Saturday, June 16, 2012

“ကိန်ဆီယံ” မော်ဒယ်













ဆောင်းပါးရှင် ကိုအောင်မိုးဝင်း
လာမဲ့ အင်္ဂါနေ့ ( ဂျွန်လ ၁၉) ရက်နေ့မှာ လွတ်လပ်တဲ့အာရှအသံရဲ့ ညပိုင်းအစီအစဉ်မှာ၊ ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင် နဲ့ “ချက်ချင်းညှာ”  အစ္စလာမစ်ခွဲထွက်ရေး သမားတွေကြားမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ အကြောင်းတင်ပြဆွေးနွေးမယ်။
       ပြီးခဲ့တဲ့ အင်္ဂါနေ့ကတော့ ၊ တိုင်းပြည်တခုရဲ့ စီးပွားရေးမော်ဒယ်ကို ဘယ်လိုတည်ဆောက်မလဲ။ ပုဂ္ဂလိက လုပ်ငန်းရှင်ကြီးတွေ နဲ့ အစိုးရကြားမှာ ဘယ်လို ပူးပေါင်းဆောင်ရွက်သင့်သလဲ ဆိုတဲ့အချက်တွေကို တင်ပြထားပါတယ်။  
 “ကလေးတွေရဲ့ ပိန်လှီဆင်းရဲလွန်းလှတဲ့ ဝမ်းဗိုက်သားတွေနဲ့ သူရဲ့ အစာအိမ်အတွင်းမှာ ဆာလောင်မွတ်သိပ်မှုတွေနဲ့ တောက်လောင်နေတဲ့ လူတယောက်ကို မင်းက ဘယ်လိုသွားပြီး  ခြိမ်းခြောက်နိုင်မလဲ။ ကြောက်ရွံမှုထက်ကျော်တဲ့ ခံစားချက်တွေကို တခြားလူတွေထက် ပိုသိနေတဲ့ သူတို့ကို ခြိမ်းခြောက် ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”
သောတရှင်များခင်ဗျား
၁၉၂၉ အောက်တိုဘာ (၂၉) ရက်နေ့ကို ကံဆိုးမိုးမှောင်ကျတဲ့ အင်္ဂါနေ့အဖြစ် လူသိများခဲ့ပါတယ်။ စတော့ရှယ်ယာ ဈေးကွက်တွေ ပြိုကျခဲ့သလို၊ အမေရိကန်ပြည်ထောင်စုရဲ့ အလုပ်လက်မဲ့နှုန်းဟာ ၂၅ ရာခိုင်နှုန်းကျော်ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း အမေရိကန်သမ္မတ ဖရန်ကလင် ရုဒ်စဘက် ဟာ    “သက်သာချောင်ချိရေး၊ ပြန်လည်နလံထရေး နဲ့ စီးပွားရေး ပြန်လည်ပြင်ဆင်မှုတွေဖြစ်တဲ့ 3 R ပေါ်လစီ ( Relief, Recovery, Reform) ကြေငြာခဲ့ပါတယ်။ ရုဒ်စဘက်ရဲ့ ကြွေးကြော်သံ (၃) ခုကို New Deal မူဝါဒအဖြစ်လူသိများခဲ့ပြီး ၊ ဖက်ဒရယ်အစိုးရ အေဂျင်စီ က ပြန်လည်အခြေချနေထိုင်နိုင်လို့ ရမဲ့ စီမံကိန်းတွေ နဲ့ ကူညီပေးမယ် လို့ ဆိုတယ်။
ဒါပေမဲ့ ဖက်ဒရယ်အစိုးရမှာ လုံလောက်တဲ့ငွေကြေး ၊ နေရာ နဲ့ လိုအပ်တဲ့ ပစ္စည်းတွေ ရှိမနေခဲ့ဘူး။
                 “ကော်ပိုရေးရှင်းကြီးတွေဟာ အလုပ်သမားတွေအပေါ်ခေါင်းပုံဖြတ်လွန်းတယ်” ဆိုတဲ့ စွပ်စွဲချက် တွေနဲ့အတူ၊ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းဖို့ကြိုးစားလာကြတယ်။ အလုပ်သမားဆန္ဒပြပွဲတွေ ကို ဆင်နွဲခဲ့ကြတယ်။ စီးပွားရေးပျက်ကပ်တွေက နိုင်ငံရေးသမားတွေ ကို အုပ်စုခွဲပေးလိုက်တယ်။ အမေရိကန်အလုပ်သမားအဖွဲ့ချုပ် ( AFL- American Federation of Labor) ဟာ စက်မှုလုပ်ငန်းဆိုင်ရာအဖွဲ့အစည်းများ ကွန်ဂယက် ( CIO- Congress of Industrial Organizations) နဲ့ ကွဲထွက် သွား ခဲ့ဘူးပါတယ်။
စီးပွားရေးပြန်လည်နလံထမှုအတွက် အစိုးရရဲ့ မူဝါဒတွေ ၊ ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးတွေရဲ့ ပြိုင်ဆိုင်မှု၊  အလုပ်သမား၊ လယ်သမား လူတန်းစားနဲ့ သာမန်ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကြားမှာ ဘယ်လိုအလျော့အတင်းလုပ်နိုင်မလဲ၊ ဘယ်လိုပူးပေါင်းဆောင်ရွက် နိုင်မလဲ။ အစိုးရရဲ့ အခန်းကဏ္ဍ၊ လူတန်းစားအားလုံး မပူပင်မကြောင့်ကြ နေထိုင်နိုင်တဲ့ စီးပွားရေးမော်ဒယ်တခုကို ဘယ်လို တည်ဆောက်နိုင်မလဲ ဆိုတဲ့ မေးခွန်းတွေဟာ ခေတ်တိုင်းခေတ်တိုင်းမှာ အသက်မက အရေးကြီးတဲ့ အရာတွေဖြစ်လာခဲ့တယ်။
“ လစ်ဘရယ်ဒီမိုကရေစီ လို့ ပြောရင် လူတော်တော်များများက စီးပွားရေးလုပ်ကိုင်မှုအားလုံးကို ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးတွေ လက်ထဲ ထိုးအပ်လိုက် တဲ့ မော်ဒယ် လိုလို ထင်နေကြတယ်။ တကယ်တော့ ၁၉၃၀ ကမ္ဘာ့စီးပွားရေးပျက်ကပ်ပြီးကတည်းက  အစိုးရဟာ စီးပွားရေးကဏ္ဍမှာ တက်ကြွစွာဝင်ရောက်ပူးပေါင်းဆောင်ရွက်ရမယ်။ ဝင်ရောက်စွက်ဖက်ရမယ် ဆိုတဲ့ ကိန်ဆီယံ မော်ဒယ် ( Keynesain Economics Model) ကို အသက်သွင်းခဲ့ကြတယ်။ အစိုးရဟာ ပြည်သူတရပ်လုံးရဲ့ စားဝတ်နေမှု လုံခြုံရေး ကိစ္စအဝဝကို အကာအကွယ် မပေးနိုင်ရင် ရှက်စရာကောင်းတာပေါ့ဗျာ”
 အစိုးရနဲ့ ပေါင်းပြီးလုပ်စားနေတဲ့ ခရိုနီတွေ ရဲ့ အခန်းကဏ္ဍ ကြီးထွားလာတာနဲ့ အတူ လဒ်ပေးလဒ်ယူ လုပ်ကိုင်ပေးမှုတွေ များလာတာကြောင့် နိုင်ငံရေးခေါင်းဆောင်တွေဟာ အကျင့်ပျက်ခြစားမှုတွေကို လွယ်လွယ်ကူကူ ကျူးလွန်လေ့ရှိကြပါတယ်။ လက်တင်အမေရိက၊ အရှေ့ဥရောပ နဲ့ အမေရိကန်ပြည်ထောင်စု ကိုယ်တိုင် အဲ့ဒီ ပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။
“ မက္ကဆီကို နိုင်ငံမှာ  ၁၉၉၂ ကာလတုံးက အခြေအနေတွေကို ကြည့်လိုက်မယ်ဆိုရင် အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးတွေ နဲ့ အလုပ်သမားသမဂ္ဂတွေကြားမှာ တရားမျှတ တဲ့ စီးပွားရေးမော်ဒယ်တခုကို တည်ဆောက်ခဲ့ကြတယ်။ နိုင်ငံရဲ့ လျှပ်စစ်စွမ်းအား ထုတ်လုပ်မှု့ (၅၀) ရာခိုင်နှုန်းကို ပုဂ္ဂလိက စီးပွားရေးသမားတွေက လုပ်ပိုင်ခွင့်ရတယ်။ အလုပ်သမားသမဂ္ဂ တွေ ရဲ့ ဘဝတွေနဲ့ ဈေးနှုန်းအလျော့အတင်းကို လုပ်နိုင်ခဲ့သလို၊ အစိုးရကလည်း အလုပ်သမားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြားမှာ ပြေလည်စေမဲ့ တံတားတခုကို ဖန်တီးပေးထားခဲ့တယ်။  ဒါပေမဲ့ သိတ်မကြာဘူး လက်ယာစွန်း နီယိုလစ်ဘရယ် သမ္မတ တက်လာတဲ့အခါမှာတော့ တိုင်းပြည်ရဲ့ရှိသမျှစွမ်းအင်တွေအားလုံးကို ပုဂ္ဂလိက လက်ထဲ ထိုးရောင်းဖို့ ကြံစည်လိုက်တယ်။ အလုပ်သမားသမဂ္ဂတွေကလည်း ဆန္ဒပြ ကန့်ကွက်ကြတယ်။ မက္ကစီကို အစိုးရက  အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေဟာ နိုင်ငံရေးသမားတချို့ရဲ့ အသုံးချမှုကို ခံနေရတယ်။ ကုမ္မဏီတချို့ ရဲ့ အကြံအစည်အတိုင်းလုပ်နေကြတယ် လို့ စွပ်စွဲတိုက်ခိုက် ဝါဒဖြန့်လာခဲ့တယ်။”
လက်ယာစွန်း မက္ကစီကို အစိုးရဟာ သူတို့ရဲ့ မူဝါဒတွေကို ဆန့်ကျင်တဲ့ အလုပ်သမားသမဂ္ဂတွေ အပေါ်မှာ အင်အားသုံး ဖြေရှင်းခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာ အောင်မြင်ခဲ့တဲ့ “အစိုးရ၊ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ နဲ့ အလုပ်သမားသမဂ္ဂတွေကြားမှာ နားလည်စွာတည်ဆောက်ထားတဲ့ စီးပွားရေးမော်ဒယ်” ကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ အလုပ်သမားသမဂ္ဂတွေ နဲ့ အဆင်ပြေတဲ့ လျှပ်စစ်စွမ်းအင် ကုမ္မဏီကို ပိတ်ပစ်လိုက်တာကြောင့် ၂၀၀၉ ခုနှစ်မှာ အလုပ်သမား (၄) သောင်းခွဲ နီးပါး အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်လည်း မက္ကစီမြို့တော်ရဲ့ ပြည်သူ့ရင်ပြင်ဆီမှာ အလုပ်သမားခေါင်းဆောင်တွေအပါအဝင်၊ ထောင်ပေါင်းများစွာရှိတဲ့ ပြည်သူလူထုဟာ ပြည်သူလူထုရဲ့ နစ်နာမှုတွေ ကို မကြည့်ပဲ ကော်ပိုရေးရှင်းကြီးတွေရဲ့ အကျိုးအမြတ်ကိုသာ ကြည့်ခဲ့တဲ့ မက္ကစီကို အစိုးရရဲ့ လုပ်ရပ်ကို  ကန့်ကွက် ဆန္ဒပြခဲ့ကြပါတော့တယ်။
သောတရှင်များခင်ဗျား
ကျနော်တို့ မြန်မာနိုင်ငံမှာလည်း အလုပ်သမားတွေရဲ့ ဆုံးရှုံးနစ်နာမှုတွေ နဲ့ စားဝတ်နေရေးမပြေလည်မှုတွေ၊ လယ်သမားတွေရဲ့ လယ်မြေသိမ်းပိုက်ခံရမှုတွေကို ဆက်တိုက်ကြားနေရပါတယ်။ မက္ကစီကို နိုင်ငံရဲ့ ၁၉၉၂ ကာလ စီးပွားရေးမော်ဒယ်ကို အတုယူရင်း  ပုဂ္ဂလိက လုပ်ငန်းရှင်များ နဲ့ အလုပ်သမားထု ကိုယ်စားလှယ်ကြားမှာ နားလည်မှုတည်ဆောက်နိုင်မဲ့ မူဝါဒတွေ ထားရှိနိုင်ဖို့အတွက် အစိုးရဟာ ပြည်သူ့ဘဝလုံခြုံရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်ဖို့လိုပါလိမ့်မယ်။
 “သက်သာချောင်ချိရေး၊ ပြန်လည်နလံထရေး နဲ့ စီးပွားရေးပြန်လည်ပြင်ဆင်မှုများ” ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ တာဝန်သိတဲ့ အစိုးရတရပ် ဖွဲ့စည်းဖို့လိုအပ်ပါလိမ့်မယ်။
သောတရှင်တို့လည်း ပြည်သူလူထုကို မိဘသဖွယ် သဘောထားတဲ့ အစိုးရတရပ်နဲ့ ဆုံဆည်းနိုင်ကြပါစေ။
 Aung Moe Win on Saturday,
June 16, 2012 at 1:19pm · 

No comments:

Post a Comment