Thursday, June 14, 2012

"ရမည်းသင်းမြို့၊ ရွှေလုပ်သားများ အရေးတော်ပုံ"




ရမည်းသင်းမြို့၊ ရွှေလုပ်သားများ အရေးတော်ပုံ
ရမည်းသင်းမြို့၊ မိုးထိမိုးမိတောင်ပေါ်မှ ရွှေလုပ်သားများဟာ မနေ့က (၁၁-၆-၂၀၁၂ ) မနက် (၉)နာရီမှ ဆန္ဒပြတဲ့အနေနဲ့ တောင်ပေါ်မှ ခြေလျင်လျှောက်ကာ ရမည်းသင်းမြို့အထိ ချီတက်လာခဲ့ ကြတာပါ။
ရမည်းသင်းမြို့ ရွှေမြင်တင်တောင်ခြေမှာ ညအခါ နားနေကြပြီး ယနေ့ (၁၂-၆-၂၀၁၂) မနက် (၇)နာရီမှ စတင်ကာ နေပြည်တော်အထိ ခြေလျင်ချီတက်ပြီး ဆန္ဒပြကြမှာ ဖြစ်ပါတယ်။
မိုးထိမိုးမိတောင်ပေါ် (ရွှေတော) မှ ရမည်းသင်းမြို့အထိ မိုင်ပေါင်းသုံးဆယ်နီးပါးရှိပြီး၊ ရမည်းသင်းမြို့မှ နေပြည်တော်အထိ (၇၅)မိုင်ခရီး ရှိပါတယ်။
ရွှေလုပ်သားတွေဟာ နေ့ဘက်မှာ ခြေလျင်ချီတက်ဆန္ဒပြကြမှာ ဖြစ်ပြီး ညအခါ နားနေကြမှာ ဖြစ်ပါတယ်။ သက်ကြီးရွယ်အိုများ အမျိုးသမီးများ၊ ကလေးသူငယ်များ ပါဝင်နေကြတာဖြစ်လို့ ဒီခရီးမှာ ရွှေလုပ်သားတွေ အတွက် ကျန်းမာရေးထိခိုက်နိုင်ပြီး လုံခြုံရေး စိုးရိမ်ဖွယ်ဖြစ်နေပါတယ်။
(၁၁-၆-၂၀၁၂)ရက်နေ့ မနက်ပိုင်းမှာ ရွှေလုပ်သားခေါင်းဆောင်နှစ်ယောက် ရောက်လာပြီး ဆရာတော် ဦးဝီရသူအား အခြေအနေအရပ်ရပ်ကို လျှောက်ထားကြပါတယ်။
ရွှေလုပ်သားတွေ ဆင်းရဲငတ်မွတ်နေတာ လနှင့်ချီကြာခဲ့ပြီဖြစ်ကြောင်း ဆန္ဒပြတာလည်း ရက်ပေါင်း အတော်ကြာညောင်းနေပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။
          ရွှေလုပ်သားတို့ ချီတက်မည့်ခရီးက အလွန်ဝေးကွာလွန်းတာကြောင့်လည်းကောင်း လုံခြုံရေး တပ်တွေနှင့် ထိပ်တိုက်တွေ့ပြီး ပဋိပက္ခ ဖြစ်မှာ စိုးရိမ်ရတာကြောင့်လည်းကောင်း ရွှေလုပ်သားများ မထိန်းနိုင်မသိမ်းနိုင်ဖြစ်ပြီး ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားမည်ကို မလိုလားသောကြောင့်လည်းကောင်း ရွှေလုပ်သားများကို ပစ်ပယ်မထားကြဖို့ မေတ္တာရပ်ခံတိုက်တွန်းနှိုးဆော်ပြီး ညှိနှိုင်းအဖြေ ရှာကြစေလိုတဲ့ အတွက် ဆရာတော်ဦးဝီရသူဟာ ယနေ့ ၁၂-၆-၂၀၁၂ မနက် (၁၁)နာရီမှာ ရမည်းသင်းမြို့သို့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
          မြို့နယ်သံဃနာယက အတွင်းရေးမှူး ဆရာတော်ဦးစန္ဒောဘာသရှိရာ ရန်အောင်မင်းကျောင်း ရောက်သည်နှင့် ခရိုင်သာသနာရေးမှူးက အကျိုးအကြောင်းလျှောက်ထားပြပါတယ်။
          နေပြည်တော်ထိ ချီတက်စရာ မလိုအောင် ညှိပေးသွားမှာဖြစ်ကြောင်း မနေ့က (၁၁-၆-၂၀၁၂)မှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့် ကိုယ်တိုင် ရမည်းသင်းကို ကြွလာကြောင်း ရွှေလုပ်သားအရေးကို အတတ်နိုင်ဆုံး လိုက်လျောကာ ညှိနှိုင်းဖြေရှင်းပေးဖို့ လမ်းညွှန်တိုက်တွန်းသွားကြောင်း ၄င်းနောက် မန္တလေးတိုင်း သစ်တောနှင့် သတ္တုဝန်ကြီး ဦးသန်းစိုးမြင့် ရောက်ရှိလာကြောင်း ရွှေလုပ်သားအရေး ဆွေးနွေးကြကြောင်း၊ ရွှေတော (တောင်ပေါ်) အထိ တက်ကြည့်ကြကြောင်း၊ ကုမ္ပဏီပိုင်ရှင်တွေကို ဆင့်ခေါ်၍ တစ်ညလုံး ဆွေးနွေးကြကြောင်း သိရပါတယ်။
          ဆရာတော်ဦးဝီရသူတို့ဟာ ရွှေလုပ်သားများရှိရာ ရွှေမြင်တင်တောင်ခြေကို ဆက်လက် သွားရောက်ခဲ့ရာ လုံခြုံရေးတပ်ချထားသည့် ဂိတ်ဝမှာ စောင့်နေကြရပါတယ်။ လုံခြုံရေးဝန်ထမ်းတွေက ဒိုင်းတွေ လွှားတွေ ဒုတ်တွေ သေနတ်တွေနှင့် လက်နက်အပြည့်အစုံ တပ်ဆင်ပြီး အဆင်သင့်အနေအထားနဲ့ လမ်းပိတ်စောင့်ကြပ် နေကြတာပါ။
          အကြီးအကဲတစ်ယောက်က သတင်းပို့တာနဲ့ ၀င်ခွင့်ရခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့နှင့် နောက်ဆုံးအခြေအနေကို ဆွေးနွေး ကြပါတယ်။
          ရွှေလုပ်သားခေါင်းဆောင်တွေနဲ့ ကုမ္ပဏီပိုင်ရှင် အစုစပ်သူဌေးများကို တိုင်းဝန်ကြီး ဦးသန်းစိုးမြင့်က ညှိနှိုင်းပေးနေလို့ ထိုင်စောင့်နေခဲ့ရပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ရဲ့ သတင်းတင်ပို့မှုကြောင့် ပထမဂိတ်မှ ဒုတိယဂိတ်သို့ ရောက်ရှိခဲ့ပါတယ်။ ရွှေလုပ်သားများဟာ ရေပြတ်လပ်နေပြီး လမ်းပေါ်မှာ ထိုင်စောင့်နေဆဲပဲ ဖြစ်ပါတယ်။ မွန်းတည့်ချိန်မှာ ထမင်းထုပ်များနှင့် ရေသန့်ဗူးများ ပေးသွင်းခဲ့သော်လည်း လူအင်အားနှင့် မမျှတတာကြောင့် သောက်ရေပြတ်လပ်နေခြင်းဖြစ်ပါတယ်။ ရမည်းသင်းNLD ကသောက်ရေဆက်လှူသော်လည်း ပေးပို့ခွင့်မရလို့ သောင်တင်နေခဲ့ပါတယ်။ ဒုတိယရဲမှူးကြီး ဦးထွန်းနိုင်ထံ ဦးဝီရသူက တင်ပြသောကြောင့် ရေသန့်ဗူးများ သွင်းခွင့်ရသွားခဲ့ပါတယ်။
          ဒုတိယရဲမှူးကြီး ဦးထွန်းနိုင်က ရွှေလုပ်သားများနှင့် တွေ့ခွင့်ပေးခဲ့သော်လည်း ရဲမှူးကြီးစိန်လွင်က ပယ်ချခဲ့တာကြောင့် (၄း၃၀)နာရီအထိ တွေ့ခွင့်မရသေးကြောင်း ဆရာတော်ဦးဝီရသူရောက်လာသည့် သတင်းကိုကြားရ၍ ရွှေလုပ်သားများ အားတက်သွားကြောင်း ထိုင်နေရာမှ ထကာ အော်ဟစ် ဆုတောင်းကြကြောင်း၊ရွှေလုပ်သားများနေရာနှင့် ဦးဝီရသူတို့ နေရာဟာ ၀ါးလေးကိုက်ခန့်သာ ဝေးကွာကြောင်းလည်း သိရပါတယ်။
          ယခုအချိန်အထိ တိုင်းဝန်ကြီးနှင့် ကုမ္ပဏီပိုင်ရှင်များ ရွှေလုပ်သားခေါင်းဆောင်များ ဆွေးနွေးလျှက်ရှိ ကြောင်း ရေပြတ်လပ်ခြင်း ထမင်းမ၀ခြင်းစတဲ့ ဒုက္ခအ၀၀ကို မကြည့်ရက် မကြားရက်သည့် အနီးနားရှိ နန်းပေါ်ရွာသူ ရွာသားများနှင့် မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်ဦးဝိစိတ္တနှင့် ရွာသူ/သားများက ရိက္ခာကိုတောလမ်းမှ ခိုးပို့နေကြတာတွေ့ရှိခဲ့ပါတယ်။ ရွှေလုပ်သားများအတွက် ညစာကို သိမ်းကုန်းရွာမှ ဆရာတော် ဦးဝိစိတ္တနှင့် ရွာသူ/သားများက ချက်ပြုတ်လှူဒါန်းကျွေးမွေးဖို့ ပြင်ဆင်နေကြတာလည်း တွေ့ရှိခဲ့ရ ပါတယ်။
          ရွှေလုပ်သားအင်အားဟာ မနေ့က ၁၁-၆-၂၀၁၂ ရက်နေ့ တောင်ပေါ်မှ စတင်ဆင်းလာခဲ့စဉ်က (၁၅၀၀)ခန့်ရှိပြီး ပရိသတ် နှစ်သောင်းကျော်က ၀န်းရံလိုက်ပို့ခဲ့ကြပါတယ်။ အဆိုပါ ပရိသတ်ထဲမှ အင်အားငါးရာကျော်ဟာ ရွှေလုပ်သားများထဲ ၀င်ရောက်အားဖြည့်ကာ လမ်းလျှောက်ချီတက်ကြတာလည်း တွေ့ရပါတယ်။
          ယနေ့အချိန်အထိ အင်အားနှစ်ထောင်ခန့် ရှိနေပြီး ဇုန်ပေါင်း (၁၂)ဇုန်မှာ တစ်ဖွဲ့စီခွဲပြီး သီးခြားထားတာကြောင့် အင်အားနှစ်ထောင်ရှိမှန်း မသိသာခဲ့ကြောင်း လုံခြုံရေးဝန်ထမ်းအရာရှိများနှင့် အာဏာပိုင်များက အင်အားသုံးရာ့ငါးဆယ်ကျော်သာရှိကြောင်း တွင်တွင်ကြီးပြောနေကြပါတယ်။
          ယနေ့ ညနေ (၄း၄၅)နာရီမှာတော့ ရွှေလုပ်သားခေါင်းဆောင် အရှည်ကြီးရဲ့ သတင်းပေးပို့ချက်အရ တိုင်းဝန်ကြီးဦးသန်းစိုးမြင့်ဟာ ကုမ္ပဏီပိုင်ရှင်များနှင့် ဆွေးနွေးလို့ ပြီးသွားကြောင်း၊ရွှေလုပ်သားဇုန် (၁၂)ခု မှ အလုပ်သမားခေါင်းဆောင်များကို တစ်ဦးချင်းခေါ်တွေ့နေကြောင်း အလုပ်သမားတို့ရဲ့ နစ်နာမှုအခက်အခဲ ခံစားချက်မျိုးစုံကို စေ့စေ့စပ်စပ်မေးမြန်းစုံစမ်းနေကြောင်း သိရပါတယ်။
          ညနေ (၅)နာရီမှာတော့ ရဲတပ်ရင်းစုမှူး ရဲမှူးကြီးဦးစိန်လွင်က DVB သတင်းထောက်လူငယ် တစ်ယောက်ကို ငေါက်ငန်းနေပြီး ကင်မရာကိုယူကြည့်နေတာ တွေ့ရပါတယ်။ DVB သတင်းထောက်ဟာ လုံခြုံရေး ချထားရာနေရာမှာပဲ ဆရာတော်ဦးဝီရသူတို့နှင့်အတူ ရှိနေတာပါ။ လုံခြုံရေးဝန်ထမ်းပုံတွေ ရိုက်လို့ဆိုပြီး ငြူစူအပြစ်တင်နေခြင်းဖြစ်ပါတယ်။ ကင်မရာကို သူကိုယ်တိုင် ယူကြည့်ပြီးတဲ့အခါမှာတော့ လုံခြုံရေးဝန်ထမ်းဓာတ်ပုံများ မတွေ့ရပါဘူး။ ရိုက်သူတစ်ယောက် အငေါက်ခံရသူတစ်ယောက် ဖြစ်သွား ခြင်းပါ။ ရဲတပ်ရင်းစုမှူး ရဲမှူးကြီးဦးစိန်လွင်ဟာ ဦးစန္ဒ ရဲ့ ကင်မရာကို လုယူ အကြမ်းဖက်ခဲ့ပါသေးတယ်။ ဆရာတော်ဦးဝီရသူက အကြမ်းမဖက်ဖို့ ၀င်ပြောမှ ကင်မရာကို ပြန်ပေးခဲ့တာဖြစ်ပါတယ်။ ကင်မရာ မှန်ပြောင်းနှင့် တပ်ဆင်ထားသောအဖုံးကာဗာ ပျက်စီးခဲ့ရပါတယ်။
          ရွှေလုပ်သားတွေရဲ့ အဓိကအခက်အခဲမှာ  တစ်ပိုင်တစ်နိုင်ကျောက်ခွဲ စက်ကလေးများ လုပ်ပိုင် ခွင့်ကို ၅-လပိုင်းမှ စတင်ပိတ်ပင်လိုက်ပြီး စက်ကြီးများကိုသာ ခွင့်ပြုတော့ကြောင်း၊ စက်ကလေးများက စက်ကြီးသွားအပ် လျှင်လည်း တစ်ယောက်တစ်ဝက်နှုံး ပေးရတဲ့အပြင် တခြားကုန်ကျစရိတ်များကိုလည်း နှုတ်ယူကြသောကြောင့် စက်ကလေးပိုင် ရွှေလုပ်သားများဟာ (၂၀)ရာခိုင်နှုံးသာ ရရှိပြီး စက်ကြီးပိုင်ရှင်ကုမ္ပဏီသူဌေးများက (၈၀) ရာခိုင်နှုံး ရရှိသွားကြောင်း၊ အစိုးရနှင့်သူဌေး ပူးပေါင်းပြီး အခြေခံလူတမ်းစား ရွှေလုပ်သားပြည်သူများကို ကုတ်သွေးစုပ် အမြတ်ကြီးစားမှု ဒဏ်ကို ခါးစီးခံခဲ့ကြရာမှ နောက်ဆုံးစားစရာမရှိတဲ့အဆင့် ရောက်လာလို့ ထမင်းငတ်ပြီး အသေမခံနိုင်ဘူး။ ဆန္ဒပြရင်းပဲ အသေခံတော့မယ်ဟု ဆိုကာ ဆန္ဒပြကြခြင်းဖြစ်ကြောင်း၊ စက်ကလေးများသည် ဇုန်(၁၂)ခုပေါင်းလျှင် (၅၀)ကျော်ခန့် ရှိမည်ဖြစ်ကြောင်း၊ စက်တစ်လုံးလျှင် အလုပ်သမား အစိတ် သုံးဆယ်မှ ငါးဆယ်အထိရှိသောကြောင့် စက်ကလေးများကို မှီပြီး အသက်မွေးကြတဲ့ နစ်နာသူ ရွှေလုပ်သားများက မခံမရပ်နိုင်ဖြစ်ကာ ဆန္ဒပြကြခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
          ညနေ (၆)နာရီမှာ အလုပ်သမားခေါင်းဆောင် ဌေးအောင်ကျော်ထံမှ သတင်းဝင်လာပါတယ်။ ရွှေလုပ်သားတွေ တောင်းဆိုတဲ့ အချက်(၆)ထဲက ငါးချက်သဘောတူညီမှု ရရှိပြီးဖြစ်ပါတယ်။ ကျန်တစ်ချက်ကလည်း အလွန်နီးစပ်နေပြီး အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဥက္ကဋ္ဌ မလာသေးလို့ မပြီးပြတ်သေးတာ ဖြစ်ပါတယ်။
          ရွှေလုပ်သားတွေ တောင်းဆိုတဲ့ (၆)ချက်ဆိုတာ
၁။       အင်းနှင့် အက်တာများ ပြန်လည်လုပ်ခွင့် ရရှိရေး
၂။       ဇုန်အသီးသီးရှိစက်ကလေးများ ပြန်လည် လည်ပတ်ခွင့် ရရှိရေး
၃။       ထုံးကြီးတောင်ဒေသ အင်းလုပ်သားများ အင်းအစုပြန်လည် ရရှိရေး
၎။       နစ်နာသော အင်းများအတွက် နစ်နာကြေးပေးရေး
၅။       တစ်လနှင့် ဆယ့်နှစ်ရက်ကြာ နားထားရတဲ့ လုပ်သားများအတွက် နစ်နာကြေးပေးရေး
၆။       အားလုံးပြီးစီးက နှစ်ဦးနှစ်ဖက် အပြန်အလှန်စာချုပ် ချုပ်ဆိုရေး တို့ပဲ ဖြစ်ပါတယ်။
          မပြီးပြတ်သေးတဲ့ အချက်တစ်ချက်ဆိုတာ နံပါတ်သုံးအချက်ပဲ ဖြစ်ပါတယ်။ သုံးအချက် မပြီးပြတ် သေးရခြင်းမှာ အမျိုးသားတိုးတက်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးစောထွန်းရှိန်ကသာ ဆုံးဖြတ်နိုင်တဲ့အတွက် ဥက္ကဋ္ဌအလာကို စောင့်နေကြခြင်းပဲ ဖြစ်ပါတယ်။ ဥက္ကဋ္ဌဟာ ရန်ကုန်မှ လာရမှာ ဖြစ်လို့ ယခု (၆း၃၀)နာရီထိ မရောက်လာသေးပါဘူး။
          အဲဒီလို ပြီးပြတ်လု နီးခါမှ ၀န်ကြီးနှင့် အဖွဲ့ဟာ အလုပ်သမားတွေထံ ရောက်လာပြီး သတ္တုဌာန ညွှန်ချုပ်က အလုပ်သမားတွေကို အလုပ်သမားခေါင်းတွေနှင့် သွေးခွဲစည်းရုံးနေပါတယ်။ အလုပ်သမားတွေက လုံးဝမတွေဝေဘဲ တောင်းဆိုချက်တွေ ရရှိတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။
          ကုမ္ပဏီဥက္ကဋ္ဌဟာ မနေ့က (၁၁-၆-၂၀၁၂)မှာ ဖိလစ်ပိုင်သူဌေးတွေနဲ့ ဆွေးနွေးခဲ့ကာ ယနေ့ (၁၂-၆-၂၀၁၂) မှာ ဟောင်ကောင်သူဌေးတွေနဲ့ ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ ရွှေလုပ်ကွက်အတွက် အစုရှယ်ရာ တစ်စုလျှင် ဒေါ်လာ နှစ်သန်းနှင့် သဘောတူထားကြောင်းလည်း သိရပါတယ်။
          ည (၆း၃၀)နာရီမှာ ၀န်ကြီးနှင့်အဖွဲ့ ပြန်လည်ထွက်သွားကြပါတယ်။ လုံခြုံရေးဝန်ထမ်းအင်အားဟာ တစ်သောင်းကျော်ရှိပြီး ရွှေလုပ်သားအင်အားထက် ငါးဆကျော် သာ နေတာကို တွေ့ရပါတယ်။ သူတို့ တစ်တွေဟာ သေနင်္ဂဗျူဟာခင်းသလို စနစ်တကျ နေရာယူတပ်ချထားပြီး ရွှေလုပ်သားတွေကို  ၀ိုင်းပိတ်ထားကြတာ ဖြစ်ပါတယ်။ ဒီအင်အားတွေကို ကြည့်ပြီး မှတ်ချက် ချနေကြတာကလည်း မှတ်သားစရာကောင်းပါတယ်။ “ရခိုင်မှာ ဆိုရင် ဒီအင်အားတွေ ဘယ်လောက်တန်ဖိုးရှိမလဲ” ဆိုတာပါပဲ ။
          ညနေ VOA သတင်းဌာနက ရမည်းသင်းရွှေတောအကြောင်းလွှင့်သွားရာမှာ သံဃာ(၁၀)ပါးနှင့် ပတ်သက်ပြီး သတင်းမှားကို လွှင့်သွားတာ ကြားခဲ့ရပါတယ်။
          သတင်းအမှန်က ရွှေလုပ်သားတွေနဲ့ အတူပါလာတဲ့ သံဃာ (၁၀)ပါးကို မြို့နယ်သံဃနာယကမှ စစ်ဆေးရာမှာ (၉)ပါးက မှတ်ပုံတင်မပါခြင်း၊ ၀ါဆိုသံဃာစာရင်းမရှိခြင်း၊ အလှူခံစားနေသည့် နေရာအတည်တကျ မရှိသူများဖြစ်ပြီး ကျန်တစ်ပါးမှာ မှတ်ပုံတင်အတု ကိုင်ဆောင်ထားကြောင်း တွေ့ရလို့  လမ်းစရိတ်ပေးပြီး ဇာတိရပ်ရွာကို ပြန်ပို့လိုက်တာ ဖြစ်ပါတယ်။ ရမည်းသင်းမြို့ ရန်အောင်မင်းကျောင်းမှ ခေါ်ယူ စစ်ဆေးပြီးမှ ဦးဝီရသူရှေ့မှာ ထပ်မံစစ်ဆေးခဲ့တာဖြစ်ပါတယ်။ ရမည်းသင်းမြို့ ရန်အောင်မင်းကျောင်းမှ ဆရာတော် ဦးစန္ဒောဘာသဟာ မြို့နယ်သံဃနာယကအတွင်းရေးမှူးဖြစ်ပြီး ယခုအချိန်ထိ ဦးဝီရသူ နှင့် အတူ ရွှေလုပ်သားတွေကို အကာအကွယ်ပေးနေတာဖြစ်ပါတယ်။
          ည(၇)နာရီမှာတော့ သိမ်ကုန်းရွာမှ ဆရာတော်ဦးဝိစိတ္တနှင့် အဖွဲ့ကပေးပို့ လှူဒါန်းတဲ့ ထမင်းထုပ်များနှင့် ရေသန့်ဗူးကြီးများ ရောက်ရှိလာခဲ့ပါတယ်။ ဆန် (၃)အိတ် ချက်သော်လည်း မလောက်င လို့  ထပ်မံချက်ပြုတ် နေကြရကြောင်းလည်း သိရပါတယ်။
          ည(၈း၀၀)နာရီခန့်မှာ ကြွေးကြော်သံများ အော်ဟစ်ကြွေးကြော်သံကြားရလို့ မေးကြည့်တဲ့အခါ ဇရပ်တွေပေါ်မှာ တရားဟောနေတာဖြစ်ပြီး သဘောကျလှတဲ့ ရွှေလုပ်သားများက လက်ခုတ်သြဘာတီးပြီး အော်ဟစ်အားပေးနေတာ ဖြစ်ကြောင်းသိရပါတယ်။
          ည(၉း၀၀)နာရီမှာတော့ နောက်ထပ်ထမင်းထုပ် (၁၅၀)ရောက်လာပါတယ်။ဒုရဲမှူးကြီး ဦးထွန်းနိုင်က အရောက်ပို့ပေးပါတယ်။
          ထမင်းထုပ်တွေလည်း ပို့ပြီးပြီ။ အလုပ်သမားတွေလည်း နေရာအသီးသီးကို ပြန်ရောက်သွားပြီ ဖြစ်လို့ ဦးဝီရသူတို့အဖွဲ့ဟာ ရမည်းသင်းမြို့၊ ရန်အောင်မင်းကျောင်းမှ မြို့နယ်သံဃနာယက အတွင်းရေးမှူး ဆရာတော် ဦးစန္ဒောဘာသနှင့်အတူ ပြန်လာခဲ့ကြကြောင်း သိရပါတယ်။




No comments:

Post a Comment