Sunday, July 8, 2012

အငြိမ်းစားသံအမတ်ကြီး ဦးသက်ထွန်း ငြိမ်းချမ်းစွာ အိပ်စက်သွားပါပြီ။
















ဆရာ မောင်ဝံသ ပုံ ဖြစ်ပါတယ်။

by Maung Wuntha on Sunday, July 8, 2012 at 10:36pm ·
အငြိမ်းစားသံအမတ်ကြီး ၀ဏကျော်ထင် ဦးသက်ထွန်း (၈၆နှစ်)ရဲ့ ဈာပနကို  ယနေ့ ၀၈ ၀၇ ၂၀၁၂ ညနေ ၄နာရီမှာ ရန်ကုန်မြို့ ထိန်ပင်သုသာန်မှာ ပို့ဆောင် မီးသဂြိုလ် ပြီးစီးခဲ့ပါတယ်။
ဆရာကြီး ဦးသက်ထွန်းရဲ့ ဈာပနကို မြို့မကျောင်းသားဟောင်းများ အသင်းဝင်များ၊ ဆရာကြီင်္းရဲ့ တပည့်ဟောင်းများ၊ စာပေနယ်မှ ပုဂ္ဂိုလ်များ လာရောက် ဂါရ၀ပြုခဲ့ကြပါတယ်။
ထွန်းဖောင်ဒေးရှင်းဘဏ် ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ ဒေါက်တာစိန်မောင်၊ ဒေါက်တာ ဦးမြင့်၊ ဆရာမောင်စူးစမ်း၊ အငြိမ်းစားသံအမတ်ကြီး ဦးလှမောင်၊ ဥပဒေပညာရှင် ဦးလှအောင်၊ ဆရာဦးသော်ကောင်းစတဲ့ ဆရာကြီးရဲ့ မိတ်ဆွေရင်းချာများကို တွေ့ရပါတယ်။
ထွန်းဖောင်ဒေးရှင်းဘဏ်က ဆရာကြီး ဦးသက်ထွန်းဘ၀ဖြစ်စဉ်ကို လက်ကမ်းစာစောင်ကလေး ပုံနှိပ်ဝေငှပါတယ်။
ကျွန်တော်တို့ ပြည်သူ့ခေတ်ဂျာနယ်က ဆရာကြီး ဦးသက်ထွန်းကွယ်လွန်ခြင်းနဲ့ ပတ်သက်လို့ ရေးပေးကြတဲ့ လွမ်းစာများကို စာစောင်ငယ်ကလေးပုံနှိပ်ပြီး ဝေငှပါတယ်။
ပြည်သူ့ခေတ်က လှူဒါန်းတဲ့ စာစောင်မှာ ဒေါ်အောင်ဆန်းစုကြည်ရေးပေးတဲ့  အမှတ်တရ စာတစ်စောင်လည်း ပါပါတယ်။ ပြည်သူ့ခေတ်ဂျာနယ်အတွက် ဦးသက်ထွန်း နောက်ဆုံးရေးပေးတဲ့ BURMA ဆိုသည်မှာ အင်္ဂလိပ်စကားလား ဆိုတဲ့ ဆောင်းပါးတို တစ်ပုဒ်လည်းပါတယ်။ ဘိုးလှိုင်ရေးတဲ့ ``ဦးသက်ထွန်းကို ဆုံးရှုံးရပြီ၊ နှမျောလေစွ´´ဆောင်းပါး၊ မောင်စူးစမ်း၊ ဟံသာဝတီ ဦးဝင်းတင်၊ ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)၊ တက္ကသိုလ်ရွှေရီဝင်း၊ ဂျူနီယာဝင်း၊ မောင်ဝံသ၊ လွတ်လပ်စိုး၊ ဒေါက်တာသန့်သော်ကောင်းတို့ရဲ့ လွမ်းစာတွေပါသလို ဆရာမကြီး ဒေါက်တာဒေါ်မြင့်မြင့်ခင်ရဲ့ အမှတ်တရစကားနဲ့ အင်္ဂလိပ်ကဗျာတစ်ပုဒ် ပါဝင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှတ်တရစာထဲမှာ ``ဦးသက်ထွန်းကို ဆုံးရှုံးရသည်မှာ ကျွန်မတို့နိုင်ငံအတွက် တန်ဖိုးကြီး ရတနာတစ်ရပ် ဆုံးရှုံးသွားသကဲ့သို့ ခံစားရပါသည်။ ကျွန်မတို့နိုင်ငံသူနိုင်ငံသားများအကြားမှ ဦးသက်ထွန်းများစွာ ပေါက်ဖွားလာနိုင်ပါစေ။´´လို့ ပါရှိပါတယ်။
ဆရာဘိုးလှိုင် (ဒေါက်တာတင်လှိုင်) ကတော့ ``ဒီပုဂ္ဂိုလ်မျိုး ကွယ်လွန်တာ နိုင်ငံအတွက် ဆုံးရှုံးမှုပါ။ နည်းနည်း ဆုံးရှုံးတာ မဟုတ်ပါ´´လို့ ရေးလိုက်ပါတယ်။
ကျွန်တော်ကတော့ ဒေါ်စုပြောသလိုပါပဲ၊ မြန်မာနိုင်ငံသူနိုင်ငံသားများအကြားမှ ဦးသက်ထွန်းများစွာ ပေါက်ဖွားလာနိုင်ပါစေလို့ပဲ ဆုတောင်းလိုက်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ အရေးတကြိးလိုနေတာက ဦးသက်ထွန်းတို့လို လူချွန်လူကောင်းတွေပါ။
၀၈ ၀၇ ၂၀၁၂
maungwuntha@gmail.com

 by Maung Wuntha on Sunday, July 8, 2012 at 10:36pm ·

No comments:

Post a Comment