Friday, July 13, 2012

ကျွန်တော်မမေ့နိုင်သော ဆယ့်ကိုးဇူလိုင် [ တက္ကသိုလ်နေ၀င်း]

ရေးသားသူ.. ထူးတင့်နိုင်



“ပျောက်သောသူ ရှာလျှင်တွေ့ ၊
သေသောသူ ကြာလျှင်မေ့”

ဤကား မြန်မာလူမျိုးတို့ ပြောနေကျ ဆိုရိုးစကားပင်ဖြစ်သည်။ ယျေဘူယျအားဖြင့် မှန်ကန်သော ဆိုရိုးစကားလည်းဖြစ်ပါ၏။ အထူးသဖြင့် အချိန်ကာလကြာမြင့်လာသော် သေသောသူအား တဖြည်းဖြည်းမေ့လျော့ကာ နောက်ဆုံး လုံးလုံး သတိမရတော့သော အခြေအနေမျိုးဖြစ်လာတတ်သည်။ ဤသို့ လျှင် ယျေဘူယျအားဖြင့် မှန်ကုန်သော ဆိုရိုးစကားနှင့်ပတ်သတ်၍ ချွင်းချက်တော့ရှိနေပါသည်။

ယင်းချွင်းချက်ကား လွန်ခဲ့သော ၄၈ နှစ် ၊ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် စနေနေ့ ကဖြစ်ပွားခဲ့သော မြန်မာ့သမိုင်းတွင် အလွန်အရုပ်ဆိုးအကျည်းတန်ပြီး မည်သို့ မှ ဖျောက်ဖျက်၍ မရနိုင်သည့် အစွန်းအထင်း အမည်းကွက်ကြီး ( သို့ မဟုတ် ) နိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်ရာမှ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အပေါင်းပါအာဇာနည်ခေါင်းဆောင်ကြီးများ အတုံးအရုံးနှင့်ရေတိမ်နစ်ကျဆုံးခဲ့ရခြင်းသည် အချိန်ကာလာ မည်မျှပင်ကြာမြင့်စေကာမူ မေ့ပျောက်၍ မရနိုင်သည့် ချွင်းချက်ဖြစ်သည်ဟု ဆိုချင်ပါသတည်း။

အထူးသဖြင့် ၁၉-၇-၄၇ နေ့ ကဖြစ်ရပ်နှင့်တကွ ယင်းဖြစ်ရပ်မတိုင်မီ တစ်လအတွင်းက ဖြစ်ရပ်များကို အနီးကပ်သိရှိခဲ့ရသူ ကျွှန်တော့်အဖို့ မမေ့နိုင်ရုံမက ပြင်းစွာ နာကျည်းကြေကွဲခြင်း ၊ ယူကျုံးမရဖြစ်ခြင်း ၊ ဖြေမဆယ်နိုင်အောင် ပူဆွေးဝမ်းနည်းခြင်းစသော စိတ်လှုပ်ရှားမှုဒဏ်ကို နှစ်စဉ်ဇူလိုင်လ နီးကပ်လာတိုင်း အလူးအလဲခံစားရတတ်ပါသည်။ ဘာကြောင်ဤသို့ ဆိုရကြောင်းကိုလည်း ယခုဆက်လက်ဖော်ပြလတ္တံ့ သော အကြောင်းအချက်များက အဖြေပေးနိုင်လိမ့်မည်ထင်ပါသည်။

*******************************************************

၁၉၄၇ ခုနှစ် ဇူလိုင်လဆန်းတွင် “ဘီအိုဒီ” ခေါ် ဗြိတိသျှစစ်တပ်ပင်မ လက်နက်ခဲယမ်းသိုလှောင်ရေးတပ်မှ ဘရင်းဂန်း ၊ တော်မီဂန်း ၊ စတင်းဂန်းစသော မောင်းပြန်လက်နက်များနှင့်တကွ ခဲယမ်းကျည်ဆန်အမြောက်အမြားကို ပစ္စည်းထုတ်ပုံစံအတုများဖြင့် မသမာသူတစ်စုက ထုတ်ယူသွားကြောင်းကို Special Branch ခေါ် ရဲတပ်ဖွဲ့ ဌာနချုပ်၏ သတင်းတပ်ဖွဲ့ က သတင်းရသဖြင့် ပြည်ထဲရေးဝန်ကြီးမှ တစ်ဆင့် အစိုးရအဖွဲ့ ထံသတင်းပို့ အစီရင်ခံခဲ့ပါသည်။

ထိုအချိန်က ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းသည် နိုင်ငံခြားခရီးထွက်နေ၍ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ပျော်ဘွယ်ဦးမြက ခေတ္တပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူနေပါသည်။ ဖော်ပြပါ လက်နက်ခဲယမ်းများ လိမ်လည်ထုတ်ယူသွားခြင်းနှင့် ပတ်သတ်၍ အစိုးရအဖွဲ့ က လိုအပ်သလို ဆောင်ရွက်ရန် ခေတ္တပြည်ထဲရေး ၀န်ကြီးအား တာဝန်ပေးလိုက်ပါသည်။
ဝန်ကြီးဦးမြလည်း ပြည်ထဲရေးဝန်ကြီးဌာနက တိုက်ရိုက်ကွပ်ကဲသော ( နောက်ပိုင်း ပြည်ထောင်စု စစ်ရဲတပ် UMP ဖြစ်လာသည်) သောင်းကျန်းမှု နှိမ်နှင်းရေးတပ်မှ တပ်စိတ်တစ်စိတ်ကို လက်နက်ခဲယမ်း အပြည့်အစုံ ( မောင်းပြန်သေနတ်များအပါအ၀င်) နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းပြင်ဘက်တွင် လုံခြုံရေးတာဝန်ချထားလိုက်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ သဘောထားကို သိထားသူ ၀န်ကြီးဦးမြသည် လက်နက်ကိုင်တပ်စိတ် လုံခြုံရေးအစောင့်ချထားခြင်းကို ဗိုလ်ချုပ်အားလုံးဝအသိမပေးခဲ့ချေ။ ထို့ ပြင် ကျွှန်တော့်ကိုလည်းနှစ်ယောက်ချင်းတွေ့ ၍ ရုံးခန်းအပြင်ဘက်၌ လုံခြုံရေးတပ်စိတ်ချထားကြောင်းကို ဗိုလ်ချုပ်အားမပြောရန် မေတ္တာရပ်ခံခဲ့ပါသည်။ ကျွှန်တော်လည်း အလိုက်သိစွာနှင့်ပင် ဦးမြအား ကတိပေးပြီး ဗိုလ်ချုပ်အား မပြောပဲ နေလိုက်ပါသည်။

သို့ ရာတွင် ကံဆိုးချင်တော့ တစ်နေ့ ဗိုလ်ချုပ်နှင့် ကျွှန်တော်တို့ ရုံးဘက်လာပြီး ဗိုလ်အောင်ကျော်လမ်းဘက် တံခါးပေါက်မှ ရုံးခန်းသို့ အ၀င်တွင် မလှမ်းမကမ်းရှိ ဘဏ္ဏာရေးဝန်ကြီးဌာနဘက်သို့ ချိုးကွေ့ သည့်ထောင့်နား၌ မောင်းပြန်သေနတ်ကိုင် ရဲဘော်သုံးလေးဦးကို ဗိုလ်ချုပ်ကလှမ်းမြင်သွားပါသည်။

ချက်ချင်းဘာမှမပြောပဲ ဗိုလ်ချုပ်သည် ရုံးခန်းအတွင်းသို့ ရောက်တော့မှ ကျွှန်တော့်အား နှစ်ယောက်ချင်း ခေါ်မေးပါသည်။

“ဟေ့ကောင် ငါ့ရုံးခန်းရှေ့က လက်နက်ကိုင် ရဲဘော်တွေက ဘာလုပ်တာလဲ”

“ပြည်ထဲရေးဝန်ကြီးက လိုအပ်တယ်ထင်လို့ လုံခြုံရေးအစောင့်ချထားတာပါ”

ကျွှန်တော်ကရှင်းပြသည်ကို ဗိုလ်ချုပ်သည် သဘောကျဟန်မတူပါ။

“မလိုပါဘူးကွာ။ ငါ့ကို ဘယ်သူကမှလည်း လုပ်ကြံမှာမဟုတ်ပါဘူး။ ငါကလည်း မစိုးရိမ်ပါဘူး။ ငါ့ရုံးခန်းရှေ့မှာ လက်နက်ကိုင် ရဲဘော်တွေချထားတာကို ငါမမြင်ချင်ဘူး။ ဒီတော့ မင်းကိုယ်တိုင် ခုချက်ချင်း ပြည်ထဲရေးဝန်ကြီး ဦးမြဆီ သွားပြီး ငါက ညွှန်ကြားတယ်လို့ ပြော။ ငါ့ရုံးခန်းရှေ့က လက်နက်ကိုင် ရဲဘော်တွေကို ချက်ချင်းပြန်ရုပ်ခိုင်းလိုက်။ ကဲ….မင်းအခုပဲ သွားပြောပေတော့”
ဗိုလ်ချုပ်က တိကျပြတ်သားစွာပြောသဖြင့် ကျွှန်တော်လည်း ပြည်ထဲရေးဝန်ကြီးဌာနသို့ အမြန်သွားရောက်၍ ၀န်ကြီပျော်ဘွယ်ဦးမြ အား ဗိုလ်ချုပ်က အမိန့် ပေးလိုက်ပုံကို ပြောပြလိုက်ပါသည်။

ဝန်ကြီး ဦးမြသည် အလွန်စိတ်မကောင်းဖြစ်သွားပုံရတယ်။

“ခက်တော့တာပဲကွာ။ ငါတို့ က လုံခြုံရေးအတွက် လိုအပ်တယ်ထင်လို့ လက်နက်ကိုင်တပ်စိတ်ချထားတာကို ဗိုလ်ချုပ်က မြင်သွားတာဆိုးတာပဲ။ ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ။ သူ့ အမိန့် ကိုလည်း တို့ က မနာခံလို့ မဖြစ်ဘူး။ ငါတော့ စိတ်မကောင်းဘူးကွာ။ ”
ဤသို့ ငြီးငြူးရင်းနှင့်ပင် ၀န်ကြီးဦးမြသည် သက်ဆိုင်ရာသို့ တယ်လီဖုန်းဆက်၍ ဗိုလ်ချုပ်ရုံးခန်းရှေ့မှ လက်နက်ကိုင် လုံခြုံရေးတပ်စိတ်ကို ချက်ချင်းရုပ်သိမ်းရန် အမိန့် ပေးလိုက်ရပါတော့သည်။

ထိုနေ့ ညနေဘက် ရုံးမှအိမ်သို့ အပြန်တွင် ဗိုလ်ချုပ်သည် စကားများများမပြောပဲ တစ်စုံတစ်ခုကို စဉ်းစားနေဟန်ဖြင့် ငြိမ်နေရင်းမှ ရုတ်တရက် ကောက်ခါငင်ခါ ကျွှန်တော့်အားမေးခွန်းထုတ်ပါသည်။

“ဟေ့ တို့ အိမ်မှာနေတဲ့ ရဲဘော်တွေမှာ လက်နက်ရှိသလား။ ”
“မရှိပါဘူး။ ဗိုလ်ချုပ် သူတို့ က ပြည်သူ့ ရဲဘော်တွေဆိုတော့ တရားဝင်လက်နက်ကိုင်တပ်ဖွဲ့ ဝင်မဟုတ်တဲ့အတွက် လက်နက်မရှိကြပါဘူး။”

ကျွှန်တော်က အမှန်အတိုင်းပြောလိုက်ပါသည်။ သည်တော့မှ ဗိုလ်ချုပ်သည် သူ၏စိတ်ထဲ ဖြစ်ပေါ်ခံစားမိပုံကို ပြောပါသည်။

“ငါကိုယ်တိုင်ကတော့ သေရမှာလည်း မကြောက်ဘူး။ ဘယ်သူကမှလည်း ငါ့ကိုလုပ်ကြံမယ်မထင်ဘူး။ ဒါပေမယ့်ကွာ အိမ်မှာရှိတဲ့ကလေးတွေ အတွက်တော့ ငါစိုးရိမ်သလိုဖြစ်မိတယ်။ ဒီတော့ လိုလိုမယ်မယ်ပေါ့ကွာ ၊ သက်ဆိုင်ရာကို ဒီနေ့ ပဲ မင်းကိုယ်တိုင်သွားပြီး ငါကခိုင်းတယ်လို့ ပြော။ သင့်တော်မယ့် လက်နက် နည်းနည်းပါးပါး ထုတ်ယူပြီး အိမ်ကရဲဘော်တွေကို ပေးထားလိုက် ဒါပဲ”
ဤသို့ အမိန့် ပေးသဖြင့် ကျွှန်တော်လည်း အိမ်ပြန်ရောက်သော အခါ သက်ဆိုင်ရာနှင့် ဆက်သွယ်အစီအစဉ်လုပ်ပြီး တော်မီဂန်းတစ်လက် ၊ စတင်းဂန်းတစ်လက် ၊ ခြောက်လုံးပြူးနှစ်လက်တို့ ကို ကျည်ဆံများ နှင့်တကွ ထုတ်ယူကာ တာဝါလိန်းလမ်း ဗိုလ်ချုပ်အိမ်တွင် နေသော ရဲဘော်များအား ပေးထားလိုက်ပါသည်။

နိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်ပွားခဲ့သည်မှာ ၁၉၄၇ ခုနှစ် ၊ ဇူလိုင်လ ၁၉ ရက် စနေနေ့ ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော အစိုးရအဖွဲ့ ဝင် ၀န်ကြီးများ ( ကတ်ဘိနက် ) အစည်းအဝေးကျင်းပနေခိုက် မသမာသူ လူသတ်သမားအဖွဲ့ က ၀င်ရောက်လုပ်ကြံ ပစ်ခတ်ခြင်းဖြစ်သည်။ အမှန်တော့ ယင်းဝန်ကြီးအစည်းအဝေးသည် ဇူလိုင် ၁၉ ရက် စနေနေ့ တွင်ကျင်းပရန်မဟုတ်ပဲ ဇူလိုင် ၁၆ ရက် ဗုဒ္ဓဟူးနေ့ တွင် လုပ်ရမည်ဖြစ်သည်။ ဤနေရာတွင် အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ အစည်းအဝေးအကြောင်းကို အနည်းငယ်ရှင်းပြရန်လိုပေလိမ့်မည်။

*********************************************************

၁၉၄၆ ခု ၊ စက်တင်ဘာလ ( ၂၆) ရက်နေ့ က ဗိုလ်ချုပ်အောင်ဆန်းအစိုးရအဖွဲ့ အာဏာကို လက်ခံရယူပြီးချိန်မှစ၍ ၀န်ကြီးအဖွဲ့ အစည်းအဝေးကို အပတ်စဉ် စနေနေ့ နံနက် ၁၀ နာရီကျင်းပနေကျဖြစ်သည်။ ထိုအချိန်က ဂဠုန်ဦးစောသည် ဘုရင်ခံက တိုက်ရိုက်ခန့် အပ်ထားသော ၀န်ကြီးတစ်ဦးဖြစ်ရာ သူသည်လည်း အပတ်စဉ် စနေနေ့ တိုင်း ကျင်းပသော ၀န်ကြီးအဖွဲ့ အစည်းအဝေးသို့ တက်ရသည်။

သို့ ရာတွင် ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်ဗြိတိသျှအစိုးရတို့ သဘောတူချုပ်ဆိုသော “အောင်ဆန်းအက်တလီစာချုပ်” ကို ဂဠုန်ဦးစော နှင့် သခင်ဗစိန်တို့ သဘောမတူပဲ ကန့် ကွက်ကြသဖြင့် မြန်မာပြည်ပြန်ရောက်လာသောအခါ ဦးစောနှင့် သခင်ဗစိန်တို့ သည် အစိုးရအဖွဲ့ ဝင် ၀န်ကြီးအဖြစ်မှ နှုတ်ထွက်သွားကြရသည်။ ထို့ ကြောင့် သူတို့ နှစ်ဦးသည် နောက်ပိုင်း ဗိုလ်ချုပ်ဦးဆောင်သော အစိုးရအဖွဲ့ အစည်းအဝေးများသို့ မတက်ကြရတော့ချေ။
ဗြိတိန်နိုင်ငံမှ ပြန်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် အပတ်စဉ် ၀န်ကြီးအဖွဲ့ ( ကတ်ဘိနက် ) အစည်းအဝေးကို စနေနေ့ မလုပ်တော့ပဲ ဗုဒ္ဓဟူးနေ့ ကျင်းပရန် ပြောင်းရွေ့ သတ်မှတ်လိုက်သည်။ ယင်းအကြောင်းကို ဂဠုန်ဦးစောမသိ။ ၀န်ကြီးအဖွဲ့ အစည်းအဝေးသည် စနေနေ့ နံနက် ၁၀ နာရီကျင်းပမြဲ ကျင်းပနေသည်ဟု ထင်မှတ်နေသည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ၏ တတိယမြောက် အစည်းအဝေးကို ဇူလိုင် ၁၆ ရက် ဗုဒ္ဓဟူးနေ့ တွင် ကျင်းပရန်သတ်မှတ်ထားပြီး ဖြစ်ရုံမက အစည်းအဝေးဖိတ်စာများကို ၀န်ကြီးအသီးသီးထံသို့ ဖြန့် ဝေထားပြီးဖြစ်သည်။ သို့ သော် ဇူလိုင် ၁၆ ရက် ဗုဒ္ဓဟူးနေ့ တွင် တိုင်းပြည်ပြုလွတ်တော်၏ ဆပ်ကော်မတီတစ်ခုဖြစ်သော ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေး ကော်မတီအစည်းအဝေးကျင်းပရန် ကြိုတင်သတ်မှတ်ထားပြီးဖြစ်နေသည်။ အစည်းအဝေး ၂ ခုတိုက်နေကြောင်းကို ကျွှန်တော်က ဗိုလ်ချုပ်ထံသို့ သတင်းပို့ တင်ပြသောအခါ ဗိုလ်ချုပ်က -

“လွတ်တော်ကော်မတီ အစည်းအဝေးက အရေးကြီးတယ်။ လူကြီးတွေလည်း ပါနေတယ်။ ဒါကြောင့် အဲဒီအစည်းအဝေးကို ဒီတိုင်းပဲထား ၊ ကတ်ဘိနက် အစည်းအဝေးကိုတော့ စနေနေ့ ပြောင်းလုပ်လိုက်။ ၀န်ကြီးတွေဆီလည်း ဖိတ်စာအသစ်ရိုက်ပြီး ပေးလိုက်။” ဟုအမိန့် ပေးလိုက်ရာ “မမေ့နိုင်သော ဇူလိုင် ၁၉ ရက်” နေ့ တွင် အစိုးရအဖွဲ့ အစည်းအဝေးကျင်းပဖြစ်သွားကာ နိုင်ငံတော်လုပ်ကြံမှုကြီးလည်းဖြစ်ပွားခဲ့ရပါတော့သည်။

*******************************************************

ဤသည်တို့ ကား ၁၉၄၇ ခုနှစ် ဇူလိုင်လဆန်းက အမှန်တစ်ကယ်ဖြစ်ခဲ့သော ဖြစ်ရပ်များဖြစ်ရာ နေ့ လယ်ပိုင်း ပြန်လည်သုံးသပ်ကြည့်သောအခါ အလွန်ဝမ်းနည်းယူကျုံးမရ ဖြစ်စရာကောင်းလောက်အောင် ကံကြမ္မာ၏ လှည့်စားမှု သို့ မဟုတ် အလှည့်အပြောင်းများကို တွေ့ ရပါသည်။

ပထမအချက်အနေဖြင့် အကယ်၍သာ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ရုံးခန်းရှေ့မှ လက်နက်ကိုင်လုံခြုံရေးတပ်စိတ်ကို ရုပ်သိမ်းရန် အမိန့် မပေးခဲ့လျှင်။

ဇူလိုင် ၁၉ ရက်နေ့ ကျတော့ လူသတ်သမားအဖွဲ့ ဗိုလ်ချုပ်တို့ အားလုပ်ကြံရန်လာသောအခါ လုံခြုံရေးတပ်စိတ်နှင့် တိုက်ပွဲဖြစ်ရုံသာရှိမည်။ လုပ်ကြံမှုကြီးတော့မဖြစ်နိုင်။ တိုက်ပွဲဖြစ်လျှင်လည်း လုံခြုံရေးတပ်စိတ်က လူအင်အား လက်နက်အင်အား ပိုကောင်းသဖြင့် လူသတ်သမားအဖွဲ့ အား တစ်ယောက်မကျန်သုတ်သင်ခြေမှုန်းပစ်နိုင်မည်မှာ သေချာသည်။

အကယ်၍သာ တိုင်းပြည်ပြု လွတ်တော်ဖွဲ့ စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီက ဇူလိုင် ၁၆ ရက်နေ့ တွင် အစည်းအဝေးကျင်းပရန် ချိန်းမထားခဲ့လျင် ၀န်ကြီးအဖွဲ့ ( ကတ်ဘိနက်) အစည်းအဝေးကို ခါတိုင်းအပတ်စဉ် ကျင်းပနေကျ ဗုဒ္ဓဟူးနေ့ ဇူလိုင် ၁၆ ရက်တွင် ကျင်းပမည်ဖြစ်သည်။ ဗုဒ္ဓဟူးနေ့ တိုင်း ကျင်းပသော ၀န်ကြီးအဖွဲ့ အစည်းအဝေးအကြောင်းမသိသူ ဂဠုန်ဦးစောသည် သူ၏ လူသတ်သမားအဖွဲ့ အား ဇူလိုင်လ ၁၉ ရက်နေ့ ၊ စနေနေ့ တွင် လွှတ်မည်ဖြစ်သည်။ သို့ ဖြစ်လျင် ၀န်ကြီးအစည်းအဝေးမရှိ၍ လုပ်ကြံမှုကြီးလည်း ဖြစ်ပွားမည်မဟုတ်ချေ။

အကယ်၍သာ လူသတ်သမားအဖွဲ့ သည် ဗိုလ်ချုပ်အား အတွင်းဝန်ရုံးတွင် မလုပ်ကြံပဲ ဗိုလ်ချုပ်၏နေအိမ် ( ဗဟန်းတာဝါလိန်းလမ်း ယခု ဗိုလ်ချုပ်တည်ရှိရာ ) တွင် လာရောက်လုပ်ကြံပါက သူတို့ သည် ဗိုလ်ချုပ်ရှိရာ အိမ်ပေါ်ထပ်သို့ ပင်တက်နိုင်မည်မဟုတ်။ ဗိုလ်ချုပ်၏အမိန့် ဖြင့် ကျွှန်တော်ကိုယ်တိုင်လက်နက်တပ်ဆင်ထားသော အိမ်ရှိ ရဲဘော်များ နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်မည်။ ယင်းသို့ တိုက်ပွဲဖြစ်လျင် အိမ်မှ ပြည်သူ့ ရဲဘော်များသည် ဘီဒီအေ တပ်မတော်နှင့် ဖက်စစ်တော်လှန်ရေး တပ်သားရဲဘော်များဖြစ်၍ လက်နက်ကိုင်တွယ်မှု ကျွမ်းကျင်သည့်အပြင် တိုက်ပွဲအတွေ့ အကြုံလည်းရှိသောကြောင့် လူသတ်သမားအဖွဲ့ အား အလွယ်တကူပင် တွန်းလှန်တိုက်ခိုက်ပစ်နိုင်မည်ဖြစ်သည်။

သို့ ရာတွင် လူသတ်အဖွဲ့ အစည်းသည် ဗိုလ်ချုပ်အိမ်သို့ မလာပဲ လက်နက်ကိုင်အစောင့်မရှိသော အတွင်းဝန်ရုံးသို့ သွားရောက်လုပ်ကြံခဲ့သည်။ ထို့ ကြောင့်လည်း လုပ်ကျြံမှုကြီးဖြစ်မြောက်ခဲ့ရသည်။

 ဗိုလ်ချုပ်ခမျာ ဖခင်တို့ ၏ကြီးမာသော မေတ္တာအဟုန်ကြောင့် လူမမယ်ရင်သွေးငယ်များအတွက် စိုးရိမ်မကင်းဖြစ်ကာ “လိုလိုမယ်မယ်ပေါ့ကွာ”ဟုဆိုပြီး ကျွှန်တော့်အား အိမ်မှ ရဲဘော်များအား လက်နက်တပ်ဆင်ခိုင်းခဲ့သည်။ သူ့ ကိုယ်သူ အတွက်တော့ လုံးဝမစိုးရိမ်ပဲ “ငါကသေရမှာလည်း မကြောက်ဘူး။ ဘယ်သူမှလည်း ငါ့ကိုလုပ်ကြံမှာမဟုတ်ပါဘူး” ဟုပြောခဲ့ရှာသည်။ သို့ သော် တစ်ကယ်ကျတော့ သူထင်သလိုဖြစ်မလာခဲ့။ သူချစ်မြတ်နိုးသော ရင်သွေးငယ်များ ဘာမှမဖြစ်ပဲ သူကိုယ်တိုင်ကသာ ၁၉-၇-၁၉၄၇ နေ့ က မရှုမလှ ရေတိမ်နစ်ကျဆုံးခဲ့ရရှာသည်။

ကံတရားက ဗိုလ်ချုပ်နှင့်တကွ ကျွှန်တော်တို့ နိုင်ငံသားအားလုံးကို ဒဏ်ခတ်သလို ပျက်ရယ်ပြု လှည့်စားလိုက်ခြင်းပေလား။
ဗုဒ္ဓရှင်တော်ဘုရား၏ အဆုံးအမ အရ ကံ ၊ ကံ၏အကျိုးကို ယုံကြည်ရမည်ကို ညွှန်ပြထားပါသည်။ ထို့ ကြောင့် မည်သို့ မှ မမေ့နိုင်သော ဇူလိုင် ၁၉ ရက် ၊ စနေနေ့ က ဖြစ်ရပ်အကြောင်း ပြန်ပြောင်းသတိရမိတိုင်း “သတ္တ၀ါမှန်သမျှ ကံစီမံ ဖန်တီးရာသာ လိုက်နာ နာခံနေကြသည်ပါတကား” ဟူသော အင်္ဂုတ္တရနိကာယ် အဘိဏှသုတ်တော်လာ တရားသဘောအတိုင်းဆင်ခြင်နှလုံးသွင်း၍ သံဝေဂဥာဏ်ပွားများကြရန်သာ ရှိပါတော့သတည်း။

စတိုင်သစ်မဂ္ဂဇင်း
ဇူလိုင်လ ၁၉၉၅

၁၉၉၇ ခုနှစ် မေလတွင် ၊ တက္ကသိုလ်နေ၀င်း ရေးသားထုတ်ဝေသော “ပြည်ထောင်စုဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း” စာအုပ် မှ ကောက်နုတ်ကူးယူဖော်ပြပါသည်ခင်ဗျာ။

မှတ်ချက်။

ယခုကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ ဖြစ်ရပ်များကို ကိုယ်တိုင်စာရိုက်၍ ကောက်နုတ်ကူးယူဖော်ပြခြင်းသည် စာဖတ်သူမိတ်ဆွေများ နှင့် နောင်လာနောင်သားများ မှတ်သားကြစေရန်အလို့ ဌာဖြစ်ပါသည်။ ဤဖြစ်ရပ်မှန်စာပေများမှာ ယခုခေတ်အခါတွင် အလွန်ရှားပါးနေသောကြောင့် ကျွှန်တော်အခုလို ကိုယ်တိုင်စာရိုက်ကာ အများပြည်သူများဖတ်ရှုနိုင်အောင် ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါသည်။

ထူးတင့်နိုင်
၁၃-၇-၂၀၁၂
နေ့ လည် ၄း၃၀

No comments:

Post a Comment