Sunday, July 1, 2012

သူမ၏ပါတီ အနိုင်ရရှိပါက မြန်မာနိုင်ငံကို ဦးဆောင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် AFP သို့ ပြောကြား


































(Bangkok Post မှ 28 June 2012 ရက်စွဲပါ " Suu Kyi tells AFP willing to lead Myanmar if her party wins " သတင်းကိုဘာသာပြန်ဆိုသည်။)
အံ့မခန်းအောင်မြင်သော ဥရောပခရီးစဉ်ကို အပြီးသတ်အဖြစ်
ပဲရစ်မြို့တွင် ရောက်ရှိနေသော မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က AFP သတင်းဌာနနှင့်ပြောဆိုရာတွင်“သူမ
အနေဖြင့် တစ်နေ့နေ့တွင် နိုင်ငံကိုခေါင်းဆောင်ရန် ပြင်ဆင်ထားကြောင်း" ကြာသပတေးနေ့က ပြောကြားလိုက်သည်။ နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ကျခံခဲ့ရပြီးနောက် ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပသို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ဥရောပ ၅ နိုင်ငံခရီးစဉ်တွင် နွေးနွေးထွေးထွေး ကြိုဆိုခံရခြင်းအပေါ် ကျေနပ်ပျော်ရွှင်မိသည်ဟုလည်း ပြောဆိုခဲ့သည်။ Burma ဟုလူသိများသော မြန်မာနိုင်ငံကို တစ်နေ့နေ့တွင် ခေါင်းဆောင်ရန်အတွက် အဆင်သင့်ဖြစ်ပြီလားဟု မေးမြန်းသောအခါ သူမက "ပါတီတွေအားလုံးရဲ့ ခေါင်းဆောင်တိုင်းဟာ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်ကို အမှန်တကယ် ယုံကြည်ကြတယ်ဆိုရင် ဒီအလားအလာအတွက် သူတို့ကိုယ် သူတို့ ပြင်ဆင်ထားကြလိမ့်မယ်လို့ ကျွန်မထင်ပါတယ်"ဟု ပြောကြားသည်။ "ဒါပေမယ့် ကျွန်မတစ်ချိန်လုံး စဉ်းစားနေတာကတော့ အဲဒီကိစ္စမဟုတ်ပါဘူး။ အမှန်တကယ် ကျွန်မစဉ်းစားနေတာကတော့ အနာဂတ်အတွက် ပြင်ဆင်နေတာထက် လက်ရှိပစ္စုပ္ပန်မှာ အာရုံစိုက်ဖို့ပါပဲ။ လက်ရှိပစ္စုပ္ပန်ဟာ လူတစ်ဦးရဲ့ အနာဂတ်မျှော်လင့်ချက်တွေကို ဆက်စပ်ပေးတာပါပဲ"ဟု ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ကဆိုသည်။ ကမ္ဘာကျော် မြန်မာ့နိုင်ငံရေးခေါင်းဆောင်သည် ဆွစ်ဇာလန်၊ နော်ဝေး၊ အိုင်ယာလန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများတွင် နိုင်ငံခေါင်းဆောင်များက ကြိုဆိုနှုတ်ဆက်ကာ ကြီးမားသောလူထုပရိသတ်က ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုခြင်းခံရသော ဥရောပခရီးစဉ်ကိုအဆုံးသတ်ကာ သောကြာနေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။ "ကမ္ဘာတစ်လွှားနေရာတိုင်းက ပြည်သူတွေအားလုံးဆီက ရရှိတဲ့နွေးထွေးမှုကို ကျွန်မအသိအမှတ်ပြုပါတယ်။ ကမ္ဘာတစ်လွှား၊ မတူညီတဲ့ နေရာတွေက ပြည်သူများစွာဟာ မြန်မာနိုင်ငံမှာ ကျွန်မတို့ရုန်းကန်ခဲ့ရတာကို သိရှိထားကြပုံရပါတယ်။ ကျွန်မတို့နဲ့ တစ်သားထဲရှိနေကြတယ်ဆိုတဲ့ အင်အားကြီးမားတဲ့ အသိမျိုးကို ကျွန်မခံစားမိပါတယ်။ ဒါဟာတစ်ကယ်ကိုအံ့အားသင့်စရာပါ"ဟု သူမကဆက်လက်ပြောကြားသည်။ တစ်ချိန်က ဖိနှိပ်အုပ်ချုပ်သော စစ်အုပ်ချုပ်ရေးလက်အောက်သို့ ကျရောက်ခဲ့သော မြန်မာနိုင်ငံကို ယခုအခါ အရပ်သားတစ်ပိုင်းအစိုးရက စီမံခန့်ခွဲလျက်ရှိပြီး၊ ၂၀၁၅ တွင်ကျင်းပရန်ရှိသော အထွေထွေရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီတို့ ဝင်ရောက် ယှဉ်ပြိုင် မည် ဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင် ပိုမိုကြိုးစားလုပ်ကိုင်ရန် လိုအပ်နေသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောဆိုသည်။ "ကောင်းတဲ့အရာတွေ ထွက်ပေါ်လာတာကမြင်ရဖို့ ၂၀၁၅ အထိ ကျွန်မတို့ မစောင့်နိုင်တော့ဘူးလို့ ကျွန်မထင်ပါတယ်"ဟု သူမက AFP သို့ ပြောကြားသည်။ "အရေးကြီးဆုံးကတော့ အခုလက်ရှိအချိန်ပါပဲ။ ၂၀၁၅ မှာ ဘယ်လိုပုံပေါ်လာမှာလဲဆိုတာကို အခုလာမယ့် ၃ နှစ်က ဆုံးဖြတ်ပေးလိမ့်မယ် ဆိုတဲ့အချက်ဟာ ကမ္ဘာကြီးသိအောင် ကျွန်မကြိုးစားနေတဲ့ မက်ဆေ့ခ်ျပါပဲ။ ဒါကြောင့် ပြည်သူတွေဟာ သူတို့နဲ့သက်ဆိုင်တဲ့လိုလားချက်တွေကို အကောင်အထည် ဖော်နိုင်မယ့် အင်အားပြည့်ဝလာအောင် လာမယ့် ၃ နှစ်အတွင်း သေချာလုပ်ဆောင်ကြရမှာဖြစ်ပါတယ်"ဟု မြန်မာဒီမိုကရေစီ ခေါင်းဆောင်က ပြောကြားသွားခဲ့သည်။ yangonchronicle
ဒေါင်းမာန်ဟုန် သတင်းများ


No comments:

Post a Comment