Thursday, July 19, 2012

ကြယ်တာရာတွေ မြေခ ၊ သောက ပင်လယ်ဝေတဲ့နေ့...။



















ကမ္ဘာမြေကြီး ပြောင်းပြန်လည်ပတ်
ပြောင်းလဲခြင်းများလည်း ဗြောင်းဆန်
ရင်ကွဲနာကျ အိပ်မက်တွေ ရှည်လျား
လူရမ်းကားများ ယမ်းငွေ့မှာ ပျော်ပါး
ကောင်းကင် တစ်ပြင်လုံး ပြိုကျ
ကြယ်တာရာတွေ မြေခတဲ့ နေ့.....။

တိမ်ကောခါနီး မြစ်တစ်တစ်စင်းလို စီးဆင်း
လောင်းရိပ်မိ သစ်တစ်ပင်လို ရှင်သန်
မနက်ဖြန် သက္ကရာဇ်များ ရင်ကို တစစ်စစ် နာကျင်
အဖြစ်အပျက်များ အရင်လို ဟောင်းနွမ်း မသစ်လွင်တော့
ဘ၀ မီးတောင်တွေ နှလုံးသားထဲ ပေါက်ကွဲနေတဲ့ တိုင်းပြည်မှာ...။

ဖောက်ပြန်သူတွေရဲ့ ဦးနှောက်တစ်ချက် အဖောက်
ကံကြမ္မာဆိုးက မွှေနှောက်
တိုင်းပြည်ဟာ မျက်မမြင် ဒုက္ခိတ လို လမ်းလျှောက်
ပြဿနာတွေ မုန်တိုင်းထန်ခဲ့တယ်....။

အစားထိုးမရတဲ့ ဆုံးရှုံးမှုတွေထဲ
အမွေဆိုးတွေ တပွေ့တပိုက်နဲ့ နိုင်ငံတော်
မကောင်းမှုများ ဒုနဲ့ဒေး ချီတက်
သွေးစွန်းတဲ့ နေ့ရက်တွေ မေ့ပျောက်လို့ မရနိုင်တော့ ..။

အနာဂတ် မျှော်လင့်ချက်တွေ အရုပ်ဆိုး
လွတ်လပ်ရေး ပန်းကောင်း အညွှန့်ကျိုး
လှိုင်းကြမ်းမှာ လှေလှော်ရင်း တက်ကျိုးသလို
မျက်ရည်တာရိုး ကျိုးကျ ၊ သောက ပင်လယ်ဝေတဲ့နေ့...။

အောင်ခိုင်မြင့်
၁၉ ဇူလိုင် ၂၀၁၂

No comments:

Post a Comment