၈၈၈၈ မော်ကွန်း
၈၈၈၈ သမိုင်းဆိုတာ မြန်မာပြည်ရဲ့ လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် ပါဝင်ခဲ့တဲ့ ပြည်သူအုံကြွမှုသမိုင်းစစ်စစ်ပါ။ ဒီ့မတိုင့်မီက မြန်မာပြည်သမိုင်းမှာ
၁၃၀၀ ပြည့်အရေးတော်ပုံ တုန်းက တကြိမ်၊
၁၉၄၆ အထွေထွေသပိတ်ကြီး မှာ တကြိမ်၊
ပြည်သူလူထု ပါဝင်ခဲ့တဲ့ အထွေထွေ သပိတ်ကြီးတွေ ဖြစ်ခဲ့တယ်။
ဒါပေမယ့် ၈၈၈၈ လောက်တော့ လူထုပါဝင်မှု မကြီးကျယ်၊ မခမ်းနားခဲ့ပါဘူး။
၈၈၈၈ ကတော့ မြန်မာပြည်အနှံ့မြို့သေး၊ မြို့မွှား၊ မြို့သိမ်၊ မြို့ငယ်လေးတွေပါမကျန်
၂၆ နှစ်လုံးလုံး တိုင်းပြည်ကြီး အဘက်ဘက်က အောက်ကျနောက်ကျဖြစ်စေခဲ့တဲ့
တပါတီအာဏာရှင်စနစ်ကို ပြည်သူလူထုတရပ်လုံးက မလိုချင်တော့ပါဘူး လို့
တခဲနက် ထုတ်ဖေါ်ပြသလိုက်တဲ့ မြန်မာပြည်သူတွေဟာ အဘက်ဘက်မှာ နောက်ကျချင်နောက်ကျမယ်၊ နိုင်ငံရေးအမြင်မှာ နောက်မကျဘူးဆို
တာ ကမ္ဘာကို ပြသနိုင်ခဲ့တဲ့ “ထွန်းပြောင်လှတဲ့ မြန်မာ့သမိုင်း မှတ်တိုင်” တခုပါ။
မြန်မာတို့ရဲ့ ၈၈၈၈ နောက်မှာမှ တရုတ်ပြည်မှာ တီယန်မင် ရင်ပြင်အရေးအခင်း၊ ဘာလင်တံတိုင်းဖြိုချမှု၊ ဆိုဗီယက်အင်ပါယာ ပြိုကွဲမှု၊ ဗီယက်နမ်အပြောင်းအလဲ စတဲ့
တကမ္ဘာလုံး လက်ဝဲနိုင်ငံတွေအားလုံး ပြောင်းလဲမှုတွေ ဆင့်ကဲ ဖြစ်ခဲ့ကြတယ်။
မြန်မာပြည်သူတို့ရဲ့ နိုင်ငံရေး အမြင်၊ နိုင်ငံရေးရေချိန်ဟာ ကမ္ဘာထက်မသာရင်တောင်၊
နောက်ကျမနေဘူးဆိုတာ ပြသနိုင်တဲ့ သဘောပါ။
ဒီလို ၈၈၈၈ သမိုင်းကို သာမန် ကျောင်းသားတွေ ရန်ပွဲက အခြေအမြစ်မရှိ ဖြစ်ခဲ့တဲ့ အဆင့်အတန်းမရှိ ဆူပူမှုလို့ လုပ်ကြံဖန်တီးတာဟာ မြန်မာ့သမိုင်း ကို လုပ်ကြံဖန်တီးတာ။
မြန်မာပြည်သူတရပ်လုံး၊ တမျိုးသားလုံး ကို လုပ်ကြံဖန်တီးတာ။
တပ်မတော် ဟာ ၈၈ မှာ တိုင်းပြည်ရဲ့ အခြေအနေတွေ ကို ထိန်းသိမ်းဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တယ်။ အဲဒီနောက်မှာ ၂၃ နှစ်ကြာအောင် အာဏာကို အုပ်စီးခဲ့တယ်။ အမျိုးသားညီလာခံ ကို နှစ် ၂၀ ကျော် ကြာအောင်ကျင်းပပြီး
ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြည်သူ့ဆန္ဒမပါဘဲ ရေးဆွဲခဲ့တယ်။
၂၃ နှစ်တာ ကြာအောင် အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရရဲ့ ရလာဒ်က မြန်မာပြည်ဟာ ပိုလို့ များပြားတဲ့ကြွေးမြီတွေအပြင်၊ ပြည်သူလူထုအများစု ရဲ့ စိတ်ဓါတ်တွေ၊ အကျင့်စာရိတ္တတွေ ဟာ ပိုလို့နိမ့်ပါးပျက်စီးသွားခဲ့ရတာပါပဲ။
စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ရဲ့ဆွေတော်မျိုးတော်တွေကတော့ အရမ်းကို ဒေါ်လာသန်းပေါင်းများစွာ ချမ်းသာကြွယ်ဝ ခဲ့ကြပါတယ်။
တကယ်လို့သာ ၈၈ အာဏာသိမ်းခဲ့ပြီး တပ်မတော်သာ အနေမှန်မယ်။
တိုင်းပြည်ရဲ့ ဘဏ္ဍာတွေကို အလွဲသုံးစားမလုပ်ဘူး၊ ပြည်သူလူထုကို ဖွံ့ဖြိုးရေး လုပ်ငန်းတွေ တကယ့်ကို ဖေါ်ဆောင်ပေးခဲ့မယ် ဆိုရင် တပ်မတော် ကို ဘယ်သူမှ ဒီလောက် မုန်းတီးစက်ဆုတ်မှာ မဟုတ်ပါဘူး။
ခုချိန်မှာတော့ ပြီးခဲ့တဲ့ ကြိုတင်မဲများစွာနဲ့ ကြံ့ဖွံ့က လုပ်ကြံတဖက်သတ်အနိုင်ယူခဲ့တဲ့
၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်သူက စစ်အစိုးရကို ကြံ့ဖွံ့ကို အရင် မဆလအာဏာရှင်ဟောင်း တစည တွေထက်တောင် မုန်းတယ် ဆိုတာ လက်တွေ့ သက်သေ ပြခဲ့ပါလေရဲ့။
အချုပ်အားဖြင့်တော့ ၈၈၈၈ ဆိုတာ မြန်မာပြည်သူတွေရဲ့ ကမ္ဘာ့အလယ်မှာ နိုင်ငံရေး အမြင်မနိမ့်ပါဘူး ဆိုတာပြသနိုင်ခဲ့တဲ့ ကမ္ဘာတခြမ်းပြောင်းလဲရေး ကဏ္ဍမှာ ဦးဆောင်ပါဝင်နိုင်ခဲ့တဲ့ မြန်မာ့သမိုင်းထွန်းပြောင်လှတဲ့ လူထုတော်လှန်ရေး ကြီး ဖြစ်ပါတယ်။
ဘယ်လိုလူကပဲ ဖြစ်ဖြစ်၊ ဘယ်လို အဖွဲ့အစည်းကပဲ ဖြစ်ဖြစ် ၈၈၈၈ ကို သေးသိမ်အောင် လုပ်ကြံဖန်တီးလို့မရဘူး ဆိုတာပါပဲ။

ချိုတူးဇော်
No comments:
Post a Comment