Wednesday, July 4, 2012

သူယုတ်မာဒေဝဒတ်အလောင်း ရွဲကုန်သည်လို အော်ဟစ်ဆဲဆိုကြိမ်းမောင်းသံတွေထွက်နေပါပေါ့လား



မစားရတဲ့ အမဲ သဲနဲ့ပက်မှာလား
---ဦဖိုးသာအောင်
၂၇။၆။၂၀၁၂
၂၂.၀၆.၂၀၁၂ သောကြာနေ့နံနက်ပိုင်း ဗွီအိုအေ ရေဒီယိုမှာ သတင်း တပုဒ်ကြားလိုက်ပါတယ်၊ တရုတ်ကွန်မြူနစ် ပါတီက ထုတ်ဝေတဲ့ Global Times ဂျာနယ်ရဲ့ သုံးသပ်ချက် ဆောင်းပါးပါတဲ့ အဲ့ဒီ့သတင်းကို နားထောင်ပြီး ဆောင်းပါးရေးဖို့ ခေါင်းစဉ် စဉ်းစားတဲ့အခါမှာ အသင့်တော်ဆုံးဖြစ်တဲ့ အထက်ပါခေါင်းစဉ်ကိုပဲ ရွေးချယ်မိပါတယ်။

အစဉ်တစိုက်သူတပါး ပြည်တွင်းရေးကို ဝင်မစွက်ပါနဲ့လို့ အကြိမ်ပေါင်းမရေမတွက်နိုင်အောင်ပြောခဲ့တဲ့ တရုတ်အစိုးရသည် ယနေ့ သူတပါး ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်တဲ့ စကားတွေကို ပြောင်ပြောင် တင်းတင်းပင် ပြောဆိုလာနေပါပြီ။

ဒီမိုကရေစီစနစ်ဆိုတာ မြန်မာနိုင်ငံအတွက် ကိုးဆယ့်ခြောက်ပါးရောဂါပျောက်ဆေးမဟုတ်ပါတို့၊ အနောက်ဒီမိုကရေစီ စနစ်သည် မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးနေပြီဆိုတာတို့၊ ဒီစကားမျိုးတွေဟာ နိုင်ငံကြီးတခု၊ ပါတီကြီးတခုက ပြောရမယ့် စကားများမဟုတ်သလို ပြောသင့် မပြောသင့်ဆိုတာကိုလည်း စဉ်းစားချင့်ချိန်တတ်ရပါမယ်၊ အခုတော့ ဒီလိုမဟုတ်ပါ၊ သူတော်ကောင်း ရွဲကုန်သည်ရဲ့ လက်ထဲကို ရွှေခွက်ကြီးရောက်သွားလို့ မချိတင်ကဲဖြစ်ပြီး ဒေါမနဿပွါးနေတဲ့ သူယုတ်မာဒေဝဒတ်အလောင်း ရွဲကုန်သည်လို အော်ဟစ်ဆဲဆိုကြိမ်းမောင်းသံတွေထွက်နေပါပေါ့လား တရုတ် ဂလိုဘယ်တိုင်းရေ။

၁၉၆၂ခုနှစ်မတိုင်မီက အရှေ့တောင်အာရှမှာ အဆင့်အတန်းလေးနဲ့ ပြည့်စုံကြွယ်ဝ ခဲ့ရတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံဖြစ်ခဲ့ရတာကို တရုတ်ကြီးသိပါတယ်၊ ဗ.က.ပ ကို တရုတ်ကြီးက အားပေးခဲ့ပြီး ဗိုလ်နေဝင်းကို အနောက်ကအားပေးခဲ့တာလည်း အထင်အရှားပါပဲ။
 
ဗ.က.ပ ကို တိုက်ခိုက် ခြေမှုန်းရင်း အနောက်အုပ်စုရဲ့ ပံ့ပိုးမှုတွေကို အရယူကာ စစ်အာဏာရှင်စနစ်ကို ခိုင်မာအောင် တည်ဆောက်လိုက်နိုင်တာလည်း ဗိုလ်နေဝင်းပါပဲ၊

ဗိုလ်နေဝင်း စစ်အာဏာရှင်အစိုးရသည် အမေရိကန်နဲ့ တရုတ်တို့အကြားမှာ လှေနံနှစ်ဘက်နင်းပြီး နိုင်ငံရေးကစားနိုင်ခဲ့တဲ့ အကွက်ဆိုတာကလည်း သိပ်ပြီး မထူးဆန်းလှပါဘူး၊

ကမ္ဘာ့ နိုင်ငံရေးက စစ်အေးတိုက်ပွဲ အဓိကခေတ်ကို ဖြတ်သန်းနေရလို့ပါ၊
အနောက်ဘက် လှေနံကို ဖိနင်းပြီးစစ်အာဏာရှင် အုပ်စု တစ်စုကောင်းစားရေးကိုပဲ မိုက်မဲစွာ ကြံစည်လုပ်ကိုင်သွားတဲ့ ဗိုလ်နေဝင်းတို့ အုပ်စုကြောင့် တိုင်းပြည်ချွတ်ခြုံကျခဲ့ရတာလည်း မဆန်းပါဘူး။

အဲဒီ့တုန်းက တရုတ်ကြီးက ဗ.က.ပ ကို ထောက်ခံပြီး နေဝင်း စန်းယု စစ်အစိုးရကို ရန်သူလိုမဟုတ်တောင် ရွံရှာစွာနဲ့ပဲဆက်ဆံနေခဲ့တယ်၊ ၁၉၈၀ ခုနှစ်ကျော်လာတော့ မော်နဲ့ တိန်နဲ့ အုပ်ချုပ်ရေး အပြောင်းအလဲဖြစ်လာပြီး တရုတ်ကြီးက ဗ.က.ပ ကို ပစ်ပယ်လိုက်တယ်၊

ပါတီခြင်း စတိတ်ခြင်း ဆက်ဆံရေးလမ်းစဉ်ကြီး အားနည်းမှေးမှိန်သွားပြီး စတိတ်ခြင်း ဆက်ဆံရေးက ထင်ရှားတောက်ပြောင် လာခဲ့ပါတယ်။

ကွန်မြူနစ်တရုတ်ကြီးသည် ကြောင်ဖြူ ကြောင်မဲ ခွဲမနေတော့ဘဲ ကြွက်ရဖို့အဓိကဆိုတဲ့ သဘောတရားကို ပြောင်းလဲကိုင်ဆွဲခဲ့တယ်၊
ဒါကြောင့် W.D.O ကမ္ဘာ့ကုန်သွယ်ရေး ဈေးကွက်ကို ဝင်နိုင်ဖို့ အမေရိကန်နဲ့ အပေးအယူလုပ် ကြိုးစားခဲ့ရရှာတယ်၊
ဘာလင်တံတိုင်းပြိုကျမှု့နဲ့အတူ ကွန်မြူနစ်ဝါဒကြီး ကျဆုံးလာတာကိုလည်း တရုတ်က ကောင်းကောင်းကြီး သဘောပေါက်ခဲ့တယ်၊
ဒါကြောင့် စီးပွါးရေး တောင့်တင်းမှု့အဓိက ဝါဒဘက်ကို လှည့်လိုက်တယ်။

ဆင်းရဲမွဲတေပြီး ဥပဒေမစိုးမိုးတဲ့ စစ်အာဏာရှင်ရူး မြန်မာနိုင်ငံသည် တရုတ်နဲ့ကပ်နေလေတော့ တရုတ်ရဲ့စားဖတ်ဝါးဖတ် မျိုဆို့ခံ ကော်ပင်း ရိက္ခာချခံ နိုင်ငံမျိုးဖြစ်သွားခဲ့ရတယ်၊
တရုတ်မြန်မာစီးပွါးရေး ဆက်ဆံမှု့ ကိန်းဂဏန်း ပမာဏကို တရားဝင်အားဖြင့် လူတွေကိုမပြောနဲ့ နတ်သိကြားတောင်မသိနိုင်ဘူး၊ တရားမဝင် ကူးသန်းရောင်းဝယ်မှု့ပမာဏက ပိုပြီးကြီးထွားနေတာကိုတော့ ခန့်မှန်းနိုင်ကြပါတယ်။
 

စစ်အေးတိုက်ပွဲအပြီး ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်းပြောင်းလာတော့ အနောက်ကအားပေးတဲ့ ဗိုလ်နေဝင်းစစ်အာဏာရှင်အစိုးရဆိုတာလည်း မျောက်သစ်ကိုင်းလွတ်ဘဝကို ရောက်ရတော့မယ်၊
ဒီအခါမှာ စစ်အာဏာရှင်တွေက ခြေမမြဲလက်မြဲဆိုသလို ကွန်မြူနစ်တရုတ်အစိုးရကို အားကိုးအားထားပြုရန်မှတပါး အခြားမရှိတော့ပါ၊
ဒါကြောင့် ဗိုလ်ခင်ညွှန့်ကောင်းစားနေတုန်းမှာ ဆွေမျိုးပေါက်ဖေါ် ချစ်ကြည်ရေးလမ်းကြီးကိုဖေါက်ကြတယ်၊ တိကျတဲ့ နိုင်ငံတကာ စံချိန်စံညွှန်းမီ အရောင်းအဝယ် ဥပဒေစည်းကမ်းနဲ့ ကင်းလွတ်ပြီး အာဏာရှင်ချင်း နားလည်မှု့ သဘောတွေဆောင်တဲ့ ကုန်သွယ်မှု့တွေဆိုတော့လည်း ထုံးစံအတိုင်း အားငယ်သူမိအေးကပဲ နာနေရတာလည်း ဘာမှမဆန်းပါဘူး။

မဆန်းပေမယ့် ထူးနေတာကတော့ မြန်မာပြည်သူတွေက ဒီမိုကရေစီကိုတောင်းနေတဲ့အခါမှာ တရုတ်ကြီးက စစ်အစိုးရဘက်က အပြတ်ကြီးရပ်ပေးနေတယ်၊ ကုလသမဂ္ဂမှာ မြန်မာပြည်ဒီမိုကရေစီရရေးနဲ့ ပါတ်သက်ဆက်နွယ်လာတဲ့ အဆိုပြုချက်အားလုံးကို တရုတ်နဲ့ရုရှားက ဗီတိုအာဏာနဲ့ ပယ်ချနေကြပြီး စစ်အာဏာရှင် စနစ်မပျောက်ပျက်ရေးကိုပဲ ဆောင်ရွက်နေကြတာ အထင်အရှားပါပဲ၊ အဲဒီ့လိုနိုင်ငံရေးအရ စစ်အစိုးရကို ထောက်ခံသမှု့ပြုနေတဲ့အတွက် မြန်မာစစ်အစိုးရက ပြန်လည်ပေးဆပ်ရတဲ့ အရင်းအနှီးကတော့ ကြီးမားလှပါတော့တယ်။


အချောင်နှိုက်နေတဲ့ နယ်စပ်ကုန်သွယ်ရေးအဖြစ် တရုတ်ကိုပေးအပ်လိုက်ရတဲ့ စာချုပ်စာတမ်းနဲ့ နှစ်ရှည် ဘက်စုံစီမံကိန်းကြီးတွေပါပဲ၊ ရေနံ ဓါတ်ငွေ့နှင့် လျှပ်စစ်ထုတ်လုပ်ရေးမှအစ မြေပေါ်မြေအောက် သယံဇာတများ၊ စစ်လက်နက်ပစ္စည်းများ၊ ကူးသန်းသွားလာရေး၊ ဆက်သွယ်ရေးစတဲ့ ဘက်ပေါင်းစုံ စီမံကိန်းများကို တိုင်းသူပြည်သား လူအများက တိတိကျကျမသိကြရတဲ့ စာချုပ်များကို စစ်အာဏာပိုင်ကြီး တို့နဲ့ တရုတ်ကြီးတို့က လက်ကြိတ်ထိုးချုပ်ဆိုခဲ့ကြတယ်၊
တရုတ်ဘက်က ဘယ်လောက်အကျိုးအမြတ်ကြီးတွေခံစားရပြီး မြန်မာဘက်က ဘယ်လောက်ဆုံးရှုံးနစ်နာခဲ့ရပြီဆိုတာကိုလည်း အတိအကျမသိရတဲ့ အဖြစ်တွေပါ၊ ငါးပါးကြီးမှောက်တော့မယ့် မြစ်ဆုံစီမံကိန်းတခုကိုပဲ နမူနာ ယူကြပါစို့။

ဒါကြောင့် ရသလောက် လက်ကုန်နှိုက်မယ့် အကြံအစည်နဲ့ တရုတ်ကြီးသည် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရမှာနှင့် တရားဥပဒေ စိုးမိုးလာမှာကို ဘယ်လိုလုပ်ပြီး လိုလားမှာလဲ၊ မပျက်ပျက်အောင်ဖျက်ဖို့က သူ့တာဝန်လိုဖြစ်နေပြီမဟုတ်ပါလား။ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးကို အစဉ်တစိုက် ကဖျက် ယဖျက်လုပ်နေတဲ့ တရုတ်ကွန်မြူနစ်ကြီးရဲ့ အသံဟာ အခုတော့ ပေါ်ပေါ်တင်တင် ကျယ်ကျယ်လောင်လောင် ဖြစ်လာပါပြီ၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ Global Times ဆောင်းပါးက ဖေါ်ပြနေပါပြီ။

မြန်မာ့အပြောင်းအလဲတွေကို အလျှင်စလိုမဖြစ်သင့်ဘူးတဲ့ … ကဲ မြန်မာပြည်သူတွေအတွက်ကတော့ တိုးတက်ပြောင်းလဲတာဟာ မြန်လေကောင်းလေပေါ့၊ မဟုတ်ဘူးလား၊ ဆင်းရဲတွင်းနက်နေကြတဲ့ ဘဝတွေလေ ကြာခဲ့ပါပကော၊ ဘယ်လောက်ရှေ့ဆက်ပြီး ဝဋ္ဋ်ဘက်ကြီး ခံနေကြရအုန်းမှာလဲ၊ ကိုယ်ချင်းစာတရားကင်းမဲ့လှချည့်လား ကိုတရုတ်ကြီးတို့ရယ်။

မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ပြဿနာအားလုံးကို ဒီမိုကရေစီဆိုတဲ့အရာ တခုတည်းနဲ့ ဖြေရှင်းလို့မရနိုင်ပါဘူးလို့ တရုတ်ကဆိုပြန်တယ်။ ဒီမိုကရေစီဆိုတာကိုရော သေသေချာချာ နားလည်ရဲ့လားလို့ မေးရမလိုဖြစ်နေပြီ ကိုတရုတ်တို့ရေ၊ အမှန်မှာတော့ ကွန်မြူနစ်ဝါဒမှာ ဒီမိုကရေစီမရှိဘူးဆိုတာ ဒီမိုကရေစီကို နားလည် ခံယူသူတိုင်းသိထားပြီးသားပါ၊ ဖက်ဆစ်တို့ အာဏာရှင်တို့ ကွန်မြူနစ်တို့မှာ ဒီမိုကရေစီမရှိကြဘူး၊ မသိတဲ့အတိုင်းမနေကြဘဲ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ပြဿနာအားလုံးကို ဒီမိုကရေစီဆိုတဲ့ အရာတခုတည်းနဲ့ ဖြေရှင်းလို့ မရဘူးလို့ မဟုတ်တရုတ်ပြောနေပြန်တယ်။

ဒီခေတ်မှာ အများဆန္ဒနဲ့ အညီပဲ နေထိုင်စားသောက်သွားလာလှုပ်ရှားကြရအုန်းမယ်၊ အထက်အောက်လွတ်လပ်စွာ ဝေဘန်ထောက်ပြခွင့် အကြံပြုခွင့်နှင့် ဆန္ဒထုတ်ဖေါ်ခွင့်တွေရှိတဲ့ ဒီမိုကရေစီစနစ်သည်သာလျှင် လူသားတွေနဲ့ အသင့်တော်ဆုံးဖြစ်နေသေးတယ်၊
သူ့ထက်သာတဲ့ စနစ်တခုမပေါ်သေးခင်မှာ သူသာအကောင်းဆုံးဖြစ်နေတယ်၊ ဒီမိုကရေစီမရှိတဲ့နိုင်ငံများနဲ့ ဒီမိုကရေစီရှိတဲ့ နိုင်ငံများကို နှိုင်းယှဉ်သုံးသပ် ကြည့်ရင် သိနိုင် ပါလျှက်နဲ့ ဒီမိုကရေစီကို တရုတ်က အကောင်းမမြင် နိုင်ဘူး ဖြစ်နေပါတယ်။

ဒီမိုကရေစီဆိုတာ ပြဿနာအားလုံးကို ဖြေရှင်းတဲ့ အရာလို့ ဘယ်သူကမှ မပြောပါဘူး၊
သို့သော် နိုင်ငံရေးမှာ အခြေခံအားဖြင့် ဒီမိုကရေစီ စနစ်ရှိမှသာ လူထုကျေနပ်ချမ်းသာမယ်လို့ တရုတ်ကိုပြောချင်တယ်၊ ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရထဲမှာ ရုပ်ဝတ္ထုရော စိတ်ခံစားချက်အရပါ ကျေနပ်ချမ်းသာမှု့တွေရှိနေတယ်ဆိုတာကို ကွန်မြူနစ်တွေ မြင်အောင်ကြည့်ဖို့လိုပါတယ်။

အနောက်တိုင်းဆန်တဲ့ ဒီမိုကရေစီ ပုံစံသည် အန္တရာယ်ကြီးမားလှပါတယ်လို့ Global Timesက သတိပေးသလို ခြိမ်းခြောက်သလိုဆိုပြန်ပါတယ်၊ စစ်အေးတိုက်ပွဲခေတ်က အဆုံးမသတ်နိုင်တဲ့ ငြင်းခုံမှု့တွေရှိခဲ့တယ်၊
ပစ္စည်းမဲ့ အာဏာရှင် ဒီမိုကရေစီစနစ်သာ အကောင်းဆုံးလို့ ဆိုခဲ့တဲ့ ကွန်မြူနစ် တွေက အခုအထိ အနောက်တိုင်းဆန်တဲ့ ဒီမိုကရေစီစနစ်ပုံစံသည် အန္တရယ်ကြီးတယ်လို့ ပြောနေတာကတော့ အတွေးအခေါ်အရ သနားစရာကောင်းနေပါတယ်၊ သီအိုရီ မှန်မမှန်ဆိုတာ လက်တွေ့နဲ့ပဲ တိုင်းရတယ် မဟုတ်လား၊ လက်တွေ့မှာ ဘယ်သူတွေ မှန်နေသလဲ၊ ရှင်းရှင်းလေးပါ။


ဒီမိုကရေစီဆိုတာ အရှေ့ပုံစံ အနောက်ပုံစံလို့ သတ်မှတ်စရာမလိုပါဘူး၊ အခြေခံက တူညီနေပါတယ်၊
မိမိတို့ လူမျိုးစရိုက်လက္ခဏာနဲ့ သဘာဝအတိုင်း ဆီလျှော်ညီညွတ်အောင် ကျင့်သုံးကြရတာကတော့ နားလည်လက်ခံပြီးသားပါ၊ ဘယ်နိုင်ငံရဲ့ ဒီမိုကရေစီစနစ်ပုံစံကို ဘယ်နိုင်ငံက ပုံတူကူးချတယ်ဆိုတာ မရှိကြပါဘူး၊ အခြေခံကျတဲ့ အများဆန္ဒနှင့် လူ့အခွင့်အရေးဆိုတာကိုပဲ လက်ခံကျင့်သုံးကြတာပါ၊
ဒါကို အနောက်ပုံစံသည် အန္တရယ်ကြီးသည်ဟု ပြောတာကတော့ သဘောတရားချွတ်ယွင်းမှုလို့ပဲ ဆိုချင်ပါတယ်။

အလျှင်စလို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်တာသည် အစွန်းရောက်သူတွေကို အားပေးလို ဖြစ်သွားမယ်လို့ တရုတ်ကွန်မြူနစ်က ပြောပြန်ပါတယ်၊ ဒါကို နားလည်ပြီးသားပါ၊
သို့သော် အစောတလျှင် ပြုလုပ်ရမယ့် ကိစ္စရှိသလို ဖြေးဖြေးချင်း လုပ်ရမယ့်ကိစ္စလည်း ရှိပါတယ်၊ အလျှင်စလို လုပ်သင့်တဲ့ကိစ္စကို အလျှင်စလို လုပ်ခြင်းအားဖြင့် အစွန်းရောက်တွေကို အားပေးသလို ဖြစ်သွားခဲ့လျှင်လည်း ဖြေရှင်းဖို့ နည်း အဆင်သင့်ရှိပြီးသားပါ၊ အရေးကြီးတာက နောက်ကျလို့ မဖြစ်တဲ့ အလုပ်ဆိုလျှင် အလျှင်စလို လုပ်ကို လုပ်ရပါမယ်။

ဒီနေရာမှာ အစွန်းရောက်ဆိုသူမှာ မည်သူမည်ဝါများလည်း၊ အမှန်တရားနှင့် လက်တွေ့ကို လက်မခံသူများအားလုံး အစွန်းရောက်တွေချည်းပါပဲ၊ ဘာသာရေးအစွန်းရောက်နဲ့ ဝါဒစွဲ စနစ်စွဲ အစွန်းရောက်တွေကိုတော့ အစဉ်အမြဲသတိထားနေရမည်သာ ဖြစ်ပါတယ်၊
ဒီမိုကရေစီ ပေါ်ထွန်းရေးအတွက် အလျှင်စလို လုပ်ကိုင်သင့်လျှင် လုပ်ကိုင်ရမည်ဖြစ်ပြီး အစွန်းရောက်၏ အန္တရယ်ကိုလည်း မျက်ခြည်မပြတ်ကြည့်ရှု့ ဆုံးမနေရမည်သာ ဖြစ်ပါတယ်၊
သို့သော် အစွန်းရောက်ဆိုသူများကို မြန်မာ့ဒီမိုကရေစီလူထုကြီးက လက်ခံကြမည် မဟုတ်ပါ၊
သူတို့ လှုပ်ရှားမှုများကိုလည်း ခွင့်ပြုကြမည် မဟုတ်ပါ၊ မြန်မာ့သွေးက အမှန်တရားဘက်မှာ အမြဲရပ်တည် နေပါသည်။

မကြာခင်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်က ဘင်္ဂါလီအရေးကိစ္စလည်း မြန်မာနိုင်ငံအတွက် အမှန်အကန် ဖြေရှင်းနိုင်တဲ့ ကိစ္စပါပဲ၊ မည်သူတွေက မည်သည့်ရည်ရွယ်ချက်ဖြင့် ဖွချင်သည်ဖြစ်စေ လူထုက လက်မခံကြပါဘူး၊ အပ်နဲ့ထွင်းရမယ့်ကိစ္စကို ပေါက်ဆိန်နဲ့ပေါက်ရအောင် ဖန်တည်းပြီး ပေါက်ဆိန်ပိုင်ရှင်က ဗိုလ်လုပ်မယ့်အကြံအစည်မျိုးသည်လည်း အင်တာနက်ခေတ်မှာ မအောင်မြင်နိုင်တော့သလို ပွဲလန့်တုန်း ဖျာခင်းမယ့် သူတွေအတွက်လည်း အခွင့်သာမှာ မဟုတ်တော့ပါဘူး၊ ဒါကြောင့် ဒီမိုကရေစီရေးအတွက် အမြန်ချီတက်နေသူတွေသည် သတိပြုစရာတခုလို့ မှု့စရာတော့ လိုမည်မဟုတ်ပါ။


မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုအားနည်းနေသည့်အပြင် အကျင့်ပျက်လာဘ်စား အဂတိလိုက်စားနေခဲ့ကြတာကို တရုတ်ကြီးအသိပါပဲ၊ စစ်အာဏာရှင်ဆိုသည်မှာလည်း တရားဥပဒေစိုးမိုးရေးနှင့် ပြဒါးတလမ်း သံတလမ်း ဖြစ်သလို၊ တဇောင်းစီးနှင့် မျက်ချီးပါပဲ၊ တရားရေးမဏ္ဏိုလ်ခိုင်မာတောင့်တင်းတယ်ဆိုတာ ဒီမိုကရေစီနိုင်ငံများမှာသာ ရှိတယ်၊
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကြီး ဆိုးရွားစွာကြီးစိုးလာမှုကြောင့် တရားဥပဒေစိုးမိုးမှု ဆိတ်သုန်းခဲ့ရတယ်၊ ဒါကို အခွင့်ကောင်းယူပြိး အစွန်းရောက်ပေါင်းစုံက အမြတ်ထုတ်ဖို့ လုပ်နေကြတာပါပဲ၊ ဒါကြောင့် ဒီမိုကရေစီ အတိုက်အခံများနှင့် ပြည်သူလူထုက တရားဥပဒေစိုးမိုးနေရေးဆိုတာကို ရှေ့တန်းတင်အဓိကထားပြီး တောင်းဆိုကြိုးပန်းနေတာဖြစ်တယ်။

မြန်မာနိုင်ငံမှာ တရုတ်ဗမာရိုက်ပွဲ၊ ကုလားဗမာအဓိကရုန်းနဲ့ နယ်စပ်ပြဿနာတွေ ရှိခဲ့ဘူးပါတယ်၊
ဖြေရှင်းမှုနဲ့အတူ ပြေလည်သွားတာချည်းပါပဲ၊ သို့သော် အမြတ်ထွက်သွားသူများကတော့ အစိုးရလည်း ဖြစ်ချင်ဖြစ်မယ်၊
အခြားနိုင်ငံကလည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါက ဟိုတုံးက အခြေအနေနဲ့ ဖြစ်ရပ်တွေပါပဲ၊ ယနေ့ အခြေအနေ ယနေ့ခေတ်နဲ့တော့ လုံးဝခြားနားသွားပါပြီ၊
အင်တာနက်ခေတ်၊ ဝီကီလိခေတ်၊ အိုင်ဖုန်းနဲ့ အိုင်းပတ်ခေတ်မှာ ခေါင်းကငုတ် ဖင်ကပေါ် ဆိုသလို အမှန်တရားသည် အမြန်တရားမျိုး ဖြစ်နေပါပြီ၊
ဘုရားသခင်သည် အမှန်တရားကို မြင်သည်၊ သို့သော် စောင့်စားနေသည်ဆိုသည့် ခေတ်မျိုး မဟုတ်တော့ပါ၊ ဒါကြောင့် မည်သူတွေက အကြံယုတ်ဖြင့် မည်သို့ဖန်တည်းကြသည်ဖြစ်စေ ဆိုးဆိုးရွားရွားနှင့် ထိန်းမနိုင် သိမ်းမနိုင် အခြေအနေကို မဆိုက်နိုင်ပါကြောင့်းနှင့် ပြည်သူ့အတွက် အမြတ်ထွက်အောင် လုပ်နိုင်ကြသည့် ခေတ်ပင်ဖြစ်နေပါတော့တယ်။
 
နောက်ဆုံး Global Times ရဲ့ ရေးသားချက်မှာ ဒီမိုကရေစီသည် မြန်မာနိုင်ငံအတွက် ကိုးဆယ့်ခြောက်ပါးရောဂါ ပျောက်ဆေးမဟုတ်လို့ ဆိုထားတာကို ဖတ်ရတော့ ပြုံးမိပါတယ်၊ ဒီလို ရေးတဲ့သူသည် ဒေါ်အောင်ဆန်းစုကြည်တယောက် ဥရောပ ငါးနိုင်ငံခရီးထွက်နေချိန်၊ ဗြိတိသျှ ပါလီမန်မှာ သမိုင်းဝင် မိန့်ခွန်းတွေ ပြောနေချိန်မှာ ဂယောင်ခြောက်ခြား ဂမူးရှုးထိုးနဲ့ မိုက်မဲပြီး အဆင်ခြင်မဲ့စာတွေ ရေးသားပြောဆိုလိုက်တယ်လို့ပဲ မှတ်ထင်ပါတယ်၊ မြန်မာနိုင်ငံမှာ အနောက်ဒီမိုကရေစီစနစ်မျိုး ထွန်းကားမှာကို အကြောက်ဆုံးဖြစ်နေသူသည် ဘယ်သူလဲဆိုတာ ထင်ရှားနေပါတော့တယ်။

နောက်ပြီး ဒီမိုကရေစီဆိုတာ ဘာလဲလို့ မသိတာလည်း ထင်ရှားတယ်၊ မြန်မာနိုင်ငံအတွက် ကိုးဆယ့်ခြောက်ပါးရောဂါပျောက်ဆေး မဟုတ်လို့ ပြောချက်က သိသာနေတယ်၊ ဒီလောက် အတွေးအခေါ် နိမ့်ပါးသူကို ရှင်းပြစရာစကားတောင် ရှာလို့မတွေ့တော့ပါဘူး၊
မြန်မာ့အကြောင်း အသိဆုံးက မြန်မာတွေပဲဖြစ်တယ်၊ မြန်မာပြည်မှာ ဒီမိုကရေစီဆိတ်သုန်းခဲ့လို့ ကိုးဆယ့်ခြောက်ပါးရောဂါနဲ့အတူ ဆင်းရဲမွဲတေမှု စစ်ဘေးစစ်ဒဏ်ခံနေရမှု၊ လူတန်းစားကွာဟမှု၊ ကျန်းမားရေးပညာရေးချို့တဲ့မှု၊ သူတပါးပြည်မှာ ကျွန်ခံနေရမှု၊ လိင်ကျွန်ဘဝကို ရောက်နေရမှုကအစ လူ့ဘဝမှာ လူ့အခွင့်အရေး လူ့အဆင့်အတန်းဆိုတာ မခံစားကြရတော့ပဲ တိရစ္ဆာန်ပမာ မြင်မြင်ရာကို ကြောက်နေရတဲ့ အဖြစ်ဆိုတာ လူပီသသူတိုင်း သိနားလည်နေကြပါတယ်။

အဲဒီကိုးဆယ့်ခြောက်ပါးရောဂါနဲ့တူတဲ့အဖြစ်သနစ်တွေသည် ဒီမိုကရေစီမရှိလို့ ဒီမိုကရေစီဆိတ်သုန်းနေလို့ ဖြစ်ရပါတယ်ဆိုတာလောက်ကို တရုတ် Global Times က သိသင့်ပါတယ်၊ ဒီလောက်ကလေးတောင် မသိဘဲ အိုင်ဒီယိုလိုဂျစ်လိုလို ဘာလိုလိုနဲ့ စကားကြီး စကားကျယ်တွေ သုံးပြီး မြန်မာနိုင်ငံကို ခြိမ်းခြောက်နေတယ်၊ မြန်မာ ဗ.က.ပ ကလည်း ဒီမိုကရေစီကို ကောင်းကောင်းနားမလည်ဘဲ လူတန်းစားအစွဲနဲ့ အစွန်းရောက်နေတယ်၊ သူကလည်း ကိုးဆယ့်ခြောက်ပါး ပျောက်ဆေးမဟုတ်ဆိုတဲ့ ဘက်ကပဲ၊ သူတို့အားလုံးကို သနားတယ်။
 
မြန်မာပြည်သူတွေသည် ဒီမိုကရေစီစနစ်ကို ခံယူကျင့်သုံးဖို့ ကြိုးပန်းနေကြသလို တရုတ်ပြည်သူ ပြည်သား အားလုံးကိုလည်း ဒီမိုကရေစီစနစ် ထွန်းကားစေလိုသော စေတနာ ရှိနေကြပါတယ်၊ တကမ္ဘာလုံးကိုလည်း ဒီမိုကရေစီကမ္ဘာကြီးဖြစ်စေချင်ကြပါတယ်၊ ဒါမှ ကမ္ဘာကြိး ငြိမ်းချမ်းပြီး တိုးတက်မယ်လို့ ယုံကြည်နေကြပါတယ်။

ဒါကြောင့် တရုတ်ကွန်မြူနစ်ပါတီရဲ့ Global Times မှ အိုင်ဒီယိုလိုဂျစ်တို့ရေ အဝိဇ္ဇာမှ ဝိဇ္ဇာဖြစ်အောင် တွေးခေါ်နိုင်ကြ ပါစေကြောင်း စေတနာနှင့် ဆုမွန်တောင်းလိုက်ပါကြောင်း။ ။

--ဦဖိုးသာအောင်
 News Myat Thi Ha

No comments:

Post a Comment