Tuesday, June 26, 2012

အသံလွှင့်သတင်းတဲ့





















အသံလွှင့်သတင်း

လူထုဆက်သွယ်ရေးလုပ်ငန်းတွေ အားလုံးထဲမှာ အထိရောက်ဆုံးလုပ်ငန်းကတော့ အသံလွှင့်လုပ်ငန်းဖြစ်ပါတယ်။ အသံလွှင့်လုပ်ငန်းလို့ပြောတဲ့အခါ ရေဒီယိုနဲ့ ရုပ်မြင်သံကြား နှစ်ခုစလုံးကို ဆိုလိုတာဖြစ်ပါတယ်။ ဘာကြောင့် အထိရောက်ဆုံးလို့ ပြောတာလဲဆိုတော့ လူထုထံကို အမြန်ဆုံးရောက်တဲ့လုပ်ငန်း ဖြစ်လို့ပါ။

သတင်းစာကနေ သတင်းပေးတဲ့နည်းက နောက်တနေ့မှ လူထုထံကို ရောက်တယ်လေ။ အသံလွှင့်လုပ်ငန်းကတော့ ချက်ချင်းလက်ငင်း လူထုထံ ရောက်ရုံမက ကိုယ့်မျက်စိနဲ့ မျက်ဝါးထင်ထင် ကြည့်လို့မြင်လို့ ရတယ်။ စာမတတ်ခြင်းဆိုတဲ့ တံတိုင်းကြီးလည်း ကြားက ဆီးတားထားတာ မရှိဘူး။ အဲဒါကြောင့် စာမဖတ်တတ်သူဦးရေ ရာနှုန်းတော်တော်များများ ရှိနေသေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအဖို့ အသံလွှင့်လုပ်ငန်းဟာ အရေးပါဆုံး လူထုဆက်သွယ်ရေးလုပ်ငန်းလည်း ဖြစ်ပါတယ်။


အသံလွှင့်လုပ်ငန်းအကြောင်း ရေးတဲ့နေရာမှာ သတင်းစာပညာနဲ့ဆိုင်တဲ့ ကိစ္စတွေကိုသာ ရေးပါမယ်။ ဖျော်ဖြေရေးတို့၊ ပညာပေးရေးတို့ စတဲ့အကြောင်းတွေကို မထည့်တော့ပါဘူး။ အသံလွှင့်လုပ်ငန်းရဲ့ သတင်းဖြန့်ချိရေး သဘာဝဟာ သတင်းစာနဲ့ အတူတူပါပဲ။ သတင်းထောက်ခြင်း၊ သတင်းတည်းဖြတ်ခြင်းနဲ့ သတင်းတင်ဆက်ခြင်း ဆိုတဲ့ အပိုင်းသုံးပိုင်း ရှိတာပါပဲ။ သတင်းစာက စာနဲ့ရေးပြီး တင်ဆက်တယ်။ အသံလွှင့်လုပ်ငန်းက အသံနဲ့၊ ရုပ်နဲ့ တင်ဆက်တယ်။ အဲဒါကြောင့် Newscaster ဆိုတဲ့ အသံလွှင့်ကြေညာသူ ရှိရတယ်ဆိုတဲ့ တချက်ပဲ ပိုပါတယ်။

အသံလွှင့်လုပ်ငန်း အရေးပါပုံနဲ့ပတ်သက်ပြီး ၁၉၈၂ ခုနှစ် ဇွန်လမှာ ယူနက်စကိုအဖွဲ့နဲ့ အာရှပစိဖိတ်ဒေသ အသံလွှင့်လုပ်ငန်း ဖွံ့ဖြိုးရေးဌာန (A.L.B.D) တို့က ကြီးမှူးတဲ့ နှီးနှောဖလှယ်ပွဲတခု ကျင်းပခဲ့ဖူးပါတယ်။ အဲဒီ နှီးနှောဖလှယ်ပွဲ က လေ့လာတွေ့ရှိချက်တွေဟာ အလေးအနက်ထားအပ်တဲ့ အချက်တွေဖြစ်လို့ မူရင်းအတိုင်း ဘာသာပြန် ဖော်ပြလိုက်ပါတယ်။

“အသံလွှင့်လုပ်ငန်းဟာ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကို အပြည့်အဝရရှိပါမှ၊ သတင်းရရာ လမ်းကြောင်းတခုအဖြစ် လူထုက အားထားပါမှ၊ လူမှုရေးပြုပြင်ပြောင်းလဲမှုတွေ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ဖျောင်းဖျပေးနိုင်စွမ်းရှိတဲ့ ဌာနတခု အဖြစ် ယုံကြည်ထားနိုင်ပါမှ လူ့အဖွဲ့အစည်းရဲ့ အကျိုးပြုလုပ်ငန်းကို အမှန်တကယ် ထမ်းဆောင်နိုင်မှာဖြစ်တယ်။

အဲဒီ အကြောင်းကြောင့် သတင်းအချက်အလက်တွေကို တင်ဆက်တဲ့နေရာမှာ တိကျမှု၊ မှန်ကန်မှု စံချိန် အမြင့်မားဆုံးရှိဖို့ လိုအပ်တယ်။ ထင်မြင်ယူဆချက်တွေ၊ အမြင်တွေကို တင်ဆက်တဲ့ နေရာမှာလည်း မျှတဖို့၊ ဘက်မလိုက်ဖို့၊ ချိန်ခွင်လျှာညီမျှ ဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ပြည်သူလူထုရဲ့အကျိုးကို အမှန်တကယ် ထမ်းဆောင်တဲ့ နေရာဌာနတခု ဖြစ်လာနိုင်ပါတယ်”

အာရှနဲ့ပစိဖိတ်ဒေသ အများစုမှာ ပြည်တွင်းသတင်းတွေကို သတင်းပေးရာမှာ ‘အဖြောင့်သား’ ‘အချောသား’ ပေးလေ့ရှိကြတယ်။ ပြဿနာဖြစ်ရတာတို့၊ အတိုက်အခံပြုရတာတို့ မရှိသလို သတင်းလွှင့်တတ်ကြတယ်။ ဆန့်ကျင်ဖက် အမြင်ကို ဖော်ပြမပေးတော့ လူထုက အသံလွှင့်လုပ်ငန်းအပေါ် ယုံကြည်မှု လျော့ပါးတာပေါ့။

“အသံလွှင့်လုပ်ငန်းက ပြည်သူလူထုရဲ့ ရေရှည်အကျိုးစီးပွားကို ထမ်းဆောင်တဲ့နေရာမှာ ထိရောက်မှုရှိစေဖို့အတွက် အခိုက်အတန့် နိုင်ငံရေးအမြင်အတွေးကို ဗြူရိုကရက် ထိန်းချုပ်မှုတို့က အတားအဆီး အနှောင့်အယှက် မဖြစ်စေ သင့်ပါဘူး။ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု ဆိတ်သုဉ်းမသွားစေသင့်ပါဘူး”

“နိုင်ငံတိုင်းဟာ အသံလွှင့်လုပ်ငန်းအတွက် ငွေကြေးအမြောက်အမြားကို ရင်းနှီးမြှုပ်နှံခဲ့ကြတယ်။ ဒီလိုလုပ်ဆောင်တဲ့ ရည်ရွယ်ချက်ဟာ အမျိုးသားဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေမှာ ပြည်သူလူထုရဲ့ အစွမ်းကုန် ပူးပေါင်းပါဝင်မှုကို ရရှိဖို့ဖြစ်တယ် လို့ နိုင်ငံပေါင်းများစွာမှာ သတ်မှတ်ကြပါတယ်။ ဒါပေမယ့် ပြည်သူလူထုရဲ့ ယုံကြည်မှုကိုရအောင် မလုပ်နိုင်ဘူးဆိုရင် ဒီရည်ရွယ်ချက်တွေလည်း နှောင့်နှေးရ၊ ပြည်သူ့ငွေကြေးတွေလည်း အဟောသိကံဖြစ်ရ၊ ရင်းနှီးမြှုပ်နှံခဲ့သမျှတွေလည်း ဆုံးရှုံးရဖြစ်သွားမှာပါပဲ”

“ပြည်သူလူထုရဲ့ ယုံကြည်မှုကို ဆုံးရှုံးရတဲ့အဖြစ်မျိုး တချို့နိုင်ငံတွေမှာဖြစ်ခဲ့ကြပါပြီ။ ဘာကြောင့်လဲဆိုတော့ အသံလွှင့်အတတ်ပညာကို ကျဉ်းမြောင်းတဲ့ နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်တွေရဲ့ လက်အောက်ခံအဖြစ် အသုံးချခဲ့ ကြလို့ ဖြစ်ပါတယ်။ အဲဒီ အကျိုးဆက်ကြောင့် အသံလွှင့်လုပ်ငန်းလုပ်ကိုင်နေသူတွေရဲ့ စိတ်ဓာတ်၊ ထိရောက်မှုနဲ့ ပညာ ပိုင်းဆိုင်ရာ ဆုံးဖြတ်မှု စတဲ့အရာတွေ ယိုယွင်းကျဆင်းလာခဲ့ရပါတယ်။

ပြည်သူ့ယုံကြည်မှု ဘယ်လောက်အထိ ဆုံးရှုံးခဲ့ရသလဲ ဆိုတာ သောတရှင် သုတေသနလုပ်ငန်းတွေ စနစ်တကျလုပ်ကြည့်ရင် အသေအချာ သိနိုင်ပါတယ်။ ဒါပေမယ့် ဒီလို သုတေသနလုပ်ငန်းမျိုးကို နိုင်ငံပေါင်းများစွာမှာ လစ်လျူရှုထားကြပါတယ်”

အသံလွှင့်သတင်း (၁)

“အသံလွှင့်လုပ်ငန်းမှန်သမျှဟာ အတတ်ပညာအဆင့်အတန်းကို အစွမ်းကုန် မြှင့်တင် ထိန်းသိမ်းထားကြရပါမယ်။ နှီးနှောဖလှယ်ပွဲ တက်ရောက်သူတွေအမြင်မှာ အသံလွှင့်လုပ်ငန်းတွေ ကြုံတွေ့နေရတဲ့ ပြဿနာအများစုဟာ ပညာပိုင်း ဆိုင်ရာချဉ်းကပ်မှု ချို့တဲ့တာကြောင့် ဖြစ်ရတယ်လို့ သတ်မှတ်ကြတယ်။

ဒီလို ချို့တဲ့တော့ အသံလွှင့်သတင်း တင်ဆက်မှု၏တွေ ညံ့ဖျင်းလာတယ်။ အသံလွှင့်သမားတွေရဲ့ ကျွမ်းကျင်မှု အရည်အသွေးတွေ တုံးသွားတယ်။ အဲဒါကြောင့် အသံလွှင့်လုပ်ငန်းမှာ အရည်အချင်း ပြည့်ဝကျွမ်းကျင်သူတွေကို ရွေးချယ်ခန့်ထားပြီး ချမှတ်ထားတဲ့ မူဝါဒဘောင်အတွင်းက လွတ်လပ်စွာ ဆုံးဖြတ်လုပ်ကိုင်ခွင့် ပြုသင့်တယ်”


အာရှနဲ့ ပစိဖိတ်ဒေသ အသံလွှင့်လုပ်ငန်းဌာန အကြီးအကဲများရဲ့ အဲဒီသုံးသပ်ချက်ဟာ အပြည့်အဝ မှန်တယ်လို့တော့ မယူဆပါဘူး။ အသံလွှင့်လုပ်ငန်းအပေါ် ပြည်သူရဲ့ယုံကြည်မှု လျော့ပါးကျဆင်းသွားရခြင်းဟာ ဗြူရိုကရက် ချုပ်ကိုင်မှုကြောင့် တခုတည်း မဟုတ်ပါဘူး။

ပြန်ကြားရေးလုပ်ငန်းတွေကို အရင်းရှင်ကြီးတွေက အုပ်စီးပြီး စီးပွားရေး လုပ်ငန်းကြီးတွေအဖြစ် လုပ်ကိုင်နေကြတာကြောင့်လည်း ဖြစ်ပါတယ်။ လွတ်လပ်စွာ ရေးသားပြောဆိုခွင့် ဘယ်လောက်ကြီးရှိတယ် ပြောပြော၊ လုပ်ငန်းပိုင်ရှင်သူဌေးကြီးတွေရဲ့ အဆုံးအဖြတ်က နောက်ဆုံးမှာ အခရာ ဖြစ်နေတာပါပဲ။ အဲဒါကြောင့် ပြည်သူလူထုက အပြည့်အဝ ယုံကြည်ကိုးစားမှု မပြုကြတာပါ။

သတင်းစာသမား၊ အသံလွှင့်သမားဆိုတာ အစိုးရရဲ့သတင်းကို ပြည်သူသိအောင် လုပ်ပေးရသလို ပြည်သူတွေရဲ့ သတင်းကိုလည်း အစိုးရသိအောင် လုပ်ပေးရပါတယ်။ အဲဒါကြောင့် သတင်းသမား၊ အသံလွှင့်သမားဟာ ပြည်သူတွေရဲ့ အကြောင်းကို အမြဲစိတ်ဝင်တစား ရှိနေရပါတယ်။

ပြည်သူတွေ ဘယ်လို နေထိုင်စားသောက်နေကြရတယ်၊ ဝင်ငွေ ထွက်ငွေ အခြေအနေတွေ ဘယ်လိုရှိနေတယ်၊ လုပ်ခနဲ့ ကုန်ဈေးနှုန်း အချိုးအဆ ဘယ်လောက်ရှိနေတယ် စတဲ့ စတဲ့ အရာတွေ အားလုံးကို အမြဲလေ့လာထိတွေ့နေရပါတယ်။

ဒီနေ့ သတင်းပြန်ကြားရေးလုပ်ငန်းမှန်သမျှဟာ ဘုရင်နဲ့ ဘုရင်မတွေ၊ သမ္မတနဲ့ ဝန်ကြီးချုပ်တွေ အကြောင်းတွေကလွဲရင် နိုင်ငံစုံ ကော်ပိုရေးရှင်းကြီးတွေရဲ့ တခုကိုတခု မြိုနေကြတဲ့ အကြောင်းတွေ၊ ကော်ပိုရေးရှင်းကြီးတွေရဲ့ အကြီးအကဲနေရာ အပြောင်းအလဲဖြစ်မှု အကြောင်းတွေ စတာမျိုးတွေကိုသာ သတင်းအဖြစ် ဖော်ပြနေကြပါတယ်။

အလုပ်သမားတွေရဲ့ လုပ်ခနဲ့ ငွေကြေးဖောင်းပွမှုအချိုးအဆက ဘယ်လို၊ လုပ်ခတိုးနှုန်းနဲ့ ကုန်ဈေးနှုန်းတက်မှုနှုန်းက ဘယ်ပုံ၊ လူမှုဖူလုံရေး ခံစားခွင့်အကျိုးက ဘယ်လောက်၊ အခွန်အတုတ်တွေက ဘယ်မျှဆိုတဲ့ ပြည်သူအများစုနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းကိစ္စတွေကျတော့ သိပ်ပြီးအလေးထား ရေးသားထုတ်လွှင့်လေ့ မရှိကြတော့ပါဘူး။ အဲဒါကြောင့် ပြန်ကြားရေး လုပ်ငန်းတွေအပေါ်မှာ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု လျော့ပါးကျဆင်းလာရတာပါ။

‘သတင်း’ ဆိုတာ ဘာလဲဆိုတာနဲ့ ပတ်သက်လို့ ယူနက်စကိုအဖွဲ့ကြီးမှာ တွဲဖက်ကျွမ်းကျင်မှု ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Paul De Maeseneer က ဒီလိုရေးခဲ့ပါတယ်။

‘သတင်း ဆိုတာ ဘာလဲ’ ဆိုတဲ့ မေးခွန်းကို တိတိကျကျဖြေဖို့ အဖြေမရှိပါဘူး။ နိုင်ငံတခုချင်းရဲ့ လိုအပ်ချက် အလိုက်၊ ဖွံ့ဖြိုးတိုးတက်မှုအဆင့်အလိုက် ကွဲပြားခြားနားစွာ အဓိပ္ပာယ်ဖွင့်ဆိုကြမှာပါပဲ။

လက်တွေ့အလုပ်သဘော လိုအပ်ချက်အရ အဓိပ္ပာယ်ဖွင့်ကြတာက – “သတင်းဆိုတာ ပြည်သူလူထုက စိတ်ဝင်စားပြီး သူတို့အတွက် အကျိုးသက်ရောက်မှု တစုံတရာဖြစ်စေတဲ့၊ ထူးခြားပြီး လတ်တလော ဖြစ်ပွားပေါ်ပေါက်တဲ့ အကြောင်းကိစ္စသစ် တခု” လို့ ဖြစ်ပါတယ်။

“ထူးခြားမှုဆိုတာ သတင်းရဲ့ အခြေခံတန်ဖိုးပါ။ နောက်တန်ဖိုးတခုကတော့ လောလောလတ်လတ် ဖြစ်ပွားခြင်းဆိုတဲ့ အရာပါ။ နောင်မှာ ဖြစ်ရန်၊ လုပ်ရန် ရည်ရွယ်ထားတဲ့ ရည်ရွယ်ချက်ဆိုတာက သတင်းအနေနဲ့ သိပ်တန်ဖိုးမရှိလှပါဘူး”

“အသံလွှင့်လုပ်ငန်းက ပြည်သူလူထုရဲ့ ရေရှည်အကျိုးစီးပွားကို ထမ်းဆောင်တဲ့နေရာမှာ ထိရောက်မှုရှိစေဖို့အတွက် အခိုက်အတန့် နိုင်ငံရေးအမြင်အတွေးကို ဗြူရိုကရက်ထိန်းချုပ်မှုတို့က အတားအဆီး အနှောင့်အယှက် မဖြစ်စေသင့်ပါဘူး။ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု ဆိတ်သုဉ်းမသွားစေသင့်ပါဘူး”

အသံလွှင့်သတင်း (၂)

ပေါလ်ရဲ့ အဆိုအရ အသံလွှင့်သတင်းမှာ အင်္ဂါ ၉ ပါးရှိပါတယ်။ အဲဒါတွေကတော့ –

(၁) Timeliness - အချိန်ကိုက်ဖြစ်မှု။
အသစ်ဖြစ်ရမယ်၊ လတ်ဆတ်နေရမယ်၊ ကြားပြီးသိပြီး ကိစ္စဆိုရင် စိတ်မဝင်စားတော့ပါဘူး။

(၂) Nearness - နီးစပ်မှု။
(က) လူတွေဟာ အဝေးကြီးက အဖြစ်အပျက်တွေထက် ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်အနီးအနားက ကိစ္စတွေ၊ ကိုယ်သိနေတဲ့လူတွေရဲ့အကြောင်းတွေကို ပိုစိတ်ဝင်စားကြပါတယ်။

(ခ) ဘဏ်တိုက်ကြီးတွေ၊ ကော်ပိုရေးရှင်းကြီးတွေအကြောင်းထက် ကိုယ့်ကို တိုက်ရိုက် အကျိုးသက်ရောက်စေတဲ့ ကုန်ဈေးနှုန်းအကြောင်းတွေ၊ အခွန်အတုတ်အကြောင်းတွေ၊ လမ်းပန်းဆက်သွယ်ရေးအကြောင်းတွေကို ပိုပြီး စိတ်ဝင်စားပါတယ်။

(၃) Conflicte - ပဋိပက္ခဖြစ်ခြင်း။
ပဋိပက္ခမှန်သမျှဟာ သတင်းဖြစ်ထိုက်တာတွေချည်းပဲ။ ပဋိပက္ခဆိုတာ လူ့ဘဝရဲ့အစိတ်အပိုင်းတခုပဲ။ သတင်းဆိုတာကလည်း လူ့ဘဝနဲ့ ပတ်သက်တာတွေချည်း မဟုတ်ဘူး။ အာရှနဲ့ ပစိဖိတ်ဒေသအများစုမှာ ပြည်တွင်းသတင်းတွေကို သတင်းပေးရာမှာ ‘အဖြောင့်သား’ ‘အချောသား’ ပေးလေ့ရှိကြတယ်။ ပြဿနာဖြစ်ရတာတို့ အတိုက်အခံပြုရတာတို့ မရှိသလို သတင်းလွှင့်တတ်ကြတယ်။

ဆန့်ကျင်ဖက်အမြင်ကို ဖော်ပြမပေးတော့ လူထုက အသံလွှင့်လုပ်ငန်းအပေါ် ယုံကြည်မှုလျော့ပါးတာပေါ့။ အရာရာတိုင်းမှာ ဆန့်ကျင်ဘက် ရှိစမြဲဆိုတာကို လူထုက သိနေတယ်လေ။ ပဋိပက္ခဆိုတာ လူတယောက်နဲ့ အခြားတယောက်အကြား၊ နိုင်ငံတခုနဲ့ အခြားနိုင်ငံတခုအကြား ဖြစ်ပျက်သမျှတွေအပြင် လူတယောက်နဲ့ သူ့ပတ်ဝန်းကျင်၊ သူ့ကံကြမ္မာတို့ ဖြစ်ကြတဲ့ ပဋိပက္ခ၊ လူနဲ့ သဘာဝတရားတို့ အကြား ဖြစ်ပျက်သမျှ ပဋိပက္ခ ဆိုတာတွေလည်း ပါပါတယ်။

(၄) Prominence - ထင်ရှားမှု။
သတင်းဆိုတာ ထင်ရှားတဲ့ လူပုဂ္ဂိုလ်တွေ၊ နေရာဒေသတွေ၊ အကြောင်းအရာတွေနဲ့ သက်ဆိုင်ရာတွေ ဖြစ်ကြတယ်။ နာမည်တွေက သတင်းဖြစ်စေတယ်။ နာမည်တွေကကြီးလေလေ သတင်းလည်း ကြီးလေလေပေါ့။ ဒါပေမယ့် ကမ္ဘာအနှံ့အပြားမှာပဲ “ဝန်ကြီးတယောက် တက်ရောက်တဲ့ကိစ္စတိုင်းဟာ သတင်းပဲ” ဆိုတဲ့အတိုင်း ကျင့်သုံးနေကြတာကို ဝမ်းနည်းစရာ မြင်တွေ့နေရပါတယ်။

(၅) Government Action – အစိုးရလုပ်ငန်း။
အစိုးရကထုတ်ပြန်ကြေညာတဲ့ ဥပဒေသစ်၊ စီမံကိန်းသစ်၊ စည်းမျဉ်းသစ်၊ ဖွင့်ပွဲတခု၊ ဝန်ကြီးအဖွဲ့အစည်းအဝေးတခု စတာတွေဟာ သတင်းတွေပေါ့။ အဲဒီ သတင်းတွေကြောင့် ပြည်သူလူထုအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်စေတယ် ဆိုတဲ့ အချက်တွေဆို ပိုပြီး အသားပေးရတယ်။

ကြေညာချက်တွေချည်းများနေရင် အစိုးရ ဂေဇက်နဲ့ တူသွားတတ်တယ်။ အစိုးရအဖွဲ့ အစည်းအဝေးမှတ်တမ်းနဲ့ တူသွားတတ်တယ်။ အစိုးရဌာနတွေဆီက တရားဝင်ရတဲ့ သတင်းဖြစ်ပေမယ့် သတင်းကိုလွှင့်ထုတ်တဲ့အခါကျတော့ ကြေညာချက်နဲ့ တူမနေသင့်ပါဘူး။ အခမ်းအနားကြီးတွေ ညီလာခံကြီးတွေ ဖွင့်လှစ်တဲ့အကြောင်းထက် အဲဒီမှာ ဘာတွေပြောဆိုဆွေးနွေးကြသလဲ ဆိုတာတွေက ပိုအရေးကြီးပါတယ်။

သတင်းစာသမား၊ အသံလွှင့်သမားဆိုတာ အစိုးရရဲ့သတင်းကို ပြည်သူသိအောင်လုပ်ပေးရသလို၊ ပြည်သူတွေရဲ့ သတင်းကိုလည်း အစိုးရသိအောင် လုပ်ပေးရပါတယ်။ အဲဒါကြောင့် သတင်းသမား၊ အသံလွှင့်သမားဟာ ပြည်သူတွေရဲ့အကြောင်းကို အမြဲစိတ်ဝင်တစား ရှိနေရပါတယ်။

အသံလွှင့်သတင်း (၃)
(၆) Dlovement News - ဖွံ့ဖြိုးရေးသတင်းများ။
အာရှပစိဖိတ်ဒေသနိုင်ငံအများစုဟာ ‘ဖွံ့ဖြိုးဆဲနိုင်ငံများ’ လို့ အခေါ်ခံကြတဲ့ နိုင်ငံတွေ ဖြစ်ကြတယ်။ အဲဒါကြောင့် ဖွံ့ဖြိုးရေးသတင်းတွေဟာ သူတို့အတွက် အရေးပါတဲ့သတင်းတွေ ဖြစ်ရမှာပေါ့။ သူတို့ပြည်သူတွေကလည်း ဒီသတင်းမျိုးတွေကို ပိုပြီး စိတ်ဝင်စားကြမယ်လေ။

ဒါပေမယ့် ဒီသတင်းတွေဟာ ဂရုပြုသင့်သလောက် အပြုမခံကြရပါဘူး။ အသံလွှင့်ဌာနတွေဟာ ဖွံ့ဖြိုးရေးသတင်းတွေအတွက် အချိန်တော်တော်ပေးကြတာ မှန်ပါတယ်။ ပေးပေမယ့်လည်း ပေးပုံပေးနည်းက ဟန်မကျတော့ မထိရောက်ပါဘူး။ ဖွံ့ဖြိုးရေးသတင်း ဆိုတဲ့အချက်ကို အဓိပ္ပာယ်ကောက်ယူပုံက သိပ်ကျဉ်းမြောင်းလေတော့ လူထုရဲ့စိတ်ကို လှုံ့ဆော်မပေးနိုင်ပါဘူး။
ဖွံ့ဖြိုးရေး ဆိုတဲ့ အဓိပ္ပာယ်က စီးပွားရေး တိုးတက်မှုတို့၊ အမျိုးသားထုတ်ကုန် တိုးတက်မှုတို့၊ တဦးချင်းဝင်ငွေ တိုးတက်မှုတို့၊ ဘတ်ဂျက်ခွဲဝေသုံးစွဲမှုတို့ စတာတွေထက်ပိုပြီး ကျယ်ဝန်းပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ လူ့အဖွဲ့အစည်းတခုလုံးရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစတဲ့ အရာတွေအားလုံး တိုးတက်မှုကို ဆိုလိုတာပါ။

အဲဒီ နိုင်ငံတွေမှာရှိကြတဲ့ ပြည်သူ အားလုံးရဲ့ သာယာဝပြောမှုကို ဆိုလိုတာပါ။ အထူးသဖြင့် အဲဒီနိုင်ငံတွေက အဆင်းရဲဆုံး ပြည်သူတွေရဲ့ သာယာဝပြောရေး အတွက် စီးပွားရေး၊ လူမှုရေး၊ အရင်းအမြစ်တွေကို မျှမျှတတခွဲဝေ သုံးစွဲရေးဖြစ်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

ချုပ်ပြောရရင် ဖွံ့ဖြိုးရေးသတင်းဆိုတာ ပြည်သူတွေအကြောင်း သတင်းဖြစ်တယ်။ အစိုးရစီမံကိန်းတွေ၊ အရာရှိကြီးတွေရဲ့ မိန့်ခွန်းတွေနဲ့ စီးပွားရေးလုပ်ငန်းကြီးတွေအကြောင်း သတင်းတွေချည်းမဟုတ်ဘူး။ ကိန်းဂဏန်း စာရင်းဇယားတွေလည်း မဟုတ်ဘူး။

အဲဒီ ကိန်းဂဏန်း စာရင်းဇယားတွေက ပြည်သူတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ဖြစ်စေသလဲ ဆိုတာ ဖြစ်တယ်။ ဖွံ့ဖြိုးရေးသတင်း မှန်သမျှဟာ ပြည်သူတွေကို အခြေခံရပါမယ်။

ဖွံ့ဖြိုးရေးသတင်းဆိုတာနဲ့ အကောင်းတွေချည်း ဖော်ပြရမယ်လို့ မယူဆရပါဘူး။ အောင်မြင်နေတာတွေချည်း ပြောရမယ်လို့ မယူဆရဘူး။ လူသားတို့ရဲ့ တရားမျှတမှုတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုတွေ၊ လူသားတို့ရဲ့ အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမှုတွေ အားလုံးကိုလည်း ဖော်ပြရမယ်လို့ ယူဆထားရပါမယ်။

အဲဒီအခါမှာ တောင်းသူနဲ့ ပေးသူအကြား ပဋိပက္ခဖြစ်မှုဆိုတာတွေ သဘာဝအလျောက် ပေါ်လာမှာပဲ။ အဲဒီလို ပဋိပက္ခတွေ ပေါ်လာတာဟာ လူ့ဘဝရဲ့ အစိတ်အပိုင်းတခုပဲလေ။ အဲဒါတွေကို ပြည်သူ့အကျိုးဆိုတဲ့ အခြေခံနဲ့ လိမ္မာပါးနပ်စွာ တင်ဆက်နိုင်မယ်ဆိုရင် အနာဂတ်ဆုံးရှုံးမှုတွေကို ကာကွယ်တားဆီးပေးရာ ရောက်တာပေါ့။

လူတွေအတွက် အသံလွှင့်နေတာဖြစ်တယ် ဆိုတဲ့အချက်ကို အမြဲသတိရနေရပါမယ်။ ဒီအချက်ကို သတိမထားတာဟာ အသံလွှင့်လုပ်ငန်းအတွက် အကြီးမားဆုံးအန္တရာယ်ပါ။ အဲဒါကြောင့် လူတွေအတွက် အသံလွှင့်နေတာပါလား ဆိုတာကို ခေါင်းထဲမှာ စွဲနေအောင် မှတ်ထားပါ။

(၇) Human Interest - လူစိတ်ဝင်စားမှု။
လူစိတ်ဝင်စားမှုဆိုတာ လူသားတွေရဲ့ မနောအာရုံကို စွဲဆောင်စေတဲ့ လောကရဲ့ ကမောက်ကမဖြစ်မှုတွေ၊ ဟာသတွေ၊ သမုဒယတွေ၊ လျှို့ဝှက်သဲဖိုတွေ၊ ကြေကွဲစရာတွေ၊ ကရုဏာဖြစ်စရာတွေ၊ အကြောက်တရားတွေ၊ ပူဆွေးသောကတွေ၊ မစ္ဆရိယတွေ၊ သဒ္ဓါတရားတွေ၊ အထီးကျန်ဖြစ်ရမှုတွေ၊ ချို့ယွင်းမှုတွေကြားက အောင်မြင်မှုတွေ အားလုံးကို ခေါ်တာပေါ့။

ကလေးလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ သဘာဝနဲ့ တိရိစ္ဆာန်တွေလည်း ပါတာပေါ့။ ဒီနေ့အထိတော့ အာရှပစိဖိတ်ဒေသတွင်းက အသံလွှင့်လုပ်ငန်းတွေမှာ ဒီလိုသတင်းမျိုးတွေ မပါသေးသလောက်ပါပဲ။ မီးလောင်မှုတွေ၊ ကားတိုက်သေဆုံးမှုတွေ၊ လုယက်မှုတွေ စတဲ့ သတင်းမျိုးတွေကို နောက်ဆက်တွဲလိုက်ရင်းက ကြေကွဲစရာ အဖြစ်တွေ၊ ရင်ထုမနာဖြစ်စရာ ဇာတ်လမ်းတွေ၊ နာကျည်းစရာအကြောင်းတွေကို သိလာနိုင်ပါတယ်။

ဒီလို လူစိတ်ဝင်စားမယ့် သတင်းတွေကို လွှင့်ထုတ်ပေးမယ်ဆိုရင် လူထုက ကိုယ့်အသံလွှင့်ဌာနအပေါ် စိတ်ဝင်တစား ရှိလာကြမှာပေါ့။

(၈) Weather – မိုးလေဝသ။
ပြန်ကြားရေးလုပ်ငန်းတွေ အားလုံးထဲမှာ အသံလွှင့်လုပ်ငန်းတခုသာ မိုးလေဝသသတင်းကို လူထုဆီ အမြန်ဆုံး ရောက်အောင် ပို့ပေးနိုင်တာဖြစ်တယ်။ ပင်လယ်ကမ်းခြေကို အမှီပြုနေကြရသူတွေ၊ မုန်တိုင်းကြီးတွေ၊ ငလျင်ကြီးတွေ အမြဲကျရောက်လေ့ရှိတဲ့ နေရာတွေမှာနေထိုင်ကြတဲ့ လူတွေအဖို့ မိုးလေဝသသတင်းဟာ သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ သတင်းပါ။ အဲဒါကြောင့် မိုးလေဝသအခြေအနေကို အမြဲတမ်း ဂရုတစိုက် ထုတ်လွှင့်ပေးသင့်ပါတယ်။

(၉) Sport - အားကစား။
ကမ္ဘာတဝှမ်းလုံး နိုင်ငံရေးအသွေးအရောင် အယူအဆ မရွေး၊ အသားအရောင်နဲ့ လူမျိုးမခြား စိတ်ဝင်စားမှု အများဆုံး ရှိကြရာမှာ တူညီတာဆိုလို့ အားကစားတခုပဲရှိပါတယ်။ အဲဒါကြောင့် အသံလွှင့်သတင်းသမားဟာ အားကစားအကြောင်းကိုလည်း ဟိုစပ်စပ် ဒီစပ်စပ်တော့ သိအောင်လုပ်ထားရပါမယ်။

အသံလွှင့်သတင်း (၄)
အသံလွှင့်လုပ်ငန်းလုပ်ရာမှာ အမြဲတမ်းသတိရနေရမယ့် အချက် ၆ ချက်ရှိပါတယ်။ အဲဒါတွေကတော့ –

၁။ နားထောင်သူရဲ့ အာရုံစူးစိုက်မှု အချိန်ကာလဟာ တိုတောင်းတယ်။

၂။ တချိန်ထဲမှာ အာရုံထဲ အများကြီး သွင်းယူမှတ်သားခြင်း မပြုနိုင်ဘူး။

၃။ နားထောင်သူရဲ့ အာရုံကို ပျက်ပြားစေတဲ့အကြောင်းတွေ ပတ်ဝန်းကျင်မှာ အများကြီး ရှိနေတယ်။

၎။ နားထောင်သူဟာ သူ့ဘဝ၊ သူ့ပတ်ဝန်းကျင်က လူတွေရဲ့ဘဝ၊ သူသိကျွမ်းသူတွေရဲ့ဘဝကို ပိုစိတ်ဝင်စားတယ်။

၅။ နားထောင်သူဟာ အသံလွှင့်ချက်ကို နားထဲမသွင်းဘဲ နေလို့လည်း ရတယ်၊ အချိန်မရွေး ထပိတ်ပစ်လို့လည်း ရတယ် (သတင်းလာတဲ့အချိန်မှာ ထသွားရင်၊ ဒါမှမဟုတ် ထပိတ်ပစ်လိုက်ရင် အသံလွှင့်ပေးရတာ ဘာအဓိပ္ပာယ်မှ မရှိတော့ဘူးပေါ့)။


၆။ နားထောင်သူတိုင်းဟာ ပညာရှိတွေ မဟုတ်ဘူး။ ဒါပေမယ့် ဘာမှမသိတဲ့ ‘နလပိန်းတုံး’ တွေလည်း မဟုတ်ကြဘူးဆိုတာ အမြဲသတိရနေဖို့ လိုတယ်။ အသံလွှင့်သူဟာ နားထောင်သူ ပရိသတ်တွေထဲက ပညာရည်အနိမ့်ဆုံးသူတွေ နားလည်အောင် လွှင့်ထုတ်ရမယ်။

ဒါပေမယ့် အဲဒီလိုလွှင့်ထုတ်တာဟာ ကျွမ်းကျင်တတ်မြောက်သူတွေကို စော်ကားသလိုမျိုး မဖြစ်စေရဘူး။ အသံလွှင့်ချက်တိုင်းဟာ နားလည်လွယ်တာတွေ ဖြစ်ရမယ်။ ဒါပေမယ့် သိမ်ဖျင်းတဲ့ အရာတွေလည်း မဖြစ်စေရဘူး။

ကိုယ်ထုတ်လွှင့်တဲ့ သတင်းတိုင်းကို လူတိုင်းက အကြွင်းမဲ့ ယုံကြည်စိတ်ချမှု ရှိစေရမယ်။ ‘သတင်း’ လုပ်ငန်း အားလုံးအတွက် အကြီးမားဆုံး ‘အပြစ်’ ကြီးတခုကတော့ ‘မတိကျ မရေရာမှု’ ဖြစ်တယ်၊ အဲဒါကြောင့် သတင်းတိုင်း မှန်ကန်တိကျအောင် ဂရုစိုက်ရမယ်။ ကိုယ့်စိတ်ထဲမှာ ‘ဇဝေဇဝါ’ ဖြစ်နေတဲ့သတင်းမျိုးဆို လွှင့်ထုတ်ခြင်း မပြုဘဲထားတာ အကောင်းဆုံးပဲ။

သတင်းပုံသဏ္ဍာန်

ဒေသတွင်း နိုင်ငံအတော်များများရဲ့ သတင်းထုတ်လွှင့်ပုံတွေဟာ သိပ်တင်းကြပ်ဆဲ၊ သိပ်ပြီး ရုံးဆန်ဆဲ ဖြစ်ပါတယ်။ ၁ဝ မိနစ်၊ ၁၅ မိနစ် ထုတ်လွှင့်ချက် အစီအစဉ်တခုလုံးကို ကြေညာသူတဦးတည်းက တောက်လျှောက် ဖတ်ပြသွားတာမျိုးတွေ များပါတယ်။

နားထောင်သူရဲ့ အာရုံစူးစိုက်မှုဟာ လူတဦးတည်းရဲ့အသံကိုသာ ဆက်တိုက်ကြီး ကြားနေရရင် ငြီးငွေ့လွယ်တယ်။ ကြေညာသူ ၂ ဦးထားပြီး လွှင့်ထုတ်ခြင်းက ပိုဆွဲဆောင်အား ကောင်းစေတယ်။

သတင်းတင်ပြပုံ နည်းစနစ်တွေဟာ အများကြီးကို ပြောင်းလဲတိုးတက်နေပါပြီ။ သတင်းကို ဖတ်ပြရုံတွင် မကတော့ဘူး။ သတင်းဖြစ်တဲ့နေရာက သတင်းထောက်ရဲ့အသံနဲ့ သတင်းပို့ချက်တွေကို တိုက်ရိုက်ညှပ်ပြီး ထည့်ပေးတာတို့၊ စစ်မြေပြင်မှာ ပစ်ခတ်တိုက်ခိုက်နေတဲ့ အရုပ်တွေ အသံတွေကို ကြားညှပ်ထည့်ပေးတာတို့ စတဲ့ နည်းစနစ်တွေကို တွင်တွင်ကျယ်ကျယ်ကြီး သုံးနေကြပါပြီ။

သတင်းသမားဆိုတာ တိုးတက်ပြောင်းလဲနေတဲ့ နည်းစနစ်တွေကို မျက်ချည်မပြတ် လေ့လာနေရပါတယ်။ ကိုယ်ထုတ်လွှင့်တဲ့ သတင်းကို နားထောင်သူမရှိ၊ ကြည့်မယ့်သူမရှိ ဆိုရင် အဲဒီအတွက် တပင်တပန်း လုပ်ဆောင်ခဲ့ရသမျှတွေ အဟောသိကံ ဖြစ်သွားတော့မှာပေါ့။

နားအတွက်သတင်း

အသံလွှင့်သတင်းဆိုတာ နားနဲ့နားထောင်ဖို့၊ မျက်စိနဲ့ကြည့်ဖို့ ဖြစ်တယ်။ ဒီတော့ စကားပြောသလို ရေးသား လွှင့်ထုတ်ရပါတယ်။ ဒါပေမယ့် အရေးကတော့ မလွတ်ပါဘူး။ ဖတ်ပြီးပြောဖို့ ရေးရပါသေးတယ်။
အဲဒီမှာ ဘာပြဿနာကြုံရသလဲဆိုတော့ ကျောင်းမှာ စာရေးစသင်ကတည်းက ဖတ်ဖို့ရေးနည်းသာ သင်ခဲ့ရတာဖြစ်ပြီး၊ အသံထွက်ပြောဖို့ ရေးနည်းရယ်လို့ သင်ခဲ့ရတာမဟုတ်တဲ့ အချက်ပါပဲ။ အသံလွှင့်ဖို့ စာရေးတာက စာနယ်ဇင်းအတွက် ရေးတာနဲ့မတူပါဘူး။

သူက နားအတွက် ရေးရတာ၊ မျက်စိအတွက် မဟုတ်ဘူး။ စာဖတ်တဲ့အခါမှာ မျက်စိက စာလုံးတွေကို အတွဲလိုက် အစုလိုက် ကြည့်ပြီးဖတ်သွားတယ်။ ဖတ်ရင်းနဲ့ နောက်ပြန်ကြည့်လိုက် ရှေ့ကြိုကြည့်လိုက် လုပ်ပြီး ဝါကျမဆုံးခင်မှာ အဓိပ္ပာယ်ပေါက်သွားပြီးသား ဖြစ်တယ်။

နားထောင်တဲ့အခါကျတော့ စကားလုံးတွေ တလုံးပြီးမှတလုံး ကြားရတာ ဖြစ်လေတော့ ဝါကျတခု မဆုံးမချင်း အဓိပ္ပာယ်ကို မသိနိုင်ဘူး။ နားထဲမရှင်းလိုက်လို့လည်း ပြန်ပြီး နားထောင်ချင်လို့ မရဘူးလေ။ အသံလွှင့် သတင်းရေးတဲ့နေရာမှာ အကောင်းဆုံးနည်းကတော့ ပါးစပ်က အသံထွက်ပြောရင်း လက်က လိုက်ရေးတဲ့နည်းပဲ ဖြစ်ပါတယ်။

အသံလွှင့်သတင်းရေးဖို့အတွက် အဓိကကျတဲ့ အချက် ၅ ချက်ရှိတယ်လို့ ပြောချင်ပါတယ်။

အသံလွှင့်သတင်း (၅)

(၁) စကားပြောနေတာ ဖြစ်တယ်

ပါးစပ်နဲ့ပြောနေတာကို ပရိသတ်က နားနဲ့ လိုက်နားထောင် မှတ်သားရတာဆိုတော့ သတင်းပြောသူရဲ့ အသံဟာ ပီရမယ်၊ ကြည်ရမယ်၊ ပြတ်သားရမယ်။ အသံလုံရမယ်၊ သြဇာရှိရမယ်။ အသံမပီ မကြည်မပြတ်သားဘဲ “ဗလုံးဗထွေး” ဖြစ်နေရင် ‘သ’ နဲ့ ‘တ’ ကို ကွဲကွဲပြားပြား မပြောနိုင်ဘဲ “သွားတယ်” အစား “တွားတယ်” ဆိုတာမျိုး ဖြစ်နေရင်၊ “ရေတွင်း” အစား “ရေတွန်း” ဆိုတာမျိုး ဖြစ်နေရင်၊ နားထောင်သူအဖို့ ဘာမှနားလည်လိုက်မှာ မဟုတ်ပါဘူး။


သတင်းလွှင့်တဲ့အခါ တခါတလေ အရေးကြီးတဲ့အကြောင်းကိစ္စတွေကို တယောက်တည်းဆက်တိုက် တနာရီမက ပြောရတာမျိုးတွေ ရှိတတ်ပါတယ်။ အဲဒီအခါမျိုးတွေမှာ အသံ “ကွဲ” သွား၊ “နစ်” သွားတာမျိုးတွေမဖြစ်ဘဲ တောက်လျှောက် အသံလုံလုံနဲ့ ပြောသွားနိုင်ဖို့ လိုပါတယ်။


နောက်ပြီး အသံသြဇာရှိဖို့ဆိုတာလည်း အင်မတန် အရေးကြီးပါတယ်။ “ကြီးကောင်ငင်သံ” မပျောက်သေးတဲ့ အသံမျိုး၊ ကြောင်စီစီနဲ့ “မနှဲလေး” အသံမျိုးကို ကြားလိုက်ရရင် နားထောင်သူပရိသတ်က ရယ်စရာ လှောင်စရာအဖြစ် သဘောထားသွားတတ်ပါတယ်။ အဲဒီလိုဆိုရင် ကိုယ်ပြောပြနေတဲ့သတင်းအပေါ်မှာ ယုံကြည်မှု၊ လေးနက်မှု လျော့ပါးသွား စေပါတယ်။

အသံလွှင့်လုပ်ငန်းဆိုတာ အင်မတန်ကို အရေးပါတဲ့လုပ်ငန်း ဖြစ်ပါတယ်။ အဲဒါကြောင့် အသံလွှင့်ကြေညာသူတွေရဲ့ အလုပ်ကလည်း အင်မတန် တာဝန်ကြီးပါတယ်။ ခက်လည်း ခက်ခဲပါတယ်။ ရေးပေးထားတဲ့စာကို ဖတ်တတ်ရုံနဲ့ မလုံလောက်ပါဘူး။

အဖြတ်အတောက်၊ လေယူလေသိမ်း၊ အသံ အနိမ့်အမြင့်၊ အတက်အကျ ဆိုတာတွေ မှန်ကန်ဖို့၊ ဌာန်ကရိုဏ်းကျဖို့ ဆိုတာတွေ လိုပါတယ်။

မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အသံလွှင့်လုပ်ငန်းပညာကျောင်းတို့၊ သင်တန်းတို့ဆိုတာတွေ မရှိလေတော့ အသံလွှင့်လုပ်ငန်းရဲ့အစွမ်းကို နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ထိထိရောက်ရောက် အသုံးမပြုနိုင်ကြသေးပါဘူး။

မြန်မာနိုင်ငံ အသံလွှင့်နဲ့ ရုပ်မြင်သံကြားလုပ်ငန်းတွေမှာ ဟိုခေတ်က ပညာရှင်ကြီးတွေ ဖြစ်ကြတဲ့ မြန်မာ့အသံ ဦးသန်းမြင့်တို့၊ ရွှေမောင်းကြီးတို့၊ ဦးအောင်ခင်တို့၊ ဒေါ်သန်းနှစ်တို့လို အပြောကောင်းလှရုံမက အသံသြဇာပါပြည့်ဝတဲ့ ပုဂ္ဂိုလ်မျိုးတွေ ပေါ်ထွန်းမလာတာဟာ ဝမ်းနည်းစရာ ကောင်းလှပါတယ်။

အသံလွှင့်ကြေညာသူဟာ အသံသြဇာပြည့်ဝရုံ၊ အသံပီသပြတ်သားရုံနဲ့တင် မလုံလောက်သေးပါဘူး။ ဘာသန္တရ၊ ဒေသန္တရ ဗဟုသုတတွေ ရှိထားဖို့လည်း လိုပါတယ်။ မြို့နာမည်၊ ရွာနာမည်၊ နိုင်ငံနာမည် ပြောတဲ့အခါ၊ နိုင်ငံခြားက ခေါင်းဆောင်တွေ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေရဲ့ နာမည်တွေကို ပြောတဲ့အခါတွေမှာ မှန်မှန်ကန်ကန် မပြောနိုင်ရင် နားထောင်သူက ကိုယ့်အပေါ် အထင်သေးသွားပါတယ်။

ကိုယ့်ကိုအထင်သေးရင် ကိုယ်ပြောနေတဲ့ သတင်းပေါ် ယုံကြည်မှုလည်း လျော့ပါးသွားပါတယ်။

မြန်မာနိုင်ငံက တချို့မြို့တွေဟာ ရေးတော့တမျိုး၊ ပြောတော့တမျိုး ရှိတတ်ကြပါတယ်။ ဥပမာ ရေးတော့ “စစ်ကိုင်း” လို့ ရေးတာကို၊ ပြောတော့ “ဇကိုင်း” လို့ ပြောပါတယ်။ “တန့်ဆည်” လို့ ရေးတာကို၊ ပြောတော့ “ဒဇယ်” လို့ ပြောပါတယ်။ “ဒီပဲယင်း” လို့ရေးတာကို၊ ပြောတော့ “ဒီဗယင်း”လို့ ပြောပါတယ်။

နိုင်ငံခြားတိုင်းပြည် မြို့ရွာတွေနဲ့ နိုင်ငံခြား ခေါင်းဆောင်ကြီးတွေရဲ့ အမည်ကို အသံလွှင့်တဲ့အခါ ပိုလို့တောင် သတိထားရပါမယ်။ အပြောမှား အဆိုမှား ဖြစ်သွားရင် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်သွားစေနိုင်ပါတယ်။

အသံလွှင့်သတင်း (၆)
“တချို့အသံလွှင့်ဌာနတွေက သောတရှင်တွေအတွက် သတင်းတွေ၊ ပညာပေးအကြောင်းအရာတွေ ထုတ်လွှင့်နေတာတွေကို နားထောင်မိတဲ့အခါတိုင်း မတတ်ဘဲနဲ့တော့ ဆရာ မလုပ်ကြပါနဲ့၊ နားထောင်နေတဲ့သူတွေကို မစော်ကားကြပါနဲ့လို့ အော်ချင်စိတ်တွေ ပေါက်ပေါက်လာပါတယ်။ သူတို့က နားထောင်နေကြသူတွေ အားလုံးကို ‘နလပိန်းတုံး’ တွေလို့ ထင်ပြီး သူတို့က ပညာပေးမှဖြစ်တော့မယ်လို့ ယူဆနေကြတာကိုး …”

ဒီနေ့စာနယ်ဇင်းတွေမှာ အတွေ့ရများတဲ့ ‘ဒေါင်ဖန်း’ လယ်ထွန်စက်ဆိုတာကို အဓိပ္ပာယ် မဆဝါးနိုင်လို့ အင်္ဂလိပ် စကားလုံး ရှာကြည့်တော့ ‘Dong Fang’ လို့ ရေးတာကို တွေ့ရပါတယ်။ အဲဒီကျတော့မှ အဓိပ္ပာယ်ပေါက်လာပါတယ်။ တရုတ်ပြည်ကသုံးတဲ့ ဖိုနယ်တစ် အသံလှယ်တဲ့စနစ်က မြန်မာပြည်နဲ့ မတူပါဘူး။ နိုင်ငံအများစုနဲ့လည်း မတူပါဘူး။ တရုတ်စနစ်က ‘တ’ အသံကို အင်္ဂလိပ်စာလုံး ‘D’ နဲ့ သုံးပါတယ်။


အဲဒါကြောင့် ‘ဒေါင်ဖန်း’ ရဲ့ အသံထွက်မှန်က ‘တုန်းဖန်း’ ဖြစ်ပါတယ်။ ‘တုန်းဖန်းဟုန်’ ဆိုတဲ့ သီချင်းသံဟာ တချိန်ကတော့ ပီကင်းရေဒီယိုမှာ နေ့တိုင်းကြားနေရတဲ့ အသံပါ။ ‘အရှေ့နီ’ ဆိုတဲ့ အမျိုးသားသီချင်းပါ။ တုန်းဆိုတာက အရှေ့၊ ဖန်းက အရပ်ဒေသပေါ့။ ‘တုန်းဖန်း’ ဆိုတော့ ‘အရှေ့ရပ်’ ပါ။

အသံလွှင့်တဲ့ လုပ်ငန်းနယ်ပယ်မှာ အင်မတန် သက်တမ်းရင့်လှပြီဆိုတဲ့ ပြည်ပအသံလွှင့်ဌာနကြီးတောင်မှ ဒီလို နာမည်တွေကို အသံလွှင့်တဲ့အခါ အင်မတန်မှကို ညံ့ဖျင်းလှတာ တွေ့ရပါတယ်။ အာဖရိကတိုက်က အခေါ်ရခက်တဲ့ မြို့ နာမည်၊ လူနာမည်တွေကို မဆိုထားပါနဲ့၊ တချိန်တုန်းက အနောက်အုပ်စုနိုင်ငံတွေအဖို့ နံပါတ်တစ် အရေးကြီးဆုံးနိုင်ငံ အဖြစ်သတ်မှတ်ထားရတဲ့ တရုတ်ပြည်ကြီးက လူနာမည်တွေ၊ မြို့နာမည်တွေကိုတောင် မှန်အောင် မပြောတတ်ပါဘူး။

တရုတ်ပြည်ရဲ့ မြို့တော်ကို တရုတ်ရဲ့အသံဖလှယ်စနစ်အရ Beijing လို့ စာလုံးပေါင်းပါတယ်။ ပြောတော့ ‘ပေ့ကျင်း’ ပါ။ အဲဒီလိုပဲ Deng Xiaoping ကိုလည်း ‘ဒင်ဇော်ပင်း’ လို့ အသံလွှင့် ပြောဆိုလေ့ရှိပါတယ်။ အသံထွက်မှန်က ‘တိန့်ရှောင်ဖိန်း’ ပါ။ တရုတ်ခေါင်းဆောင်တွေအနက်မှာ ခေါ်စရာနာမည် အများဆုံးက ကွယ်လွန်သူ ဝန်ကြီးချုပ် Chou Ei Lai ပါ။ သူ့ကို ‘ချောင်အင်းလေး’ လို့ ခေါ်တဲ့အခါ ခေါ်လိုက်၊ ‘ချူအင်လိုင်း’၊ ‘ချိုအင်လေး’၊ ‘ချိုအင်လိုင်း’ စသဖြင့် ခေါ်တဲ့အခါ ခေါ်လိုက်ကြနဲ့ ရှုတ်ထွေးနေတာပါပဲ။ သူ့နာမည်အမှန်က ‘ကျို့အင်းလိုင်’ ပါ။

အသံလွှင့်ဌာနကြီးတခု၊ သတင်းစာကြီးတစောင်ဟာ ဒီလိုအမှားမျိုးတွေ မရှိသင့်ပါဘူး။ ဒီကိစ္စမျိုးတွေဟာ မတတ်နိုင်တဲ့ ကိစ္စမျိုးလည်း မဟုတ်ပါဘူး။ သက်ဆိုင်ရာနိုင်ငံက အသံလွှင့်ချက်တွေကို နားထောင်လိုက်ရုံ သက်ဆိုင်ရာနိုင်ငံ သံရုံးတွေက အလကားဖြန့်ဝေပေးနေတဲ့ သတင်းထုတ်ပြန်ချက်တွေ စာစောင်တွေကို တချက်လောက် လှန်ကြည့်လိုက်ရုံနဲ့ ပြီးသွားနိုင်တဲ့ကိစ္စမျိုးပါ။ ဒါလောက် ကိစ္စမျိုးလေးကိုတောင် ဝါယမစိုက်ထုတ်ပြီး မှန်ကန်တိကျအောင် မကြိုးစားချင်တဲ့ အသံလွှင့်ဌာနမျိုးကို ပြည်သူလူထုက ဘယ်လိုလုပ်ပြီး အကြွင်းမဲ့ယုံကြည်မှု ရှိပါတော့မလဲ။

ကိုယ်ထုတ်လွှင့်တဲ့ သတင်းတိုင်းကို လူတိုင်းက အကြွင်းမဲ့ ယုံကြည်စိတ်ချမှု ရှိစေရမယ်။ ‘သတင်း’ လုပ်ငန်း အားလုံးအတွက် အကြီးမားဆုံး ‘အပြစ်’ ကြီးတခုကတော့ ‘မတိကျ မရေရာမှု’ ဖြစ်တယ်။ အဲဒါကြောင့် သတင်းတိုင်း မှန်ကန်တိကျအောင် ဂရုစိုက်ရမည်။ ကိုယ့်စိတ်ထဲမှာ ‘ဇဝေဇဝါ’ ဖြစ်နေတဲ့သတင်းမျိုးဆို လွှင့်ထုတ်ခြင်းမပြုဘဲထားတာ အကောင်းဆုံးပဲ။

တချို့အသံလွှင့်ဌာနတွေက သောတရှင်တွေအတွက် သတင်းတွေ၊ ပညာပေးအကြောင်းအရာတွေ ထုတ်လွှင့်နေတာတွေကို နားထောင်မိတဲ့အခါတိုင်း မတတ်ဘဲနဲ့တော့ ဆရာ မလုပ်ကြပါနဲ့၊ နားထောင်နေတဲ့သူတွေကို မစော်ကားကြပါနဲ့လို့ အော်ချင်စိတ်တွေ ပေါက်ပေါက်လာပါတယ်။ သူတို့က နားထောင်နေကြသူတွေ အားလုံးကို ‘နလပိန်းတုံး’ တွေလို့ ထင်ပြီး သူတို့က ပညာပေးမှဖြစ်တော့မယ်လို့ ယူဆနေကြတာကိုး။ အသံလွှင့်လုပ်ငန်းရဲ့တာဝန်ဟာ အများစုကို အသိပေး ပညာပေးဖို့ဖြစ်ပေမယ့် တတ်သိနားလည်တဲ့ သူတွေကို စော်ကားသလို မဖြစ်စေရဘူးဆိုတဲ့ အခြေခံကျင့်ဝတ်ကို သတိအမြဲရှိစေဖို့ လိုအပ်တယ်ဆိုတာ ပြောချင်ပါတယ်။

အသံလွှင့်သူကို နားထောင်နေတဲ့ လူထုက လေးစားမှုရှိမှ သူလွှင့်ထုတ်တဲ့ အကြာင်းအရာကိုလည်း ယုံကြည်မှု ရှိတော့မှာပေါ့။ အဲဒါကြောင့် အသံလွှင့်သူရဲ့ အပြောအဆို လေယူလေသိမ်းအားလုံး မှန်ကန်အောင် ဂရုစိုက်ရပါမယ်။ အသံလွှင့်သူနဲ့ နားထောင်သူဟာ အမြဲတမ်း တသားတည်း တပြေးတည်း ရှိနေစေရပါမယ်။

အသံလွှင့်သူက အပေါ်စီးကနေ ပညာပေးတယ်ဆိုပြီး ပြည်သူကို စော်ကားတာမျိုး မဖြစ်သင့်သလို ပြည်သူကို တောင်းပန်တိုးလျှိုးပြီး ကိုယ်ပြောနေတာတွေကို ‘ယုံကြည်ပါ ခင်ဗျား’ လို့ ပြောတာမျိုးလည်း မဖြစ်သင့်ပါဘူး။ ဒီနေရာမှာ အလျဉ်းသင့်လို့ အကြားမလျော်တာလေးတခုကို ပြောချင်ပါတယ်။

ရုပ်မြင်သံကြားက အစီအစဉ်အချို့ လွှင့်ထုတ်တဲ့အခါမှာ အသံလွှင့်ကြေညာသူတချို့က “မိဘပြည်သူများ ခင်ဗျား” လို့ ပြောပြောပြီး အသံလွှင့်တာကို တွေ့ရပါတယ်။ ဒီအသုံးအနှုန်းက နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲကာလ၊ လွတ်လပ်ရေးတိုက်ပွဲကာလတွေတုန်းက ကျောင်းသူ ကျောင်းသားတွေ မြို့ထဲလှည့်ပြီး လှုံ့ဆော်မှုတွေ လုပ်တဲ့အခါ၊ အလှူခံတဲ့အခါမျိုးတွေမှာ သူတို့ရဲ့မိဘတွေ ပြည်သူတွေကို ခေါ်တဲ့ အာလုပ်စကားပါ။

အသံလွှင့်ကြေညာသူအရွယ်ကလည်း ကျောင်းသားလေးအရွယ် မဟုတ်တာက တကြောင်း၊ လုပ်ငန်းရဲ့သဘာဝကလည်း သတင်းပေးတဲ့ ပြန်ကြားရေးလုပ်ငန်း ဖြစ်တာတကြောင်း ဆိုတော့ ဒီလို ခေါ်ဝေါ် ပြေ?
 
ဇော်ဝင်း ။

No comments:

Post a Comment