Sunday, July 15, 2012

၆၂ နှစ်မြောက် အာဇာနည်နေ့ က ကျနော် ရေးခဲ့သော စာစု

ဒီဇိုင်း Ko Myoe

by Nay Myo Zin on Sunday, July 15, 2012 at 9:34am ·
နောက်ဆုံး အနမ်း   ဟု အမည်ပေးခဲ့ဖူးပါသည်။ အခုတော့ ခေတ်တွေ ပြောင်းခဲ့ပါပြီ၊ စနစ်တွေ ပြောင်းခဲ့ပါပြီ။ သို့ပေမင့် မိမိတို့ အများပြည်သူ လိုလားသော အားလုံး တန်းတူညီမျှ လူ့အခွင့်အရေး ပြည့်ဝစွာ ပိုင်ဆိုင်နိုင်ခွင့် ရှိသော ဒီမိုကရေစီ နိုင်ငံတော်နှင့် ဒီမိုကရေစီကို လိုက်နာ ကျင့်သုံးသောနိုင်ငံသားများ အဖြစ် ကမ္ဘာ့ အလယ်တင့်တယ် ၀င့်ထယ်ဖို့ရာ ကျနော်တို့ နိုင်ငံသား အားလုံးတွင် တာဝန်တွေ တလှေကြီး ရှိနေပါသေးသည်ဟု နှုတ်ခွန်းဆက် စကားလေးပါးရင်း လွန်ခဲ့သော နှစ်အနည်းငယ်က ကျနော်ရေးခဲ့သည့် အာဇာနည်နေ့မြင်ကွင်းများ ကျနော့် ခံစားချက်များကို ပြန်လည်တင်ပြခွင့်ပြုပါခင်ဗျား္ဘ





နောက်ဆုံး အနမ်း


နောက်ဆုံး အနမ်းဆိုသည်မှာ ခွဲခါနီးတွင် ပေးသော မြတ်နိုးမှု သင်္ကေတ ဖြစ်သည်။ ချစ်ခင်သူ တစ်ဦးက အခြားသော ချစ်မြတ်နိုးရသူ တစ်ဦးကို အမြဲအမှတ်တရ ရှိနေမည့် အကြောင်း ၊ ခွဲခွါပြီး၍ ပြန်ဆုံတွေ့ ကြသည့်တိုင် မြတ်နိုး ချစ်ခင်မှု ပျက်ပြယ်မည် မဟုတ်ကြောင်း သိစေခြင်းငှာ အနမ်းလေးတွေ ပေးကြသည်။

ကျနော်သည်နေ့ ကျနော်ချစ်သော သားလေးကို နှုတ်ဆက် အနမ်းတစ်ပွင့် ပေးထားရအုံးမည်။ ဘာပြစ်မှု ကျူးလွန်မှန်း ကိုယ့်ကိုယ်ကိုပင် မသိလိုက်ရဘဲ လူမသိ သူမသိ အဖမ်းအဆီးခံနေရသော သတင်းများ မကြာခဏ ကြားနေရသောကြောင့် ကျနော်သည်လည်း မနက်ဖြန် အတွက် မရေရာနိုင်ပါ။

ကျနော်သည် ချစ်မြတ်နိုးရပါသော သားငယ်အား အနမ်းပေးတိုင်း ဒီတစ်ကြိမ်ဟာ နောက်ဆုံးလားဟု အမြဲ တွေးနေမိလေ့ရှိသည်။ ကျနော် ဒီညလည်း ချစ်သော သားငယ်အား အနမ်းချွေပါအုံးမည်။ နောက်ဆုံး မဖြစ်ပါစေနှင့်ဟုလည်း ဆုတောင်း ပါအုံးမည်။

ဘာကြောင့်ဆိုလျှင် ………
ဤစာသည် လွတ်လပ်ခွင့် ရခိုက် နောက်ဆုံးရေးသောစာ ဖြစ်ချင်ဖြစ်နိုင်သောကြောင့်ပင် ………..

ယနေ့သည် (၆၂) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ မြန်မာပြည်တွင်း ရန်ကုန်မြို့မှ ကျနော်တို့ လူနေမှု စနစ်အတွင်း အာဇာနည်နေ့နှင့် ပတ်သက်သော အထိမ်းအမှတ်၊ သတိတရ ကျင်းပသော အခမ်းအနား၊ ၊အဆင်အယင် ဘာတစ်ခုမှ မရှိပါ။ ယနေ့ ထုတ်သော မြန်မာ့သတင်းစာများကိုလည်း သေချာအာရုံစိုက်ပြီး ဖတ်ရှုသည်။ အာဇာနည် ဆိုသော စကားလုံး တစ်လုံးကို အယ်ဒီတာ အာဘော်တွင် ဖတ်ရသည်။ အာဇာနည်များ နယ်ချဲ့ လက်ချက်ကြောင့် ဇူလိုင်၁၉ တွင် ကျဆုံးခဲ့ရသည် ဆိုသော တစ်ကြောင်းသာ တွေ့သည်။

ရန်ကုန်တွင်း အိမ်ခြေနေရာ အနှံ့ မောင်းနှင်သွားလာနေသော ယာဉ်အများစုကို သေချာလိုက်ကြည့်မိသည်။ တိုင်တ၀က် လွှင့်ထူထားသော အလံ ဟူ၍ မတွေ့မိပါ။ ကျင်းပသော အခမ်းအနားများလည်း မရှိပါ။

ကျနော်တို့ အသက်ရှင်နေသော ခေတ်သည် ဘယ်လို ခေတ်ကြီးမှန်းမသိ၊ တွေးလေ ခေါင်းရှုပ်လေဖြစ်သည်။ ကမ္ဘာ့နိုင်ငံတကာတို့တွင် သူတို့ တိုင်းပြည်ကို ထူထောင်ခဲ့သော ခေါင်းဆောင်ကြီးများ အတွက်၊ တိုင်းပြည် အတွက် ပေးဆပ်ခဲ့သော သူရဲကောင်း၊ လူစွမ်းကောင်းများ အတွက် တခမ်းတနား တလေးတစား အလေးထား ကာ အမှတ်တရပွဲများ၊ အခင်းအကျင်းများ၊ ဂုဏ်ပုဒ် သတိရအောက်မေ့ခြင်းများဖြင့် ဂုဏ်ပြု ကြမြဲဖြစ်သည်။ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်း အမွေပေးမြဲဖြစ်သည်။ မျိုးဆက်သစ်များကို ထိုခမ်းနားကြီးကျယ်ခဲ့သော အာဇာနည် ခေါင်းဆောင်ကြီးများကဲ့သို့ မွန်မြတ်ရဲရင့်သည့် စိတ်ထားများ ပိုင်ရှင် ဖြစ်လာအောင် သွန်သင် ပဲ့ပြင်ကြစမြဲဖြစ်သည်။

ကျနော်တို့ မြန်မာနိုင်ငံမှာတော့ ယနေ့ အာဇာနည်နေ့သည် ဘာလိုလိုမှန်း မသိ၊ ခြောက်ကပ်သော ကြောက်လန့်စိုးထိတ်ဖွယ်သော၊ အပြင်ထွက်ရန်ပင် မ၀ံ့သူ များသော နေ့တစ်နေ့ဖြစ်နေပေသည်။
ကျနော်တို့ လူငယ်များအတွက် မြန်မာတိုင်းရင်းသားများအတွက် လွန်စွာ ၀မ်းနည်း ဖွယ်ပင်။

ယနေ့ မြန်မာနိုင်ငံ ရန်ကုန်မြို့ အခြေအနေကို ပြောပြချင်သည်။

နှစ်တိုင်း နှစ်တိုင်း ဤအချိန် ဤနေ့ရက်သို့ ရောက်တိုင်း မိုးဖွဲဖွဲရွာလေ့ရှိခဲ့သည် ဆိုသည့်အပြင် သမိုင်းအရ ဗိုလ်ချုပ်တို့ လုပ်ကြံခံရသည့် ၁၉၄၇ ခု၊ ဇူလိုင် (၁၉) ရက် ကလည်း မိုးဖွဲဖွဲရွာနေကြောင်း သိခဲ့ရသည်။

ယနေ့လည်း မိုးအုံ့နေသည်။ မကြာမီ ရွာတော့မည်။ ယနေ့ ဇူလိုင်လ (၁၉) ရက် တွင် မနက်ခင်း ကတည်းက အုံ့မှိုင်းနေသည်။ ရွာတော့မည့်ဟန် ပြင်နေသည်။

ရန်ကုန်သားများကတော့ မဖြစ်မနေ အပြင်ထွက်ကြရသူများသည် အုံ့နေသော မိုးသားများအောက် ပျားပန်း ခတ်မျှ သွားလာ တိုးဝှေ့နေတုန်းပင် ဖြစ်သည်။

သို့ပေမင့် ခါတိုင်းထက်တော့ ထူးခြားနေသယောင် ရှိသည်။ မြို့ထဲသွားသော သို့မဟုတ် ပြန်လာသော လူတို့ မျက်ဝန်းသည် တစုံတခုကို စိုးထိတ်နေကြဟန် တွေ့ရသည်။ မကြာခင် ဘာဖြစ်မည်၊ ဘယ်လိုမျိုးတွေ ပေါ်လာမည် ဘာမှ မသေချာ၊ အချို့ကလည်း ဒီနေ့ ဘာနေ့မှန်းတောင် သိကြသည့်ပုံမပေါ်။ မြန်မာနိုင်ငံသား အများစုသည် ကြောက်ရွံ့ ခြင်းနှင့်စိုးရွံ့ခြင်း ဖိစီးခြင်းအောက်မှာ နှစ်ပေါင်းများစွာ နေလာခဲ့၍လား မသိ။ လူတိုင်း နီးပါးသည် အရာရာကို မရဲမ၀ံ့ မျက်ဝန်းများဖြင့်သာ ကြည့်တတ်သည်က ကျနော် ဂရုပြုမိသည်။

ယနေ့ ကျနော် အာဇာနည် ဗိမာန်သို့ သွားရောက်အလေးပြုရန် သံဓိဌာန် ချထား၍ မနက်စောစောကပင် အာဇာနည် ဗိမာန် ရှိရာဆီသို့ ထွက်ခဲ့သည်။

လမ်းတလျောက်တွင် တွေ့ရသည်က ၀မ်းနည်းကြောင်း အထိမ်းအမှတ်ဖြင့် တိုင်ဝက် လွှင့်ထူထားသော အလံငယ်များ မဟုတ်ကြောင်း ပြောခဲ့ပြီးလေပြီ။ ဒါဆို လမ်းတလျှောက် ဘာတွေ့ရသလဲ ပြောပြပါဦးမည်။

လမ်းဆုံ လမ်းခွ နေရာများ၊ အချက်အခြာကျသော နေရာများတွင် ချထားသော ရဲလက်နက်ကိုင်များ၊ စွမ်းအားရှင် ဟု ခေါ်သည့် အခပေး ကြေးစား လူမိုက် အုပ်စုများ ကိုသာ နေရာအနှံ့တွင် လမ်းသွားလမ်းလာ လူထုအား စောင့်ကြည့် နေသည်ကို တွေ့ရှိရပေသည်။ လွန်စွာ ၀မ်းနည်းရပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက် သော နိုင်ငံ့ ခေါင်းဆောင်များနှင့် ပတ်သက်သော အရိပ်၊ အငွေ့အသက် အပြင်အဆင် ဘာတစ်ခုမှ မမြင်ရ မကြားရပါ။

ရွှေဂုံတိုင် မီးပွိုင့်နား မရောက်ခင် ကမ္ဘောဇဘဏ်နံဘေး ဗုဒ္ဓသာသနာပြု အဖွဲ့ချုပ် အထဲမှာ ရဲကားများ၊ အရှေ့တွင် အဆင့်သင့် ရပ်ထားသော ရဲကားတန်းများကို စတွေ့ရသည်။ ကားများပေါ်တွင် လက်နက်ကိုင် ရဲတပ်ဖွဲ့အင်အားများ အပြည့်နှင့် ဖြစ်သည်။

ကျနော့် ရင်ထဲ အလွန်မှ ၀မ်းနည်းမိသည်။

ဒါလား အာဇာနည်နေ့။



နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး နိုင်ငံသားတွေ အထွတ်အမြတ် ထားရမယ့် ကျဆုံး လေပြီးသော နိုင်ငံ့ခေါင်းဆောင် အာဇာနည်ကြီးများကို အောက်မေ့ သတိရ တမ်းတမှု အထိမ်းအမှတ်အဖြစ် လွမ်းဆွတ်သတိရ ကြရမည့် အာဇာနည်နေ့… ဟုတ်ရဲ့လား ဟုတောင် ထင်မိသည်။

ဘတ်စ်ကားပေါ်တွင်တွေ့ရသည့် အဘွားအို တစ်ဦးအား ကျနော် ထိုင်ခုံနေရာ ဖယ်ပေးလိုက်သည်။ သူသည် ကျနော်နှင့် အတူ နေရာတစ်နေရာသို့ သွားမည့်သူမှန်း ကျနော်သိလိုက်၍လည်း ဖြစ်သည်။ အသက် အရွယ်ကြီးရင့်နေသော သူ့အား ခရီးသည်များအကြား မတ်တပ် မစီးစေလိုသောကြောင့်လည်း ဖြစ်သည်။

အဘွားအိုသည် ပင်နီ ရင်စေ့အင်္ကျီကို ၀တ်ထားပြီး ဘယ်ဘက် ရင်အုံတွင် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံငယ်ပါ သော ရင်ထိုးကို ထိုးထားသည်။ သူ့မျက်ဝန်းများသည် စူးရှသည်။ ငြိမ်းချမ်းသည်။ ကျနော် အဘွားအိုကို တလေးတစားပင် ပြုံးပြခဲ့သည်။ သူသည် ကျနော်တို့ မျိုးဆက်သစ် လူငယ်များထက်စာလျင် နိုင်ငံအပေါ် တာဝန်ကျေသူ တစ်ဦးဖြစ်သောကြောင့် ကျနော်တို့ လေးစားရမည့်သူဖြစ်သည်။ ကားသည် ကျပ်ညပ်သည် ထိအောင်တော့ ခရီးသည်မများပါ။

သူနှင့် ကျနော် အုတ်လမ်း မှတ်တိုင်တွင် အတူတူ ဆင်းကြသည်။ ကားပေါ်မှ ဆင်းလာသူ အများစုမှာ ပင်နီ ၀တ်သောသူ မ၀တ်သောသူ အမျိုးမျိုး အစုံစုံပင် ဖြစ်သော်လည်း အားလုံးနီးပါးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရှိရာဆီ ဦးတည်ကာ သွားနေကြသည်။ ကျနော်သည် မည်သည့် နိုင်ငံရေးအဖွဲ့အစည်းဝင်မျှ မဟုတ်ပါ။ သို့သော် ယနေ့ကဲ့သို့ တစ်နိုင်ငံလုံး အထွတ်အမြတ်ထားရမည့် နေ့ထူးနေ့မြတ် အခမ်းအနားကိုတော့ တက်ရောက်ချင် ဆင်နွဲချင်သည်။

သို့သော် မြို့အနှံ့ဘယ်နေရာမှာမှ မကျင်းပကြ။ သို့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးစီး ကျင်းပရာသို့ သွားရာလူအုပ်နှင့် ရောနှောပြီး ကျနော် ကြားချင်သော ဗိုလ်ချုပ်မိန့်ခွန်းများကို သွားနား ထောင်သည်။ ကျနော်အလေးပြုချင်သော ဗိုလ်ချုပ်ကို တလေးတစား သွားအလေးပြုခြင်းဖြစ်သည်။

ဆောင်းဘောက်စ်များမှ လွင့်ပျံ့နေသော ဗိုလ်ချုပ်ပြောကြားခဲ့သည့် မိန့်ခွန်းများ အထဲတွင် နားထဲ အစွဲဆုံးမှာ လူထု စည်းလုံးညီညွတ်မှု မရှိဘူး ဆိုလျှင် ဘယ်ပါတီ ဘယ်အစိုးရတက်တက် ဟိုလူ့မျက်နှာချိုသွေးရ ၊ ဒီလူ့ မျက်နှာချိုသွေးရ ဖာသယ်လို နိုင်ငံဖြစ်နေမှာဘဲ ဆိုသည် မိန့်ခွန်းဖြစ်သည်။ မိန့်ခွန်းများ အဆုံး ဆယ်နာရီ သုံးဆယ့် ခွန် မိနစ်တွင် အသံရှည် ဥသြသံဖြင့် အားလုံး ငြိမ်သက် အလေးပြုရန် တန်းစီသော အခိုက်တွင် လမ်းတဖက်မှ လူများ ရုတ်ရုတ်သဲသဲ ပြေးလာပြီး ဓါတ်ပုံများ ဗွီဒီယိုများ ရိုက်ယူကြသည်။

သူတို့သည် ထောင်ချီသော လူထုကြီး တရိုတသေ ဦးညွတ်နေချိန်တွင် သူတို့ အလေးမပြုကြ ။ ဥသြသံ ဆွဲနေချိန်တွင်ပင် ထိုင်ရာမထ ကြည့်နေသူများ ရှိကြောင်း ကျနော်ခေါင်းမော့အပြီး လှမ်းကြည့်လိုက်ချိန် တွေ့လိုက်ရသည်။ သူတို့သည် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သော တပ်မတော်ခေါင်းဆောင်များ၏ အုပ်ချုပ် ကွပ်ကဲမှုဖြင့် ဤနေရာသို့ လာရောက်သတင်းယူကြသော စုံစမ်းထောက်လှမ်းရေး အဖွဲ့ဝင်များဖြစ် ကြသည်။

သူတို့သည်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များ အသက်ပေး၍ တိုက်ယူ ပေးခဲ့သောကြောင့် လွတ်လပ်ရေး ရခဲ့သည့် မြန်မာနိုင်ငံတွင် မွေးဖွါးလာသော မြန်မာနိုင်ငံသားများ ဖြစ်ကြသည်။ သူတို့သည် သူတို့ကျေးဇူးရှင်ကို လေးစား ရိုသေသမှု ပြုရန် မသိသူများပေလော။ လေးစားမှု မပြုရဲစေရန် ကန့်သတ် ထားခံရသောကြောင့် ပေလော။ သူတို့သမိုင်းကို သူတို့သာ ရေးခြင်း ဖြစ်ပေလိမ့်မည်။

ကျနော်တို့ လူငယ်များကတော့ အစိုးရဘက်သား ၀န်ထမ်းများ နိုင်ငံရေး ပါတီဝင် ပြည်သူများ အားလုံး ညီညီညွှတ်ညွတ် စည်းစည်းလုံးလုံးပဲ ရှိတာမြင်ချင်သည်။ စည်းစည်းလုံးလုံး မရှိလျင်ဖြင့် စောစောကတင် ကြားခဲ့ရသော မိန့်ခွန်းထဲကလို ဖါသည်နိုင်ငံ ဖြစ်နေမည် ဆိုသည်ကို ယုံကြည်သည်။

အလေးပြုပြီးသော အခါ ကျနော်တစ်ဦးတည်း အာဇာနည် ဗိမာန်ရှိရာဆီဘက် ထွက်ခဲ့သည်။ ဆုံးဖြတ်ချက် ချပြီး ခိုင်မာစေရမည်။ ကိုယ်လုပ်မည် ဆိုသော အလုပ် ဖြစ်အောင် လုပ်ရပေမည်။

သွေးဆေးကန်ဘက် အထွက် လင့်ခ်လမ်း မှတ်တိုင် ကွေ့နားအရောက် အာဇာနည် ဗိမာန်ဆီ သွားရာလမ်းတွင် တန်းစီရပ်ထားသော ရဲကားအစီး အတော်များများ တွေ့လိုက်ရပြီး လူသူ အလွန်ရှင်းနေသည်ကို စိတ်မကောင်း ဖွယ် တွေ့လိုက်ရသည်။

ရဲလက်နက်ကိုင်အဖွဲ့များက သေနတ် အသင့်ဖြင့် လမ်းဘေးဝဲယာတွင် ရှိနေကြသလို စာသင်ကျောင်းကြီး ၀င်းအတွင်းတွင်လည်း ဒိုင်နာကားများ ရပ်ထားပြီး ကားပေါ် ကားနံဘေးတွင် အဆင်သင့် အနေအထားရှိသော အရပ်ဝတ်နှင့် လူများစွာတို့က အပြင်ကို စောင့်ကြည့်နေသည်။ စွမ်းအားရှင် အမည်ခံ လူများစွာတို့သည် ထုံထိုင်းငေးမောသော အကြည့်များဖြင့် အပြင်ကို ကြည့်နေကြသည်။ သူတို့မျက်ဝန်းများသည် အရှိကို အရှိအတိုင်း မြင်ကြပုံမပေါ်ပါ။ အသိဥာဏ်မဲ့သော မျက်ဝန်းသေကြီးများနှင့် နှုတ်ဆွံ့သော ပုံစံက အများသားပင်။ စိတ်မကောင်း ဖြစ်ရပြန်သည်။

သူတို့သည်လည်း အာဇာနည်နေ့ ဥသြဆွဲခြင်းကို ကြားခိုက် အလေးပြုချင်သူများ ပါကောင်းပါပေမည်။ သို့သော် သူတို့ကို ကြီးကြပ်သော ခေါင်းဆောင်အမိန့်အတိုင်း ဒီနေရာ နေဆို နေကြရသူများသာ ဖြစ်ပေလိမ့်မည်။

အော် စနစ် …. စနစ်…. ကျနော် အပြစ်မတင်ပါ။ စနစ်ဆိုသည်ကို ကျနော်တို့ ဖန်တီးနိုင်ပါသည်။

သို့သော် စည်းလုံး ညီညွတ်ဖို့ ရိုးဖြောင့်ဖို့ တိုင်းပြည်ကို တကယ်ချစ်မြတ်နိုးဖို့တော့ လိုပေလိမ့်မည်။

အာဇာနည် ဗိမာန်အနား ကျနော် ရဲရဲတိုးသွားပါသည်။ အချိန်သည် ဆယ်နာရီ ငါးဆယ်ခန့်ရှိပါပြီ။ အထဲဝင်ဖို့ စာရင်းပေးသည်မှာ ကျနော် တစ်ဦးတည်းသာ ဖြစ်နေသည်။ အနားတွင် ဘယ်သူမှ မရှိ။ ခြောက်ကပ် တိတ်ဆိတ်လွန်းသည်။ နိုင်ငံတော် အခမ်းအနားကြီးတစ်ခုရှိရာဆီ လာနေရသည်နှင့် မတူပါပေ။

သံဆူးကြိုးများ ကာရံထားသည့် အတားအဆီးနား မရောက်ခင်ကပင် ရဲတပ်သားများ ခြံရံစောင့်ကြပ်နေသော အုပ်စုမှ ဒုရဲမှူးနှစ်ပွင့်နှင့် လူက ဘယ်သွားမလဲ ဟု ကျွန်တော့်ကို လှမ်းမေးပါသည်။ အာဇာနည် ဗိမာန်ဆီ ဦးတည်လှမ်းလာသည့် ကျနော့်ကို သိသိချည်းဖြင့် ဘယ်သွားမလဲဟု မေးသောအခါ ပထမ ဘာပြောရမှန်း မစဉ်းစားမိ။

အာဇာနည်ဗိမာန်ကို အလေးပြုသွားမလို့ပါဟု ပြန်ဖြေလိုက်သည်။ ကျနော်သည် လက်နက်ကိုင်မှန်သမျှ ကြောက်ကျင့်ရနေသည့် အရပ်သား မဟုတ်။ ၀တ်စုံမသေမသပ် ကွမ်းတရဲရဲဖြင့် လျော့ရဲသော လက်နက်ကိုင် တပ်ဖွဲ့ဝင်များ စည်းကမ်းအားနည်း နေကြပုံပင် ကျနော် မြင်လိုက်သေးသည်။

မျက်နှာခပ်တည်တည်ဖြင့် ထိတ်လန့်ခြင်းမဲ့စွာ ဖြေလိုက်သောအခါ " ဟိုအပေါက်လေးက သွားပါ" ဟု လက်ညိုး ညွန်လိုက်ရာ သံဆူးကြိုးတား ဂိတ်ကလေးရှိရာဆီ ကျနော် ခေါင်းမော့ရင်ကော့ပြီး ၀င်သွားတော့ သည်။

ကျနော် ဤနေရာသို့လာခြင်းမှာ နိုင်ငံဘဏ္ဍာခိုးရန်မဟုတ်။ မတရားမှု ကျူးလွန်ရန် မဟုတ်။ နိုင်ငံ့ ခေါင်းဆောင်ကြီးများ၏ စံထားလေးစားအပ်သော ဂုဏ်ဒြပ်များကို လာရောက် အလေးပြု ဦးညွတ်ခြင်း သာဖြစ်သည်။ ကျနော်ရဲဝံ့စွာ ၀င်သွားခဲ့သည်။

ရဲများ အရပ်ဝတ်နှင့် လူများက ကျနော့်ကို ၀ိုင်းဝန်း ပြူးကြည့်ကြသည်။ နာမည်၊ နေရပ်၊ မှတ်ပုံတင်၊ အသက်၊ အဖအမည် စုံနေအောင် ရေးသားမေးမြန်းသည်။ မှတ်တမ်း စာအုပ်ကြီးထဲ ရေးသွင်းသည်။

ကျနော်စစ်သား မလိမ်မညာပါ။ ၀င်ခွင့်ပြုမည် မပြုမည် မသေချာသောကြောင့် နာမည် အရင်းပင် ပြောလိုက်ပါသည်။ အနာဂတ်၏ အောင်စစ်သည်ဟု ခံယူထားခဲ့သော ကျနော် မလိမ်မညာချင်ပါ။ နိုင်ငံကြီး ယနေ့လို ဆင်းရဲချွတ်ချုံကျနေခြင်းမှာ အမှန်မပြော ကတိမတည် ပြည်သူ့အပေါ် သစ္စာမစောင့်သည့် ခေါင်းဆောင်တချို့ကြောင့် ဖြစ်သည်ဟု ကျနော် သုံးသပ်ပါသည်။ ထို့ကြောင့် လိမ်ညာခြင်းကို ကျွန်တော် မကြိုက်။

ရဲတပ်သားလေးများအား ကျနော့် နာမည်နှင့် ကိုယ်ပိုင်နံပတ်ကို ပြောလိုက်သည်နှင့် အံ့သြသော အကြည့်ဖြင့် ၀ိုင်းကြည့်ပါသည်။ ပြီးတော့ ပြုံးပြပါသည်။ ကျနော်ကလည်း ပြန်ပြုံးပြလိုက်ပါသည်။ စောစောက တင်းမာသော သူတို့ ဟန်ပန်တို့ လျော့ရဲသွားသည်။ တစ်ဦးက ယခုဝင်ရောက်လာသော လူစာရင်းကို လမ်းလျောက် စကား ပြောစက်ဖြင့် ရွတ်ဖတ်ပြီး သတင်းပို့နေသည်။

တာလပတ်များ ကာရံထားသော အခန်းကျဉ်းလေးထဲ ကျနော့်ကို ခေါ်သွားသည်။ တာဝန် အရပါ ခင်ဗျားဟု ရဲတပ်သားလေးက ပြောပြီး ကိုယ်ပေါ်ရှာဖွေစမ်းသပ်သည့်အခါ ကျနော်က ပြုံးပြလိုက်သည်။ ပြီးတော့ သူတို့ကို မှာပါသည်။ တာဝန်ဆိုတာတွေထက် ပြည်သူနှင့် နိုင်ငံ့အကျိုးကို အမြဲရှေးရှုထမ်းဆောင်တဲ့ ၀န်ထမ်းကောင်းတွေ ဖြစ်ပါစေ ဆိုသောအခါ သူတို့ မ၀ံ့မရဲ ပြုံးပါသည်။

ကျနော်ပြောသည်ကို သူတို့ နားလည်ပါသည်။ ထိုမှ တဖန် အရပ်ဝတ်နှင့် ရဲတပ်သား တစ်ဦးက ကျနော်နှင့် ကပ်လျှက် လျောက်လိုက်ပါပြီး အ၀င်ဂိတ်ဝဆီ လိုက်ပို့ပါသည်။ သူ့ကို ကျနော်မေးကြည့်ပါသည်။ လစာနှင့် နေထိုင်မှု အဆင်ပြေပါရဲ့လားဟု မေးကြည့်လိုက်သောအခါ အဆင်မပြေပါဘူးဗျာ ဟု ပြန်ဖြေရှာပါသည်။ ဒါဆို ဘယ့်နှယ်လုပ်မလဲဟု ကျနော် မေးငေါ့ပြလိုက်သောအခါ " မချစ်လည်း အောင့်နမ်း နေရအုန်းမှာပေါ့ ဗိုလ်ကြီးရာ" ဟု ပြန်ဖြေတော့သည်။

သူ့လို မချစ်လည်း အောင့်နမ်းခဲ့ရသူထဲတွင် ကျနော်လည်း ပါခဲ့ဖူးပါသည်။ အောင့်နမ်း နေရုံဖြင့်တော့ မိမိတို့ အနာဂတ် လူမွှေးပြောင်လာဖွယ် မရှိသောကြောင့် ထွက်လာခဲ့ခြင်းဖြစ်သည်ဟု သူ့ကိုပြောခဲ့ပြီး ဗိမာန်တွင်း ၀င်ရောက်သည့်ဂိတ်ရှိရာဆီ ကျနော် တစ်ဦးတည်း ၀င်ခဲ့ပါတော့သည်။

အလေးပြုရန် နေရာဆီသို့ အ၀င်တွင် နှစ်ကြိမ်မျှ ထပ်မံစစ်မေး ခံရပြီးနောက် ရောက်ရှိခဲ့ပါသည်။ ရှင်းလင်းနေသော အ၀င်လမ်း တလျောက် ကျနော် တစ်ယောက်တည်း ၀င်ခဲ့ပါသည်။ လမ်းဘေး တလျောက် တွင်လည်း မီးသတ်များ ရဲတပ်ဖွဲ့ဝင်များက တန်းစီပြီး ၀ိုင်းဝန်းကြည့်ရှုနေပါသည်။ ကင်မရာသမားများ ရုပ်မြင်သံကြား ရိုက်ကူးသူတို့ကလည်း ၀ိုင်းဝန်းရိုက်ကူးကြသည်။ လာသူရှား၍လော။ လာသည့်သူ မှန်သမျှ မှတ်တမ်းတင် ထားလို၍လော။

ကျနော်တစ်ယောက်တည်း ရင်ကော့ ခေါင်းမော့၍ ၀င်သွားပါသည်။ ထီးထီးကြီးရှိသော ဗိမာန် အနီရောင်ကြီးကို လှမ်းမြင်နေရပါပြီ။ ကျနော့် ရင်ထဲ ၀မ်းနည်း ဟာတာ သလိုကြီးဖြစ်မိသည်။ အပြစ်မလုံသလို ခံစားရသည်။ အာဇာနည် ခေါင်းဆောင်တို့ တိုင်းပြည်ပေါ် တာဝန်ကျေ ခဲ့ပါလျက် ကျနော်တို့ခေတ်မှ တာဝန် မကျေသလို ခံစားရသည်။


ဘာပဲပြောပြော ဒီအထဲကို ဒီနေ့ ၀င်လာနိုင်ဖို့ အတော်အားခဲ ကြိုးပမ်း ခဲ့ရသည်ကို တင်ပြ ခဲ့ပြီးသော အထက် စာတို့အရ သိပေလိမ့်မည်။

ကျနော် ခေါင်းမော့ ရင်ကော့ပြီး တစ်ဦးထဲ ၀င်ရောက်ကာ တစ်ဦးတည်း အလေးပြု ခဲ့သော်ငြား ကျနော့် အနောက်တွင် ကျနော့် နံဘေးတွင် ကျနော့်နည်းတူ အာဇာနည် ပုဂ္ဂိုလ်ကြီး များအား အလေး အမြတ် ပြုချင်ပါလျှက် လာရောက်နိုင်ခြင်း မရှိသော လာရောက် နိုင်ခွင့် မရှိသော မျိုးချစ်စစ်သားများ၊ မျိုးချစ် နိုင်ငံ သားပြည်သူ ပြည်သားများတို့၏ စိတ်ဝိဥာဉ်များ အတူတူ ကပ်ပါလာသည်ဟုသာ ခံယူပြီး အားလုံးကိုယ်စား အာဇာနည် ဂူဗိမာန်အား နက်ရှိုင်းရိုးသားသော ဂုဏ်ပြုခြင်း မျိုးဖြင့် အလေးပြုခဲ့ပါသည်။

ဤသို့ နိုင်ငံနှင့်ချီ မေ့ပျောက်ဖယ်ရှားဖို့ ကြိုးစားခြင်း ခံနေရသော အာဇာနည်ကြီးတို့အား အလေးပြုခြင်းကြောင့် ရလာနိုင်သော ရလာဒ်ကား အမြင့်ဆုံးအဖြစ် အကြောင်း အမျိုးမျိုးပြကာ ပုဒ်မ အမျိုးမျိုးတပ် အဖမ်းခံရခြင်းနှင့် အနိမ့်ဆုံး လက်ရှိ မိမိရပ်တည်နေသော ဘ၀ ၊ စည်းစိမ်၊ စီးပွားလုပ်ငန်း ၊ ထိခိုက်ခံရခြင်းမျိုးများ ဖြစ်လာနိုင် သည်ကို ကျွန်တော်သိပါသည်။

သို့သော်လည်း ဤသို့ နစ်နာဆုံးရှုံးမှု ဖြစ်လာနိုင်သည်ကို သိသောကြောင့် ကျနော်တို့ အလေးမပြုပဲ နေရမည် လော။

ထို့ကြောင့် နိဒါန်းတွင် ဖေါ်ပြခဲ့ပြီးသည့်အတိုင်း ကျွန်တော့် သားလေးအား မြတ်နိုးစွာ မြေတောင်မြှောက် စောင့်ရှောက်ရင်း အနမ်းလေးတွေ ပေးပါဦးမည်။ နောက်ဆုံး အနမ်း မဖြစ်ပါစေနှင့် ဟုလည်း ဆုတောင်းကာ လုပ်စရာ ရှိသည်များ ဆက်လုပ် နေပါအုံးမည်။
 .............................................................................................................................................................................
ဘာပဲဖြစ်ဖြစ် ဤနေ့ ဤအခါမျိုး နောက်နှစ်တွင် ကြုံဆုံရသောအခါ ယနေ့ လက်ရှိ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်များရော မြန်မာ့တပ်မတော် ခေါင်းဆောင်များ သာမက ဗိုလ်ချုပ်ကို မြတ်နိုးသူ စစ်သား ပြည်သူ လူထု အားလုံးပါ တစုတဝေးတည်း ဤဗိမာန်တွင် ရိုသေစွာ အလေးပြုနိုင်ကြပါစေဟု ဆုတောင်းမိ ပါတော့သည်။
 မကြာခင် ရက်ပိုင်းအတွင်း ကျရောက်တော့မည့်မြန်မာ တမျိုးသားလုံး အထွဋ်အမြတ်ထား စံပြုလေးစားဖွယ် အာဇာနည်နေ့ကို ရောက်ရှိတော့မည်။  ယခုနှစ် အခါသမယတွင် ကျနော် ယုံကြည်မိသည် တခုကား ကျနော့် စာစုပါ ဆုတောင်းစကားလေး ကဲ့သို့ နောက်ဆုံး အနမ်း မဖြစ်ပါစေနှင့်ဟု ဆုတောင်းရန် မလိုတော့ဟု ပင်။

အားလုံးသော အမိမြေ ချစ်သူ အပေါင်း၊ အာဇာနည် စိတ်ဓါတ်နှင့် သူရဲကောင်း တို့ တန်ဖိုးကို သိသူ မြန်မာတိုင်းရင်းသား အပေါင်းအား နောက် လေးရက်အကြာ ကျရောက်မည့် အာဇာနည်နေ့တွင် ကျနော်တို့နှင့် အတူ မွန်မြတ်သော အာဇာနည် ဗိမာန်တွင် အတူတကွ အလေးပြု ဦးညွတ်ဂုဏ်ပြုကြပါစို့ ဟု ဖိတ်ခေါ်အပ်ပါသည်။
အာဇာနည် တိုင်း သမိုင်း မသေ ပါ၊၊
နေမျိုးဇင် ..ဗိုလ်ကြီးဟောင်း

ဂဠုန်ဦးစော၏ နောက်ဆုံးနေ့ရက်များ ......




ဂဠုန်ဦးစော၏ နောက်ဆုံးနေ့ရက်များ ......

ကြိုးမိန့် ကျထားသည့် ဦးစော အတွက် ဇနီးဖြစ်သူ ဒေါ်သန်းခင်နှင့် သမီး
ဘေဘီစောတို့သည် ဒေါက်တာဘမော်နှင့် ဒေါက်တာ ဘဟန်တို့အား အယူခံရှေ့နေလိုက်ပေးရန် တောင်းပန်ပါသည်။ သို့သော် အချည်းနှီး ဖြစ်သွား ခဲ့ရသည်။(ဗမာ့ခေတ်သတင်းစာ၊ ၁-၁-၁၉၄၈)
၁၉၄၈ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ တွင် ဦးစော၏ဇနီးဖြစ်သူ ဒေါ်သန်းခင် သည် ရှေ့နေကြီး
မစ္စတာဟက်ဗောက်မှ တစ်ဆင့် အင်္ဂလန်ပြည်၊ လန်ဒန်မြို့ရှိ ဦးစော၏ညီဝမ်းကွဲ ဦးမောင်မောင်ကြီးထံ ထိုခေတ်ငွေ ကျပ် ၂၀ဝ၀ အကုန်ခံပြီး သံကြိုးတစ်စောင် ပို့ကာ အကူအညီ တောင်းခဲ့ပါသည်။ ထိုသံကြိုးစာတွင် ဤ အမှုသည် အင်္ဂလိပ်အစိုးရလက်ထက်တွင် ဖြစ်ပွားခဲ့သဖြင့် ဘိလပ်ပရီဗီကောင်စီတွင် အယူခံဝင်ခွင့်ရှိကြောင်း၊ တရားဥပဒေ အားဖြင့် ညွှန်ကြားအကြံဥာဏ်ပေးနိုင် သော ဥပဒေပါရဂူများရှာဖွေပေးရန် ပါရှိ သည်။(ဗမာ့ခေတ်သတင်းစာ၊ ၁၁-၃-၁၉၄၈)
ဦးစော၏ လက်နက်မှုကြီးကို ၁၉၄၈ ခုနှစ် ဧပြီလ ၂၀ ရက်၊ နေ့လယ် ၂ နာရီ အချိန်တွင် အင်းစိန်ထောင်ကြီးထဲတွင် အင်းစိန်သတ္တမ တရားသူကြီးက စတင် စစ်ဆေးခဲ့သည်။ ဦးစောမှာ အတော်လေး ပိန်ချုံးသွားသည်။ ဦးစောက အမှုတွင် ပါဝင်သည့် ကလေးများသည် မိမိအိမ်မှ ကလေးများဖြစ်သဖြင့်သူတို့အတွက်ရှေ့နေ ငှားပေးရန်မှာ မိမိတာဝန်ဖြစ်ကြောင်း ပြောကြားသည်။ ဦးစောက တရားခံများ ကို တွေ့ဆုံရန် တောင်းဆိုသည်။ တရား သူကြီး ဦးစိုးက မိမိတွင် အာဏာမရှိ၊ အထက်အရာရှိများနှင့်သာ စကားပြောစေ လိုကြောင်း ပြောကြားခဲ့သည်။(ဟံသာဝတီသတင်းစာ၊ ၂၁-၄-၁၉၄၈)
အင်းစိန်ထောင်ကြီးထဲတွင် နိုင်ငံ တော် လုပ်ကြံမှုတရားခံ နံပါတ်တစ် တရားခံ ဦးစောထံသို့ ဇနီးဖြစ်သူ ဒေါ် သန်းခင်နှင့် သမီး ဘေဘီစောတို့ ဧပြီလ ၁၇ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့ သည်။ ဒေါ်သန်းခင်နှင့် ဘေဘီစောတို့က ဦးစောအား ဇိနတ္ထပကာသနီကျမ်းစာအုပ် တစ်အုပ် ပေးခဲ့ကြသည်။ ဦးစောက သူ ရေးသားထားသော စာရွက်ပေါင်း ၄၀ ကျော် ၅၀ ခန့်ရှိမည့် သူ၏ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာတမ်းရှည်ကြီးကို ပေးအပ် လိုက်သည်။(ဟံသာဝတီသတင်းစာ၊ ၂၁-၆-၁၉၄၈)
အင်းစိန်ထောင်မှနေပြီး ဦးစောသည် ဇနီးဖြစ်သူဒေါ်သန်းခင်ထံ စာတစ်စောင် ကို အောက်ပါအတိုင်းရေးပို့လိုက်သည်။ မာမီခင် ကျွန်တော်၏ အလောင်းကို အိမ်သို့ မယူပါနှင့်။ ဘယ်ကိုမှလည်း မယူပါနှင့်။ သေပြီးသောအပုပ်ကောင်ကြီးဟူ၍ တရား နှင့်ဖြေပါ။ သတိသံဝေဂဖြစ်ပါ။ အနိစ္စ တရားနှင့် အနတ္တတို့ကို ပွားများပါ။ သေပြီဖြစ်၍ မထူးပါ။ ထို့ကြောင့် မာမီတို့ ဒုက္ခမရှာကြပါနှင့်တော့။ သေသူ ရည်ရွယ်၍ ပဉ္ဇင်းခံခြင်း၊ ရှင်ပြုခြင်း၊ ဆွမ်းကျွေးခြင်း စသော ကုသိုလ်ကောင်းမှုများကို လုပ်ပါက မာမီ တို့မှာကုသိုလ်ရနိုင်ပါသည်။ အမျှအတန်း ဝေပါက ကုသိုလ်ရနိုင်ပါသည်။ ဤသို့ သော ကုသိုလ်ရေးများကိုသာ ဂရုစိုက်ပါ။(မြန်မာ့အလင်း၊ ၁-၅-၁၉၄၈)
ဦးစော သေသောအခါ ရုပ်ကလပ်ကို ဇနီးဖြစ်သူ ဒေါ်သန်းခင်က အပြင်တွင် သင်္ဂြိုဟ်ရန် တောင်းဆိုခဲ့သည်။ ဆိုင်ရာမှ ခွင့်မပြုခဲ့ပေ။ သို့သော် တရားခံများအား သရဏဂုံတင်ရန်ကိစ္စတွင် ၄င်းတို့ အလိုရှိ သည့် ဘုန်းတော်ကြီးများကို ပင့်ဖိတ်ပြီး သရဏဂုံ တင်ခွင့်ကို ဧပြီလ ၅ ရက်၊ ၆ ရက်၊ ၇ ရက်နေ့များတွင် ပြုလုပ်ခွင့်များ ပေးခဲ့သည်။(မြန်မာ့အလင်း၊ ၆-၅-၁၉၄၈)
နိုင်ငံတော်လုပ်ကြံမှုနှင့် ပတ်သက် သည့် မြန်မာနိုင်ငံ တရားလွှတ်တော်ချုပ် သို့အယူခံဝင်ရောက်ရေးအတွက်အခွင့်ထူး ပေးရန် ဝင်ရောက်ထားကြသော ဦးစော၊ မောင်စိုး၊ သက်နှင်းနှင့် မှုံကြီးတို့၏အမှု ကို ဧပြီလ ၂၇ ရက်နေ့၊ နံနက် ၁၁ နာရီ အချိန်တွင် တရားဝန်ကြီးချုပ် ဆာဘဦး၊ တရားဝန်ကြီး ဦးအေးမောင်နှင့် တရား လွှတ်တော် တရားဝန်ကြီးချုပ် ဦးသိမ်း မောင်တို့ကကြားနာစစ်ဆေးပြီး စီရင်ချက် ချမှတ်လိုက်သည်။ ယခုအမှုတွင် မှား ယွင်းစွာဖြင့် တရားဥပဒေကြောင်းအား ဖြင့်လည်းကောင်း၊ အကြောင်းအရာအား ဖြင့်သော်လည်းကောင်း စစ်ဆေးခဲ့သည့် ခုံရုံးနှင့် တရားလွှတ်တော်တို့က မှားယွင်း စွာ ဆုံးဖြတ်ထားခြင်းမရှိသည်ကို တွေ့ရ သည့်အတွက် တရားခံတို့သည် ဤရုံး တော်သို့ အယူခံဝင်ရန် အခွင့်တောင်းခြင်း သည် မပေးသင့်ဟုဆိုကာ တရားခံတို့၏ အယူခံဝင်ရောက်ရေးခွင့်ပန်လွှာကို ပယ်ချ လိုက်သည်။ (သံတော်ဆင့်၊ ၁၈-၄-၁၉၄၈)
နိုင်ငံတော် လုပ်ကြံမှုကြီးနှင့် ပတ် သက်သည့် ဦးစောနှင့် အပေါင်းအပါ တရားခံ ၈ ဦးအား မေလ ၈ ရက်နေ့တွင် ကွပ်မျက်ရန်၊ အထူးခုံရုံးအဖွဲ့မှ ဆိုင်ရာသို့ ၂၈-၄-၄၈ ရက်နေ့က သေဒဏ်ဝရမ်းများ ထုတ်ပေးလိုက်သည်။ ဦးစော၏ဇနီး ဒေါ် သန်းခင်သည် ၂၇-၄-၄၈ နေ့စွဲဖြင့်
ゞင်း ၏ အေဒီလမ်းရှိ နေအိမ်ကို ပြန်ပေးရန်နှင့် ၄င်း၏ လင်ယောကျာ်း အဆုံးစီရင်ပြီး သောအခါ အလောင်းကို ထိုအိမ်သို့ယူ ဆောင်ကာ သင်္ဂြိုဟ်ခွင့်ပြုရန် ဆိုင်ရာသို့ တောင်းဆိုထားသည်။(သံတော်ဆင့်၊ ၂၉-၄-၁၉၄၈)
နိုင်ငံတော် လုပ်ကြံမှုကြီးနှင့် ပတ်သက်၍ ကြိုးဒဏ်အတည်ပြုခြင်းခံရ သည့် ဦးစောသည် မေလ ၆ ရက်နေ့ ညနေအချိန်တွင် အင်းစိန်ထောင်အတွင်း ၌ မိုးညှင်းဆရာတော်ကြီးနှင့် အခြား ဆရာတော်သုံးပါးတို့၏တရားတော်တို့ကို နာယူခဲ့သည်။ ဦးစောက မိုးညှင်းဆရာ တော်ကြီးကို ငွေကျပ် ၄၅၀ဝ ရေစက်ချ လှူဒါန်းခဲ့သည်။(သံတော်ဆင့်၊ ၇-၅-၁၉၄၈)
မေလ ၈ ရက်နေ့ လင်းအားကြီး အချိန်တွင် ဦးစောနှင့် အပေါင်းအပါ တရားခံများအား ကြိုးဒဏ်ပေးမည် ဖြစ် သည်။ ရန်ကုန်ထောင်ကြီးထဲတွင် ရန် ကြီးအောင်နှင့် စိန်ကြီးတို့အား လည်း ကောင်း၊ အင်းစိန်ထောင်တွင် ဦးစော၊ မောင်စိုး၊ သက်နှင်းနှင့် မှုံကြီးတို့အား လည်းကောင်း နှစ်ယောက်တစ်တွဲစီ တစ် နာရီခြား ကြိုးပေးမည်ဖြစ်သည်။ မောင်နီ နှင့် သုခတို့မှာ နောက်လိုက်ငယ်သားများ ဖြစ်သောကြောင့် သမ္မတကြီး၏ ဆန္ဒအရ မေလ ၆ ရက်နေ့တွင် နိုင်ငံတော် ဇီဝိတ ဒါနအဖြစ် သေဒဏ်မှ ချမ်းသာပေးကာ တစ်သက်တစ်ကျွန်းဒဏ်သို့ ပြောင်းလဲ လိုက်သည်။(သံတော်ဆင့်၊ ၈-၅-၁၉၄၈)
နိုင်ငံတော်လုပ်ကြံမှုတရားခံ ဦးစော အား ချုပ်နှောင်ထားသည့် ကြိုးတိုက် အမှတ် ၃ တွင် ကြိုးဒဏ်မခံရမီ တစ်နေ့ က အောက်ပါစာလေးကို ကြိုးတိုက်နံရံ တွင် ခဲဖြင့်ရေးသွားခဲ့သည်။ အတိတ်ဘဝမကောင်းမှုက အရင်းခံကြောင့် ဒုက္ခဖြစ်ရသည်။ ဥယိဋ္ဌကကံကကပ်၍ နှိပ်စက်သောကြောင့် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်ရသည်။ အထည်ခံရုပ်ကြမ်းခုတား သေသည်နောက်တိုင်အောင် ကျန်ရှိလေ၏။(အိုးဝေ၊ ၂၇-၈-၁၉၄၈)
နံနက် ၅ နာရီ မိနစ် ၂၀ တွင် ရောက် ရှိကြသော ပရိသတ်များက ဦးစောထား ရာ ကြိုးတိုက်သို့သွားကြကြောင်း၊ ခဏမျှ အကြာတွင် ၄င်း၏အခန်းကို ဖွင့်ပေးလိုက် ရာ ၄င်းဆင်းမည်အပြုတွင် ကြိုးစင်တင် သောအခါ ဝတ်ရသောအင်္ကျီရှည်အဖြူကို ဝတ်ပေးမည်လုပ်ရာ ဦးစောက ဟိုပေါ် ရောက်မှဝတ်ပါလားခင်ဗျာဟု တောင်းပန် သည့်အတွက် မဝတ်ဘဲ ထောင်ပိုင်ကြီးက မူးမိုက်သွားမည်ကို စိုးရိမ်သဖြင့် လက်မောင်းမှ တွဲခေါ်လာကြောင်း၊ ထိုအချိန် သည်ကား နံနက် ၅ နာရီခွဲ တိတိပင် ဖြစ်၏။ ဦးစောမှာ ကြိုးတိုက်မှ ကြိုးစင်သို့ အရောက်တွင် လိုက်လာရာ ၄င်းကိုယ် တွင် ပိုးရှပ်အင်္ကျီအပြာလက်တိုနှင့် ပိုးရှမ်း ဘောင်းဘီကို ဝတ်ဆင်၍ ရှေ့ထိုးဖိနပ် အနက်ကို စီးလာကြောင်း။ ဦးစောမှာ နောက်ဆုံးအချိန်အထိ ဣနြေ္ဒမပျက်ဘဲ ပြုံးပြုံးရယ်ရယ်နှင့် ထောင်ပိုင်ကြီးအား(ဂွတ်ဘိုင်)ဟုပင် နှုတ် ဆက်သွားသေးသည်ဆိုကြောင်း။ ကြိုးစင်ပေါ်သို့ မတက်မီ ထောင် အရာရှိကြီးများက ၄င်းတို့ထုံးစံအတိုင်း ဘုရားကို အာရုံပြုရန် ခွင့်ပြုကြောင်း။ ဦးစော ကြိုးစင်ပေါ်သို့ရောက်သောအချိန် သည်ကား ၅ နာရီ ၃၂ မိနစ်ခန့်ရှိပြီဖြစ်ရာ ၄င်းအား အင်္ကျီရှည်ကို ထောင်မှူးကြီးက ဝတ်ပေးပြီး လက်နှင့်ခြေတို့ကို ကြိုးဖြင့် တုပ်ကာ အိတ်ဖြူစွပ်လိုက်ပြီး ကြိုးကွင်း ကို စွပ်လိုက်သည်။ တစ်ခဏမျှကြာသော အခါ ကြိုးတိုက်ဆိုင်ရာ ထောင်မှူးကြီးက ဖြုတ်လိုက်တော့ကြောင်း၊ ထိုအချိန်သည် ၅ နာရီ ၃၃ မိနစ်တိတိအချိန်ပင် ဖြစ်ရ ကား သံပြားကျသွားသော ဒိုင်းဟူသော အသံမှတစ်ပါး ဘာမှမကြားရ။ ကြိုးစင် အောက်ဘက်သို့ လှမ်းကြည့်လိုက်သော အခါ မပြောပလောက်သော လှုပ်ရှားမှု ကလေးဖြင့် မိနစ်အနည်းငယ်အတွင်း ဇီဝိန်ချုပ်သွားတော့ကြောင်း။ (သတင်းစာရေးသားချက်အတိုင်း ကူးယူဖော်ပြသည်) (သံတော်ဆင့်၊ ၈-၅-၁၉၄၈)
ဂဠုန်ဦးစောဇနီးထံမှ လျော်ကြေး ၄ သိန်းရလိုကြောင်း ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ လုပ်ကြံခြင်းခံရမှုတွင် ပါဝင် သည့် သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်း ဆက်သွယ်ရေးဌာန အတွင်းဝန် ဦးအုန်း မောင်၏ ကျန်ရစ်သူဇနီး ဒေါ်သိန်ြးွကယ် နှင့် သားသမီးများက တရားလွှတ်တော် တွင် တရားမကြောင်းဖြင့် တရားစွဲဆိုခဲ့ သည်။ အဆိုပါ တရားမမှုကြီးနှင့်ပတ် သက်ပြီး ဒေါ်သိန်ြးွကယ်ဘက်မှ လိုက်ပါ ဆောင်ရွက်သည့်ဝတ်လုံတော်ရမှာ ဒေါက် တာ ဘဟန် ဖြစ်သည်။ (မြန်မာ့အလင်း၊ ၂၉-၆-၁၉၅၀)

မှတ်ချက်
အချက်အလက်များကို လွတ်လပ်ရေးကြေညာပြီး ချိန် မြန်မာနိုင်ငံ၊ ၁၉၄၈-၁၉၉၈ ရွှေရတု နှစ် ငါးဆယ်ပြည့် ပြည်ထောင်စုမြန်မာနိုင်ငံသတင်းစာ မှတ်တမ်းများ၊ ပထမတွဲနှင့်ဒုတိယတွဲ၊ တက္ကသိုလ် စိန်တင် စာအုပ်များမှရယူပါသည်။
တင်ညွန့်
နောက်ဆက်တွဲ...

"ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့ အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရ ခံသွားပြီပဲ။ ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး"

(ဒေါ်အောင်ဆန်းစုကြည်)

လီလီပန်း အဖြူရောင်လေးများက ကနုတ်ပန်းကြွ မင်္ဂလာဘိသိက် ငွေဖလားကြီးထဲ၌ လှလှပပ လန်းလန်းဆန်းဆန်း။ လွန်ခဲ့ပြီးသော ဆယ်စုနှစ်သုံးခုကျော်မှကြီးကျယ် ခမ်းနားလှသည့် မင်္ဂလာအခမ်းအနားပွဲ တစ်ခု၏ မြင်ကွင်းဖြစ်သည်။

ဘိသိက်ခံမင်္ဂလာမောင်နှံမှ သတို့သမီးမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံမှုတွင် မြန်မာ့သမိုင်း တရားခံတစ်ဦးအဖြစ် ပြည်သူများအကြား ယနေ့တိုင် နာမည်ဆိုးနှင့် ရှိနေခဲ့သော ဂဠုန်ဦးစော၏ မြေးဖြစ်၏။ ဦးစော၊ ဒေါ်သန်းခင်တို့၏ သမီးဒေါ်ဘေဘီစောမှ မွေးဖွား သော ဒုတိယသမီး ဒေါ်မွန်မွန်ရင်ဖြစ်သည်။

ဒေါ်မွန်မွန်ရင်၏ မင်္ဂလာပွဲ ဘိသိက်ပန်း ငွေဖလားတွင် လီလီပန်းကိုသာ ထိုးရမည်ဆိုသည့် အဘွားဒေါ်သန်းခင်၏ တစ်ချက်လွှတ် ဆန္ဒဖြင့် ထိုလီလီပန်းဖြူဖြူ ဖွေးဖွေးများကို ရန်ကုန်တစ်မြို့လုံးတွင် မရမက ရှာဖွေခဲ့ရသည်ဆို၏။

ထိုပန်းများကို တစ်မြို့လုံးတွင် မရမက လိုက်လံရှာဖွေခဲ့ရာ နောက်ဆုံးတွင်မှ တိုက်တိုက်ဆိုင်ဆိုင်ပင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ခြံထဲ၌ စိုက်ပျိုးထားသော လီလီပန်းများရှိကြောင်း သတင်းရသဖြင့် ထိုလီလီပန်း အဖြူရောင်များကို မင်္ဂလာဘိသိက်ပန်းအဖြစ် ထိုးနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုအဖြစ်အပျက်မှာ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်က ဖြစ်ပြီး သမိုင်းဝင် မှတ်တမ်းတွင် မိသားစုနှစ်ခုကြား တစ်ကြိမ်တည်းသော အမှတ်မထင်ဆုံစည်းခဲ့သည့် ဆက်စပ်မှုတစ်ခု ဖြစ်ခဲ့လေသည်။

“ပန်းတွေ သွားခူးတဲ့နေ့က လာခူးတဲ့ လူတွေကို အန်တီဒေါ်ခင်ကြည်က အိမ်ပေါ်ကနေသော့ ပစ်ချပေးရင်း ဘယ်သူ့မင်္ဂလာဆောင်လဲလို့ မေးတယ်တဲ့။ ဦးစော၊ ဒေါ်သန်းခင်မြေး မင်္ဂလာဆောင်ပါလို့ ပြောတော့ သြော် ဒေါ်သန်းခင်က မြေးတွေဘာတွေနဲ့ ဆိုတော့ ကျွန်မထက် သူကတောင် ပိုကံကောင်းတာပေါ့လို့ ပြောတယ်တဲ့။ အဲဒီစကားလေးနဲ့ ပန်းလေးတွေက မှတ်မှတ်ရရပါပဲ” ဟု ဒေါ်မွန်မွန်ရင်က သူ့မင်္ဂလာဆောင် အမှတ်တရ ဘိသိက်ပန်းအဖြစ် ဒေါ်ခင်ကြည် စိုက်ပျိုးထားသော အဖြူရောင် လီလီပန်းလေးများကို မင်္ဂလာငွေဖလားထဲတွင် ထိုးစိုက်နိုင်ခဲ့ပုံကို ဂုဏ်ယူဝင့်ကြွား ပီတိဖြစ်စွာ ပြန်ပြောင်းပြောပြသည်။

ယခုအခါ ဦးစော၏ ဇနီး ဒေါ်သန်းခင်လည်း မရှိတော့၊ ဦးစော၏ သမီးဒေါ်ဘေဘီစောလည်း ကွယ်လွန်သွားပြီ ဖြစ်သည်။ အချိန်ကာလ ဆယ်စုနှစ်တွေလည်း တစ်စုပြီးတစ်စု ဖြတ်ကျော်ခဲ့ပြီ ဖြစ်သကဲ့သို့ ဦးစောမိသားစုဝင်တွေလည်း သမိုင်းမှအရိပ်မည်းတစ်ခု၏ ခြောက်လှန့်မှု အောက်မှ တဖြည်းဖြည်း ရုန်းထွက်လာနိုင်ပြီ ဖြစ်သည်။ သမိုင်းတရားခံ မိသားစုအဖြစ် အပြစ်ရှိသူများကဲ့သို့ ဖြတ်သန်းလာခဲ့ရသည့် ကာလများမှာ အချိန်တွေ ကြာလာသည်နှင့်အမျှ ဒေါ်မွန်မွန်ရင်၏ သား၊သမီးမြေးများ လက်ထက် ယခုအခါတွင်မူ တဖြည်းဖြည်း လွတ်မြောက်လာခဲ့ပြီဟု ဒေါ်မွန်မွန် ရင်ကယူဆလေသည်။

“အန်တီ့မေမေနဲ့ အဘွားတုန်းကတော့ တော်တော်လေး ရပ်တည် ရုန်းကန်ခဲ့ကြရတယ်။ အန်တီတို့ကျတော့ ကံကောင်းပါတယ်။ တော်တော်ကို အခြေအနေ ကောင်းလာပါတယ်။ ဒါပေမဲ့ အန်တီ့သမီးကြီးတုန်းကတော့ နည်းနည်းလေး ဂယက်ရှိခဲ့သေးတယ်။ ဆိုးဆိုးဝါးဝါးကြီးတော့ မဟုတ်ပါဘူး”

“ဦးစောမြစ်တဲ့”၊ “ဦးစောမြစ်တဲ့” ဆိုသည့် တစ်ကျောင်းတည်းနေ ကျောင်းသူ၊ ကျောင်းသားများထံမှ ကြားရသည့် မလိုလားသော အသံဟန်နှင့် ပြောဆိုမှုကိုကြုံတွေ့ခဲ့ရသည့် သမီးကြီးအတွက် ဒေါ်မွန်မွန်ရင် စိတ်ပူကာ နောက်ကျောင်းတစ်ကျောင်းသို့ ပြောင်းထားခဲ့ရသည်။

“ကလေးတွေမှာ ခံစားချက်ရှိ တယ်။ ကလေးချင်းဘာမှ ဆိုးဆိုးဝါးဝါးမရှိပေမယ့် ကျောင်းမှာ သူတို့အဘိုးနာမည်ကိုတပ်ပြောလာတော့ ကြောက်တာပေါ့လေ။ ကလေးစိတ်အနှောင့် အယှက်ဖြစ်မှာစိုးတာနဲ့ ကျောင်းပြောင်းလိုက်ရတာပေါ့”ဟု အဘိုးဖြစ် သူ၏ ဂယက်ရိုက်ခတ်မှုက မြစ်ဖြစ် သူအထိပင်ရှိခဲ့ကြောင်းကို ဒေါ်မွန်မွန်ရင်က ဥပမာပေး၍ ပြောပြသည်။

ဒေါ်မွန်မွန်ရင်မှာ ငယ်စဉ်က ပင် မိခင်နှင့်အဘွားဖြစ်သူသင်ကြား ပေးသည့်အတိုင်း နေထိုင်ခဲ့ရသလို ယခုသူ့သားသမီးမြေးများကိုလည်း ထိုကဲ့သို့ပင် ဆက်လက်သင်ကြားပေး သည့်အတွက် လူမှုပတ်ဝန်းကျင်တွင် ကောင်းမွန်စွာ နေထိုင်နိုင်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

“အန်တီ့ကိုငယ်ငယ်ကတည်း က မေမေကပြောတယ်။ ကိုယ့်မှာအပြစ်ရှိခဲ့တယ်။ အဲဒါကြောင့်သူများ တွေက အဘိုးနဲ့ပတ်သက်လို့ပြော လာရင် ပြန်ရန်ဖြစ်တာတို့ ပြန်ပြောတာတို့မလုပ်ရဘူးတဲ့ ဦးနှောက်ထဲကို အဲဒီအတိုင်းသွင်းပေးထားတာ။ အဲဒီတော့ ဘာမှ ပြန်မပြောရဲဘူး”ဟု ဒေါ်မွန်မွန်ရင်ကဆိုသည်။

ဒေါ်မွန်မွန်ရင်သည် မိသားစုနှင့်အတူ ဦးစော နေထိုင်ခဲ့ရာ အေဒီလမ်းရှိ အိမ်ခြံဝင်းနှင့် တစ်ခြံကျော်၌ လက်ရှိနေထိုင်လျက်ရှိသည်။ သူတို့အိမ်ဧည့်ခန်းဆောင်တွင် ၀င်ဝင်ချင်း တွေ့မြင်ရသည်က ဦးစောနှင့် ဇနီးဒေါ်သန်းရင်တို့ ဇနီးမောင်နှံပုံတူ ကျောက်စီပန်းချီကားကြီးဖြစ်၏။ ထိုပန်းချီကားခြေရင်းတွင် စားပွဲတစ်လုံးချကာ ရေပူရေအေး ဆက်ကပ်ထားသည်ကိုလည်း တွေ့ရသည်။

သမိုင်းတရားခံတစ်ဦး ဖြစ်သော်ငြား မိသားစုဝင်များကမူ ဦးစော ကြိုးစင်မတက် ခင် ထောင်အတွင်းမှ ရေးသားထားသောစာများကိုဖတ် ရှုသိမ်းဆည်းထားကာ ထိုစာများအရ အဘိုးဖြစ်သူ ဦးစောသည် မသေဆုံးမီ အမှန်တရားကို သိမြင်လက်ခံသွားခဲ့သည်ဟု ယုံကြည်လျက်ရှိကြ သည်။ ဦးစောက သူတို့အတွက် သူရဲကောင်း တစ်ယောက်မဖြစ်ခဲ့သော်လည်း သမိုင်းသင်ခန်းစာများ ပေးသွားခဲ့သူ တစ်ယောက်ဖြစ်သည့်အပြင် တိုင်းပြည်ကို ချစ်မြတ်နိုးခဲ့သူ တစ်ယောက်အဖြစ်လည်း လက်ခံထားကြသည်။

“သူမသေခင်ရေးခဲ့တဲ့ စာကိုကြည့်ရင်သူအမှန်တရားကို သိသွားခဲ့လို့ပေါ့။ တကယ်တော့ အထင်လွဲမှု တွေကနေ ဖြစ်လာတဲ့ သူ့ပင်ကို စိတ်ပေါ်လာတာပေါ့။ ဒေါသစိတ်ကြောင့် ဖြစ်ခဲ့ရတာလေ။ အဲဒီလိုသာ မဟုတ်ခဲ့ရင် တိုင်းပြည်လည်း ဒီလို ဘယ်ဖြစ်မလဲ။ သူလည်း တိုင်းပြည်ကို ချစ်တဲ့သူတစ်ယောက်ပဲ ဆိုတာ အန်တီတို့အိမ်မှာ ကျန်ခဲ့တဲ့ စာရွက်စာတမ်း၊ စာအုပ်တွေကို ကြည့်ရင်သိ နိုင်ပါတယ်””ဟု အဘိုးဖြစ်သူအပေါ် မိသားစုဝင်တစ်ဦးအဖြစ် နားလည်မှု ပြည့်ဝစွာဖြင့် ပြောပြသည်။



မည်သို့ပင်အဘိုးဖြစ်သူကို နားလည်မှုရှိသည်ဆိုဦးတော့ အဘိုး၏ တိုင်းပြည်အပေါ် ကျူးလွန်ခဲ့မှုအတွက် ယနေ့အချိန်ထိ ပေးဆပ်ရလျက်ရှိဆဲ ဖြစ်သည်ဟုဆိုသည်။

“လူတွေအမြင်မှာ သြော်.. ဒီမိသားစု သူတို့အပြစ်တော့သူတို့ သိသားပဲဆိုတာမျိုး ဖြစ်အောင် နေရပါတယ်။ အန်တီ့မေမေနဲ့ အဘွားတုန်းကဆိုရင် သူတို့တွေက ရှိတဲ့ပစ္စည်း ထုတ်ရောင်းတာ။ အပြင်လူနဲ့ ကူးလူးရတဲ့ စီးပွားရေးတွေ ဘာတွေလုပ်လို့ အဆင်မပြေဖူးလေ။ အဘိုးထားခဲ့တဲ့ ခြံပတ်ပတ်လည်က မြေတွေရောင်းစားပြီး နေလာခဲ့ကြတာ။ အန်တီ့အမေ လက်ထပ်ပြီး နောက်ပိုင်း အဖေက ၀န်ထမ်းဆိုတော့ အန်တီတို့လည်း ၀န်ထမ်းမိသားစုဝင်တွေ ဖြစ်လာတာပေါ့။ တဖြည်းဖြည်းနဲ့” ဟု ဦးစောမိသားစုဝင်များအဖြစ် ဖြတ်သန်းခဲ့ရသည့် အတိတ်ပုံရိပ်တို့ကို ပြန်ပြောင်းပြောပြသည်။

ယခုတော့ တဖြည်းဖြည်းနဲ့ လူမှုဝန်းကျင် ကျယ်ပြန့်လာခဲ့သည် မှာ သားကြီးက ပြည်သူတွေနဲ့ ထိ တွေ့ဆက်ဆံရသည့် အနုပညာရှင်တစ်ဦးအဖြစ် ဆယ်နှစ်ကျော်ဖြတ်သန်းခဲ့ပြီ ဖြစ်သည်။ သားကြီးက သရုပ်ဆောင် မင်းခဖြစ်သည်။

သားကြီးသရုပ်ဆောင်လုပ် လိုသည်ဟုပြောသည့်နေ့က ဒေါ်မွန် မွန်ရင်အော်လိုက်သည့်အသံမှာ တစ်အိမ်လုံးပင် လန့်သွားရသည်ဟုဆို သည်။

“သရုပ်ဆောင်ပဲ ၀ါသနာပါတယ်။ သရုပ်ဆောင်ပဲ လုပ်မယ်ဆိုတော့ အဲဒီနေ့က အန်တီအော်လိုက်တာ အိမ်ကလူတွေတောင် လန့်သွား တယ်။ အမလေး၊ အမလေး ဘယ့်နှယ့် တစ်မိသားစုလုံး လူမသိသူမသိ နေလာရပါတယ်ဆိုမှ မင်းကျမှ သရုပ်ဆောင်လုပ်မယ် ဆိုပြီးတော့လေ။ ဘယ်လို စဉ်းစားလို့မှ မရတာ။ ဒါပေမဲ့ သူတို့ အဖေက ၀ါသနာပါတာ လုပ်ပါစေ ဆိုပြီး ကြည့်နေလိုက်တာ အခု ၁၀ နှစ် တောင်ရှိခဲ့ပြီ” ဟု ဆိုလေသည်။

မင်းခသရုပ်ဆောင်လုပ်နေ စဉ်မှာလည်း အချို့က ဦးစောမြစ် အဖြစ်သိကြသူများရှိသလို အများစု ကတော့မသိကြ။ သို့သော်လည်း သူ့အနုပညာ လုပ်ငန်းတွင်တော့ အဘိုးကြောင့် တစ်စုံတစ်ရာ အရိပ် မထင်ခဲ့ဟု ဒေါ်မွန်မွန်ရင်ကဆိုသည်။

ထိုကဲ့သို့ ဦးစောမိသားစုကို သိရှိဆက်ဆံ ရင်းနှီးကြသူများဖြင့် တဖြည်းဖြည်း ပြောင်းလဲမှုများ ရှိလာခြင်းတို့က ဒေါ်မွန်မွန်ရင် လက်ထက်ကပင် စခဲ့သည်ဆိုကလည်း မမှားပေ။ အာဇာနည်နေ့ နီးတိုင်း ပြုလုပ်လေ့ရှိသည့် ဟောပြောပွဲများ၊ ကျောင်း တွင်းလှုပ်ရှားမှုများလုပ်သည့် ရက်များဆိုလျှင် ဒေါ်မွန်မွန်ရင် မိဘများက သူမကို ကျောင်းသို့မလွှတ်တော့။ ဖခင်တာဝန်ကျရာ မော်လမြိုင်မြို့ရှိ မော်ဒလိန်းကျောင်းတွင် ၄ တန်းမှ ၇ တန်းအထိတက်ခဲ့စဉ်က အမှတ်တရ တစ်ခုရှိခဲ့ဖူးသည်။

ဦးစော၏ မြေးမှန်း မြို့ကလူများရော ကျောင်းကပါ သိကြသည့်မို့ မိဘများက အာဇာနည်နေ့ အကြိုနေ့မျိုးတွင် ကျောင်းလွှတ်ရန် စိတ်ပူပန်ခဲ့သည့်အတွက် ကျောင်းမတက်ခဲ့ရ။ ထိုအကြောင်းကို ကျောင်းမှ အကြီးတန်း ကျောင်းသားများက သိကြသည့်အခါ သူ့ထံလာရောက်၍ အားပေးနှစ်သိမ့် စကား ပြောခဲ့ဖူး သည်ကို ဒေါ်မွန်မွန်ရင်မမေ့ခဲ့။ ကျောင်းသားကြီးများ၏ ထိုသို့ အားပေးနှစ်သိမ့်မှုများက ဒေါ်မွန်မွန်ရင်ကို အတော်ပင် အားတက်စေခဲ့သည်။

“ကျောင်းဟောပြောပွဲတွေမှာဆို အတန်းကြီးတွေက ပြောတာကိုး။ အဲဒီရက်မှာ ကျောင်းမတက်တာ သိတော့ သူတို့က နောက်နေ့ အတန်းထဲကို လာပြောတယ်။ ဒါက သမိုင်းကို ပြောတာပေါ့နော်။ နင်တို့နဲ့ မဆိုင်ဘူးပေါ့။ ကျောင်းမတက်ဘဲ မနေနဲ့။ နောက်ဆိုရင် လာတက်။ နားထောင်ပေါ့ ဆိုတာနဲ့ နောက်နှစ်တွေက စပြီး အဲလိုပွဲတွေ သွားတက်ဖြစ်တယ်” ဟု မိဘများက စိတ်ပူသော်လည်း ကလေးအချင်းချင်း ပြဿနာ မရှိခဲ့ဘဲ နားလည်မှုရခဲ့ပုံကို ဒေါ်မွန်မွန်ရင်က ရှင်းပြသည်။

နောက်ပိုင်းမော်လမြိုင်မှ ရန်ကုန်သို့ ပြန်ပြောင်းလာကာ အထက ၂ စမ်းချောင်း (စိန်ဖလိုး)သို့ ကျောင်းပြောင်းခဲ့သည်။ ၈ တန်းမှ ၁၀ တန်းအထိ တက်ခဲ့ခြင်းဖြစ် ကာ ကျောင်းပြောင်းစတွင် သူ့ကို အတန်းကြီးများက ဦးစောမြေးအဖြစ် လာရောက်ကြည့်ရှုကြသည်မှအပ အခြားပြဿနာ တစ်စုံတစ်ရာမရှိခဲ့။

“မိန်းကလေးကျောင်းဆိုတော့ အစ်မကြီးတွေပေါ့။ လာကြည့်ကြတယ်။ အုပ်စုလိုက် လာကြည့်ပြီးမှ အားနာသွားပြီး သြော် အသစ်ဆိုလို့ လာကြည့်တာပါ။ ဘာညာနဲ့ လျှောချသွားတယ်။ သူငယ်ချင်းတွေက ကိုယ်နဲ့ ပေါင်းကြည့်တယ်။ အဆင်ပြေတော့လည်း ခင်မင်ရင်းနှီးသွားတာပါပဲ” ဟု ဒေါ်မွန်မွန်ရင်က ပြောသည်။

သေနတ်ဒဏ်ရာ တစ်ဆယ့်သုံးချက် ထိမှန်ကျဆုံးခဲ့ရသည့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုနှင့် ထိုလုပ်ကြံ သတ်ဖြတ်မှု၏ ဦးဆောင်တရားခံ ဦးစောမိသားစု ကြားတွင်လည်း သည်ဆယ်စုနှစ်များစွာအတွင်း တွေ့ဆုံဆက်ဆံမှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း ထိုသမိုင်းဝင်ဖြစ်ရပ်အတွက် နာကြည်းမုန်းတီးမှုတို့ကို မတွေ့ရသည်က ဒေါ်ခင်ကြည် စိုက်ပျိုးထားသည့် လီလီပန်းများကို ဦးစောမြေး မင်္ဂလာဆောင်တွင် အသုံးပြုရန် ငြင်းပယ်ခြင်းမရှိခဲ့သည့် အဖြစ်အပျက်တစ်ခုကသာ ပြသနေသည်မဟုတ်။ ဦးစောမိသားစုအတွက် အမြဲကျေးဇူးတင် နွေးထွေးနေခဲ့ရသည်ဆိုသော ဒေါ်ခင်ကြည်၏ အမှတ်တရ စကားတစ်ခွန်းလည်း ရှိပါသေးသည်။

လွတ်လပ်ရေးရပြီး နိုင်ငံတော် လုပ်ကြံမှုနှင့်ပတ်သက်၍ ဒေါ်ခင်ကြည်အား နစ်နာကြေး တောင်းခံနိုင်ရန် တရားစွဲဆိုနိုင်သေးကြောင်း အကြံပြုသူရှိခဲ့သော်လည်း ထိုအချိန်က ဒေါ်ခင်ကြည် ပြောခဲ့ သည့်စကားကို ဒေါ်မွန်မွန်ရင် အဘွားမှသည် မိသားစုအားလုံးက မမေ့နိုင်ခဲ့ကြ…။

“အန်တီဒေါ်ခင်ကြည်က ဘာပြောခဲ့လဲဆိုတော့ ဒေါ်သန်းခင်က မျက်နှာမရှိဘဲ ဖြစ်ရတဲ့ မုဆိုးမ။ ကျွန်မက ဂုဏ်ရှိပြီး ကျန်ခဲ့ရတဲ့ မုဆိုးမပါ။ ဒါကြောင့် ဒေါ်သန်းခင်ဆီက ကျွန်မ ဘာမှ မယူလိုတော့ပါဘူးတဲ့။ အဘွားက အဲဒီစကားကို အခုထက် ထိမမေ့ပါဘူး” ဟုဆိုလေသည်။

ထိုအမှတ်တရများနှင့်အမှတ်တရ မင်္ဂလာဘိသိက အဖြူရောင် လီလီပန်းလေးများကပင် မိသားစုနှစ်စုကြား အဃာတတရား မရှိခဲ့ခြင်းကို သက်သေပြနေသည်။

ဒေါ်မွန်မွန်ရင်က ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်ကို အပြင်တွင် မတွေ့မမြင်ဖူးဘဲ အခြေအနေပေးခဲ့၍ တွေ့ခွင့်ရခဲ့ရပါက တွေ့လိုစိတ် ပြင်းပြင်းပြပြ ဖြစ်မိသော်လည်း တကယ်တမ်း တွေ့ရမည်ဆိုခဲ့လျှင်လည်း တွေ့ဖို့ မ၀ံ့ရဲကြောင်း ဖွင့်ဟသည်။

“ကိုယ်က ဒီမှာတောင် ငုံ့နေရတဲ့သူလေ။ ဒေါ်စုကတော့ Image အရမ်းကြီးတယ်။ ကမ္ဘာကတောင် အသိအမှတ်ပြုခံရတဲ့သူ ဆိုတော့လေ။ ဘာနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး။ မိသားစု သမိုင်းကြောင်းတွေကြောင့် တွေ့ဖူးချင်ပေမယ့်လည်း မတွေ့ရဲပါဘူး။ မေမေတို့တုန်းက ဆိုရင်တော့ တစ်မျိုးပေါ့လေ” ဟု ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြောင်းနှင့် ပြောစရာ မရှိအောင်ပင် ကွာခြားမှုများပါကြောင်း ဒေါ်မွန်မွန်ရင်က ဆိုသည်။

ဒေါ်မွန်မွန်ရင်တို့ ဦးစောမျိုးဆက် မိသားစုဝင်များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကမူ အပြစ်မရှိသူ မိသားစုဝင်များ အပြစ်ရှိသလို ခံစားနေရခြင်းကို စိတ်မကောင်းဖြစ်မိကြောင်း ကရုဏာစကား ဆိုပါသည်။

“ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရခံသွားပြီပဲ။ ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။

မိသားစုဝင်များနှင့်သာမဟုတ် ဦးစောအပေါ်ကိုပင် မည်သို့မျှ သဘော မထားကြောင်း ကို ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ “ဖေဖေနဲ့ ပတ်သက်ပြီး တွေးရင် ဦးစောကြောင့် ဖေဖေ ဆုံးသွားတယ်လို့ ဘယ်တုန်းကမှ မမြင်ဘူး။ ပြီးတော့လည်း နိုင်ငံရေးမှာ ဒီလိုပဲ ဖြစ်တတ်ပါတယ်””ဟု ဆိုလေသည်။

ဒေါ်မွန်မွန်ရင်ကတော့ သမိုင်းမှတ်တမ်းများမှာ မိသားစုနှစ်ခုကြား၌ ဖြစ်တည်ကွာခြားချက်များစွာ ရှိသော်လည်း ထိုကွာခြားမှုကြား တူညီမှုတစ်ခု ရှိမည်ဆိုသည်ကို ယခုလိုယုံကြည်မှု ပြည့်ဝစွာဖြင့် ပြောပြသည်။

“တကယ်တော့ တိုင်းပြည်ကို ချစ်ကြတာချင်းတော့ အတူတူပဲနေမှာပါ” ဟူ၍ ဖြစ်လေသည်။

စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၁ ခုနှစ်ထုတ် 7 Days Journal တွင် ဖော်ပြသော စာရေးသူ ငြိမ်းငြိမ်းနိုင်၏ ဆောင်းပါးတစ်ပုဒ်အား ကို Min Kyaw Khine (facebook)မှပြန်လည်မျှဝေလိုက်ပါသည်.။

ဒီ...ရာဇ၀င် အရိုင်းကိုဖြင့် (မင်းကိုနိုင်)


by ပြည်သူ့ခေတ် on Saturday, July 14, 2012 at 7:59pm ·


ယနေ့ စာနယ်ဇင်းများ၏ တာထွက်ခရီးမှာ အကျည်းတန်ခဲ့ပါသည်။ မိမိ ရေးသား ဖော်ပြလိုသည်များကို ဖြတ်တောက် ဖြုတ်ပယ်သည့် စိစစ်ရေးဒဏ် ခံရသလို မိမိ မယုံကြည်၊ လက်မခံနိုင်သည့် အယူအဆ၊ လမ်းစဉ်များ အပါအ၀င် ပုဂ်္ဂိုလ်ရေး အသားလွတ် တိုက်ခိုက်သည့် မိုးကျရွှေကိုယ် ဆောင်းပါးများကိုလည်း မဖြစ်မနေ ဖော်ပြခဲ့ကြရပါသည်။ 
ထိုသို့ အနိုင်ကျင့်ခံရစဉ် အယ်ဒီတာ (ခေါ်) စာတည်းတို့ မည်မျှ နာကျင်ခဲ့မည် နည်း။
          ရာဇ၀င်ရိုင်းသည် ဆိုတာ ဒါမျိုး ဖြစ်ပါလိမ့်မည်။
....
ထိုမှသည် စာနယ်ဇင်းတို့ (ဒီဘက်ခေတ်) သမိုင်းမှာ ပွဲတော်ကြီးလည်း တွေ့ခဲ့ပါ သေးသည်။
          ပွဲတော်ကြီး ဆိုသည့်အတိုင်း ရုံသွင်း လက်ဝှေ့စိန်ခေါ်ပွဲများနှယ် ကလောင်ချင်း ထိုးသတ်သည့် ပွဲများကို စာမျက်နှာများ ပေါ်၌ စီစဉ် ရုံသွင်းသူက သွင်း၍ ထိုးသူတွေကထိုး ဗိန်းမောင်းသံတွေ ညံခဲ့ပါတယ်။
          ပြီးတော့ ခေတ်စီးကြောင်းဟု ခေါ်ကြသည့် မြောင်းထဲ မျောလာသည့် ဖက်ရှင်ဒီဇိုင်းများ ပြိုင်ဆိုင်ကြရင်း အစွမ်းကုန် တိုပြတ်လာပုံများ၊
          မှုခင်း ပြစ်မှုဆိုင်ရာများ၌လည်း မည်သည့်အမှုအကြောင်း ခေါင်းစဉ်ပြာ များဖြင့် ရေပန်းစားခဲ့သည်ကို စာဖတ် သူများ အသိခဲ့ဆုံး ဖြစ်ပါလိမ့်မည်။ ငွေကြယ်ပွင့်တို့ အတွင်းရေးကိုမှ မုဆိုး သားကောင်လိုက်သလို တောနင်းရှာခဲ့ ကြသည့် ကျွန်တော်တို့ သတင်းထောက် အယ်ဒီတာများ ရွှေသမင်လိုက်ခန်းတွေ လည်း မှော်ရုံတောမှာ ရှိခဲ့ပါပြီ။
          ချုပ်ပြောရလျှင်တော့ အဲဒီကာလ စကားအတိုင်း “နိုင်ငံရေးမပါလျှင် ပြီးရော” ကျင့်စဉ်ပဲ ဖြစ်ပါသည်။
          ထိုသို့ စာပေ သရောကြီး ခိုင်းမှုကို အတွေးအခေါ်အရ ကြံ့ကြံ့ခိုင် ခုခံခဲ့ကြ သော ကလောင်များကိုတော့ ရာဇ၀င်ထဲ က သူရဲကောင်းများ အဖြစ် မှတ်တမ်း တင်ကြပါလိမ့်မည်။
.....
မကြာမြင့်မီကာလမှာတော့ စာနယ်ဇင်း၏ ရာဇ၀င်အရိုင်းကို ပြင်ခွင့် ကြိုးပမ်းလာကြ ပါသည်။
          ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်းသို့ဟု ကျွန်တော်တို့ ကြွေးကြော် ချိန်၊ စာနယ်ဇင်းများကလည်း စာပေ လွတ်လပ်ခွင့်ကို သံကုန်ဟစ်ကြပြီ။
          ပွင့်လင်း လူ့အဖွဲ့အစည်းဆိုသည်မှာ အမှောင်ပိတ်ခေတ်လို ပြစ်ဒဏ်တွေ ပေးလိုက်မည်ဟု ခြိမ်းခြောက်ခံမည် မဟုတ်။ အခွင့်အရေးကိုလည်း သိ၊ တာဝန်ယူမှုလည်း ရှိရမည်။
          စာနယ်ဇင်းတွင်လည်း လွတ်လပ်ခွင့် နှင့် တွဲလျက် ကျင့်ဝတ်ဆိုတာ ယှဉ်လျက် ထင်ရှား လာသည်။
          စကားလုံးတွေ ကွဲသည့်တိုင်၊ သဘောချင်းတော့ တူသည်ပင်။
          စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် အတူ ပရိသတ်၏ အာရုံဩတ်မှုလည်း ပြောင်း လှည့်လာသည်။ ယခင်က လေသံဟခွင့် မရခဲ့သော နိုင်ငံရေးဆိုသည့် စကားလုံး နှင့် ဒီမိုကရေစီ သဘောတရားများ ဟောခွင့် နာခွင့်လည်း ရလာသည်တွင် မူလ လက်ဟောင်း နိုင်ငံရေးသမား ဒီမိုကရေစီ ဘက်တော်သားများသာမက ခါတော်မီ ဂုရုကြီးတွေပါ ထွန်းပခဲ့ပါသည်။
          ဈေးကွက်သဘော နောကျေသည့် ထုတ်ဝေသူများကလည်း မူရင်း အပျော် ဖတ်၊ အပေါ့စား (အပေါစားဟု မဆိုရက်ပါ) အလှအပရေးရာနှင့် ဈေးဝယ်စာစောင်များ မကျန် နိုင်ငံရေးဆိုင်ရာ သတင်း၊ တွေ့ဆုံ မေးမြန်းခန်းတွေ အလုအယက် ထည့်ကြ ရသည့် ကာလတစ်ခုကို ဖြတ်သန်း ရတော့သည်။
          နဂို နိုင်ငံရေး အခြေခံ စာစောင်တွေ ကတော့ ရှင်းပါသည်။ မိမိတို့ လုပ်နိုင် ရေးနိုင်စွမ်းတွေကို ထပ်ချဲ့သည်။ တွေ့ဆုံ မေးမြန်းခန်းတွေမှာ ၀မ်းစာကောင်းသော အမေးအဖြေတွေ ဖတ်ရသည်။ နိုင်ငံရေး တစ်ခေတ်ဆန်းပြီပေါ့။
          ထိုအခြေမှ ပိုအားရစရာကောင်း လာသည်ကတော့ ယခင် အသံလွှင့်ဌာန များမှသာ ထုတ်လွှင့်လေ့ရှိသည့် တိုင်ကြားချက်များ ပြည်သူ့နစ်နာချက်များ မတရားမှုများအကြောင်း စာနယ်ဇင်းတို့ အပြိုင် ဖော်ပြလာခြင်းပင်။ (အမှိုက်ပုံ ရွှေ့ပေးပါ၊ ညှော်နံ့နံတယ် စသည်လောက် ဖော်ပြပေးခဲ့သော တိုင်ကြားချက်မျိုးကို မဆိုလိုပါ)
          သည်တွင် သတိပြုစရာကောင်းသော အချက်ကို တွေ့ရပါသည်။ ဤသည်မှာ (ဌာနဆိုင်ရာများ အပါအ၀င်) မတရား ပြုနေသူတို့သည် အမှောင်ထဲ အသံတိတ် ဒုစရိုက်ပြုနေသူများနှင့် တူလှသည်။
          စာနယ်ဇင်း အပါအ၀င် သတင်း ဌာနတွေမှ မီးမောင်းထိုးလိုက်သည်နှင့် တစ်ပြိုင်နက် အမှောင်ကြိုက် မသမာ သူတို့ လက်တွန့် လက်ရုပ်သွားကြရသည်။ သတင်း မီဒီယာတွေမှ အသံကုန် ဟစ်လိုက်သည်နှင့် မသူတော်တို့ ကိုယ်ရှိန်သတ် သွားရသည်။ စာနယ်ဇင်း အပါအ၀င် မီဒီယာတွေ၏ စွမ်းအားမှာ အပြစ်ရှိသူကို အပြစ်ဒဏ်မပေးနိုင်သည့် တိုင် အထက်က ဆိုခဲ့သလောက် (ကိုယ်ရှိန်သတ်၊ နောက်ဆုတ်သွားအောင်) တော့ စွမ်းဆောင်နိုင်ကြပါသည်။
          အချို့ မတရားမှုများအတွက် ပွင့်လင်း လူ့အဖွဲ့အစည်းသို့ လာရောက် တိုင်ကြား ရာ၌ တရားစွဲခိုင်းသော်လည်း တိုင်ကြား သူတို့ကပြောတာ စဉ်းစားဖွယ် ကောင်းလှ သည်။
          “တရားရုံးက ကြာဦးမှာ၊ မီဒီယာမှာ ပါသွားရင် သူတို့ ပျာယာခတ်ပြီး လာညှိ ကြတာ များတယ်” ဟူ၏။
          ကျွန်တော်တို့ စဉ်းစားသင့်လှသည် ထင်ပါသည်။
          တရားစီရင်ရေး အာဏာကို ပြည်သူ တွေ မယုံကြည်ကြတာ ကောင်းသော အလားအလာ မဟုတ်ပါ။ အန္တရာယ် အလွန်ကြီးပါ သ ည်။ ထိုမျှမကသေးပါ။
          မဟုတ်မတရား လုပ်နေသူတွေ ကိုယ်တိုင်လည်း တရားရုံးများကို မကြောက်ကြတာ လွန်စွာ စိုးရိမ်ဖွယ် ဖြစ်ပါသည်။
          တရားစွဲခံရမည် ဆိုတာ သိလျက် ဆက်လက်၍ ဗြောင်ကျကျ မတရား လုပ်ဝံ့သူတွေ တစ်နေ့တခြား ပွားလာ နေခြင်းမှာ တရားစီရင်ရေးကို သူတို့ ချယ်လှယ်နိုင်သည်ဟု ယုံကြည်နေ၍ ဖြစ်ပါသည်။ အဆိုးဆုံးကတော့ အုပ်ချုပ်ရေးအာဏာက တရားစီရင်ရေး အာဏာကို လွှမ်းမိုး ထားနိုင်သည်ဟု အများစုက ယုံကြည်ဆဲ ရှိနေခြင်းပင်။
          တရားမစွဲဘူး အလကားပဲ၊ မီဒီယာက အော်လိုက်မှ အထက်ကသိပြီး အရေးယူ ခံရမှာကြောက်လို့ မတရားမှုတွေ ဇက်ပုပြီး  ရုပ်သိမ်းသွားမည်ဟု အားလုံးနီးပါး ယူဆ မြဲ။ ဒီအချက်က ကျွန်တော်တို့ လူ့အဖွဲ့ အစည်းအတွက် အ်္တရာယ်ကြီးလှပါသည်။
          သို့သော် မတရားလုပ်သူတို့ မီဒီယာ တွေကို ကြောက်တာတော့ တော်သေးရဲ့ ဟု ဖြေသာရမလို ဖြစ်နေသည်။
          စာနယ်ဇင်း အပါအ၀င် မီဒီယာတွေ တန်ခိုး ထွားလာတာ တရားမျှတမှု ဓားထက် လာတာကို ကြိုဆိုပါသည်။ ပွင့်လင်း လူ့အဖွဲ့အစည်းက မတရားမှု တွေကို ဖော်ထုတ် မီဒီယာတွေက မီးမောင်းထိုး အသံချဲ့စက်တပ် ဟစ်အော်၊ လက်တွဲညီ ဆောင်ရွက်နိုင်ကြတာ တစ်မျိုးတော့ ကောင်းပါသည်။
          သို့သော် သတင်းသမားတွေအနေနှင့် ဖြစ်စဉ်တစ်ခုကို ရေဆုံးရေဖျား လိုက်ဖို့ တော့ လိုပါသည်။ မတရားမှုဖြစ်စဉ်ကို မစို့မပို့လေး တို့ထိပြီး ပစ်ထားမိလျှင် ဆေးယဉ်သွားမှာ ကြောက်ရပါသည်။
          တရားမျှတမှုဘက်မှ ရပ်ခံသူတွေနှင့် သတင်းဌာနတွေ လက်တွဲ ဖော်ထုတ်ခဲ့၍ အကြိမ်ကြိမ် အားပြိုင်ပြီးမှ အမှန်တရား ဘက်က အောင်ပွဲခံခဲ့သည့် သာဓကများ ယခုအခါများမှာ ရှိနေပြီ ဖြစ်ပါသည်။ (ဥပမာ ၀န်ထမ်း လစာထဲမှ အရစ်ကျ ပေးဝယ်ထားသည့် မြေများကို သိမ်းယူမှု၊ မီးသင့်ဈေး ဆိုင်ခန်းများ ပြန်လည် နေရာချထားရာ နစ်နာမှုများကို ဖြေရှင်း ပေးနိုင်ခဲ့ခြင်း အပါအ၀င် များစွာသော ဖြစ်စဉ်များ)
          မကြာမီ စာပေ စိစစ်ရေး ပြုတ်၍ စာနယ်ဇင်းကောင်စီ ကျန်ခဲ့မည်။ ကျန်ခဲ့ သည့် ကောင်စီမှာလည်း ဒိုင်းဝန်းထက် ကဲသည့် မောင်ပုလဲ မဖြစ်ဖို့ အရေးကြီးသည်။
          စာနယ်ဇင်း လောကသားတစ်ယောက်က ဆိုပါသတဲ့၊ စိစစ်ရေး ရှိတာကမှ တော်သေးတယ်၊ ကိုယ့်ဟာ ကိုယ် တာဝန်ခံထုတ်၊ ဖြစ်လာရင် တရားစွဲမယ်ဆိုတော့ ငါ့ထုတ်ဝေခွင့်လေး အသိမ်းခံရမှ ဒုက္ခ ...၊
          အတော် လက်မခံစရာကောင်းသည့် အပြုခံ စိတ်ဓာတ်ဟု မြင်ပါသည်။ ခုချိန်တွင် စာနယ်ဇင်း အချို့ကို ၀န်ကြီး ဌာနအချို့က တရားစွဲဆိုချိန် ဘ၀တူချင်း ကျောချင်းကပ်ကြတာကိုလည်း သိမှတ် ပြုရပါသည်။
          နောက်ဆုံး ပြောခွင့်ပြုစေချင်သည် ကတော့ လူ့အဖွဲ့အစည်းရဲ့ တစ်ထောင့် တစ်နေရာက ကယ်ပါ ယူပါ အသံများ၊ မတရားမှုကို သံကုန်ဟစ် အော်သံများ၊ အမှန်တရား၏ အောင်ပွဲခံသံများ အားလုံး လေထုထဲ ပဲ့တင် မပျောက်ခင် အမိအရ ဖမ်းယူလျက် သမိုင်းနှင့်အတူ ပြေးလွှား ရင်း မှတ်တမ်းတင်ရာတွင်
          ကျယ်ပြန့်လှသော ဖြစ်စဉ်တိုင်းကို စာတစ်မျက်နှာ နေရာကျဉ်းကျဉ်း ကျားကုတ်ကျားခဲ ရေးထွင်း ကမ္ပည်း တင်ရသည့် စာနယ်ဇင်းသမား မှန်သမျှ သည် သမိုင်းမူကြမ်း ရေးရသည့် လက်များ ပီပီ ရာဇ၀င်အရိုင်းကိုဖြင့် ကျက်သရေ ရှိသော သမိုင်းအဖြစ် ရေးထွင်းနိုင်ကြစေ လိုခြင်း ဖြစ်ပါသည်။ ၊၊

မင်းကိုနိုင်
 ၂၃ ဇွန် ၂၀၁၂
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၂၊ အမှတ်-၁၀၀၊ ၂၀၁၂ ခုနှစ်၊ဇွန် ၂၈)

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ လွတ်မြောက်ရေးကို လျှို့ဝှက်စွာလှုပ်ရှားနေသော အေဇက်ဂျီ


by Yeyint Nge on Sunday, July 15, 2012 at 6:17am ·





သတင်းများပေးပို့ လာသော Yeyint Nge အားကျေးဇူးတင်ရှိပါတယ်..။

ကြိုတင်ကြံစည် ခြုံခိုတိုက်ခိုက်လိုက်တဲ့ လွှတ်တော်ထဲကအဖြစ်အပျက်

တနင်္ဂနွေနေ့၊ ဂျူလိုင်လ ၁၅၊ ၂၀၁၂


မြန်မာ တစ်နိုင်ငံလုံးရဲ့ စီးပွားရေး ချွတ်ခြုံကျမှုဟာ ဆန်ရှင်ကြောင့်လို့ ဘယ်လိုများလေ့လာ သုံးသပ်လိုက်ပါလိမ့် ကျားဖြူ အမတ်ကြီး ဒေါ်နန်းဝါနု?
သောကြာနေ့ လွှတ်တော်မှာ ကျားဖြူပါတီက ဒေါ်နန်းဝါနု က လွတ်တော် အစီအစဉ်ထဲ ဆွေးနွေးဘို့ ပါဝင်ထားခြင်း မရှိပဲ ရုတ်တရက် အရေးကြီး တင်ပြစရာရှိလို့ပါ ဆိုပြီးပါလာတဲ့ စာရွက်ကို ထုတ်ပြီး စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေးအကြောင်းကို ဆွေးနွေးသွားတာပါ။ လွှတ်တော် ဥက္ကဋ္ဌကြီးကလည်း ဒါ အရေးကြီးတယ် ဆိုပြီး ခွင့်ပြုပေးခဲ့ပါတယ်။

ယုဇန ဦးဌေးမြင့်ကလည်း အသင့်ပါလာတဲ့ စာရွက်တွေ ထုတ်ပြီး ထောက်ခံဆွေးနွေးပါတယ်။ ရခိုင်ဘက်က လွှတ်တော်အမတ်ကလည်း ပါလာတဲ့ စာရွက်ထုတ်ပြီး ထောက်ခံ ဆွေးနွေးပါတယ်။ NLD အမတ် ဦးဝင်းထိန်က ထဆွေးနွေးမယ်လုပ်ပြီး မိုက်ကရိုဖုန်း ခလုပ်နိုပ်တာ မီးလင်း မလာခဲ့ပါဘူး။ နောက်က ခုံတွေမှာ သွားလင်းနေတယ် ပြောပါတယ်။ တော်တော်ကြာမှ ဖွင့်ပေးလိုက်၊ ဖွင့်ပေးလိုက် ဆိုပြီး စပီကာက အသံတွေကြားနေရကြောင်း ဦးဝင်းထိန်နဲ့ VOA ဆွေးနွေးခန်းမှာ ဦးဝင်းထိန်က ပြောပါတယ်။

မိုက်ကရိုဖုန်းတွေက အော်တိုမဟုတ်ပဲ စက်ခန်းက လိုသလို ထိန်းချုပ်နေပုံရပါတယ် လို့လည်း ဦးဝင်းထိန်ကပြောပါတယ်။ ဦးဝင်းထိန် ၀င်ရောက်ဆွေးနွေးခွင့် မရခဲ့ပါဘူး။ NLD ကနှစ်ယောက် ထ ဆွေးနွေးပြီးနောက် အချိန်မရှိတော့ပါဘူး။ အတင်းကြီး အသံနဲ့ မဲခွဲအတည်ပြု လိုက်ပါတယ်။

ရုတ်တရက်ကြီး အခုလိုဆွေးနွေးလိုက်လို့ NLD က လက်တန်းတွေ ထပြောရတော့တာပါ။ စစ်စကားနဲ့ပြောရရင်တော့ ခြုံခိုတိုက်လိုက်တာပေါ့လေ။
DD85 (MMCP)
ဒေါင်းမာန်ဟုန်ဘလော့ မှကူးယူဖော်ပြပါတယ်

ပန်းတောင်းမှလယ်သမားများလွတ်လာသော်လည်း ရွာကိုစစ်တပ်က၀ိုင်းထား

by Yangon Press International on Saturday, July 14, 2012 at 9:45pm ·
၂၀၁၂၊ ဇူလိုင် ၁၄ (YPI)

ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း စစ်တပ်သိမ်းထားသောမြေပေါ်ထွန်ယက်သည်ဟုဆိုကာ ဖမ်းဆီးခဲ့သော လယ်သမားများကို ယမန်နေ့ည ၈း၃၀ ခန့်က ပြန်လွှတ်ပေးလိုက်ပြီဖြစ်သော်လည်း ကျေးရွာနှစ်ရွာကို စစ်သားများက ၀ိုင်းထားသည်ဟု နိုင်ငံသားနှင့် နိုင်ငံ့အခွင့်အရေး ဆောင်ရွက်ရေးအဖွဲ့ကပြောသည်။

ပန်းတောင်းမြို့နယ်အတွင်းရှိ ရွာသစ်ကုန်းနှင့် ပုတီးတောကျေးရွာ နှစ်ရွာကို အမှတ်(၃) တပ်မတော်ကာကွယ်ရေး ပစ္စည်းစက်ရုံမှ စစ်သားများက ၀ိုင်းထားပြီး `အထဲက သူတွေ အပြင်ပေးမထွက်ဘူး၊ အပြင်ကလည်း ပေးမ၀င်ဘူး´ ဟု လယ်သမားအရေး ဆောင်ရွက်ပေးနေသူ နိုင်ငံသားနှင့် နိုင်ငံ့အခွင့်အရေးဆောင်ရွက်ရေးအဖွဲ့မှ ကိုရဲထင်ကျော်က YPI သို့ပြောသည်။


က.ပ.စ(၃) မှသိမ်းယူထားသော လယ်မြေများပေါ်တွင် ထွန်ယက်ခွင့်ရရန်ကြိုးစားနေသော လယ်သမားများ

၎င်းကျေးရွာနှစ်ရွာရှိလယ်မြေဧက ၇၀ ခန့် ကို က.ပ.စ(၃) က ၁၉၈၉ ခုနှစ်အတွင်းကသိမ်းယူခဲ့ချိန်မှစတင်ကာ ဒေသခံလယ်သမားများက နှစ်စဉ်သီးစားခပေးကာ လယ်လုပ်ငန်း လုပ်ကိုင်ခဲ့သည်ဟု နိုင်ငံသားနှင့် နိုင်ငံ့အခွင့်အရေး ဆောင်ရွက်ရေးအဖွဲ့သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုနှစ် ဇွန်လ ၈ ရက်နေ့က ၎င်းလယ်မြေများပေါ်မှ အပြီးပိုင်ထွက်ခွါပေးရန် က.ပ.စ(၃) မှတာဝန်ရှိသူများကပြောသောကြောင့် လယ်သမားများက အခက်အခဲများကို သက်ဆိုင်ရာတာဝန်ရှိသူများသို့ တင်ပြအသနားခံရန်ကြိုးစားခဲ့ကြသည်။

လယ်စိုက်ချိန်ရောက်ရှိလာသောကြောင့် ယခုလ ၁၂ ရက်နေ့က လယ်သမားများစုပေါင်းကာ စစ်တပ်သိမ်းထားသောလယ်မြေများတွင်ဝင်ရောက်ထွန်ယက်ကြသောအခါ ကပစ ၃ စစ်ရုံမှူး ဒုဗိုလ်မှူးကြီး သန်းရွှေကိုယ်တိုင် စစ်သား ၂၀ ခန့် နှင့်ရောက်လာပြီး ဗီဒီယိုမှတ်တမ်းတင်ခြင်းများပြုလုပ်ခဲ့သည်ဟု လယ်သမားများကပြောသည်။

ထို့နောက် သီးစားခသွင်းထားသော ပြေစာများရှိပါက မြေစာရင်းဦးစီးဌာနသို့သွားရောက်ပြီး မေးမြန်းခိုင်းသောကြောင့် နောက်တစ်နေ့တွင် မြေစာရင်းရုံးသို့အသွား လမ်းတွင် က.ပ.စ(၃) မှစစ်သားများက လယ်သမား ခုနစ်ဦးကိုဖမ်းဆီးခဲ့သည်။ ထို့နောက် လယ်စောင့်တဲများကိုလည်း ဖျက်ခိုင်းခဲ့သည်။

ယခုကိစ္စနှင့်ပတ်သတ်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် နိုင်ငံတော်သမ္မတဆီသို့ တင်ပြအကူအညီတောင်းခံသွားရန် အမြန်ဆုံးစီစဉ်လျှက်ရှိကြောင်း ကိုရဲထင်ကျော်ကပြောသည်။  

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိလယ်မြေများကိုလည်း ကုမ္ပဏီများက သိမ်းယူပြီး အဆောက်အဦများဆောက်လုပ်ရန်ကြိုးစားလာမှုကြောင့် ယခုလ ၂ ရက်က အိုးအိမ်ဦးစီးဌာနရှေ့တွင် လယ်သမားများက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။    ။
 news
Yangon Press International

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ပြည်တွင်း) စုစည်းရေးကော်မတီ” မှ ကြေငြာချက်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ပြည်တွင်း) စုစည်းရေးကော်မတီ” မှ ကြေငြာချက်

နိုင်ငံပိုင် သတင်းစာပေါ်က မင်းကိုနိုင်




Saturday, July 14, 2012 အိမ့်သံစဉ်
http://blog.irrawaddy.org/2012/07/blog-post_5657.html


နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြခွင့်ရလာတဲ့ မင်းကိုနိုင် အမည်နဲ့ သူ့ရဲ့ နောက်ကြည့်မှန် အမည်ရှိတဲ့ လုံးချင်းဝတ္တု ကြော်ငြာဖြစ်ပါတယ်။

အရှေ့ကြယ် စာအုပ်တိုက်က ထုတ်ဝေပြီး မနက်ဖြန် ဇူလိုင်လ ၁၅ ရက်နေ့မှာ စတင်ဖြန့်ချီမှာပါ။ ရန်ကုန်မြို့ ရန်ကင်း စင်တာမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က သူကိုယ်တိုင် စာအုပ်တွေမှာ အမှတ်တရ လက်မှတ်ရေး ထိုးပေးသွားမှာလည်း ဖြစ်ပါတယ်။


ဒီနောက်ကြည့်မှန် လုံးချင်းဝတ္တုကို တချိန်က ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ကလည်း ထုတ်ဝေခဲ့ဖူးပါတယ်။

ကိုကိုကြီးပြောပြသော ဒီနေ့ ရခိုင်ပြည်နယ်အခြေအနေနှင့် ရခိုင်တိုင်းရင်းသားများဘဝ



ကိုကိုကြီး ပြောပြသော ယနေ့ ရခိုင်ပြည်နယ်အရေးသည်
မြန်မာနိုင်ငံရဲ့  ထိပ်တန်းအရေးကြီးတဲ့ နိုင်ငံ့အရေးဖြစ်တယ်...၊
အလွန်အရေးကြီးတဲ့ အချိန်အခါ အခြေအနေသို့ လည်း
ရောက်ရှိနေပြီဖြစ်တယ်...၊


ဒီအရေးသည်... အမျိုးသားအရေး
ဒီအရေးသည်... အနာဂါတ်မြန်မာနိုင်ငံရဲ့  တည်ငြိမ်မှု့ ကို
ငြိမ်းခြောက်လာမဲ့ နိုင်ငံနှင့် လူမျိုးအတွက် အန္တရာယ်အရေးဖြစ်တယ်။
ဒါကြောင့် ပြည်တွင်း ပြည်ပ မြန်မာနိုင်ငံသားများအားလုံး ညီညွတ်ကြရ
တော့မည်....၊
တိုင်းပြည်သစ္စာဖေါက်၊ လူမျိုးသစ္စာဖေါက်များရန်မှ ကာကွယ်ကြရတော့မည်..။
ပြည်တွင်း ပြည်ပ ကြောချင်းကပ်ပြီး ရင်ဆိုင်ကြတော့မည်....၊

အို... အမျိုးသားအပေါင်းတို့ ....
ဒီအရေးကို ... လေ့လှူမရှု ကြနှင့်....
ဒီအရေးကို ... မျက်ကွယ်မပြုကြပါနှင့်...
သစ္စာဖေါက်သူတွေကို... သစ္စာရှိသူများမှ စုပေါင်းတိုက်ခိုက်ခြင်းနှင့်
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအရေးကို ကာကွယ်ကြပါ....၊
နိုင်ရာနေရာမှ ပူးပေါင်းပါဝင် လုပ်ဆောင်ကြပါ...။

ကိုကိုကြီးပြောပြသော ယနေ့ ရခိုင်ပြည်နယ်အကြောင်း
အောက်မှာလင့်ပေးထားပါတယ်... နားထောင်ကြပါ..။
အများနားထောင် သိရှိနိုင်စေရန်အတွက်လည်း
ထပ်ဆင့် ဖြန့် ဝေ ပေးကြပါ...။

http://www.facebook.com/photo.php?v=389866277727853







ပြောင်းလဲသွားတဲ့ဗမာပြည်လား

by Victor Tan on Saturday, July 14, 2012 at 2:41pm ·







သမိုင်းလမ်းကြောင်း အလှည့်အပြောင်းကို
အခါကောင်း အခွင့်ကောင်း
မတိမ်းမစောင်း စပြောင်းနေပြီလို့
ကမ္ဘောနေပြည်က တဖွဖွနဲ့ပြောကြား
တစစနဲ့ ကြက်သီးတွေ ထထသွားရတဲ့
ဗမာပြည်က သမ္မတ ဦးသိန်းစိန်ရဲ့စကား…။

ကမ္ဘောဒီယားနိုင်ငံအာဆီယံစီးပွားရေးညီလာခံမှာ
အသံမှန်စွာ တသီးတခြားပြောလိုက်တဲ့
ကြီးကြီးမားမား သမ္မတ ဦးသိန်းစိန်ရဲ့စကား
အကြွားမဟုတ် အဟုတ်ကိုကမ္ဘာဖေါ်ထုတ်
မချုပ်မချယ် အဟုတ်တကယ်လုပ်သွားမယ့်
ရွှေရည်စိမ်မဟုတ်တဲ့ ဒီမိုကရေစီလမ်း
လျှောက်လှမ်းနေပြီဖြစ်ကြောင်း
အပြောင်းအလဲ အကောင်းပဲဖြစ်အောင်
ပြည်တွင်းစစ်တွေရပ်စဲ ရေရှည်တည်တံ့
ပြည်သူတွေငံ့နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး
အမြန်မနှေး ဆောင်ရွက်ပေးနေတဲ့အကြောင်း
ဗမာ့စီးပွားရေးကောင်းလာအောင်လည်း
ပြည်တွင်းမြုပ်နှံမှုလမ်းကြောင်းကိုဖွင့်ထား
တဆင့်စကားတဆင့်ကြား ကမ္ဘာတခွင်ဖြန့်လို့ထား
ကောင်းသထက်ကောင်းလာအောင်လည်းမျှော်စောင့်စား။

နှစ်ပေါင်း၆၀ကျော် အထီးကျန်နေခဲ့တဲ့အတွက်
အသီးမသန်ဖြစ်လာတာကို အခါမနှေး
ပြုပြင်ပေးလိုတဲ့အနေနဲ့ ဒီမိုပန်းတိုင်ကိုချီတက်နေပါတယ်။

ကမ္ဘာ့နိုင်ငံအများစုကိုလည်းနားလည်ယုံကြည်မှုယူပြီး
အတူတကွ ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း
အာဘောင်ကောင်းကောင်း ပျော့ပျောင်းပျောင်းနဲ့
အချော့ကောင်းတဲ့ ဖခင်လို နားဝင်ချိုစွာ
ဘ၀င်ဖိုစရာနဲ့ ကြည်ညိုစရာလေးမိန့်ကြားသွားပါတယ်။

ဗလောင်ဗလဲမဟုတ်တဲ့ အပြောင်းလဲလုပ်တာဆိုရင်
အကောင်းပဲလို့ယူဆရပါမယ်
မူဝါဒတွေကိုအာဏာရှင်ဟန်ဟိတ်နဲ့
ပြန်လှိမ့်ဖို့ လုံးဝစိတ်မကူးပါနဲ့ အသံတွေတိတ်သွားအောင်
သိုသိပ်ချန်ရစ်ထားသေးတဲ့ နိုင်/ကျဉ်းသားတွေကိုလည်း
ညှဉ်းမထားပါနဲ့တော့ ရှင်းသွားအောင်လွှတ်ပေးပါရန်
ကိုယ့်အပေါ်ဝေဖန် အကြံပေးလှာသူတွေကိုလည်း
ငြိုငြင် အမျက်ပွား ဒေါသတွေမထားဘဲ
ဒီမိုကရေစီနည်းများအရ..လေးစားလက်ခံပေးစေလိုတယ်။

လေးစားရပါတဲ့..

တက္ကသိုလ်ဘုန်းကြွယ် (ဇူလိုင် ၁၃ ၂၀၁၂)

၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း

















by Lu Cifer on Saturday, July 14, 2012 at 12:05pm ·


အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်း ပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။ သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အား ပြန်ပြောင်းသတိရမိသည့်အားလျှော်စွာ သူ၏ ပြောင် မြောက်သော မိန့်ခွန်းကို ရှာဖွေဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။

(ဗိုလ်ဥတ္တမကျော်)
…………………………………………………………………….
ရဲဘော်တို့
ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ ယနေ့ အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။
ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့ တပြိုင်နက် ရဲ ဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံ တော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကိုထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။
ပထမဆုံး ရဲဘော်တို့ကိုမှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော် ဟာလည်း ဗမာတနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။
ဒီတပ်မတော်ဟာ လူတဦးတယောက်အတွက် တည်ထောင်ထားတာမဟုတ်။ တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ် တယ်။ ဒီတပ်မတော်ဟာ တဖွဲ့တပါတီ လူတစုအတွက် တည်ထောင်ထား တာမဟုတ်။တနိုင်ငံလုံးတမျိုးသားလုံးအတွက် ဖြစ်တယ်။

တကယ့်သစ္စာဖြစ်ရမယ်

ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ် လက်ထက်ကလို ကြေးစားတပ် မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာကွယ်စောင့်ရှောင့်ဖို့ နိုင်ငံ နှင့်အမျိုးကို မတင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုး၏ သစ္စာကို အမြဲစောင့်ရမယ်။ ရှေးတုန်း ကလို တခြားနိုင်ငံ တခြားအမျိုးကို သစ္စာစောင့်တာမဟုတ်။ အဲဒီလိုစောင့်တဲ့ သစ္စာဟာ ဝတ်ကြေတမ်းကြေစောင့်တဲ့ သစ္စာ ဖြစ်တယ်။ အခု ငါတို့ဟာ ငါတို့အမျိုး ငါတို့နိုင်ငံကို သစ္စာစောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့် သစ္စာဖြစ်ရမယ်။ အပေါ်ယံသာဖြစ်တဲ့ သစ္စာမဖြစ် ရဘူး။ ဘယ်လိုစောင့်ရမလဲ။ ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအ တိုင်း အဆင့်ဆင့်ခန့်အပ်ထားတဲ့ အကြီးအမှူးအားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။ အဲဒီ ကိုယ်စား နိုင်ငံနဲ့ အကျိုးကို သစ္စာစောင့်ခြင်းဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။ ဒီတော့ ရဲဘော်တို့ မေးစရာ စကားတခွန်း ရှိတယ်။ တကယ်လို့ ဒီအကြီး အမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကြိုးငဲ့ပြီး နိုင်ငံနဲ့ အမျိုးကိုသစ္စာမဲ့ပြီး လုပ်ရင် ဘယ့် နှယ့်လုပ်မလဲ။ ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီးအမှုးတွေ ဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်လောက် ကြီးတဲ့လူ ဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ် ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှုးတွေ ရှိရင် ရဲဘော် တို့ရဲ့ အပေါ်မှာလည်း တည်တယ်။ ဥပမာ မတရားတဲ့ အ ကြီးအမှုးတယောက်က ဝတ္တရားနဲ့ မဆိုင်တဲ့ နိုင်ငံနှုင့် အများအကျိုးနဲ့ မပတ်သတ်တဲ့ အမိန်ကမျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျမကျ တရား မတရား နိုင်ငံနဲ့ အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလိုကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက်ကြီး တဲ့အကြီး အမှုး တယောက်ကို ဖြစ်ဖြစ် အခြားအကြီးအမှုးတယောက် ကိုဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။

တော်အောင်ကြိုးစားကြပါ

ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာ ရှိတဲ့ စစ်သားကလေးက စပြီး အားလုံး ရဲဘော်တွေထဲက ဖြစ် ဖြစ် ကျုပ်ထက် အရည်အချင်း အကျင့်စာရိတ္တ အလုပ်အကိုင် နိုင်ငံချစ်စိတ် အမြော်အမြင် ရှိတယ်လို့ တွေ့တာနဲ့တပြိုင် နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့ အားလုံး ကြိုး စားကြပါ။ တော်အောင် ကြိုးစားကြပါ။

ရာထူးအဆင့်အတန်း

ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာ ရှိသည့်အတိုင်းပြောပြမယ်။ ယခုအခါ ငါတို့အထဲမှာ နိုင်ငံအတွက် အမျိုးမျိုး အ နစ်နာခံဘူးတဲ့ လူတွေရှိတယ်။ ငါတို့ သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော်လည်း ရှေးကသာ ဒီလို အ နစ်နာခံပြီး အခုအလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတတ်နိုင်ဘူး။ အကယ်၍ အခုလည်း အလုပ်လုပ်တယ်။ ရှေးကလည်း အနစ်နာခံဖူးတယ်ဆိုရင် ဒီလိုလူမျိုးဟာ လူများတကာထက် တိုးတတ်မှာ အမှန်ပဲ။ ကနေ့ ဆိုင်ရာလူကြီးတွေ မသိသေး လို့ မတိုးတတ်သေးရင် နောက်တနေ့ တိုးတတ်မှာပဲ။ တကယ်တော်တဲ့သူတွေဟာ ဘယ်သူမှ နှိမ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလည်း သိဒ္ဓိတင်နေစရာမလိုဘူး။ လူကြီးတွေကိုလည်း မျက်နှာလုပ်စရာမလိုဘူး။ ဒါပေမယ့် နီပွန်က ပြန် လာလို့ စစ်ကျောင်းကဆင်းလို့ ရှေးက အနစ်နာခံဖူးလို့ဆိုပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူမှတတ် မှာ မဟုတ်ဘူး။ ဒီ့ပြင်လူတွေအတွက် ကျုပ်မပြောနိုင်ပေမယ့ှ်ဗမာ့တပ်မတော်မှာ ကျုပ်အခုနေရာမှာ တာဝန်ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့ စနစ်က တဆံခြည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံးသိစေချင်တယ်။ ဒါက ရာထူးအ ဆင့်အတန်း တိုးတတ်တာနဲ့ ပတ်သတ်ပြီးရဲဘော်တို့ကို သိဘို့ပြောပြခြင်းပဲ။

တန်ခိုးပြဘို့မဟုတ်

တခြား မှာကြားလိုတဲ့ အချက်ကတော့ ပြောနေကြစကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက် ဦးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဘို့မဟုတ်။ လက်နက်အားကိုးတန်ခိုးပြဘို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင်ပြောပြတာ ပဲ။ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လည်း မတရား မလုပ်။ နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေဆိုတာ အားလုံးသဘော ပေါက်အောင် ပြောပြခြင်းပဲ။ အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင် တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက် အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျ တော့ အရင်တုန်းကပြောတာတွေမေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါထုံးစံဘဲ။ ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကို မတရားရင် မကြောက်။ အားကြီးတဲ့အခါလည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင် တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်တယ်လို့ ပြောတာဘဲ။ နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အ မျိုးပဲ။ အမျိုးဟာ ဘာလဲ။ အမျိုးဟာ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကိုလုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ် ဆိုတဲ့လူ အားလုံးပဲ။ ဒီနေရာမှာ လူမျိုးရေးတရားအစစ်ကို ပြောပြချင်တယ်။

မှန်ကန်သော လူမျိုးရေးတရား

လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့်အမျိုးသာ ချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရားဘဲလား။ မ ဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ယုံနဲ့ ဒီ့ပြင်လူမျိုးကိုလည်း မုန်းဘို့မလိုဘူး။ သို့်သော်လည်း ကိုယ့်အမျိုးအကျိုးကို လာထိတဲ့ လူတွေကိုတော့ အတွင်းကလူ ဖြစ်ဖြစ် အပြင်ကလူ ဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့။ ဒါက ငါတို့အမျိုးရဲ့ ရန်သူ အဖြစ် သာ နှိမ်နင်းခြင်းဖြစ်တယ်။ ဘယ်လူမျိုး ဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာမဟုတ်ဘူး။ ရာဇဝင်ကိုကြည့်ရင် ကမ္ဘာ့လူမျိုး တွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာ တွေ့ရမှာပဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။ ဒါ ပေမယ့် တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးေ၇းလို့ ထင်တာ တထစ်ချမှားတယ်။ ကျုပ်တို့ဟာ မဆိုင်တဲ့တခြားလူမျိုး တွေကို မုန်းဘို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာပဲ ရှမ်းပဲ ကရင်ပဲ ချင်းပဲ စသဖြင့် ခွဲစရာ မလိုဘူး။
ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူမျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပါတ်သတ်ပြီး ကျုပ်မှာချင် တာပဲ။
ဇာတိမာန် ကောင်းကောင်းထားတတ်အောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေက လူဖျင်းတွေ လူပျင်းတွေ လူ ကြောက်တွေ လူပိုတွေ လူရိုင်းတွေ လူ့ဂွစာတွေ လူ့မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာ တွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ပတ်သတ်ပြီး မှာချင်တာပဲ။

လူကြီးဆိုတာ ဘာလဲ

နောက် မှာချင်တာက ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်နေပြီ။ လူကြီးဆိုတာ ဘာလဲ။ အသက်ကြီးတာကို ဆိုလိုတာ လား။ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့အလုပ်ကြီးရင် လူကြီးဘဲ။ အခု ငါတို့ ရဲဘော်တို့ရဲ့ အလုပ်ဟာ ငါတို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ ဒါတွေကို ငါတို့ ရင်မြေကတုတ်လုပ်ပြီး ကာကွယ်ဘို့ပဲ။ ဒီ့ထက်ကြီးတဲ့အလုပ် ရှိနိုင်ပါဦးမ လား။ မရှိနိုင်ဘူး ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ရ မယ်။ အစစ အရာရာ ဆင်ခြင်တတ်ရမယ်။ ကောင်းသည် မကောင်းသည် တော်သည် မတော်သည် ဟုတ်သည် မဟုတ်သည်ကို ဆင်ခြင်တိုင်းထွာနိုင်ရမယ်။ အခု ငါတို့ အချို့အ လုပ်တွေက သက်သေပြနေတယ်။ ဘေးကလူတွေပြောတိုင်း အရမ်းမယုံကြနဲ့။ စူးစမ်းဆင်ခြင်ပြီးမှ ယုံကြရမယ်။ ငါတို့ ဝတ္တရားနဲ့မဆိုင်တဲ့ အကျယ်အကျယ် ဖြစ်မယ့်ကိစ္စဆိုရင် ငါတို့ရှောင်ရမယ်။ ဘယ်လို ဘေးကလူက ဗိုလ်ကြီးရဲ့— ဘာ ကြီးရဲ့— နဲ့ လာမြှောက်ပေးပေး ငါတို့မပါရဘူး။ ဝတ္တရားနဲ့ ငါတို့တော့မဆိုင်ဘူး။ ဒါပေမယ့် ကောင်းတဲ့ကိစ္စ တရားတဲ့ ကိစ္စ လူအများ ကျေးဇူးတင်မယ့် ကိစ္စဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျူမရှု့ပါနဲ့။ ကူညီပေးကြပါ။ ဆွေမျိုးကိစ္စ မိတ် ဆွေကိစ္စတွေဟာ ကိုယ်တာဝန်လုပ်တဲ့အရေးမှာ မနှောက်ယှက်ပါစေနဲ့။

ဘယ်တော့မှ သစ္စာမဖောက်

နောက်ပြီးမှာချင်တာက ပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ ဒီမှာသင်လိုက်တာတွေဟာ ပညာကုန်ပြီ မ ယူဆကြနဲ့။ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး။ လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတဦး တည်းဖြစ်ဖြစ် တိုးတတ်မှုဟာ လက်ရှိအခြေအနေနဲ့ အားမရဘဲ တင်းမတိမ်ဘဲ ရှေ့ဆက်လက် ကြိုးစားမှသာ တိုးတတ်မှုဖြစ်နိုင်တယ်ဆိုတာ ရာဇဝင် သမိုင်းတွေက ကောင်းကောင်းပြထားတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြည့်လည်း သိနိုင်တာပဲ။ဒါကြောင့် ဘယ်ဟာကိုမှ လှေနံဓါးထစ် မယူပါနဲ့။ အထင်မကြီးပါနဲ့။ ဒီ့ထက်တိုးအောင်လုပ်ကြပါ။ အခု ငါတို့နိုင်ငံဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟန်မကျတာတွေ အများကြီးပဲ။ ကျုပ်မှာလည်း ချွတ်ယွင်းချက်တွေ့ရှိတာဘဲ။ ကိုယ့်ချို့ယွင်းချက်ကို ကိုယ်ပြင်ကြရမယ်။
သို့ပေမယ့် ကျုပ် ရဲဘော်တို့ကို ကတိတခု ပြုမယ်။ နိုင်ငံနဲ့ အများအကျိုးရဲ့သစ္စာကို ကျုပ် ဘယ်တော့မှ မဖောက်။ ရဲဘော်တို့ထဲက ဖြစ်ဖြစ် ဒီ့ပြင်ထဲက ဖြစ်ဖြစ် ကျုပ်ထက်တော်တဲ့လူ ထွက်ပြ နိုင်ပါစေ။ ကျုပ်ဖယ်ပေးဘို့ အသင့်ပဲ။

စစ်သားမှစစ်သားဆိုတဲ့ စိတ်ကို ဖျောက်ကြ

နောက်ဆုံးတခု မှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓါတ်မထားကြဘို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံမှာ ဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့ လူတွေရှိကြတာမဟုတ်ဘူး။ တခြားစစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုး မျိုး အနစ်နာခံ အမျိုးမျိုးစွန့်စား လုပ်ကြတဲ့ လူတွေလဲရှိတာပဲ။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တခုနားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ် တပ်ရဲ့ အခွင့်အရေးများကို မတရားချိုးဖျက်မယ်ဆိုရင် ကျုပ် အစွမ်းကုန်ကြိုးစား တိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေ ချင်ပါတယ်။
ကနေ့ ဒီမှာပြောတာတွေကို အားလုံးစစ်သားတွေ သိပါစေ။ သိအောင်ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။

http://forverfriends.ning.com/group/story/forum/topics/2863689:Topic:6978835

( Thuya Soemoe Daweithar ထံမှတဆင့် ကူးယူပါသည်)

နေ့သစ်
July 13, 2012
http://www.naytthit.net/?p=28975

ဇူလိုင် ၁၃၊ ၁၉၄၇က ဗိုလ်ချုပ်အောင်ဆန်း၏ ပြည်သူသို့ နောက်ဆုံးမိန့်ခွန်း




by Ag Myint Tham on Friday, July 13, 2012 at 6:04pm ·
“တိုင်းပြုပြည်ပြုလွှတ်တော် [ဖော်ဆောင်ရတာဟာ] အိမ်ဟောင်းကို တည်ရုံအလုပ်မဟုတ်ဘဲနဲ့ တခုလုံး ဖျက်ဆီးပြီးတဲ့နောက် အဲဒီပျက်သွားတဲ့ နေရာမှာထပ်ပြီး အိမ်အသစ်ဆောက်တာနဲ့ တူပါတယ်။
ကျွန်တော်တို့ဟာ တိုင်းပြည်ကို ပြောခဲ့တဲ့အတိုင်း လုံးဝလွတ်လပ်ရေးကို ကျွန်တော်တို့ရအောင် လုပ်မယ်ဆိုတဲ့အတိုင်း အဲဒီလုံးဝလွတ်လပ်ရေးကို ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလုံးဝလွတ်လပ်ရေးကို ဆုံးဖြတ်ပြီးတဲ့နောက် ကျွန်တော်တို့ ဒီတိုင်းပြည်ကို ကြေညာထားတဲ့အတိုင်း တနှစ်အတွင်း လုံးဝလွတ်လပ်ရေးရအောင် လုပ်မယ်ဆိုတာလဲ ကျွန်တော်တို့လုပ်နေလျက်ပါပဲ။
ဘယ်အစိုးရမှလဲ ချွတ်ယွင်းချက်မရှိတဲ့ အစိုးရမရှိဘူး။ သို့သော်လဲဘဲ တိုင်းပြည်အပေါ်မှာ စေတနာရှင်းရှင်းထားပြီး တဆင့်ထက်တဆင့် ကျွန်တော်တို့လုပ်လာတဲ့ လုပ်ငန်းဟာ တိုးတက်သလား မတိုးတက်ဘူးလား ဆိုတာခင်ဗျားတို့ ပြန်ကြည့်ပါ။……..နောက်အတော်လေးကြာလာယင် ကျွန်တော်တို့ဟာ တိုင်းပြည်ကို အတိအလင်း ကြေညာနိုင်တဲ့ စကားမျိုးလုပ်လာနိုင်ပါဦးမယ်။
အဲဒီလို လုပ်လာတဲ့အခါမှာ ကျွန်တော်တို့ဟာ လွတ်လပ်ရေးလုပ်ငန်းမယ် ဘယ်ထိအောင် တစခန်း တက်လာပြီး ဘယ်ထိအောင် ပြန်လည်ထူထောင်ရေး လုပ်ငန်းမှာ ဘယ်လို တစခန်း တက်လာပြန်ပြီ အစရှိသည်အားဖြင့် အဲဒီလို အခွင့်အလမ်းတွေကိုလဲ ခင်ဗျားတို့ မြင်ရပါလိမ့်မယ်။ အဲဒီလို တိုင်းပြည် ပြန်လည်ထူထောင်ရေးမယ် လုပ်တဲ့လုပ်ငန်းမှာလဲ တဆင့်တက်လာတာကိုသော်၎င်း၊ အခုလွတ်လပ်ရေးလုပ်ငန်းနဲ့ပတ်သက်
ပြီး တဆင့်တက်လာတာကိုသော်၎င်း အဲဒီလိုတက်လာတာကို ခင်ဗျားတို့ ရက်မကြာမီမှာ မြင်ရပါလိမ့်မယ်။
အဲဒီလို မြင်ရရုံမကဘူး။ ကျွန်တော်တို့ ဒီအစိုးရနှင့် အရင်ကရှိတဲ့ အစိုးရတွေနှင့် ယှဉ်ကြည့်လိုက်ယင် ကျုပ်ပြောရဲတယ်။ ယခု အစိုးရထဲမှာ လာဘ်စားတဲ့လူတွေ မရှိပါဘူးဆိုတာ ကျုပ်ပြောရဲတယ်။
ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရဖြစ်အောင် အတင်းအဓမ္မလုပ်လာလို့ အစိုးရဖြစ်တာ မဟုတ်ဘူး။ တိုင်းပြည်လူထုရဲ့ ထောက်ခံမှုနဲ့ ကျုပ်တို့အစိုးရဖြစ်နေတာ တိုင်းပြည်ကမကြည်ညိုဘူးဆိုတာ ကျုပ်တို့သိတဲ့တနေ့မှာ ကျုပ်တို့လဲ မနေဘူး။ တွယ်မနေပါဘူး။ ထွက်မှာပါဘဲ။ သို့သော်လဲဘဲ တနှစ်လောက် ကျုပ်တို့ကို စောင့်ကြည့်တဲ့အခါမှာ ကျုပ်တို့ဟာ ဘယ်လိုလူစားတွေလဲ။ ရာဇ၀င်မှာ အရေးခံမဲ့ လူစားမျိုးတွေလား။ ရာဇ၀င်မှာ အဆဲခံမဲ့ လူစားမျိုးတွေလားဆိုတာ ခင်ဗျားတို့ ကိုယ်တိုင်သိပါလိမ့်မယ်။……..
တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသားလူထု ညီညွတ်ရေး၊ စားဖားသမားတွေ ညီညွတ်တာ ကျွန်တော်မလိုချင်ပါဘူး။ တိုင်းရင်းသား အချင်းချင်းညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊ အဲဒီညီညွတ်ရေး နှစ်ခုမရှိသမျှ ကာလပတ်လုံး၊ ဒီတိုင်းပြည်ဟာ လွတ်လပ်ပင်လွတ်လပ်ငြားသော်လဲ ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရလုပ်လုပ်၊ ဖာသယ်တိုင်းပြည်ဖြစ်နေမှာဘဲလို့ကျွန်တော်ပြောချင်တယ်။…..
ဗမာတွေ စိတ်ထဲမှာ ဗမာတွေဟာ စိတ်ဓာတ်ထက်တယ် ဘာညာနဲ့ တလွဲဆံပင်ကောင်းနေတယ်ဆိုတာနဲ့ အတူတူပါဘဲ။ ဒီစကားဟာ ဒီနေရာမှာသုံးဖို့ ဟာတွေပဲ။ ဗမာတွေစိတ်ဓာတ်က မဟုတ်တဲ့နေရာမှာ သွားပြီးကောင်းနေတယ်။ တကယ့်နေရာတွေကျတော့ အသုံးမကျဘူး။ ဗမာပြည် လွတ်လပ်ရေးရအောင် ဆိုတာမျိုးမှာ အသုံးမချတတ်ဘူး။ ဗမာပြည်ပြန်လည်ထူထောင်ရေးလုပ်တဲ့ နေရာမျိုးမှာ အသုံးမချတတ်ဘူး။ ဗမာဗမာချင်း ချဖို့မှာ လုပ်ချင်တယ်။….
ခင်ဗျားတို့ဟာ လွတ်လပ်ရေးကို လိုချင်ယင်၊ လွတ်လပ်ရေးရနိုင်လောက်တဲ့ စည်းကမ်းကို ရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိယင် လွတ်လပ်ရေးကို ရနိုင်တဲ့ ညီညွတ်မှုကို ထိန်းသိမ်းထားပါ။ လွတ်လပ်ရေးကို လိုချင်ယင် လွတ်လပ်ရေးကို ရနိုင်တဲ့ ထူထောင်မှုကို လုပ်ကြပါ။ အဲဒီလို လုပ်ပြီးတဲ့နောက် ရှေ့ကို လွတ်လပ်ရေးအရသာကို ခံစားစံစားချင်တယ်ဆိုယင်၊ အလုပ်လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ ယခုကတည်းက ခင်ဗျားတို့ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ စောက်ကျင့်တွေကိုပြင်ကြဖို့ လိုပြီဆိုတာ ကျွန်တော် ကနေ့ပြောခဲ့ချင်တယ်။”

(စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ်ထုတ် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများ ၁၉၄၅-၁၉၄၇ စာအုပ်မှ မူရင်းသတ်ပုံအတိုင်း ကောက်နုတ်ဖော်ပြသည်။)

ခေါက်ရိုးကျိုးနေသော အကျင့်ဆိုးများ၊ သတင်းများနှင့် မသန့်ရှင်းသော အစိုးရမျိုးကို လူထုက မလိုချင်တော့ပါ....

 
Saturday, July 14, 2012
ခေါက်ရိုးကျိုးနေသော အကျင့်ဆိုးများနှင့် ခေတ်ဆိုး အိုးအရွဲ့ကို အကျင့် စာရိတ္တစလောင်းအရွဲ့နဲ့ ဖုံးအုပ်နေကြတယ်

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနိုင်အောင် ဖိတ်ခေါ်နေသလို ရင်းနှီး မြှုပ်နှံမှုကော်မရှင်ကိုလည်း မူဝါဒ (၄) ရပ်ချမှတ်ပြီး ဆောင်ရွက်စေလျက်ရှိ ကြောင်း ၊ ဒီမူဝါဒ (၄) ရပ်ကို တင်ပြရမယ် ဆိုရင် (၁) နိုင်ငံသားများ၏ အကျိုး စီးပွားကို မထိခိုက်စေဖို့၊ (၂) နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေဖို့၊ (၃) အချုပ်အခြာအာဏာကို မထိခိုက်စေဖို့နဲ့ (၄) သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက် စေဖို့တို့ဘဲ ဖြစ်ကြောင်း ကမ္ဘောဒီးယား မှာပြုလုပ်သော အမေရိကန်-အာဆီယံ စီးပွားရေးဖိုရမ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် လယ်မြေအတွင်း ဖြတ်သန်းသွားသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လုံးတချို့ မြေအောက်မချရ သေးသည့်အတွက် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှ လယ်သမားတချို့ လယ်ထွန်ယက်ရန် အခက်အခဲကြုံတွေ့လျက်ရှိကြောင်း နှင့် ကချင်ပြည်နယ်မှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်း သတင်းများက အပြောင်းအလဲကို လိုလားသူတွေကို သံသယဖြစ်စေ စဲဖြစ်သည် ။
၈၈၈၈ အရေးအခင်း မတိုင်ခင်ကတော့ အင်တာနက် ကွန်ပြူတာ ဖေ့စ်ဘုတ်များ မရှိသေး၍ လုထုကို လိမိလည်ကောင်း လိမ်လည်နိုင်ပေမဲ့ အခုလို ဆက်သွယ်ရေး ယန္တယားများ အားကောင်းသော ခေတ်မှာ လူထုကို လိမ်ချင်တိုင်း လိမ်၍ မရတော့ကြောင်း သမ္မတကြီးကို ပဏာမ လေးစားစွာ ပြောကြားလိုပါသည် ။

နိုင်ငံတကာ အစည်းအဝေးများတွင် မစားရ ၀ခမန်း သမ္မတကြီးဦးသိန်စိန်၏ မိန့်ခွန်းများက ကောင်းမွန်ဝေဆာသလောက် လက်တွေ့ပြည်တွင်းတွင်မူ ပဲခူးတိုင်း အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း လယ်သမား (၇) ဦးကို ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး ပစ္စည်းစက်ရုံ ကပစ (၃) စစ်တပ်က ဖမ်းဆီးလိုက်သော သတင်းများ ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် လားရှိုးမြို့က အဖွဲ့ဝင်တွေရဲ့ မိဘတွေကို SB ရဲထောက်လှမ်းရေးက မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ပြီး သားသမီးတွေကို ဗကသ အဖွဲ့ချုပ်ကနေ နှုတ်ထွက်အောင် ဖိအားပေးနေကြောင်းသတင်းများ သည် ခေတ်ဟောင်း စနစ်ဟောင်းမှ အစိုးရ၏ အဖိနှိပ်ခံလူထု အပေါ်ထားရှိသော ခေါက်ရိုကျိုးနေသော အကျင့်ဆိုးများ ဖြစ်နေသေးသည်မှာ ထင်ရှားသည် ။

စစ်အုပ်စုထဲမှ အတွင်းသတင်းများအရ ခေါင်းမာပြီး တင်းမာသူဟု တစ်ပြေးနေသော ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေကို ဒုသမ္မတလောင်းအဖြစ် လွှတ်တော်ရှိ စစ်တပ်ကိုယ်စားလှယ်တွေက အမည်စာရင်း တင်သွင်းလိုက်သောအခါ အတိုက်အခံတွေအား အတိုက်အခံလုပ်ပြီး ပြုပြင်ပြောင်းလဲရေးကို သွားနေပြီဟု ထင်ကြေးပေးခဲ့မိသော မိမိကိုယ်မိမိ အပြစ်တင်ရင်း မျှော်လင့်ချက်လေး ရေတိမ်နစ်တော့မည်လားဟု သောကအပူမီးများ ငယ်ထိပ် တက်စောင့်ကြကုန်သည် ။

မြေမြို၍ လူမျိုးမပြုတ် လူမြိုမှ လူမျိုးပြုတ်ကိန်းနှင့် ရင်ဆိုင် ကြုံတွေ့နေရသော အဖက်ဖက်က ခြွတ်ခြုံကျ မွဲတေနေသော တိုင်းပြည်


မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမူဆလင်တွေကို တတိယနိုင်ငံတခုခုဆီ ပို့ပေးတာ ဒါမှမဟုတ် ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာမဟာမင်းကြီးရုံး UNHCR က စောင့်ရှောက်ပေးတာမျိုး ဖြစ်စေချင်တယ်လို့ မြန်မာသမ္မတ ဦးသိန်းစိန်က ပြောကြောင်း ၊ UNHCR မဟာမင်းကြီး Antonio Guterres နှင့် တွေ့ဆုံ ဆွေးနွေးပြီး တဲ့နောက် မြန်မာသမ္မတက အဲဒီလို ပြောခဲ့ပေမဲ့
မစ္စတာ Guterres ကတော့ အဲဒီလိုလုပ်ဖို့ရာဟာ UNHCR ရဲ့ တာဝန်မဟုတ်ဘူးလို့ ပြန်တုံ့ပြန်ခဲ့ကြောင်း သတင်းဌာနတစ်ခုမှာ ဖတ်လိုက်ရပါသည် ။

တစ်ချိန်ထဲမှာပင် ရခိုင်ပြည်နယ်သို့ ရောက်ရှိနေကြသော ၈၈မျိုးဆက်ကျောင်းသားများသည် မြန်မာနိုင်ငံ၏ အနောက်ဘက်စွန်းရှိ မြန်မာ - ဘင်္ဂလားရှေ့ နှစ်နိုင်ငံ နယ်စပ်စည်းရိုးသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ကြခြင်းနှင့် အတူ အလယ်သံကျော်ကျေးရွာ၊ နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ် အမှတ် (၇) နယ်မြေတွင် ဖွင့်လှစ်ထားသည့် ဒုက္ခသည်စခန်းသို့ ပစ္စည်းများလှူဒါန်းခြင်းကို ဖေံစ်ဘုတ် စာမျက်နှာတွင် တွေ့လိုက်ရသည် ။

အဖက်ဖက်က ခြွတ်ခြုံကျ မွဲတေနေသော တိုင်းပြည်သည် မြေမြို၍ လူမျိုးမပြုတ် လူမြိုမှ လူမျိုးပြုတ်ကိန်းနှင့် ရင်ဆိုင် ကြုံတွေ့နေရသည်ကို သတိချပ်သင့်ပေသည် ။

ထိုအခါ သန့်ရှင်းသော အစိုးရဖြစ်ရမည်ဟု ကြွေးကြော်နေသော ဦးသိန်းစိန်အစိုးရသည် တစ်ကယ်သန့်ရှင်းချင်ရင်ဖြင့် တိုင်းရင်းသား ပြည်သူလူထု အပါအ၀င် အစိုးရ၀န်ထမ်းများ၏ ဘ၀ကို အမှန်တစ်ကယ် နားလည်အောင် ကြိုးစားရမှာ ဖြစ်သလို လာပ်ပေးလာပ်ယူ တိုက်ဖျက်ရေးကို အချိန်မီလုပ်ဆောင်ရပေမည် ။ တခြားတစ်ဖက်တွင် လည်း ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းကို ရင်ဘောင်တန်းနိုင်သော အစိုးရ၀န်းထမ်းများ၏ လစာကိုလည်း လုပ်ဆောင်ပေးရပေမည် ။ စီးပွားရေး လုပ်ငန်းရှင်ကြီးများ၏ ငွေနှင့်ပေါက်ပြီး သိမ်းသွင်းခံရသော အစိုးရ အရာရှိကြီးများ၏ လာပ်ပေးလာပ်ယူမှုများကို ဖော်ထုတ်ရပေမည် ။

အတိတ်က ဆုံးဖြတ်ချက် အမှန် အမှားများဖြင့် ယနေ့ ရင်ဆိုင်နေရသော အကောင်းအဆိုး
အချိန်တွေ ဘယ်လိုပြောင်းပြောင်း တို့ ကမ္ဘာကတော့ အရင်လို အဟောင်းအတိုင်းပါပဲဆိုတဲ့ ကဗျာတစ်ပုဒ်လို အတိတ်ကာလတို့ကို နောက်ချန်နှုတ်ဆက်ချင်ပေမဲ့ ဖောက်ပြန်တတ်သော အကျင့်ဆိုးများက ကပ်ပါနေသည်အား စိတ်မကောင်းဖွယ်ရာ တွေ့မြင်နေရသည် ။

ယနေ့ ရင်ဆိုင်နေရသော အကောင်းအဆိုး မှန်သမျှသည် အတိတ်က ဆုံးဖြတ်ချက် အမှန် အမှားများဖြင့် တစ်နည်း တစ်ဖုံ ဆက်သွယ် ပတ်သက်နေသည်ကို ပကတိ အခြေအနေ အတိုင်းပြတ်ပြတ်သားသား သိမြင်ရပေမည်။ ဆံချည်မျှင် မျှသော အမြင်လွဲချော်မှုသည်ပင် အနာဂတ်အတွက် ဖြေရှင်းရခက်သော ပြဿနာများ တောင်ပုံရာပုံ ယူဆောင်လာတတ်ပုံကို ကျနော် ဘ၀ အတွေ့အကြုံတစ်ချို့မှ ဖြတ်သန်းခဲ့သော ဘ၀အစိတ်အပိုင်းများနှင့် ပြန်လည် ဖောက်သည် ချချင်ပါသည် ။ အတိတ်က သင်ခန်းစာ များကို ရယူပြီး အနာဂတ်မှာ ဆုံးဖြတ်ချက် မှန်ကန်စေချင်သော စိတ်ရင်းစေတနာသည် ရင်ထဲမှာ မြိုသိပ် တောက်လောင်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပေပြီ ။

ခေတ်ဆိုး အိုးအရွဲ့ကို အကျင့် စာရိတ္တစလောင်းအရွဲ့နဲ့ ဖုံးအုပ်နေကြတယ်


 
 
 
 
 
 
 
 
 
 
 
 
 
 
၁၉၇၀ ကျော် ၀န်းကျင်နှစ်များဆီက ရှမ်းရိုးမ ၊ ရှမ်းတောင်တန်းများဖြင့် လှပသော ချယ်ရီမြေသည် ယနေ့အချိန်ထိ ယမ်းငွေ့များ ဝေနေစဲဖြစ်သည်မှာ တစ်စုံတစ်ရာ အကြီးအကျယ်မှားယွင်းနေသည်က သေချာပေသည် ။ ရိုးသား ကြိုးစားသော ရှမ်းတိုင်းရင်းသူ တိုင်းရင်းသားများသည် ဆင်းရဲ ဒုက္ခ ပင်လယ်ဝေနေပြီး ဖောက်ပြန်သော အစိုးရ အသိုင်းအ၀ိုင်းသာ စည်းစိမ်ယစ်နေသော ပုံရိပ်များကို ကျနော် ငယ်စဉ်ကလေး ဘ၀၌ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးတွင် နေထိုင်စဉ် တွေ့မြင်ခဲ့ရသည် ။ ကျနော့ အဖေ သည် လူဝင်မှုကြီးကြပ်ရေး ( လ၀က ) မြို့နယ်မှုး အဖြစ်တာဝန်ကျခဲ့သော အဲဒီအချိန်က ရှမ်းပြည်နယ်တစ်ဝိုက်တွင် ပြည်တွင်းစစ် ဒဏ်ကြောင့်ဖြစ်စေ စားဝတ်နေရေး အခက်အခဲကြောင့်ဖြစ်စေ လားရှိုးမြို့ပေါ်သို့ထွက်ပြေးတိမ်းရှောင်လာသော ရှမ်း ၊၀ အပါအ၀င် ကျေးလက်ဒေသမှ ဒုက္ခသည် တိုင်းရင်းသားလူမျိုးများကို တွေ့မြင်ခဲ့ဘူးသည် ။ကျနော် မူလတန်းကျောင်းသို့သွားရာ လမ်းဘေးရှိ ညောင်ပင်ကြီးအောက်တွင် တဲထိုးကာ ဖြစ်သလို နေထိုင်စားသောက်နေသော ကလေးငယ်များ အပါအ၀င် မိသားစုများကို ကြည့်ပြီး စိတ်မကောင်းဖြစ်ခဲ့မိသည် ။

ရိုးသား ကြိုးစားသော အဖေသည် လော်စစ်ဟန်တို့လို ဘိန်းအုပ်စုနှင့် ပလင်းတူ ဗူးဆို့ လုပ်နေသော အထက်လူကြီးများနှင့် အဆင်မပြေဟု အမေ့ ထံမှ သိရချိန်တွင် စိတ်ဝင်စားခြင်းမရှိခဲ့ပေမဲ့ အဖေ့အား လားရှိုးမှတစ်ဆင့် မိသားစုနှင့် ဝေးကွာရာ စစ်ဖြစ်နေသော အနက်ရောင် နယ်မြေရှမ်းပြည်နယ် ကွတ်ခိုင်မြို့သို့၎င်း ၊ မှိုင်ရှုးမြို့သို့၎င်း မကြာခဏ တာဝန်ပြောင်းရွေ့ ခံရသော အခါ မှ ကလေးငယ်တစ်ယောက်လို အဖေ့ကို လွမ်းဆွတ်ရင်း တစ်စုံတစ်ရာကို စိတ်နာသလို ငယ်စဉ်ကတည်းက ခံစားခဲ့ဘူးသည် ။

ဖေဖေသည် စစ်ဖြစ်နေသော နယ်မြေသို့ တာဝန်ကျနေစဉ် မန္တလေးသူ အမေသည် မန္တလေး တက္ကသိုလ်မှ သမိုင်းဘာသာရပ်ဖြင့်ဘွဲ့ရပြီး အထက်တန်းပြ ဆရာမ တာဝန်ကို ထမ်းဆောင်ကာ တခြားတစ်ဖက်ကလည်း ဘ၀တက်လမ်း အတွက် ရန်ကုန်ပညာရေး တက္ကသိုလ်မှာ အဝေးသင် ကျောင်းတက်နေ၍ ကျနော်တို့မောင်နှမ ( ၃ ) ဦးမှာ မိဘရှိလျက် မိဘမဲ့ ဘ၀လို ကြီးပြင်းခဲ့ရသည် ။ အမေသည် ကျနော်တို့အားဆုံးမသည်မှာ ပညာတတ်ကြီးဖြစ်အောင်လုပ်ပြီး မိဘက ပညာအမွေပဲ ပေးနိုင်ကြောင်း ပါးစပ်က တဖွဖွပြောသလို သူကိုယ်တိုင်လည်း ဘွဲ့ ( ၂ ) ခုကို ရအောင် ကြိုးစားခဲ့သည် ။ ကျနော်တို့ မောင်နှမတွေမှာ အမေ၏ ပညာရေး စစ်ဆင်ရေးတိုက်ပွဲမှာ မူလတန်းကစ၍ ကျူရှင်တက်ခြင်း ကျောင်းတက်ခြင်း အလုပ်ကို လားရှိုးမြို့၏ ဆောင်းတွင်း ချမ်းချမ်းစီးစီး မနက်ခင်းများနှင့် နပမ်းသတ်ခဲ့ရပေသည် ။( စကားချပ် ၊ ၊ ကျနော်သည် မြန်မာပြည်၌ ဘွဲ့ရပြီးနောက် အသုံးမ၀င်သော မြန်မာပြည် ပညာရေးကို အမှန်တစ်ကယ် သိရှိနားလည်ကာ ဖောက်ပြန်သော စစ်စနစ်ဆိုးကြောင့် တောခို တော်လှန်ရေး လုပ်ခဲ့သော ကျနော်ကို အမေ နားလည်ခွင့်လွှတ်မည်ဟု မျှော်လင့်မိပါသည် ။ )

ထိုအချိန်တွင် မန္တလေးမှ အဖွားသည် ကျနော်
တို့နေထိုင်ရာ လားရှိုးမြို့သို့ လာရောက်ကာ ကျနော်တို့အား ထိမ်းသိမ်းစောင့်ရှောက်ကြည့်ရှုပေးခဲ့ပါသည် ။ အဖွားကတော့ အိပ်ရာဝင် ပုံပြင်လို ကျနော်အားပြောသည်မှာ ကျနော့အဖေသည် နိုင်ငံခြားသား တရုတ်လူမျိုးတွေကို တခြား လ၀က အရာရှိများကဲ့သို့ လာဘ်ယူပြီး နိုင်ငံသား လုပ်မပေးခြင်း အကြောင်း ၊ စီးပွားရေး လုပ်ငန်းရှင် ဘိန်းအုပ်စုတွေနဲ့ တခြားအရာရှိတွေလို ရောရောနှောနှောနေကာ လားရှိုးအ၀င်အထွက် လ၀က ဂိတ်တွေမှာ ငွေမရှာတတ်သဖြင့် အထက်အရာရှိမှ မကြိုက်တဲ့ အပြင် အငြိုးအတေးထားပြီး စစ်ရိပ်စစ်ငွေ့ မကင်းသော မြို့တွေကို ပြောင်းရွေ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့စဉ် ( ၇ )နှစ် ၊ ( ၈ )နှစ်အရွယ်ကျနော်မှာ လာပ်ပေးလာပ်ယူ ကိစ္စရပ်အကြောင်း စတင် ကြားသိရခြင်းဖြစ်ပါသည် ။ ထိုအချိန်က ကျနော်တို့နေထိုင်ရာ လ၀က အရာရှိ ရိပ်သာတွင် တချို့ အရာရှိများက ကားအကောင်းစားကို စီးနေချိန်မှာ တစ်ခါတစ်ခါ အဖေ့မှာ ရုံးကားစုပ်လေးစီးလိုက် ခြေကျင်ရုံးတက်လိုက် မြင်ကွင်းများသည် လာပ်ပေးလာပ်ယူနှင့် တိုက်ရိုက် ပတ်သက်နေမှန်း ကျနော့မှာ ယင်းအခါက ကောင်းကောင်းမသိတတ်သေးပေ ။

စစ်တပ်အသိုင်းအ၀ိုင်းအပါအ၀င် တချို့ အရာရှိကြီးများသည် ဘ၀တစ်သက်စာ ဖူလုံသော လာပ်ငွေများ ယူပြီး ရာထူးမှ နှုတ်ထွက်သွားသူများရှိသလို ကျနော့ အဖေလို ရိုးသားကြီုးစားပြီး လူကြိုက်နည်းသူများမှာ ဘ၀တစ်သက်တာ အစိုးရတာဝန်ကို ကျေပြွန်ရင်း စီးပွားရေး ဘ၀ မဖူလုံခဲ့ပေ ။
နောက်ဆုံးမှာတော့ ကိုယ်ကိုတိုင် လာဘ်မစားသည့်အပြင် အထက်လူကြီးများကို လာပ်မထိုးတတ်သော အဖေသည် လူသူအရောက်အပေါက်နည်းကာ မြန်မာပြည်မြေပုံတွင်ပင် ရှာရခက်သော ရခိုင်ရိုးမတောင်နှင့် မလှမ်းမကမ်း မကွေးတိုင်း မင်းတုန်းမြို့သို့ လ၀က မြို့နယ်မှုးအဖြစ် လက်ဝဲသုဒ္ဒယ အမတ်ကြီးလို မဲဇာပို့ ခံခဲ့ရပေသည် ။ထိုအရပ်သည် ဘယ်လောက် ခေါင်သလည်းဟု ပြောလျှင် တမြို့လုံးတွင် မီးသတ်ကား တစ်စီးသာ ရှိပြီး မီးလောင်သည့်အခါတိုင်း စက်အမြဲပျက်နေသော ထို မီးသတ်ကား သည် မီးလောင်သည့်နေရာသို့ မရောက်သည်ကများသည် ။

အထက်ပါ ကျနော်ဘ၀ အတွေ့အကြုံကို အခြေခံပြီး ယခု ရခိုင်ပြည်နယ်တွင်ဖြစ်ပျက်နေသော ဘင်္ဂလီအရေးပြဿနာကို ဆက်စပ်တွေးခေါ်မိသည်မှာ လ၀က အပါအ၀င် အစိုးရ၀န်ထမ်းများ၏ အမြင်ကျဉ်းပြီး ကိုယ့်ဖို့သာ ကြည့်တတ်သူများ ၏ အတိတ်မှ လာပ်စားမှု အကျိုးဆက်သည် ယခုရင်ဆိုင်နေရပေသည် ။

တရုပ်လူမျိုးများသည် မန္တလေး အတိတ်နန်းတော်ကို သေနတ်တစ်ချက်မှ မဖောက်ပဲ သိမ်းပိုက်ခဲ့သည်အား စိတ်မကောင်းဖွယ် မြင်တွေ့နေရသည် ။ တိကျပြတ်သားသော နိုင်ငံသား ဥပဒေများရှိရန် လိုအပ်သလို လာပ်ပေးလာပ်ယူမှုများကို တိုက်ဖျက်ရန် အတွက်အစိုးရမှာ တာဝန်ရှိပါသည် ။

အစိုးရ ကိုယ်တိုင်က လာပ်စားပြီး တူတာတွေ တွဲလုပ်ကြရအောင်ဟု ပြောဆိုကာ ခေတ်ဆိုး အိုးအရွဲ့ကို အကျင့် စာရိတ္တ စလောင်းအရွဲ့နဲ့အတူတူ လက်တွဲ ဖုံးအုပ်နေကြမှာလား ။

နောက်ဆုံးအနေဖြင့် တင်ပြ ဆွေးနွေးလိုသည်မှာ လူထုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေများထွန်းကားရာ ပြည်သူ့လွှတ်တော်အဖြစ် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းကို ချစ်မြတ်နိုးသည့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးမှ မြင်တွေ့လိုပြီး အတွေးအခေါ်ဟောင်းများ ကြီးစိုးရာ ချွတ်ချော်သော လွှတ်တော်ကို မမြင်ချင်သည်မှာ လူထု ဘ၀ ဆန္ဒမှန်ပင်ဖြစ်ကြောင်း တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်ဖြင့် တိုက်တွန်းရေးသားလိုက်ရပါသည် ။

အောင်ခိုင်မြင့် 8888 New Generations အယ်ဒီတာ
၁၄ ဇူလိုင် ၂၀၁၂
http://8888newgenerations.blogspot.ca/

ဒီမိုကရေစီ ပါရမီ ၁၀ ပါး

Khant Nyar

 on Saturday, July 14, 2012 at 6:34am ·



ဒီမိုကရေစီ ပါရမီ ၁၀ ပါး

(၁) ဒါနပါရမီ=စွန့်လွှတ်ခြင်း

မင်းကျင့်ဆယ်ပါး ၊ တရားအညီ
ပြည်သူသည်သာ ၊ မိဘဟူသည်
အဂတိများ ၊ မလိုက်စားပြီ
မိသားစုနှင့် ၊ ဆွေမျိုးတလီ
ကောင်းစားရေး ၊ မနှေးစွန့်လွှတ်မည်
အဲဒါမှ ၊ ဒီမိုကရေစီ ဒါနပါရမီ။

(၂) သီလပါရမီ=ကိုယ်ကျင့်ကောင်းခြင်း
 
ပြည်တွင်းစစ်များ ၊ ငြိမ်းအေးစေရည်
အဓမ္မလုပ်အား ၊ ရှောင်ဖယ်ရှားမည်
နိုင်ငံရေးကျဉ်းသား ၊ နှောင်ထားလွှတ်ဖြည်
လယ်ယာမြေမသိမ်း ၊ လောဘငြိမ်းသည်
ပြည်သူ့ဘဏ္ဍာလဲ ၊ လာဘ်မစားပြီ
အဲဒါမှ ၊ အပါယ်ပိတ်မယ့် သီလပါရမီ။

(၃) နေက္ခမပါရမီ=တပ်မက်မှုကင်းခြင်း

ရာထူးဂုဏ်သိန် ၊ စည်းစိမ်ဆက်ရည်
ဘောင်းဘီချွတ်လဲ ၊ ခေါင်းပေါင်းမပတ်ပြီ
နောက်ရွေးကောက်ပွဲ ၊ မဲမလဲသည်
ထွက်တော်မူခန်း ၊ နှုတ်ထွက်မြန်းအတည်
လွှတ်တော်နှစ်ဆယ့်ငါး ၊ ခွဲတမ်းမစီ
စွန့်လွှတ်မှ ၊ နေက္ခမပါရမီ။

(၄) ပညာပါရမီ=အမှန်အတိုင်းသိခြင်း

ပညာဥာဏ်လင်း ၊ တွေဝေကင်းသည်
နောက်ကြောင်းပြန်လှည့် ၊ မောဟဖြစ်မည်
ခရိုနီများ ၊ တာမစားရည်
အရည်အချင်းစစ်မှ ၊ ရာထူးခန့်အတည်
ကာယ ၀စီ မနောချီ ၊ ဥဇူစ ဖြောင့်ဖြောင့်မှန်ရသည်
အဲဒါမှ ၊ ဒီမိုကရေစီ ပညာပါရမီ။

(၅) ၀ီရိယပါရမီ=ဇွဲလုံ့လရှိခြင်း

ဝီရိယသဘော ၊ ရဲရင့်နှောညီ
ခြစားအမှု၊ ဝေးစွပြုသည်
Hard-liner များ ၊ ဖြုတ်ဖယ်သွားမည်
စလယ်ဆုံးတဲ့ ၊ ငါးနှစ်တမ်းဆီ
ပြည်သူ့အကျိုး ၊ နေ့ညသယ်ပိုးပြီ
အဲဒါမှ ၊ တာဝန်လုပ်ငန်း ၀ီရိယစွမ်းပါရမီ။

(၆) ခန္တီပါရမီ=သည်းခံခြင်း

လွတ်လပ်စွာတွေး ၊ ခွင့်လွှတ်သေးသည်
ကိုယ်နဲ့မတူလဲ ၊ အပြစ်မရှာပြီ
“တူ” ပင် စစ်လည်း ၊ “ပေ” ကို မကစ် အတည်
ကိုယ့်လိပ်ပြာဟဲ့ ၊ ကိုယ်တိုင် လုံရန်ရည်
မဲပင်ရှံးနဲ ၊ ပြုံးမပျက်ပြီ
အဲဒါမှ ၊ တကယ်မြတ်တဲ့ ခန္တီစပါရမီ

(ရ) သစ္စာပါရမီ=မှန်ကန်ခြင်း

စာနယ်ဇင်းပွဲ ၊ မလိမ်ရဲပြီ
နိုင်ငံတကာလဲ ၊ မလှည့်စားသည်
ကြွားမပြောဘဲ ၊ ၀န်ခံရဲမည်
ရှေ့ နောက်စကား ၊ မကွဲပြားတည်
အလုပ်အပြော ၊ ညီညွတ်ချောဆီ
ထင်သာမြင်သာရှိပါက ၊ အဲဒါ သစ္စပါရမီ။

(၈) အဓိဋ္ဌာန်ပါရမီ=ခိုင်မာသောဆုံးဖြတ်ချက် ရှိခြင်း

မရွေ့ မယိုင် ၊ ကြံ့ ကြံ့ ခိုင်ကျဉ်
ပြောင်းလဲမှုတဲ့ ၊ ရှေးရှပြုရည်
မိန့်ခွန်းအသွား ၊ မောင်းနှင်အားညီ
ခက်ခဲကျော်လွှား ၊ ဇာနည်ဖွားပီ
မှတ်ကျောက်တင်တိုက် ၊ စစ်ခံထိုက်သည်
အဲဒါမှ ၊ သမိုင်းမလိမ်ရတဲ့ အဓိဋ္ဌာနပါရမီ။

(၉) မေတ္တာပါရမီ=မေတ္တာထားခြင်း

ချစ်ခြင်းသဘော ၊ ကော်စေးနှောညီ
ပင်လုံအလှ ၊ သက်သေပြပြီ
ပြည်နယ်ပြည်မ ၊ စည်းလုံးကြသည်
ငြိမ်းချမ်းမှ ၊ လောကသာယာစည်
ကျေးဇူးကန်းက ၊ ပူလောင်တတ်သည်
မုဒိတာများသံဝေဂပွားမှ ၊ မေတ္တာရေအေးကြည်။

(၁၀) ဥပေက္ခာပါရမီ=လျစ်လျုရှခြင်း

ချိန်ခွင်ပမာကွဲ့  ၊ ဗယ်ညာတဲ့ညီ
ငွေများသဟဲ့လို့ ၊ တရားမပျက်ပြီ်
မျက်နှာကြီးလဲ ၊ ဟင်းဖတ်တူသည်
မြှောက်တိုင်းမမြောက် ၊ ခြောက်လဲမကြောက်အတည်
ပြည်သူ့စီးပွား ၊ ထောက်ထားဂုဏ်ရည်
“အဘကြီး” မှန်လဲ ၊ ဥပေစ်ပဲ အမြဲ လုပ်ဖြစ်ကြရမည်။


ခန့်ကေတု
..............................................
အုပ်ချုပ်သူလူတန်းစား ၊ အလိမ္မာပွားဖို့၊ များများ Share လိုက်ကြပါစို့။

...............................................
Khant Nyar ထံမှ ရှယ်ပေးလိုက်တာ ဖြစ်ပါတယ်။