မှိုင်းပြောတဲ့ရေချမ်းစင်
ခိုဖြူပျံသန်း စဉ်အေးချမ်းမို့
အေးချမ်းလိုသူ အေးလိုသူသည်
ခိုဖြူကိုလွှတ် စိတ်ဝယ်ညွတ်လျက်
ကျွတ်လွတ်သူတို့ဆန္ဒတည်း…။
သခင်ကိုယ်တော်မှိုင်း
ဖိုးဖိုးမှိုင်းပုံ
မြင်းတိုင်းတမ်းတ သတိရသည်…။
ဘဘမှိုင်းခေတ် ကျွန်စံနစ်ကို
အမြစ်ပါမကျန် တွန်းလှန်နိုင်ခဲ့…။
ယခုကြုံရစ် အာဏာာရှင်စံနစ်ကို
နှိုတ်ပစ်လို့လည်း မရ
တူးစွလို့လည်း မဖြစ်
တွယ်ရစ်နေတဲ့ စစ်ကျွန်အမြစ်
ရာစုနှစ်တစ်ဝက်ပင်ရောက်လာပါပေါ့လား..။
ရွှေချိုးဖြူ တကူထဲကူတဲ့ခေတ်
ခိုဖြူတွေ တလန်းလန်း
ပျံသန်းနေတဲ့ခေတ်ကို
လွမ်းနေလို့မရ
တ-နေလို့မဖြစ်တော့ပါ…။
တော်လှန်ရေးအဖုံဖုံ
ဘ၀ အစုံစုံမှ ကြုံခဲ့ရ ဆုံခဲ့ရတဲ့
အတွေ့အကြုံဘ၀တွေကို
မသွေဖမ်းချူ သင်္ခန်းစာယူပြီး
မူသစ်စံနစ်သစ် အကြံသစ်နဲ့
အမှန်ဖြစ်အောင်
အကျိုးတော်ဆောင်
အမျိုးဂုဏ်ရောင်အသွယ်သွယ်တောက်
ဒီမိုပန်းတိုင်တကယ်လျှောက်
နောက်ပြန်မသွား
ကြောက်မနေနိုင်အား…။
ကိုယ့်တိုင်းပြည် ကိုယ်တကယ်ချစ်
ပစ်ဝင်ပါတော့လား…။
မှိုင်းပြောတဲ့ရေချမ်းစင်
ရေမထမ်းချင်လို့ ..ရေမရ
ေ၀ေနယ်အက်ိဳး
တကယ်သယ်ပိုးချင်ရင်
ဝိုင်းအပြင်မှာမနေပါနဲ့
တိုင်းပြည်တခွင်ဝင်လာခဲ့
မှိုင်းရေစင်ကို ပြင်ပါလှဲ့…။
တက္ကသိုလ်ဘုန်းကြွယ်
(ဇူလိုင် ၂၁ ၂၀၁၂)
သခင် ကိုယ်တော်မှိုင်း (၁၈၇၆ - ၁၉၆၄)။
1. အမည်ရင်း - မောင်လွမ်းမောင်။
2. မိဘအမည် - ဦးစံဒွန်း + ဒေါ်အုန်း။
3. မွေးသက္ဗရာဇ် - ၁၈၇၆ ခု၊ မတ်လ ၂၃ ရက်၊ မြန်မာ သက္ကရာဇ် ၁၂၃၇ တပေါင်းလပြည့်ကျော် ၁၄ ရက် ကြာသပတေးနေ့ ။
4. မွေးဖွားရာဒေသ - ရွှေတောင်မြို့နယ်၊ ဝါးလယ်ရွာ။
5. ကလောင် အမည်ခွဲများ - ရွှေတောင် မောင်လွန်း၊ မစ္စတာ မောင်မှိုင်း၊ ပဏ္ဍိလေး၊ မောင်သမာဓိ၊ မစောညွန့် ။
6. မွေးချင်း - မွေးချင်း ၅ ယောက်အနက် ဒုတိယမြောက်။
ကိုဝိုင်ဝိုင်ကေ တင်ပေးတဲ့ သခင်ကိုယ်တော်မှိုင်း အတ္ထုပ္ပပါတင်ပြလိုက်ပါသည်…။
ကိုယ်ရေး ဖြစ်စဉ်။
၁၈၈၃၊
ခုနှစ်သား အရွယ်တွင် ဦးလေး တော်စပ်သူ ဦးပဉ္စင်း ဦးသီရိနှင့် အတူ
မန္တလေးမြို့သို့ လိုက်ပါ လာပြီး မြတောင် ကျောင်းတိုက် မြတောင် ဆရာတော်
ဘုရားကြီး၊ ကျီးသဲ လေးထပ် ပထမ ဆရာတော်ကြီး (ပြန်ကြားရေးနှင့် ပြည်သူ့
ဆက်ဆံရေး ဦးစီး ဌာန - ရုံးချုပ်၊ စာတည်း အဖွဲ့က စုဆောင်း ပြုစုတဲ့ နှစ်ဆယ်
ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း၊ ပအကြိမ်ထုတ် ၂ဝဝ၃၊ ဧပြီ)
ထံတွင် ကိုရင်ဝတ်ဖြင့် ပညာ သင်ယူ ခဲ့သည်။ ရှင်အမည် ပဏ္ဍိတ။
၁၈၈၅
နိုဝင်ဘာ ၂၉ (၁၂၄၇ တန်ဆောင်မုး လဆုတ် ၈ ရက်) တွင် သီပေါ ဘုရင်နှင့်
မိဖုရား ပါတော်မူသည့် အနဋ္ဌာရုံ မြင်ကွင်းကို 'စာတော်ဝန် ဦးခဲ' ကျောင်း
လက်ရန်း ပေါ်မှ မြင်တွေခဲ့၊ ကြေကွဲ မျက်ရည် ကျခဲ့သည်။ ထိုနေ့မှာပင်
စိတ်ပျက်ပြီး သပိတ် တစ်လုံး သင်္ကန်း တစ်ထည်နှင့် စစ်ကိုင်းဘက်
တောထွက်ခဲ့သည်။ စစ်ကိုင်း၊ မုံရွာ၊ အလုံ၊ ကြေးမုံ၊ ချောင်းဦး၊ မောင်းထောင်၊
ဘုတလင်၊ ကနီ ဒေသ များသို့ ခြောက်နှစ်ခန့် လှည့်လည် စာသင်ခဲ့သည်။ အဂ္ဂိရတ်
ဖိုထိုးခြင်း ဝါသနာ ပါသည်။
၁၈၉၄ မှာ ဖခင် ဦးစံဒွန်း ကွယ်လွန်
ခဲ့ပြီး၊ အသက် (၁၉) နှစ် အရွယ်တွင် ရဟန်း ဘဝမှ လူဝတ် လဲခဲ့သည်။ ၁၈၉၇ အသက်
၂၂ အရွယ်မှာ အစိုးရစစ် ၇ တန်း စာမေးပွဲကို မုံရွာမြို့ အလွတ် ပညာ
သင်ကျောင်းမှ ရဟန်း အမည် ပဏ္ဍိတဖြင့် ဝင်ရောက် ဖြေဆို အောင်မြင် ခဲ့သည်။
၁၈၉၈
မှာ မော်လမြိုင်သို့ ရောက်ပြီး၊ 'မြန်မာတိုင်း' သတင်းစာတွင် ပဏ္ဍိလေး ကလောင်
အမည်ဖြင့် ကဗျာများ၊ စာများ ရေးခဲ့သည်။ ၁၉ဝဝ မှာ ရန်ကုန်သို့ ရောက်လာပြီး
ဆူးလေ ဘုရားလမ်းရှိ 'ဇမ္ဗူ ကျက်သရေ စာပုံနှိပ်တိုက်' တွင် စာစီ အဖြစ်
ဝင်လုပ်သည်။ ၁၉ဝ၃ ခုမှာ ရန်ကုန် ကြည့်မြင်တိုင် ငါးကြော်ဖိုရပ်နေ ဆန် စပါး
ပွဲစား ဦးနု၊ ဒေါ်နှင်း တို့၏ သမီး ဒေါ်ရှင်နှင့် လက်ထပ်သည်။ ဇမ္ဗူ ကျက်သရေ
စာပုံနှိပ်တိုက်မှ တဆင့် 'ရန်ကုန်တိုင်း သတင်းစာတိုက်' သို့ ပြောင်းရွှေ့
လုပ်ကိုင်ကာ ဇတ်စာများ ရေးသား ခဲ့သည်။ ၎င်း သတင်းစာ တိုက်မှ တဆင့်
မော်လမြိုင်မြို့ 'မြန်မာတိုင်း' သတင်းစာတွင် အယ်ဒီတာ အဖြစ် ဝင်ရောက်
လုပ်ကိုင် ပြန်ပြီး၊ ပဏ္ဍိလေး၊ မောင်သမာဓိ ကလောင် အမည်များဖြင့်
ဆောင်းပါးများ ရေးသား ခဲ့သည်။ မော်လမြိုင် ရာဇဝင် ဝတ္ထုကို ရွှေတောင်
မောင်လွန်း အမည်ဖြင့် ၁၉ဝ၅ ခုနှစ်တွင် စတင် ရေးသား ခဲ့သည်။ ၁၉ဝ၇ တွင်
'မော်လမြိုင် နတ်လမ်းညွှန်' ကို မစောညွန့် ဟူသော ကလောင် အမည်ဖြင့် ရေးသား
ခဲ့သည်။
၁၉ဝ၇ ခုမှာ မြန်မာတိုင်း သတင်းစာ ရပ်နား ခဲ့သဖြင့်၊
ဟင်္သာတမြို့ 'အမရဝတီ ပုံနှိပ်တိုက်' သို့ စာပြု၊ စာပြင် အယ်ဒီတာ အဖြစ် ခေတ္တ
ဝင်လုပ်ခဲ့ သေးသည်။ ၁၉၁၁ ခု သူရိယ သတင်းစာ စတင် ထုတ်ဝေ သည်နှင့် အယ်ဒီတာ
အဖြစ် တာဝန် ယူပြီး၊ ခေါင်းကြီးနှင့် ဘုန်းကြီးပျံ ဒီပနီကို ရေးသား ခဲ့သည်။
နယ်ချဲ့
ဆန့်ကျင်ရေး စိတ်ဓာတ်၊ အမျိုးသား ရေးစိတ်ဓာတ် ပြင်းထန်သော ဆရာကြီးသည် အမည်
ရှေ့တွင် မစ္စတာ ထည့်ခေါ်သည်ကို မနှစ်မြို့ ရှုတ်ချ လိုသည်။ ထို့ကြောင့် ၁၉၁၂
တွင် 'သူရိယ သတင်းစာ' တွင် ရက်ခြား ရေးသားသော ကြာဋီကာ ဆောင်းပါးများ မှစ၍၊
မစ္စတာ အမည်တပ် မြန်မာ များကို သိက္ခာ ချသော အားဖြင့် ရာဇဝင်လာ အမည်ဆိုး တခု
ဖြစ်သော ဦးကြီး၏ ချဉ်ပေါင် ရွက်သည် မောင်မှိုင်း ဝတ္ထုတွင် လူရှုပ် လူပွေ
လူယုတ်မာ အဖြစ် ပါဝင်သော မောင်မှိုင်း၏ အမည် ရှေ့တွင် မစ္စတာ တပ်၍ မိမိ
ကလောင် အမည်ကို မစ္စတာ မှိုင်းဟု စတင် သုံးစွဲ ခဲ့သည်။
၁၉၁၄ မှာ ဇနီး ဒေါ်ရှင် ကွယ်လွန်ခဲ့၊ သား သမီး လေးဦး ကျန်ရစ်ခဲ့သည်။
၁၉၁၉
ခု၊ ဇူလိုင်လ ဝိုင်အမ်ဘီအေ အသင်းချုပ်ကြီးက ကြီးမှူး၍ ဦးပု၊ ဦးဘဘေနှင့်
ဦးထွန်းရှိန် တို့ကို ဘိလပ်သို့ ကိုယ်စားလှယ် အဖြစ် လွှတ်၍ ဟုမ္မရူး အတွက်
အရေး ဆိုခိုင်းသော အခါ 'သြဒိဿ မတ္ထနာ လေးချိုးကြီး' ရေးသားပြီး ကောင်းချီး
သြဘာ ပေးခဲ့သည်။
၁၉၂၁ ခုနှစ်တွင် အမျိုးသား ကောလိပ် ပေါ်ပေါက်
လာသော အခါ သူရိယ သတင်းစာ အယ်ဒီတာ အဖြစ်မှ နုတ်ထွက်ပြီး၊ အမျိုသား ကောလိပ်၌
မြန်မာစာနှင့် ရာဇဝင် ပါမောက္ခ္ခ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ထိုနှစ်တွင်
ဂျော့ဘုရင် သားကြီး ဝေလ မင်းသားအား ချီးကျူး ဂုဏ်ပြု ရတု ရေးပေးရန်
ဦးမေအောက်က ပန်ကြားရာ 'မြန်မာ နိုင်ငံကို ကျွန်ပြုသည့် အင်္ဂလိပ် ဘုရင်မ၏
မြေးကို ချီးကျူးသော စာ မရေးလို' ဟု ပြောကာ ငြင်းပယ် ခဲ့သည်။
၁၉၂၃
'မြန်မာ့ရီဗျူး' ဂျာနယ်တွင် ဘိုးဘိုးအောင် ကလောင် အမည်ဖြင့် ဆောင်းပါးများ
ရေးခဲ့သည်။ ဗဟန်း နေရှင်နယ် ကောလိပ် ပျက်သောအခါ ဒဂုန် မဂ္ဂဇင်းတွင် အယ်ဒီတာ
အဖြစ် ဝင်ရောက် လုပ်ကိုင် ခဲ့သည်။ ၁၉၂၇ မှာ 'ဗြိတိသျှ ဘာမား မဂ္ဂဇင်း'
နောင် 'ဓူဝံ မဂ္ဂဇင်း' တွင် ကြီးမှူး အုပ်ချုပ်သူ အဖြစ် တာဝန်ယူ ခဲ့သည်။
၁၉၂၈
- ၂၉၊ တောပုန်းကြီး စံဖဲ ကြိုးမိန့် ကျသည့် အမှုတွင် အယူခံ ကိစ္စ ဦးဆောင်၍
ဆောင်ရွက် ပေးခဲ့သည်။ မြင်းခြံထောင်တွင် စံဖဲကို သွားရောက် တွေ့ဆုံ အားပေး
ခဲ့သည်။ ၁၉၃ဝ ဆရာစံ ဦးဆောင်သည့် တောင်သူ လယ်သမား အရေးတော်ပုံကြီးတွင် သူရိယ
သတင်းစာ၌ 'ဂဠုန်ပျံ ဒီပနီ ဋီကာ' ဆောင်းပါးများ ရေးသား အားပေး ခဲ့သည်။ ၁၉၃၃
မှာ 'နေရှင်နယ်' မဂ္ဂဇင်းတွင် ဝင်ရောက် ကူညီ ဆောင်ရွက် ပေးခဲ့သည်။
၁၉၃၄၊
နိုဝင်ဘာလ ၃ဝ ရက်၊ ၁၂၉၆ ခု တန်ဆာင်မုန်း လဆုတ် ၁ဝ ရက်၊ တက္ကသိုလ်
အမျိုးသားနေ့ ကျင်းပသည့် အခမ်းအနားတွင် သဘာပတိ အဖြစ် ဆောင်ရွက် ခဲ့သည်။
'ဝဍ္ဎကုဇိန သာသနနံ' အမည်ပါ သဘာပတိ မိန့်ခွန်းကို ပြောကြား ခဲ့သည်။
၁၉၃၄
ခုနှစ်၊ တို့ ဗမာ အစည်းအရုံး၏ ပထမ အကြိမ် သခင် ကွန်ဖရင့်ကြီးကို
ရေနံချောင်းတွင် ကျင်းပသော အခါ အစည်းအရုံး၏ နာယက အဖြစ် တင်မြှောက်ခြင်းကို
လက်ခံ ခဲ့ပြီး၊ ထိုမှစ၍ မစ္စတာ မောင်မှိုင်း အမည်မှ သခင် ကိုယ်တော်မှိုင်း
အမည်သို့ ခေါ်တွင် စေရန် ကြေညာ ခဲ့သည်။
၁၉၃၅၊ ဒီဇင်ဘာလထုတ်
'ဟံသာ မဂ္ဂဇင်း' တွင် ပါသော ဆောင်းပါးများကို သခင် ကိုယ်တော်မှိုင်း၏
ဆရာလွန်း ဟူ၍ လည်းကောင်း၊ ဆရာလွန်း၏ သခင် ကိုယ်တော်မှိုင်း ဟူ၍ လည်းကောင်း
လက်မှတ် ရေးထိုး ခဲ့သည်။
၁၉၃၆၊ ဇွန်လ (၁၂၉၈ နယုန် - ဝါဆို)
မြင်းခြံ၊ ကိုးဆောင် ကျောင်းတိုက်ကြီး အတွင်း၌ ကျင်းပသော တို့ ဗမာ
အစည်းအရုံး၏ ဒုတိယ အကြိမ် ညီလာခံသို့ တက်ရောက် ခဲ့သည်။
၁၉၃၈၊
ဧပြီလ ၂၂ ရက်တွင် ပုသိမ်တွင် တရား ဟောရာ၌ 'လွတ်လပ်ရေးကို လက်ဝါးဖြင့်
တောင်းနေရုံနှင့် မရနိုင်၊ သူပုန် ထရမည်' ဟု ဟောပြော ခဲ့သည်။
၁၉၃၉၊
ဇန်နဝါရီလ ၁၄ ရက်၌ ကျင်းပသော လူထု အစည်းအဝေးကြီးတွင် အရှင်းရှင် စနစ်ကို
ရူံ့ချ ခဲ့သည်။ ဧပြီ ၆ - ၉ ရက်တွင် သခင် သိန်းမောင် အဖွဲ့မှ ဦးစီး
ကျင်းပသည့် တို့ဗမာ အစည်းအရုံး၏ စတုတ္ထ အကြိမ် ညီလာခံ ကျင်းပရာ
မော်လမြိုင်သို့ တက်ရောက် ခဲ့သည်။ ဇွန်လ ၂၂ ရက်၊ ပုသိမ်တွင် ကျင်းပသော
အစည်းအဝေး တစ်ခုတွင် 'ဗြိတိသျှ အစိုးရ ဒဏ်ချက်ကြောင့် မြန်မာတို့
ဆင်းရဲနွမ်းပါး ငတ်မွတ် ခေါင်းပါး ဖြစ်ရသည်' ဟု တရား ဟောခဲ့သည်။ ဇွန်လ ၂၇
ရက်၊ ငါးသိုင်းချောင်းသို့ အသွား ပုသိမ် ဘူတာ၌ ဆရာကြီးအား ဆိုက်ကား သမား
မောင်သန်းစိန် ဆိုသူက တုတ်ဖြင့် ရိုက်ခဲ့သည်။ ဇွန်လ ၂၈ ရက် ပုသိမ် ခရိုင်
ရာဇဝတ် တရားသူကြီးက ဆရာကြီးအား နှစ်လ တရား ဟောခြင်း မပြုရန် တားမြစ်
ခဲ့သည်။ ဒီဇင်ဘာလ ၄ ရက်၊ ကြည့်မြင်တိုင်၌ ကျင်းပသော လူထု အစည်းအဝေးကြီးတွင်
'ဆိုရှယ်လစ် ဝါဒသည် ဗုဒ္ဓ တရားတော်နှင့် ညီညွတ်သည်' ဟု ဟောပြော ခဲ့သည်။
၁၉၄ဝ၊
ဇန်နဝါရီ ၁၃ - ၁၄ တွင် ကျင်းပသော မြန်မာ နိုင်ငံလုံး ဆိုင်ရာ တောင်သူ
လယ်သမား အစည်းအရုံး ဒုတိယ နှစ်လည် ညီလာခံတွင် 'ဗြိတိသျှ နယ်ချဲ့ စနစ်ကို
တွန်းလှန်၍ ဆိုရှယ်လစ် စနစ်' တည်ဆောက်ရန် တိုက်တွန်း ခဲ့သည်။
၁၉၄၁၊
ဇန်နဝါရီ ၁ ရက်နေ့မှာ နိုင်ငံရေး လှုပ်ရှားမှု၊ နယ်ချဲ့ ဆန့်ကျင်ရေး
လုပ်ဆောင်မှု ကျယ်ပြန့် လာသောကြောင့် ဗြိတိသျှ အစိုးရ၏ ရန်သူတော် နံပါတ် (၁)
အဖြစ် ကြေညာခြင်း ခံခဲ့ ရသည်။ မန္တလေးနှင့် ပဲခူး ညီလာခံသို့ တက်ရောက်
ခဲ့သည်။
၁၉၄၁ - ၄၂၊ ခုနှစ်တွင် ဗြိတိသျှ အစိုးရကို
တော်လှန်သည့် မြေအောက် တော်လှန်ရေး လုပ်ခဲ့သည်။ ၁၉၄၃၊ ဂျပန်ခေတ်တွင်
ရွှေတောင်ကြား လမ်း၌ တပည့်များနှင့် အတူနေပြီး၊ ဂိုဏ်းပေါင်းစုံ
သံဃာတော်များ ညီညွတ်ရေး အတွက် သာသနာ့ အစည်းအရုံးကြီး ဖွဲ့စည်းပြီး
နှစ်နှစ်ကြာမျှ ကြိုးပမ်း ဆောင်ရွက် ခဲ့သည်။
၁၉၄၄ - ၄၅၊
ခုနှစ်တွင် ဂျပန် ဆန့်ကျင်ရေး သမား အဖြစ် ဂျပန်တို့ လိုက်လံ ဖမ်းဆီး သဖြင့်
ထိန်ကုန်းရွာသို့ တိမ်းရှောင် ခဲ့ရသည်။ ဒုတိယ ကမ္ဘာစစ် ကြီးပြီးသော အခါ
ရန်ကုန်မြို့သို့ ပြန်လာပြီး၊ တို့ ဗမာ အစည်းအရုံး ဌာနချုပ် ပြန်လည်
ဖွင့်လှစ်သည့် အခါ ဥက္ကဌ အဖြစ် တင်မြှောက်ခြင်း ခံရသည်။
၁၉၄၈ ခု၊
စက်တင်ဘာလ ၁၉ ရက်၊ ရွှေတိဂုံ စေတီတော် တောင်ဘက်စောင်းတန်း၌ ပြုလုပ်သော (၁၉)
ကြိမ်မြောက် ဦးဝိစာရနေ့တွင် နိုင်ငံတော် အေးချမ်း သာယာရေး အဖွဲ့ကို
ဖွဲ့စည်းပြီး၊ ပြည်တွင်း ငြိမ်းချမ်းရေးကို စတင် ဆောင်ရွက် ခဲ့သည်။
၁၉၅ဝ ဇန်နဝါရီ၊ လွတ်လပ်ရေးနေ့ နှစ်ပတ်လည်တွင် 'အလင်္ကာ ကျော်စွာဘွဲ့' ကို အစိုးရမှ ချီးမြှင့် ခဲ့သည်
၁၉၅၂
ခုနှစ်တွင် ကမႝာ့ ငြိမ်းချမ်းရေးကို စတင် ဆောင်ရွက်သည်။ ပီကင်း၌ ကျင်းပသော
အာရှနှင့် ပစိဖိတ် ဒေသ နိုင်ငံများ၏ ငြိမ်းချမ်းရေး ကွန်ဖရင့်သို့
တက်ရောက်သည်။ မေလ ၁ဝ - ၁၄ ရက်နေ့ထိ ဂျူဗလီဟောတွင် ကျင်းပသော ကမ္ဘာ့
ငြိမ်းချမ်းရေး ကွန်ဂရက် (ဗမာနိုင်ငံ) က ဆရာကြီးအား ဥက္ကဋ္ဌ အဖြစ် တင်မြှောက်
ခဲ့သည်။
၁၉၅၃ တွင် တရုတ်ပြည် မွန်ဂိုလီးယား၊ ဟန်ဂေရီ၊ ဆိုဗီယက် ယူနီယံသို့ ခရီး လှည့်သည်။
၁၉၅၄၊
ဒီဇင်ဘာ ၂ဝ ရက် မော်စကိုတွင် ကျင်းပသည့် ကမ္ဘာ့ စတာလင်ဆု ရွေးချယ်
ပေးအပ်ရေး အဖွဲ့ကြီးက ဆရာကြီးအား ၁၉၄၅ ခုနှစ် အတွက် 'ငြိမ်းချမ်းရေး
စတာလင်ဆု' အပ်နှင်းရန် ဆုံးဖြတ် ခဲ့သည်။ ၁၉၅၅ မတ်လ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့ ညနေ
၅ နာရီခွဲ အချိန်တွင် မြို့တော် ခန်းမ ရှေ့၌ ငြိမ်းချမ်းရေး စတာလင်ဆု
ပေးအပ်ပွဲ ကျင်းပပြီး၊ အပြည်ပြည် ဆိုင်ရာ စတာလင် ငြိမ်းချမ်းရေး ဆုပေးရေး
ကော်မတီ ဥက္ကဌ မစ္စတာ နီကိုလေ တီခိုနော့ (ဗ်) က ဆရာကြီးအား ငြိမ်းချမ်းရေး
ဆုလက်မှတ်နှင့် ဆုရွှေတံဆိပ် အပ်နှင်း ခဲ့သည်။ ငြိမ်းချမ်းရေး ဆုတံဆိပ်နှင့်
အတူ ငွေသား ရူဘဲလ်ငွေ တသိန်း (အဲဒီအချိန်က ပေါက်ဈေး အရ မြန်မာငွေ တသိန်း
နှစ်သောင်း ငါးထောင်ခန့်) ရရှိသည်။ မတ်လ ၂၄ ရက်နေ့မှာ နိုင်ငံတော်
သမ္မတကြီးက တီခိုနော့ (ဗ်)နှင့် ဆရာကြီး တို့ကို ဂုဏ်ပြု ဧည့်ခံပွဲ တရပ်
ကျင်းပ ပေးခဲ့သည်။
၁၉၅၅ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရန်ကုန် ထောင်ကြီး
အတွင်း ကျင်းပသည့် စာဆိုတော်နေ့ အခမ်းအနားသို့ တက်ရောက် အကန်တော့ ခံသည်။
ဒီဇင်ဘာ ၁၆ ရက်နေ့တွင် နိုင်ငံတော် သမ္မတ အိမ်တော်တွင် ကျင်းပသည့်
ထမင်းစားပွဲတွင် ဗမာနိုင်ငံ ငြိမ်းချမ်းရေး ကွန်ဂရက် ဥက္ကဌ အနေဖြင့်
ဆိုဗီယက် ဝန်ကြီးချုပ် ဘူဂနင်နှင့် ကွန်မြူနစ် ပါတီ ပထမ အတွင်းရေးမှူး
ကရုရှက် တို့ကို ငြိမ်းချမ်းရေး လက်ဆောင်များ ပေးအပ် ခဲ့သည်။
၁၉၅၆
ခုနှစ်တွင် မြန်မာနိုင်ငံ အရပ်ရပ်သို့ လှည့်လည်ပြီး ပြည်တွင်း
ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး များကို ဟောပြော ခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ စ၍ ၃ ရက်တိုင် ကျင်းပသည့် မိုးညှင်းမြို့တွင် ကမ္ဘာ့
ငြိမ်းချမ်းရေး ကွန်ဂရက် (ဗမာနိုင်ငံ) ၏ ကချင်ပြည်နယ် ညီလာခံ တက်ရောက်
ခဲ့သည်။ မတ် ၃ဝ ရက် အိမ်တော်ရာ (၁၄) စခန်း စရပ်ကြီး၌ မန္ဈလေး လေးပြင်လေးရပ်
ဆရာတော် ၁၄၃ ပါးကို ပြည်တွင်း ငြိမ်းချမ်းရေး ပန်ကြားလွှာ တစောင် တင်ဆက်
လျှောက်ထားပြီး သြဝါဒ ခံယူ ခဲ့သည်။
၁၉၅၇ တွင် သီဟိုဠ်နှင့် အိန္ဒိယသို့ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဖရင့် အတွက် သွားရောက် ခဲ့သည်။
၁၉၆ဝ
သြဂုတ်လ ၁ဝ ရက်တွင် အရှေ့ဂျာမနီ ဟမ်းဘတ် တက္ကသိုလ်က ဆရာကြီးအား
ဂုဏ်ထူးဆောင် ပညာ ပါရဂူ (ဒေါက်တာဘွဲ့) အပ်နှင်း ဂုဏ်ပြု ခဲ့သည်။ ဂျာမနီသို့
ဆေးကု သွားခဲ့သည်။
၁၉၆၂ ခုနှစ်မှ စ၍ ပြည်ထောင်စု မြန်မာနိုင်ငံ စာရေးဆရာ သမဂ္ဂ၏ နာယကကြီး အဖြစ် ဆောင်ရွက် ခဲ့သည်။
၁၉၆၃
သြဂုတ်လ ၆ ရက်၊ ညနေ ၄ နာရီမှာ မြို့တော် ခန်းမတွင် ကျင်းခသည့်
ဟီရိုရှီးမားနေ့ အခမ်းအနားသို့ ငြိမ်းချမ်းရေး ကွန်ဂရက် ဥက္ကဌ အနေဖြင့်
သဝဏ်လွှာ ပေးပို့ ခဲ့သည်။
ပြည်သူ့ သမိုင်း အလျဉ်တွင် ပါဝင်
ခဲ့သော နယ်ချဲ့ ဆန့်ကျင်ရေး ခေါင်းဆောင်ကြီး၊ စာပေ ဖခင်ကြီး သခင်
ကိုယ်တော်မှိုင်းသည် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ကြိုးပမ်း ဆောင်ရွက်
ရင်းဖြင့် ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်၊ ကြာသပတေးနေ့ နံနက် ၁ နာရီခွဲတွင်
လူကြီး ရောဂါဖြင့် ကွယ်လွန် ခဲ့သည်။ ဆရာကြီး၏ ဈာပနအတွက် အာဏာသိမ်း နေဝင်း
စစ်အုပ်စုက ပထမ ကျပ်ငွေ တစ်သောင်း၊ နောက်ထပ် ကျပ်ငွေ ၅ ထောင်၊ စုစုပေါင်း
ကျပ်ငွေ တသောင်းခွဲ ကူညီခဲ့သည်။ သတင်းစာ တိုက်များက နေ၍ ဆရာကြီး သခင်
ကိုယ်တော်မှိုင်း ဈာပန ရံပုံငွေ ဖွင့်ခဲ့သည်။ ဇူလိုင်လ ၂၉ ရက်၊ ညနေ ၅
နာရီတွင် ဆရာကြီး၏ ရုပ်ကလာပ်ကို စမ်းချောင်း ချမ်းသာလမ်း နေအိမ်မှ နေ၍
စမ်းချောင်း ပဒုမ္မာ ကွင်းရှိ အာဏာသိမ်း စစ်အုပ်စု ဆောက်ပေးသည့် မဏ္ဍပ်သို့
ရွှေ့ပြောင်း ခဲ့သည်။ သြဂုတ်လ ၈ ရက်၊ နေ့လည် ၂ နာရီ အချိန်မှာ ဆရာကြီး
ရုပ်ကလာပ်ကို စမ်းချောင်း မဏ္ဍပ်မှ ရွှေတိဂုံ ဘုရားလမ်းရှိ ကန်တော်မင်
ပန်းခြံသို့ ပို့ဆောင် ဂူသွင်း ခဲ့သည်။ဆရာကြီး ကွယ်လွန်ချိန်တွင် သားသမီး
နှစ်ယောက်၊ မြေး ၁၅ ယောက်၊ မြစ် ၆၁ ယောက် ကျန်ရစ်ခဲ့သည်။
------------------------------------
သခင်ကိုယ်တော်မှိုင်းအလွန်။
================
၁၉၇၆
ခုနှစ်တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း အသက် ၁ဝဝ ပြည့် အမှတ်တရလုပ်ရန်
ကြိုးစားသူ ရန်ကုန်တက္ကသိုလ်ကျောင်းသား အများအပြား ဖမ်းဆီးထောင်ချခြင်း
ခံခဲ့ရပြီး ၁၉၉၆ ခုနှစ်တုန်းတွင် သခင်ကိုယ်တော်မှိုင်း အသက် ၁၂ဝ ပြည့်
အမှတ်တရ ထုတ်ဝေသော စာအုပ်မှာလည်း ဆရာကြီး၏ပုံကို စာအုပ်မျက်နှာဖုံးများ
ဖော်ပြခွင့် မရခဲ့ချေ။ ထိုအပြင် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်ရှိ ဆရာကြီး၏
ဂူဗိမာန်ကို ဝင်ခွင့်မပေးတော့သည့်အတွက် အများသူငါ
သွားရောက်ဂါရဝပြုခွင့်မရသည်မှာ နှစ်ပေါင်း ၂ဝ ကျော်ပြီဖြစ်သည်။
စာပေလက်ရာများတွင် ‘တို့ဗမာ ဝတ်ရွတ်စဉ်’ ဘာသာရေးစာအုပ်မှလွဲ၍
အခြားစာအုပ်များ ပြန်လည်ထုတ်ဝေနိုင်ခြင်း မရှိချေ။
=======================================
ကျောင်းသားများထံသို့--
ရေးသူ-သခင်ကိုယ်တော်မှိုင်း
ဆရာဟာ
အသက် ၁၃ နှစ်သားလောက်ကဘဲ ၀ံသာနုစိတ်ဓာတ် ၀င်စားလာခဲ့တယ်။
မန္တလေးမြို့-မြတောင်တိုက်တွင်၊ စာသင်စဉ် ၁၀ နှစ်သားလောက်က သီပေါဘုရင်
အင်္ဂလိပ် ဘမ်းသွားတာကို မြင်ခဲ့ရသဖြင့်၊ အလွန်အကြူး ၀မ်းနည်းခဲ့တယ်။
ဗမာဘုရင်ကို ဘမ်းသွားပုံ ဟာ ကြက်ဘမ်း၊ ဘမ်းသကဲ့သို့ ဖြစ်သဖြင့်၊ မကျေမနပ်
ဖြစ်ခဲ့တယ်။ ခလေးပင် ဖြစ်သော်လည်း တိရစ္ဆာန်လောက်မှ မလွတ်လပ်ပါကလားလို့-
စဥ်းစားမိခဲ့တယ်။ ဒုလ္လဘတရားဖြစ်သော အလွန်တရာမှ ရခဲတဲ့ လူ့မနုဿဘ၀ကို
ရနေသော်လည်း၊ နွား-ကျီးလောက်တောင် နေရာမကျဘူး။ တိရစ္ဆာန်ဘုံကိုကြည့်။
စာကလေးဟာ၊ လက်မလောက်ပဲ ငယ်သော်လဲ-လင်းဋဟာ-စာက လေးပေါ်တွင်၊ ဘုရင်မလုပ်နိုင်။
ခြေလေးချောင်း သတ္တ၀ါများကို ကြည့်ဦး။ နွားတို့ မည်သည် ထားရာနေတယ်။ စိတ်
သဘော နူးညံ့အောက်ကျတယ်၊ ခြေလေးချောင်း ရှိတဲ့ နွားဟာ-သတ္တိမရှိပင်
ဖြစ်လင့်ကစား ပါးစပ်ပြဲသောကျားသည်၊ နွားအုပ်ကြီးထဲကို
မ၀င်ရဲဘူး။ဒီတရားတွေဟာ၊ သဘာဝနိယာမ တရားအတိုင်းဘဲ။ ငရဲတို့
တိရစ္ဆာန်တို့-ကာမဘုံတို့ သုဂတိလားတယ်တို့ ဆိုတာတွေဟာ၊ ကံအားလျော်စွာ
နေကြဘို့ ထိုင်ကြဘို့ဘဲ။ သဘာဝအတိုင်း ဖြစ်ကြတာဘဲ။ ငရဲသားဟာ ငရဲမှာဘဲ
နေနိုင်တယ်။ ဗြဟ္မာ၂၀ကို မတက်နိုင်ဘူး။
အီတလီတို့-အင်္ဂလိပ်တို့ လိုက်ပီး ဓမြတိုက်နေကြတယ် ဆိုတာတွေဟာ၊ ရှေးတုံးက ဗမာ တွေ လုပ်ခဲ့သလိုဘဲ။
အခုအခါမှာ၊ ကျုပ်တို့တတွေဟာ၊ အင်္ဂလိပ်ချဲ့တဲ့ စနစ်ထဲ ရောက်နေကြတယ်။ ဘာနဲ့ တူသလဲဆိုတော့၊ လယ်သမား လက်အောက် ရောက်တဲ့ နွားနဲ့ တူနေကြတယ်။
အခုတော့-တို့တတွေ ကျွန်ဖြစ်နေတော့ အုပ်ချုပ်ရေး တောင်းကြတယ်။ လွတ်လပ်ရေး လိုချင်တယ် ပြောကြတယ်။
ဒါပေမဲ့၊
ရှေးတုံးက ကျုပ်တို့တတွေလဲ နိုင်ငံချဲ့ခဲ့တာပဲ။ အာသံတို့၊ မဏိပူရတို့၊
အက်ဂဘတ် တို့၊ ဆေးဂုတို့ဆိုတာတွေဟာ၊ကျုပ်တို့ အင်ပိုင်ယာ အပါအ၀င်တွေဘဲ။
အဲတာဘဲ ကြည့်တော့။ မှန်ကင်းတလှဲ့ ထင်းတလှဲ့တွေဘဲ။ ၀မ်းနည်းဘွယ် ဘာမှ
မရှိဘူး။ အင်္ဂလိပ်တွေလဲ ကျွန်ဘ၀က တက်လာတာဘဲ။ ရှေးတုံးက၊ ဒင်းတို့တတွေဟာ၊
ရောမ လူမျိုးတွေအောက် ပြားပြားဝပ်နေခဲ့ရ တာဘဲ။ ရောမတိုင်းပြည်ကို၊
လူရိုင်းတွေ ၀င်တော့မှ၊ အင်္ဂလိပ်လူမျိုးတွေကို၊ ရောမလူမျိုးတွေက
"မင်းတို့ဟာ၊ မင်းတို့လုပ်ကြတော့၊ ငါတို့ တော့မတတ်နိုင်ဘူး" ဆိုပြီး၊
ပစ်ပြေးကြတာဘဲ။ အဲဒီတော့မှ အင်္ဂလိပ်တွေ လွတ်လပ်ရေးကို၊ အချောင်ရကြတာဘဲ။
သတ္တိကြောင့် မဟုတ်ဘူး။ လူရယ်လို့ ဖြစ်လာရင် လွတ်လပ်ခြင်း မရတာဟာ၊
ဒုက္ခအကြီးဆုံးဘဲ။ လောကီဘက်လုပ်ရင်၊ လောကုတ္တရာနဲ့ ဆန့်ကျင်ဘက်ပါကလားဆိုတာ
ရိပ်မိတယ်။ ဦးပုညရေးတဲ့ စာတခုရှိတယ်။ ၀ိဇယဇာတ်ထဲမှာလား သေသေချာချာတော့
မမှတ်မိဘူး။ အဲဒီအထဲမှာ- ၀ိဇယမင်းသားကို ပင်လယ်မျှောတဲ့အခမ်းမှာ ထင်တယ်။
"ဘုရားအကြိုက်၊ တရားလိုက်လျင်လဲ လူ၌ အရေးညံ့ တတ်သည်" လို့ ဆိုတယ်။
လောကုတ္တရာတရား လိုက်အား ကြီးတော့လဲ လောကီမှာ ဓမ္မနောက်ပိတ်ခွေး ဖြစ်တတ် တယ်။
လောကုတ္တရားက ဘယ်လိုဆို သလဲ ဆိုတော့ သည်းခံရင် မြတ်တယ်တဲ့။
ခေါင်းခြေထောက်နဲ့ ကန် ရင်လဲ ခံရမယ်တဲ့။ ဒါမှ နိဗ္ဗာန်ရမယ်တဲ့။ ခေတ်သမယ
အားလျော်စွာဆိုရင်၊ ကျုပ်တို့တတွေဟာ လောင်းရိပ်မိနေကြတယ်။ တခြားမကြည့်နဲ့
တက္ကသိုလ်ဟာ တကဲ့ပညာ တွေ သင်ကြားပေးဘို့ ဆိုပေတယ်လို့၊ တက္ကသိုလ် က ပညာ
တတ်တွေဟာ၊ လူရာမ၀င်နိုင်ပါဘူး။ ခိုင်းစားဘို့ သင်ပေးတာဘဲ။ အင်္ဂလိပ်က
ခိုင်းစားဘို့ဘဲ။ အလွန်ဆုံးဖြစ်၊ ငါးထောင်စားဘဲ။ ငါးထောင်စားခေါင်းဆောင်
ဘာကောင်တွေက၊ အင်မတန် ကြီးကျယ်ကြတယ်။ ဘာနဲ့တူ သလဲ ဆိုတော့ လယ်သမားတွေနဲ့
အင်မ တန်တူတယ်။လယ်ရှင်တွေက-လယ်သမားကို "မင်းငါ့လယ် ထွန်-စပါး ၂၀ ပေးမယ်"
ဆိုတာလိုဘဲ။ ဒီကောင်တွေ-ခိုင်းတာ လုပ် နေကြရတာဘဲ။ခွေးမသားခေါင်းဆောင်တွေ
ယောင်တောင်-ပေါင်တောင်နဲ့။ အားပြိုင်ကြ-ဆဲကြတယ်။ ကျုပ်တို့ နားလယ်တာ တော့
စားကျက်လုနေတာ တွေ့ရတာဘဲ။ ပြောတော့ ဥပဒေပြုအမတ်တဲ့၊ ၅၀၀၀ိ စား အကောင်တွေ
ဘာမှ မလုပ်နိုင်ဘူး။ သူတို့တတွေ- အရက်တွေမူးပြီး ဆဲတာတွေတော့
ပုလိပ်ကမဖမ်းဘူး။ တချို့ အကောင်တွေ လဲ-ညီလာခံသဘင်ဆိုတဲ့ ဥပဒေပြု
လွှတ်တော်အစည်းအဝေး အပျော် လာကြတာဘဲ။ တချို့ကောင်တွေ- ပုလင်းပိုက်ပြီး
ငိုက်နေကြတာဘဲ။ "၀ုံးဝုံး" ဆိုပြီး လက်ခုတ်တီးမှ နိုးကြတာဘဲ။ ဟိုတုံးက အခု
ငါးပွင့်ဆိုင်ခေါင်းဆောင်ဆိုတဲ့၊ ဘဖေတို့၊ အခုသစ်တောရေးဝန်ကြီးချုပ်
ဖြစ်နေတဲ့-မောင်ပုတို့၊ ထွန်းရှိန် တို့ပေါ့။ အင်္ဂလန်ပြည်သွားပြီး
ဟုမ္မရူးတောင်းကြတယ်။ ကျုပ်ကတော့- ဒီဟာမျိုးတွေဟာ တောင်းတိုင်းပေးတာမျိုး
မဟုတ်ဘူးလို့ စဉ်းစားမိတယ်။ ကျုပ်တို့လဲ ကြည့်ပါလား-အာသံတို့ မဏိပူရတို့
ဆိုတဲ့ နယ်တွေကို သာသာကြည်ကြည် ပြန်ပေးခဲ့တာမှ မဟုတ်ဘဲ။ အင်္ဂလန်ပြည်ဆိုတာလဲ-
ဘာမှ ရှိတာမဟုတ်ဘူး။ ဆားတို့ မီးသွေးတို့လောက်သာ ရှိတာ။ ခွေးမသားတွေ
အူခြောက်နေတာ။ သူတို့တတွေ-မိုင်ပေါင်း ခုနှစ်ထောင်ကျော်ကလာတာ ငတ်လို့ပေါ့။
ဟိုတုံးက-ယိုဒယားတို့ ဘာတို့ဆိုတာ သွားတိုက်ခဲ့ရတာဘဲ။ အခုလဲ အင်္ဂလိပ်က
မတားရင်၊ ယိုးဒယားလောက်တော့ တို့ခြေ အောက် ရောက်သေးရဲ့ ရသေးရဲ့ ထင်တယ်။
အဲဒီ တိုက်စဉ်တုံးကတော့-အခုလိုမဟုတ်ဘူး။ ရှင်ဘုရင်ကို မိပီဆိုရင် "
နန်းကိုစိုးချင်သေး လား။ စိုးချင်ရင် သစ္စာပြု၊ သစ္စာရေသောက်၊ သမီးကညာဆက်၊
ရွှေပန်း-ငွေပန်းဆက်၊ အဆောင်တွေ-ဘာတွေဖြုတ်ချ။ တို့ဗမာမင်းက-ထီး ၈ စင်း
ဆောင်း တယ်၊ မင်းတို့ လေးစင်းသာ ဆောင်း" ဒါလောက်လုပ်တာဘဲ။အင်းဝကို
ယိုးဒယားက ဆက်သရတယ်ဆိုတာလဲ ဆင် ၃-၄ ကောင် လောက်ပဲ။
ရွှေဆိုလဲ ၁ ပိဿာ ၂
ပိဿာလောက် ဆက်ရတာဘဲ။ သ္မီးကညာ ဆက်တယ်ဆိုတာကတော့ ကျုပ်တို့ ဗမာဘုရင်တွေ
ဂွကျတာဘဲ။ မိန်းမတွေ သိတ်များတာဘဲ။ သူ့ခေတ်နဲ့သူမို့ ယူရတာဘဲ။ စစ်တိုက်ရတာ
သိတ်မလွယ်ဘူး။ ပင်လယ်ခရီးက လှေနဲ့ သွားရတယ်ဆိုရင်လဲ၊ လေထဲ လှိုင်းထဲ
လှေပါသွားတာမျိုးဘဲ။ တခါတလေ-ယိုးဒယားက သူပုန်ထတယ်ဆိုရင် အင်းဝက ၃လ
လောက်ကြာမှ ကြားရတာ ဘဲ။ အဲဒီတော့လဲ သူတို့ရဲ သ္မီးကညာဟာ ဗမာဘုရင်ရဲ့
မိဖုယားဖြစ်နေရင်၊ တော်ရုံတန်ရုံနဲ့ သူပုန်မထ၀ံ့ဘူးပေါ့။ သ္မီးမျက်နှာ ထောက်
ထားနေရသေးတာကိုး။ အဆုံးကျတော့ သ္မီးကညာ ဆိုတာ ဒဇာခံပေါ့လေ။ ကျုပ်တို့
တောစွန် တောင်ကြားက အသက် ၂၀-၂၂ နှစ်လောက် ရန်ကုန်ရောက်လာတယ်။ ဂျီ-စီ-ဘီ-အေ
အသင်းတွေကလဲ ပေါ်လာတော့ တအားတက်မိတယ်။
အသင်းအစည်းအဝေးတွေတော့
သွားမတက်ပါဘူး၊ စိတ်ကိုကလဲ တယ်ဟန်မယ် မထင်ပါဘူး။ ခေါင်းဆောင်မဲ့ အကောင်တွေ
ကြည့်ရတာလဲ၊ တယ်အားရစရာ မကောင်းပါဘူး။ ယောက်ျားမပီသတဲ့ ကောင်တွေသာ
များတာဘဲ။ မျက်နှာသနပ်ခါးတွေနဲ့။ ဗိုလ်ကတော်စိတ် ပေါက်နေတဲ့ ကောင်တွေဘဲ။
ဘာ-ညာဆိုတဲ့အကောင်တွေက သိတ်များနေတော့၊ ကျုပ်တို့လဲ ရှော့နေကြတာဘဲ။
နောက်ဆုံးရေးတဲ့
ခွေးဂဏ္ဌိဆိုတဲ့ ကျမ်းဟာ-အခုလက်ရှိ ခေါင်းဆောင်တွေဟာ-ဘုန်းကြီးကျောင်းက
ခွေးတွေနဲ့ တူတဲ့အကြောင်း ဘဲ။ အဲဒီလိုနဲ့နေရင်း သခင်ကလေးတွေ ပေါ်လာတယ်။
အလကား တွေ့ကရာ ရှောက်ဆဲနေတဲ့ ကောင်ကလေးတွေဘဲလို့ အမှတ် ထား တယ်။ဒါနဲ့
ဗစိန်တို့၊ ဘလူတို့ ထောင်တဖုတ်ဖုတ်ကျနေတာ တွေ့ရတော့ အင်း အသင့်အတင့် တော့
ဟန်လာပြီ။ စိတ်ဓါတ်တွေ ပြောင်းနေတယ်ဆိုတာ စဉ်းစားမိတဲ့...။
လွန်ခဲ့တဲ့
ခွေးမသား ခေါင်းဆောင်တွေ၊ လွတ်လပ်အောင် လုပ်တဲ့နည်းလမ်း မတွေ့လို့ဘဲ။
ဘာမဆို ကြိုးစားရင် ရမှာဘဲ။ ဘုရားဆုတောင် တောင်းရင်ရတာဘဲ။ ဇွဲကြီးကြီးနဲ့သာ
လုပ်ဘို့ လိုတာဘဲ။ ကာလဒေသ ပယောဂကို ကြည့်ပြန်တော့၊ လူကောင်းသူကောင်းခေတ်
ရောက်ပြီဆိုတာ သိတယ် ဒါကြောင့်မို့လို့လဲ သခင်နာမယ်ယူပြီး၊
ရေနံချောင်းကွန်ဖရင့် လိုက်ပီး ကူခဲ့တာဘဲ။ လူငယ်တွေနဲ့ ပေါင်းပြီး
မသေခင်-တပွဲတလမ်း စမ်းချင်တာပါဘဲ။ နောက်က-လူကြီးတွေ လုပ်ကြတာက၊
ကိုယ့်ခေါင်းဆောင် မကောင်းမှန်းသိရက်နဲ့၊ တချို့က ကြည်ညိုနေကြတုံးဘဲ။
တည်မိတဲ့ ဘုရားတော့ ဠင်းတဘဲနားနားဆိုပီး၊ သဘောထားကြတယ် ထင်တယ်။
တခြားမကြည့်နဲ့လေ။ စားကျက်မရခင်-နိုင်ငံရေးလုပ်ကြတာဘဲ၊ အမ်အေ
ဦးသိန်းမောင်တို့ များဆိုရင် အဲဒီ [ဆွဲချ] ဆိုတဲ့ ရာထူးရနေတဲ့
ဦးသိန်းမောင်ပေါ့။ ၁၀၀၀ိ-စား ကစတယ်ဆိုရင်ဘဲ ပုသိန်သားတွေ ရင်ဘတ်ကို
ခြေကန်ထွက်တာဘဲ။ နိုင်ငံရေးဟာ ကုသိုလ်တပဲ-ငရဲတပိဿာ ဆိုပြီး၊ အခုတော့
ငရဲတပိဿာဘဲ လုပ်နေတာဘဲ။ ဝေဿန္တရာဇာတ်မှာ ကြည့်ပါလား။ တောထွက်တဲ့ ပါရမီ
မထဲ့ခဲ့ဘူး။ ဘာကြောင့်လဲ။ သဒ္ဓါကြောင့် မဟုတ်ဘူး။ တိုင်းပြည်က ဝေဿန္တရာကို
ဆင်ဖြူတော် လှူပစ်ရမလားဆိုပြီး အလိုမရှိတာနဲ့ ထွက်ရတာဘဲ။ ဟိုတုံးကလဲ
ဒီမိုကရေစီခေတ်နဲ့ဘဲတူတယ်။ နိုင်ငံကို ဖြုန်းတီး အောင် လုပ်တဲ့ ရှင်ဘုရင်၊
အသုံးကြီးတဲ့ ရှင်ဘုရင်ဆိုပြီး နှင်ထုတ်ပြစ်တာဘဲ။
ကျောင်းသားတွေဟာ
အမှန်အားဖြင့်၊ နိုင်ငံရေးနဲ့ မသက်ဆိုင်သော်လဲ၊ သူတို့ကို ကြည့်ပီး ကျုပ်က
သိတ်အားရတာဘဲ။ ဘာပြုလို့လဲ။ သူတို့တတွေက တိုင်းပြည်ဘက်က ပါနေတာကိုး။
အစိုးရကဆိုလဲ သူတို့ကို လူဆိုးစာရင်းထဲ သွင်းထားတာဘဲ။
ကျုပ်တို့
နယ်လှဲ့တရားဟောရင်းနဲ့ ရှေးအဖိုးကြီးတယောက်နဲ့ တွေ့တယ်။ သူက 'ဘဲ့နယ်
ယောဂီဆရာမှိုင်း ဆရာမှိုင်းနဲ့ ဆိုပီး၊ မိုးညှင်းယောဂီနဲ့လဲ မတူပါလားလို့
မေးတယ်' ဘယ်တူမလဲ၊ ကျုပ်တို့က သခင်ဖြစ်ချင်တဲ့ ယောဂီဘဲ။ ကျုပ်တို့တတွေ
နိဗ္ဗာန်ရောက် အောင် ကြိုးစားနေကြတာဘဲ။ မိုးညှင်းဆရာတော်ကြီးကို
ပင့်ဖိတ်ပြီး တရားဟောတာလဲ နိဗ္ဗာန် လိုချင်လို့ဘဲ။ တပြည်လုံး
နိဗ္ဗာန်ရောက်ချင်လို့ဘဲ။ တပြည်လုံး နိဗ္ဗာန်ရောက်ကြရင်လဲ ကောင်း သားဘဲ။
မိုးညှင်းဆရာတော်ကြီးကတော့၊ တပြည်လုံးက လူတွေ သည်းခံတတ်တဲ့ တရားရှိ အောင်၊
ဆင်းရဲတဲ့ဘ၀နဲ့ တင်းတိမ်နေနိုင်အောင်၊ ကြေနပ်နေအောင် ဟောတာနဲ့တူတယ်။
နိဗ္ဗာန်ကို ကျုပ်တို့ကတော့ မရောက်နိုင် သေးတာနဲ့ မသွားချင်သေးဘူးလို့
ပြန်ပြောခဲ့တယ်။ ကျောင်းသားတွေက ကျုပ်ကို မဖိတ်ပေမဲ့-လာချင်နေတာ-ကြာလှပြီ။
ကျောင်းသားတွေက အလံတောင်ပေါ်ကနေပီး ဖိတ်ရင် တောင် လာမှာဘဲ။ အမှန်မှာဆိုတော့
အလုပ်လုပ်တယ်ဆိုတာ သမ္ပတ္တိခေတ်၊ ၀ိပ္ပတ္တိခေတ် ကြည့်လုပ်ကြ ဆိုဘဲ။ ခွေးမသားတွေ
မကောင်းလို့ ကျုပ်တို့တတွေ ယောင်ချာချာနေရတယ်။ အဲဒီ ရှေးခေါင်း ဆောင်တွေ၊
ဘိလပ်ပြန်တွေ ခွေးမသား တွေ အကြောင်းပြောတော့ ပုဂံ-ငသယောက်က အကောင်တွေ
စဉ်းစားမိတယ်။ ဒီကောင်တွေက အလကားကောင်တွေ၊ လက်ကြောတင်းအောင် မလုပ်ချင်။
အမှန်ကတော့ မြို့မှာနေတာ လူညာတွေဘဲ။ ဘော်ကြော့နေချင်ကြတာဘဲ။ ဒါနဲ့
ခုနင်ကပြောတဲ့ ပုဂံငသယောက်က၊ လူပျင်းတွေ-ရွှေမြို့တော် အင်းဝတက်ပြီး၊
အလုပ်ရှာကြတာကိုး။ ထီးတော်မိုးလိုလို၊ အိပ်ဖန်စောင့်လိုလို။
အိပ်ဖန်တော်စောင့် ဆိုတာ ဒရ၀မ်ဘဲ။ ဒီကောင်တွေ ဘာလုပ်သလဲ သိလား။
လှေခါးရင်းကစောင့်-ခွေးလိုစင်းပြီး တငိုက်ငိုက်နဲ့ စောင့်ကြတာပေါ့။
ဒါနဲ့
တနေ့ကြတော့ ရွာပြန်ကြမှာကိုး။ သူတို့က လှေသမားတွေကို ပြောလိုက်တယ်။
[ငသယောက်။ တူရွင်းတိုင်သားတို့-ငါတို့ တန်ခူးလဆန်း ၆ရက်နေ့ ပြန်မယ်]
လို့မှာလိုက်သတဲ့။
ရွာရောက်တော့ ရွာသားတွေက ဝေါနဲ့ ယဉ်နဲ့ ဆီးကြိုကြသတဲ့။
တောကလူတွေက
ရှင်ဘုရင်အကြောင်း သိချင်လို့ မေးကြသတဲ့။ "တို့တော့ သူငယ်ချင်း-ရုပ်သေးထဲက
ရှင်ဘုရင်သာမြင်ဘူး တယ်။ အရုပ်ထဲကလို ချွန်သလား" မေးတယ်။
"ဟာ သိပ်ချွန်တာဘဲလို့ ဖြေလိုက်သတဲ့"
"ရှင်ဘုရင့်အသက် တို့လက်ထဲမှာ" လို့ပြောသတဲ့။
ရှင်ဘုရင့်နား အိပ်ရတာ-ဂျပိုးသိတ်ကိုက်တာဘဲတဲ့ ပြောကြသေးတယ်။
ရှင်ဘုရင်ဆိုလို့ တခါမှ မြင်ဘူးတာ မဟုတ်ဘူး။ ခွေးမသားတွေ ဒီလီကိတ်တွေလဲ ဒီအတိုင်းဘဲ။ ဘိလပ်နန်းတော်ရင်းက ပြန်လာကြ တဲ့ အကောင်တွေဘဲ။
အခုကာလ
ကျောင်းသားတွေရဲ ပါးစပ်ဟာ အင်မတန်စူးတယ်။ ဟိုတခါ သတင်းစာထဲ ဖတ်လိုက်ရတယ်။
ဗမာပြည်က ခေါင်း ဆောင် တွေဟာ ကိုယ့်ကိုယ်ကို သတ်သေသင့်တယ်လို့
စကားပြောပြိုင်ပွဲတခု ဆုံးဖြတ်လိုက်တယ်။
အဲဒီလို ဖြစ်ပီးလို့မှ
မကြာခင် ထိပ်တင်ဝဟာ ကိုယ့်ကိုယ်ကို သတ်သေတယ် ကြားရတာဘဲ။ ထိပ်တင်ဝဟာ
ငါးပွင့်ဆိုင်ရဲ့ ဘုရား ပေါ့။ တိုင်းပြည်က သာကီဝင် တောင့်တတော့ ထိပ်တင်ဝ
ဘမ်းပြပြီး ဒီကောင်တွေ အလုပ်လုပ်ကြတာဘဲ။ ဘုရားလဲပီး ငြမ်းလဲ ကန်ချ ဆိုတာလို
ထိပ်တင်ဝလဲ နိုင်ငံရေးစွန့်ပြီး လယ်သွားထွန်နေတာဘဲ။ မကြာခင် ကိုယ့်ဟာကို
သေနပ်နဲ့ ပစ်သတ် သေတာဘဲ။ အဲဒါဟာ ဘမ်းပြ လမ်းပြဘဲ။
အဲဒီတော့
ကျောင်းသားတွေဟာ ဘယ်လောက် တံခိုးရှိတယ် ဆိုတာဘဲ ကြည့်တော့။ ယခု
ကျောင်းသားတွေဟာလဲ စုရုံးမိကြပီ၊ တိုင်းပြည်ရဲ့ အကျိုးရှိမဲ့ အလုပ်တွေသာ
လုပ်ကြပေတော့။ ကျုပ်တို့တော့ ဒီညီလာခံသဘင် အောင်ဘို့ ဆုတောင်းတာဘဲ။
[ဤမိန့်ခွန်းကို သခင်ကိုယ်တော်မှိုင်းကိုယ်တိုင် ပြန်လည်ဘတ်ရှု ပြင်ဆင်ပြီးမှ ပုံနှိပ်ပါသည်။]
[အောက်ပါတို့သည်
ဗမာနိုင်ငံလုံးဆိုင်ကျောင်းသားများ၏ ပုသိန် ညီလာခံသဘင်ကို၊ ဖွင့် လှစ်စဉ်က
သခင် ကိုယ်တော်မှိုင်း မိန့်ဆို ချက်များဖြစ်သည်။ နဂါးနီတိုက်ထုတ်
'ဗမာ့အရေး' စာအုပ်၊ ပထမတွဲ၊ က ကူးယူဖော်ပြပါတယ်။ မူရင်းရသာ မပျက်အောင်
စာလုံးပေါင်း ကအစ မူရင်းအတိုင်း ကူးယူဖော်ပြပါတယ်။]