Tuesday, July 17, 2012

တကယ်ပြောင်းလဲနေပြီလား



by Aung Moe Win on Tuesday, July 17, 2012 at 10:26am ·
ပြည်တွင်း ဂျာနယ် ၊ မဂ္ဂဇင်း တခုဖြစ်တဲ့ မြန်မာသစ်ဂျာနယ်မှ မိတ်ဆွေတွေအတွက် “ ဖုန်မုန်တိုင်းများလွန်မြောက်သွားတဲ့အခါ ----” စီးပွားရေးဆောင်းပါးတွေကို အခန်းဆက်ရေးပို့ဖို့ ပြင်ဆင်ခဲ့တယ်။ ဆောင်းပါး (၁) မှာတင် အခက်အခဲကြုံလိုက်ရတယ်။ ကျနော့်ဆောင်းပါးတွေကို စာပေစီစစ်ရေးက ဆိုင်းငံ့ ထားတယ် တဲ့။ မိတ်ဆွေတွေကတော့ အားမလျော့ပါဘူး။ ကျနော့ နာမည်ရင်းနဲ့ပဲ ဒုတိယအကြိမ်ထပ်ကြိုးစားမယ် တဲ့။ သူတို့ရဲ့ စေတနာကို အသိအမှတ်ပြုပါတယ်။ စိတ်ထဲမှာတော့ ပြုပြင်ပြောင်းလဲရေးလုပ်နေတယ် ဆိုတဲ့ အစိုးရရဲ့ စေတနာကို သံသယကြီးကြီး နဲ့ ရယ်ချင်သွားတယ်။ ကျနော်ကတော့ အစကတည်းက ဆုံးဖြတ်ထားသလိုပဲ။ ရတဲ့နေရာက ရေးမှာပဲ။ ပြည်တွင်းဂျာနယ်တွေမှာ အဖေါ်ပြမခံရလည်း ဖေ့ဘွတ် တခုလုံးရှိနေတယ်။ ဘာပူစရာ လိုလို့လဲ။
နားမလည်တာ တခုတော့ ရှိတယ်။ ဒီမိုကရေစီရေးလမ်းကြောင်းကို လျှောက်လမ်းနေပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ် ဆိုတဲ့ အစိုးရသစ်ဟာ ဘာကြောင့် ကျနော့ရဲ့ စီးပွားရေးဆောင်းပါးတွေကို ဖေါ်ပြခွင့်မပေးသေးတာလဲ။ ကျနော့ ဆောင်းပါးတွေအားလုံးဟာ အမေရိကန်ပြည်ထောင်စုက တက္ကသိုလ်တွေမှာ တရားဝင်သင်ကြားနေတဲ့ စီးပွားရေးပထဝီဝင်၊ မိုက်ခရိုအီကော်နော်မီ နဲ့ မာဂရိုအီကော်နော်မီ တို့ ဆီက သီအိုရီတွေ၊ကမ္ဘာ့စီးပွားရေးပျက်ကပ်ကို ပြန်လည် ကယ်ဆယ်နိုင်မဲ့ ကြိုးပမ်းမှုတွေ၊အတွေးအခေါ်ဆိုင်ရာ ပြဿနာတွေကို တင်ပြထားတာပါ။ ဗမာပြည်အကြောင်း တခုမှ မပါပါဘူး။ စီးပွားရေးဆိုင်ရာ ဆောင်းပါးတွေမှာ အစိုးရဆန့်ကျင်ရေးစာတွေလည်း တခုမှမပါသလို၊ နိုင်ငံရေးငြင်းခုန်မှုတွေလည်း တခုမှမပါပါ။ သို့သော် အီကော်နော်မစ် သီအိုရီတွေကို ပြောပြရင်းနဲ့ ဗမာပြည်တွင်းက စီးပွားရေးပညာရှင်တွေ၊ သမ္မတအကြံပေးအဖွဲ့တွေကို တိုက်ရိုက်မေးခွန်းထုတ်လာမဲ့ အရာတွေကို စိုးရိမ်နေဟန်တူပါရဲ့။



အထက်မှာ ပြောခဲ့သလိုပါပဲ။ ပြည်တွင်း ဂျာနယ်တွေမှာ တရားဝင်ရေးခွင့်မရရင်၊ ဖေ့ဘွတ်မှာ ဆက်ရေးသွားမယ်။ တိုင်းပြည်ထူထောင်ရေးအတွက် တကယ်စေတနာရှိတယ်။ သတ္တိရှိတယ် ဆိုရင် အရာအားလုံးကို ဟင်းလင်းဖွင့်ပြီး ရိုးရိုးသားသားဆွေးနွေးကြရအောင်ပါ။ ဘယ်သူတွေအရည်အချင်းရှိသလဲ၊ ဘယ်သူတွေ ဘယ်လောက်ရိုးသားသလဲ ဆိုတဲ့အချက်ကိုတော့ ပြည်သူလူထု နဲ့ စာဖတ်ပရိဿတ်က ဆုံးဖြတ်ကြပါလိမ့်မယ်။

ကိုအောင်မိုးဝင်း 

No comments:

Post a Comment