ယခုကဲ့သို့ ငြိမ်းချမ်းရေးအတွက် အပင်ပန်းခံ၊ အလုပ်ပျက်ခံ၊ ငွေကုန်ကြေးကျခံပြီး မရပ်...မနား ကြိုးစားပန်းစား သီဆိုပေးနေကြသော ကချင်လူမျိုးများ၏ သူငယ်ချင်းများကို မည်သူ မလေးစားဘဲ နေနိုင်မည်နည်း။
ကချင်ဒေသငြိမ်းချမ်းရေအတွက် အားတက်သရော ကြိုးစားအားထုတ်ပေးနေသော ကချင်မဟုတ်သူများအား အထူးကျေးဇူးတင်စွာကြောင်း ပြောကြားလိုပါသည်။ ကျွန်မ ကချင်ပြည်နယ်တွင် မျက်ရည်စက်လက်ဖြင့် ဆောက်တည်ရာမရခဲ့ပြီး ပထမဦးဆုံး မြန်မာမိတ်ဆွေ တစုကို တယ်လီဖုန်းဖြင့် အကူအညီတောင်းခဲ့သည်။ ဘာကြောင့် ထိုမြန်မာမိတ်ဆွေတစုကို အကူအညီတောင်းမိပါသလဲ။ မေးခွန်း...များစွာ ကိုယ့်ကိုကိုယ် မေးခဲ့သည်။ ဘာကြောင့် ကချင်လူမျိုးမိတ်ဆွေများကို အကူအညီတောင်းရန် ဦးစွာ သတိမရခဲ့ပါသလဲ။။။ အဖြေကို ကိုယ်တိုင် မသိခဲ့ပါ။ သို့သော် ထိုမြန်မာလူမျိုးများသည် ကျွန်မ အကူအညီတောင်းတိုင်း (ကိုယ်ရေးကိုယ်တာအတွက် ဖြစ်စေ၊ အများအကျိုးအတွက်ဖြစ်စေ) မည်သည့်အခါမျှ မငြင်းဆန်ခဲ့ကြပါ။
ကျွန်မက အခြားသူများကို ငြင်းဆန်နိုင်မည်ဖြစ်သော်လည်း ကျွန်မက အကူအညီလိုအပ်လျှင် ငြင်းဆန်ခြင်းခံရမည်ကို အထူးပင် ကြောက်ပါသည်။ ထို့ကြောင့် အမြဲတမ်း အကူအညီပေးနေကျဟု အသဲနှလုံးထဲက သိနေသူများထံ ပထမဦးဆုံး တယ်လီဖုန်းဆက်ခဲ့မိဟန် တူပါသည်။ ထိုနေ့မှစ၍ ထိုကချင် မဟုတ်သော မိတ်ဆွေများ ဆပွားတိုးတက်လာခဲ့သည်။ ထိုမိတ်ဆွေများသည် ကချင်ဒေသငြိမ်းချမ်းရေး အတွက် မကြောက်မရွှံ ပါဝင်ခဲ့ကြသည်။ အားကြိုးမာန်တက် ပါဝင်ခဲ့ကြသည်။ နေရတကာ ရောက်ခဲ့ကြသည်။ အန္တရယ်ရှိမှန်းသိလျက်နှင့် ပါဝင်ခဲ့ကြသည်။ ကျွန်မတွင် ကျရောက်လာမည့် အန္တရယ်ကိုပါ ကြိုတင် ကာကွယ်ပေးခဲ့ကြသည်။ လူတန်းစားမျိုးစုံပါဝင်ပါသည်။ ရဟန်းတော်များပါဝင်သည်။ ကျောင်းသားများ၊ လူငယ်များ၊ လူကြီးများ၊ ချမ်းသာသူများ၊ ဆင်းရဲသူများ၊ အစုအဖွဲ့များ၊ တသီးပုဂ္ဂလများ ပါဝင်ကြသည်။
ငွေအားဖြင့်၊ လုပ်အားဖြင့်၊ ချိတ်ဆက်ပေးမှုများဖြင့်၊ ကျွန်မနှင့်အတူ ငိုကြွေးခြင်းအားဖြင့်၊ ကျွန်မဒေါသ ထွက်သောအခါ တိတ်တိတ်နေပေးခြင်းအားဖြင့် ၊ ကျွန်မသောင်းကျန်းသောအခါ သည်းခံပေးခြင်းအားဖြင့် ပါဝင်ခဲ့ကြသည်။ ထိုမိတ်ဆွေများ၏ ကူညီမှုကြောင့် မြန်မာနိုင်ငံမှ အလှူရှင်ပေါင်းများစွာ စစ်ပြေးစခန်းသို့ ရောက်ရှိခဲ့ကြပြီ။ သိန်းပေါင်းများစွာ လှူဒါန်းခဲ့ကြပြီးပြီ။
ပြည်တွင်း ပြည်ပ သတင်းဂျာနယ်များစွာ တွင် ကချင်ပြည်နယ်၏ သတင်းပါဝင်ခွင့် ရခဲ့ပြီ။ Radio နှင့် TV များတွင်လည်း ရံဖန်ရံခါ ပျောက်လိုက် ပေါ်လိုက် ပါရှိနေသည်။ Human Right Watch, Amnesty International နှင့် The United Nations Special Rapporteur on human rights in Burma, Tomás Ojea Quintana တို့နှင့် ချိတ်ဆက်မိကြပြီ။ ပြည်တွင်းပြည်ပတွင် ငြိမ်းချမ်းရေးကွန်ယက်များစွာ ပေါ်ထွက်လာသည်။ ထိုကွန်ယက်များအားလုံး ယခုအချိန်တွင် သက်ဝင်လှုပ်ရှားနေပြီး ကချင်ဒေသ ငြိမ်းချမ်းရေးအတွက် ၄င်းတို့ အတတ်နိုင်ဆုံး ပါဝင်ကြိုးစားနေပြီဖြစ်သည်။
အမျိုးသားပြန်လည်သင့်မြတ်မှုကို အထောက်အကူပြုသော တရားမျှတခြင်းမျိုးနှင့် စစ်မှန်သော ငြိမ်းချမ်းရေးရရန် မဝေးတော့ပြီ။အားလုံးကို အထူးကျေးဇူးတင်ပါသည်။ ကျွန်မ၏ သမိုင်းကို သင်တို့၏ မေတ္တာ စေတနာတို့ဖြင့် ရေးသားခဲ့ပါသည်။ မည်သည့်အခါမျှ ပျက်ပျယ်မည်မဟုတ်ပါ။ ကျွန်မ၏ ချစ်လှစွာသော ကချင်လူမျိုးများကို ပြောချင်ပါသည်။ ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသော ပြည်တွင်းစစ်သည် လူတစု၏ ဆုံးဖြတ်ချက်ကြောင့်ဖြစ်သည်။ လူအချို့က အကောင်အထည်ဖော်နေ ကြသည်။ ၄င်းတို့အထဲမှ အချို့က ပြစ်မှုများကို ကျူးလွန်ခဲ့ကြသည်။ ကချင်လူမျိုးဖြစ်သော ကျွန်မလည်း ထိုအကျိုးဆက်များကို အခြားသော ကချင်လူမျိုးများနှင့် အတူတကွ ခါးသည်းစွာခံစားရပါသည်။
ထိုကိစ္စအားလုံးသည် စစ်၏ အကျိုးဆက်များဖြစ်သည်။ အကယ်၍ စစ်မဖြစ်ပါက၊ နိုင်ငံတော် ငြိမ်းချမ်းပါက ထိုခါးသည်းမှုများ ဖြစ်ပေါ်မည်မဟုတ်။အကြမ်းဖက်မှုကို မည်သူက ကျူးလွန်သည်ဖြစ်စေ လက်မခံပါ။ ပြစ်မှုကျူးလွန်သူကို ဥပဒေအရ အရေးယူနိုင်ရန်ကြိုးစားကြပါစို့။ တရားဥပဒေ စိုးမိုးရန် ကြိုးစားကြပါစို့၊ တရားဥပဒေကောင်းများ ထွက်ပေါ်လာရန် ကြိုးစားကြပါစို့။ အားလုံးလက်ခံနိုင်သော စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်ဖြစ်ပေါ်လာအောင် တတ်အားသရွေ့ ၀ိုင်းဝန်းပါဝင်ကြပါစို့။
ထို့အတူ ပြစ်မှုမကျူးလွန်သော အခြားသူများအား လိုက်၍ စော်ကားတိုက်ခိုက်ခြင်းကိုမှု ခွင့်မပြုနိုင်ပါ။ ပြစ်မှုကျူးလွန်သူကို ကိုယ်တိုင်စီရင်ရန်လည်း လက်မခံနိုင်ပါ။ တရားဥပဒေအထက်တွင် ကျွန်မအပါအ၀င် မည်သူမျှ မရှိပါ။ ခရစ်တော်ကိုယ်တိုင်လည်း ရန်သူကိုပင် ချစ်ခင်ရန် နှင့် အချင်းချင်း ချစ်ကြရန် မှာကြားခဲ့ပါသည်။ လွတ်လပ်စွာ သဘောထားကွဲလွှဲခွင့်ရှိကြပါသည်။ လွတ်လပ်စွာ မိုက်ရိုင်းစော်ကားခွင့် မည်သူ့ထံမျှ မရှိပါ။ မိမိတို့အား ကူညီပေးမှုကို ကျေးဇူးတင်စွာ လက်ခံပြီး ယဉ်ကျေးစွာ တုန့်ပြန်ရမည်ဖြစ်သည်။ ဘုရားသခင်ကို လက်ခံရရှိသူများ ပီသစွာ ယဉ်ကျေးသိမ်မွေ့ကြရန်လည်း တောင်းပန်လိုပါသည်။ St. Francis Asisi သည် ”Master, Make me a channel of Your Peace” ဟု ဆုတောင်းခဲ့ပါသည်။ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ခဲ့ပါသည်။ ကျွန်မတို့အားလုံးလည်း "Channel of Peace" များ ဖြစ်လာကြပါစေ ဟု ဆုတောင်းလိုပါသည်။
By: Khon Ja
No comments:
Post a Comment