဲခြားဘဲ လူသားချင်းစာနာစိတ်ရှိ မှုများတို့အပြင် စင်ကာပူနိုင်ငံရှိ လူမှုရေးအသင်းအဖွဲ့များအား ရင်းနှီးစွာ ဆွေးနွေးခဲ့မှုများနှင့် စင်ကာပူနိုင်ငံ ရှိ မြန်မာ့ကရုဏာလူမှုရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်မှ စတင်၍ ၁၅.၇.၂ဝ၁၂ ရက်နေ့၌ နာရေး ကူညီမှုအသင်းဟူ၍ စင်ကာပူနိုင်ငံတွင် ပေါ်ပေါက်လာခဲ့မှုတို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဗြဟ္မစိုရ် ခြေလှမ်းတစ်လှမ်းအတွက် အောင်မြင်မှုတစ်ရပ်ပင် ဖြစ်ခဲ့တော့သည်။ 


ကိုကျော်သူ

No comments:

Post a Comment