ဆောင်းပါးရှင် အောင်မိုးဝင်း
ရခိုင်ပြည်မှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး တချို့က စိုးရိမ်တကြီးသတိပေးကြတယ်။
“ အစိုးရဟာ ခဲတလုံး နဲ့ ငှက်နှစ်ကောင်ပစ်ဖို့ကြိုးစားနေတာ” တဲ့။
ဆိုလိုချင်တာက ဒေါ်စုရဲ့ ပြည်ပခရီးစဉ်တွေမှာ အကြပ်အတည်းဖြစ်သွားအောင်လုပ်ပြီး စစ်အစိုးရက နာမည်ကောင်းယူချင်တာကို ပြောချင်ကြတာဖြစ်တယ်။
ကျနော်က မစိုးရိမ်ပါဘူး။ သူတို့တင် ခဲတလုံးထဲနဲ့ ငှက် နှစ်ကောင်ပစ်တတ်တာမဟုတ်ဘူး။
ကျနော်တို့လည်း ခဲတလုံးတည်း နဲ့ ငှက်(၃) ကောင် ပစ်တတ်တာပေါ့။ ကျောင်းသားလှုပ်ရှားမှုတွေကိုကြည့်ပါ။
လှိုင်းတွေကို လမ်းကြောင်းပြောင်းတတ်ဖို့ပဲ လိုတာမဟုတ်လား။ စိုးရိမ်နေတဲ့သူတွေက ပြည်သူလူထုကို အထင်သေးလို့ဖြစ်မှာပါ။ မှူးဇော်ဖြစ်ဖြစ်၊ ရူးဇော်ဖြစ်ဖြစ်၊ အရေးမဟုတ်ပါဘူး။ ပြည်သူလူထုက စဉ်းစားတတ်ပါတယ်။ ရခိုင်ပြည်ကို သွားလည်ကြပေါ့။ ကိုယ်တို့ မန္တလေး နဲ့ အထက်ဗမာပြည်ကတော့ တရုပ်လက်အောက်မှာ ငြိမ့်ငြိမ့်လေး ကျဆုံးခဲ့ပေမဲ့၊ ရခိုင်ပြည်နယ်ဘက်ကတော့ ကြမ်းကြမ်းတမ်းတမ်းဆွဲဆုတ်ခံနေရတယ်။ ဟိုဘက်ကမ်းကနေ စက်လှေနဲ့လာ၊ ရွာကို မီးတိုက်၊ ရန်စ သတ်ဖြတ်နေတာ ခုမှဖြစ်တာမဟုတ်ဘူး။ ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့ပြီ။ သတင်းမီဒီယာခေတ်ကိုရောက်တော့ နေ့ချင်းညချင်းရောက်လာလို့ ဖတ်ကြရတာ။ လူမသိသူမသိ အသတ်ခံနေရတဲ့ကိစ္စတွေ သိကြတာမှ မဟုတ်တာ။ ထုံးစံအတိုင်း ပြဿနာဖြစ်ရင် အပြစ်မဲ့ပြည်သူတွေ ဓါးစားခံဖြစ်မယ်။ ပျက်စီးဆုံးရှုံးမယ်။
နောင်တမရပါစေနဲ့
အဖြစ်အပျက်တခုကို သတိယမိတယ်။ မန္တလေးစာရေးဆရာတွေက တရုပ်ကျူးကျော်မှုကို ဝတ္ထုတိုတွေစုစည်းထုတ်ဝေတော့ တချို့နိုင်ငံရေးသမား ဂုရုကြီးတွေက ထုံးစံအတိုင်း ဆရာကြီးလေသံနဲ့။ “ဒါတွေက အစိုးရအသုံးမကျလို့” တဲ့။ အမှန်ပေါ့။ အစိုးရတာဝန်မဲ့တာ အခုမှမဟုတ်တာ။ ကိုယ်က တာဝန်မမဲ့ဖို့ပဲ လိုတာလေ။ အမျိုးသားရေးစိတ်ဓါတ်မြင့်မားလာမှာ ထက် ကိုယ့်ရဲ့နိုင်ငံရေးအယူအဆတွေကိုသာ လွှမ်းမိုးချင်တဲ့ နိုင်ငံရေးသမားတွေမှာလည်း အပြစ်ရှိတာပေါ့။ ခုတော့ တရုပ်တွေလက်ထဲ မန္တလေးမြို့ကြီး အပိုင်းပိုင်းအပြတ်ပြတ်ပါသွားပြီး၊ ဧရာဝတီမြစ်လည်း အကြီးအကျယ် အဓမ္မပြုကျင့်ခံရတော့မှ သွေးရူးသွေးတန်းဖြစ်ကြတော့တယ်။ ရခိုင်ပြည်မှာ ကြုံတွေ့နေရတဲ့ ပြဿနာဟာ မန္တလေးရင်ဆိုင်ခဲ့ရသလို ဆိုးရွားလွန်းလှတယ်ဆိုတာ ယုံစမ်းပါ။
မျက်နှာဖုံးတွေကွာကျ
ပြည်ပအဖွဲ့အစည်းတချို့ဟာ ၂၀၁၀ ရွေးကောက်ပွဲဝင်မဲ့သူတွေကို နည်းပေါင်းစုံနဲ့ဆက်သွယ်လှုပ်ရှားခဲ့ကြပြီး၊ နိုင်ငံရေးရည်မှန်းချက်တခုကို မသိမသာအသက်သွင်းလာခဲ့ကြတယ်။ သူတို့က တခါတလေ၊ ဗုဒ္ဓဘာသာကိုပဲလေးစားသရောင်ရောင်လုပ်ပြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ပြတယ်။ ပျော့ပြောင်းသရောင်ရောင် ဟန်ဆောင်ပြတယ်။ ဒါပေမဲ့ သူတို့ဟာ ဒီအေဘီ လက်ထက်ကတည်းက ရိုလင်ဂျာကိုတိုင်းရင်းသားအဖြစ်တောင်းနေတဲ့ အဖွဲ့အစည်းတွေနဲ့အဆက်အသွယ်ရှိသူတွေ၊ ဗမာပြည်နိုင်ငံရေးကို ရည်ရွယ်ချက်တမျိုးနဲ့ ချဉ်းကပ်လာသူတွေ၊
ကိုကိုကြီး၊ ကိုမြအေး၊ ဦးအေးသာအောင်၊ ခွန်ထွန်းဦး နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက ရိုလင်ဂျာ နဲ့ ပတ်သက်ပြီး တခုခုလည်းပြောလိုက်ရော၊ ခံစားသွားရရှာတယ်။ မျက်နှာဖုံးတွေက ကွာကျလာပြီး ပြောင်နေတဲ့နဖူးကြီးမှာ ဒေါသတွေ ပေါက်ကွဲနေတယ်။ လူရာသွင်းသလို ဖြစ်သွားမှာ စိုးလို့ တုန့်ပြန်စရာ မလိုပါဘူး။ သူတို့ရဲ့ကွန်ယက်ကို ကောင်းကောင်းသိဖို့ပဲလိုတယ်။ အကြမ်းဖက်သမားတွေနဲ့အဆက်အသွယ်ရှိရင် သက်ဆိုင်ရာနိုင်ငံတွေအလိုက် ပူးပေါင်းဆောင်ရွက်သွားကြရမယ်။
အနာဂတ်နိုင်ငံရေးခေါင်းဆောင်တွေကို ဘယ်လိုရွေးကြမှာလဲ
တခုတော့ ပြောချင်ပါတယ်။
အစ္စလာမ်ဘာသာဝင် သူငယ်ချင်းတွေ၊ လုပ်ဖေါ်ကိုင်ဘက်တွေ၊ ညီအကိုလိုချစ်ရသူတွေ၊ ကျနော်တို့မှာ အများကြီးပါ။ တိုင်းပြည်အပေါ်ချစ်ခင်သူ၊ ငြိမ်းချမ်းရေးကို ချစ်သူတွေ နဲ့ ပြဿနာဖြစ်စရာအကြောင်းမရှိပါ။ သို့သော် အထက်ဖေါ်ပြပါ ပုဂ္ဂိုလ်တချို့လို မရိုးသားတဲ့လူတွေကိုလည်း တွေ့နေရတယ်။ ပေါက်လွှတ်ပဲစားတွေကို ငါ့ဘာသာဝင်ဖြစ်ရင်ပြီးရော ဆိုပြီး တိုင်းရင်းသားအဖြစ်တောင်းဆို ဖို့ စိတ်ကူးမယ်၊ မြန်မာနိုင်ငံမှလာသော ဒုက္ခသည်များအဖြစ် တခြားနိုင်ငံတွေမှာ လာရောက်အခြေချပြီး မြန်မာနိုင်ငံအပေါ် မရိုးမသားစိတ်နဲ့ ကြံစည်လာမယ်၊ နိုင်ငံရေးလောကထဲကို ရည်မှန်းချက်တခုနဲ့ဝင်ပါလာမယ် ဆိုရင်တော့ ကျနော်တို့ဘက်ကလည်း လက်မနှေးစတမ်းတုန့်ပြန်တတ်ဖို့လိုပါတယ်။ လူများစုက လူနည်းစုကို စာနာနားလည်ဖို့လိုသလို၊ ဧည့်သည်တွေကလည်း သားရေးပေါ်အိပ် သားရေနားစား အကျင့်စရိုက်တွေကို မလုပ်ဖို့လိုပါလိမ့်မယ်။
တိုင်းပြည်ရဲ့ အချုပ်အခြာနယ်မြေ အပေါ်စိုးရိမ်မှု၊ အမျိုးသားရေးစိတ်ဓါတ်မြင့်မားလာမှုတွေဟာ ကောင်းတဲ့ လက္ခဏာပဲ။
(၁) အမျိုးသားရေးနိုးကြားမှု အရှိန်ကို ဆက်လက် မြှင့်တင်သင့်တယ်
(၂) သွေးစည်းညီညွတ်မှုတွေက တဆင့် ပြည်သူလူထုရဲ့ စားဝတ်နေရေးနဲ့ ဘဝလုံခြုံရေးအပေါ် တာဝန်မဲ့နေတဲ့ အစိုးရသစ် ကို ပြုပြင်ပြောင်းလဲဖို့တိုက်တွန်းရမယ်။ တောင်းဆိုရမယ်။
(၃) အနာဂတ်မြန်မာနိုင်ငံတော်ကို ဦးဆောင်မဲ့ နိုင်ငံရေးသမားတွေဟာ နိုင်ငံခြားရေးရာမူဝါဒတွေနဲ့ ပတ်သက်ရင် ခိုင်မာထက်မြက်ဖို့လိုလိမ့်မယ် ဆိုတာကို သဘောပေါက်သင့်ပါတယ်။
ရခိုင်ပြည်အရေးဟာ ကျနော်တို့ဘက်ကနေ ခဲတလုံးထဲနဲ့ ပစ်မှတ် (၃) ခု ပစ်ကြည့်နိုင်တာပါပဲ။
Aung Moe Win on Thursday,
June 14, 2012
at 3:30pm ·
No comments:
Post a Comment