လူစိမ်းမျက်လုံးများ
အောက်က ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဆိုတဲ့ စာစုလေး အကြောင်း ယနေ့
အဖွဲ့ချုပ် (ရွှေဂုံတိုင်) ကိုရောက်တော့ အတော်များများက ၀ိုင်းပြောကြပါတယ်။
ကိုယ်ချင်းစာတဲ့ အကြောင်းနဲ့ တပ်မတော် ကို တကယ်ကောင်းစေချင်တဲ့ စေတနာ
အမှန်၊ ရင်ထဲက ခံစားချက် အမှန်နဲ့တိုက်တွန်းမှု ကို လေးစားကြောင်း၊
နိုင်ငံကို ကောင်းစေချင်လို့ ကျနော်ရဲ့ ပေးဆပ် ကြိုးပမ်းမှုကို
အသိအမှတ်ပြုပါကြောင်း ၊ ပါတီဝင် တချို့နဲ့ ပါတီဝင်မဟုတ်သော စစ်မှုထမ်းများ
အရာရှိ အချို့ကပါ သနား ဂရုဏာသံများဖြင့် ပြောကြပါတယ်။ အခုမြန်မာပြည်ဟာ အရင်
မြန်မာပြည် မဟုတ်တော့ပါဘူး။ တပ်မတော်တွင်းမှာရော အရပ်သူ အရပ်သား
ပြည်သူလူထု အတွင်းမှာပါ ပွင့်လင်းလွတ်လပ်မှု တစုံတရာထိ ရှိလာပါပြီ၊
နေရာတိုင်းမှာ
ကြောက်ရွံ့ဝပ်တွားမှုတွေနဲ့ ငြိမ်ကုတ်နေကြတော့သည် မဟုတ်။ မှန်သည်ကို
မှန်သည်ဟု ပြောရဲလာကြပေပြီ၊ မတရားသည်ကို မတရား ဟု ပြောရဲ ဝေဖန်ရဲလာယုံတင်မက
မတရားမှုကို ဘယ်သူက တိုက်ဖျက်နေပြီး၊ မတရားမှုကို ဘယ်လိုလူတွေက
ကျူးလွန်နေသည်ကိုလည်း ၀န်ထမ်း ယန္တယားအတွင်းမှာ သိလာကြပေပြီ၊
အခွင့်အာဏာထိန်းချုပ်
အုပ်စီးထားတဲ့ ဒါရိုက်တာတွေ ၀န်ကြီး ၀န်ကလေးတွေကို ဘုရားထူး မတတ်
ကြောက်လန့်ခစား နေရသေးတဲ့ လက်ရှိ အုပ်ချုပ်ရေး စနစ်အတွင်းက အခြေအနေတွေကို
သူတို့ ပြောင်းလဲလိုချင်နေကြပါပြီ။
အကြောက်တရားနဲ့
ချုပ်ထိန်း ခိုင်းစေပြီး ၊ တဖက်က အခွင့်အရေးနဲ့ ရာထူး၊ နေရာ၊ ငွေကြေးတွေနဲ့
မျှားဖြားယောင်း ကာ သိတတတ်သူ ၊ ပါးနပ်သူ၊ ခေါင်းတော်ညိတ် စိတ်တော်သိသူ
ဝန်ထမ်းဆိုးတွေနဲ့ ကိုယ်ကျိုးသမား ၀န်ကြီးဝန်ကလေး၊ မန်နေဂျာ၊ ညွန်ချုပ်တွေ
ပလဲနံပ သင့်စွာနဲ့ နိုင်ငံဘဏ္ဍာကို အပြိုင် ဘုန်းခဲ့လို့ တိုင်းပြည် အခု
ဘယ်အခြေ ဆိုက်ခဲ့ရပြီ ဆိုတာကိုလည်း ၀န်ထမ်း တွေ အတော်များများ သိနားလည်စ
ပြုလာပါပြီ။
သူတို့တွေ ၀န်ထမ်းတွေ ကောင်းမှ
နိုင်ငံကောင်းမှာမို့ သူတို့ဝန်ထမ်းတွေ အမှန်မြင်လာပြီး အမှန်ဘက် ဥပဒေ
စိုးမိုးရေး အတွက် အားပေးပူးပေါင်း ကူညီလာခြင်းကလည်း နိုင်ငံတိုးတက်ဖို့
အခါအခွင့်ကောင်းကြီး ဖြစ်ပါသည်ကော။
တချို့က
ပြောခဲ့ဖူးပါတယ်။ သံကန့်လန့်ကာ တိုင်းပြည်။ အရာရာ ပိတ်ဆို့ထားသော
တိုင်းပြည် ။ စစ်အာဏာရှင် စနစ်ဆိုးအုပ်စိုးသော တိုင်းပြည်၊ အမှန်တရားတို့
ပျောက်ဆုံးနေသော တိုင်းပြည် စတာတွေနဲ့ စုံနေတာပေါ့လေ။
ဖြတ်သန်း
ဖြစ်တည်ခဲ့ဖူးသော မြန်မာပြည်ရဲ့ အလှမ်းမကွာသေး ဆေး မခြောက်သေးသော သမိုင်း
လတ်လတ်ဆတ်ဆတ်ကြီးကို တပ်အပ်ကြီး ဝေဖန်သံတွေ ညံနေခဲ့တာပေါ့၊
ပြောမယ်
ဆိုလည်း ပြောစရာပါပဲ။ ကျနော်တို့ နိုင်ငံဟာ အလွန်ကို
ဝမ်းနည်းကြေကွဲဖွယ်ကောင်းတဲ့ သမိုင်းနေ့စွဲတွေ၊ အလွန်ကို
နှမြောဖို့ကောင်းတဲ့ နှစ်သက်တမ်းတွေ၊ ဖြတ်သန်း ဖြစ်ပေါ်ခဲ့ဖူးတာကိုး။
အလွန်ကို
ခြောက်ခြား ကြောက်လန့်စရာကောင်းတဲ့ စစ်အာဏာရှင် ယန္တားရားကြီးက
ခေါင်းဖြတ်စက်ကြီး ပမာ နိုင်ငံသားတိုင်းရဲ့ ဂုတ်ပိုး ဇက်ပိုးပေါ်
ဝဲပျံလူးလြာ သဲထိတ်စွာနဲ့ ဖြတ်သွားခဲ့ဖူးတာကိုး
................................။
အဲဒီလို ညဉ့်နက်နက် ၊
အသဲထိတ်မတတ် ခြောက်ခြား စရာကောင်းတဲ့ အိမ်မက်ဆိုးတွေ ဘယ်လောက် မက်မက်၊
ညဉ့်ခွေးတွေ ဘယ်လောက် အူအူ ၊ အချိန်တန်ရင် အင်မတန် သာယာတဲ့ မနက်ခင်း ဆိုတာ
လာမှာပါပဲ။
အာရုဏ်ဦး ရောင်ခြည်နဲ့ အတူ အိပ်တန်းက နိုးထလာတဲ့
ကျီကျီတာတာ၊ ငှက်သံလေးတွေ၊ မနက်ခင်း သုတ်ဖြူးဆော်လာတဲ့ အေးမြတဲ့
လေညင်းလေးတွေ၊ မြူနဲ့အတူ ဆိုင်းနေတဲ့ နှင်းငွေ့လေအေးအေး လေးတွေ၊
နေခြည်စမ်းစ သစ်ပင်သစ်ရွက်တို့ပေါ် တင်ကျန်နေတဲ့ နှင်းစက်လေးတွေက တလက် လက်
တောက်ပ နေတတ်တဲ့ အင်မတန် ကြည်နူးဖွယ် မြင်ကွင်းလေးတွေ က
ညဉ့်နက်နက်ကြီးဖြတ်သန်းသွားပြီးချိန်ကျရင် ပေါ်လာမှာပဲလေ။
အသေအချာပါ။
ညဉ့်နက်ပြီးတိုင်း အာရုံမိုးသောက်ဆိုတာ လာမှာပါပဲ။
ဒါသဘာဝ ပါ.......။
ကျနော်တို့ ခါးသည်းလှတဲ့ ညဉ့်တွေကို ဖြတ်ခဲ့ဖူးပါပြီ။
ညဉ့်နက် မှောင်မှောင်ကြီး၊ ခြောက်ခြား စရာ အိမ်မက် ဆိုးဆိုးကြီးတွေလည်း မက်ခဲ့ဖူးပြီ။
၊ တဂေါက်ဂေါက် ခေါက်တတတ်တဲ့ ဂတ်စတာပို တံခါးခေါက်သံတွေ ကြားမှာလည်း ရင်ထိတ်ဖူးပြီ။
တဘုတ်ဘုတ်
ဖြတ်မောင်းသွားတဲ့ ငရဲစေတမာန် ယာဉ်သံတွေ နောက် လက်ထိပ်သံ တချွှပ်ချွပ်နဲ့
ငိုရှိုက်သံ တသဲ့သဲ့တွေ ကြားေ၀၀ါးသွားတဲ့ မျက်ရည်ရွှမ်းသော အလွမ်းညတွေ၊
ညဉ့်မိုက်မိုက်နဲ့ အလွမ်းမြင့်မိုရ် အပြိုင် ထိတ်ငိုမိတဲ့
မြင်ကွင်းတွေလည်း များခဲ့ပြီ။
၊ ခါးသည်းလှတဲ့ ဆောင်းအိမ်မက် မုန်းမုန်းကြီးတွေ ၊
ပျောက်ဆုံးခဲ့တဲ့ အနာဂတ်တွေ၊
နောက်ဆုံး မဟုတ်တဲ့ အမိန့်တွေ၊
ကျဆုံးသွာတဲ့ သူရဲကောင်းတွေ၊
ကြိမ်မီးအုံးတဲ့
လက်သီးဆုပ်သံတွေနဲ့ နံရံကို ပစ်ပေါက်လိုက်တဲ့ ဓါးမြောင် တလက်လက်
ဒါးမြီးတယမ်းယမ်း တို့ဟာ ပြည်သူတို့ အတွက် ဒီနေ့ကို ခင်းပေးခဲ့တဲ့
လမ်းခင်းကျောက်ဆိုင် ကျောက်စု ကျောက်မှုန် ကျောက်သွေး ပုံ။
ဒီလို
အမုန်း၊ အနာ၊ အမျက်၊ အရှက်နဲ့ အသံတိတ်၊ အံကြိတ်သံတွေ လတ်ဆတ်စွာ ရင်ထဲမှာ
ကိန်းအောင်းရင်းနဲ့ ပဲ ။ အိမ်ပြတင်း တံခါး ကြားတွေက
ထိုးဖေါက်စိမ့်ဝင်လာတဲ့ အာရုံဦးနေခြည်လေးတွေ တဖျတလှ .............မျက်ရည်စ
ဝိုင်းဝိုင်း ကြည်နူးချင်စိတ် တပိုင်းနဲ့ လှမ်းမြင်နေရပါပြီ၊
ယုံကြည်နိုင်ဖွယ်
မရှိခဲ့တဲ့ ကျောင်း တပိုင်း ဘ၀သင်ခန်းစာတွေကြောင့်
အာရုံဦးနေခြည်နုနုကိုပဲ ကျနော်တို့ သံသယတွေနဲ့ ရှုနေကြရတယ်။ နေခြည်နုနုကနေ
နေ၀င်အမှောင်ထုကို ရုတ်ခြည်းများ ကူးလွန့်သွားလေမလားပေါ့ ............
ပုပ်သိုးနံအောက်
နေတဲ့ လေညစ်တွေ ထက် သန့်ရှင်း လတ်ဆတ်တဲ့ လေထု ငွေ့ငွေ့လေးကို ကျနော်တို့
စတင် ရှုရှိုက်ခွင့် ရလာပါပြိ။ မည်းမှောင်သိပ်သည်းနေတဲ့ အမှောင်ထုကနေ
ရောင်ခြည်ဦးတို့ဖြာဝင့်လာတဲ့ အလင်းစူးလေးတွေ ကနဦး ထိတွေ့ခွင့် ရလာပါပြီ။
ဆွံ့နေတဲ့ နှုတ်တွေ အတွက် ထက်မြက်တဲ့ စကားလုံးတွေ ရွေးသီဖို့ စဉ်းစားရကောင်းမှန်း သိလာပါပြီ
တုန့်နေတဲ့ ခြေလှမ်းတွေ အတွက် လှမ်းတက်နိုင်မယ့် ခွန်အားတွေ မွေးမြူနိုင်ဖို့ စိတ်ဓါတ်တွေ ထက်သန်လာပါပြီ။
ကွဲကွာနေတဲ့ ရင်ဝယ်သားတွေ ပြန်ဆုံနိုင်ဖို့ ပေါင်းကူး တံတားတွေ ပဏ္ဍက်တွေ ချလာပါပြီ။
ပြာလဲ့ဖို့
တာဆူလာတဲ့ ကောင်းကင်ထက်ဆီက ပုဇွန်ဆီရောင် ငွေမှင်အနားကွပ်နဲ့
တိမ်စုစုလေးတွေအောက် အပြာရောင် လေဟာပြင် ကောင်းကင်ကြီးက ပြာလဲ့လဲ့
အလင်းလေးတွေနဲ့ ငြိမ်းချမ်းတေး သဲ့သဲ့လေးတွေက စီရရီ ဆင့်ရရင့်
တင့်လာတော့မည်။
ကျနော်တို့ မျက်ဝန်းထောင့်မှာ ကြည်နူးလွန်းတဲ့ မျက်ရည်ငွေ့တွေ တဝေ့ဝေ့နဲ့ တ၀ဲဝဲ။
ယိုစီးကျမတတ်
သျှံဝိုက်လာတဲ့ ဒီမျက်ရည် စက်လေးတွေကလေ ။ နှစ်ပေါင်းများစွာ၊
ရက်ပေါင်းများစွာ၊ ညပေါင်းများစွာ မက်ခဲ့ဖူးတဲ့ အိမ်မက်လေးတွေ ကို ထင်းထင်း
မြင်ခွင့် တစိတ်တပိုင်းကြောင့် ပျော်လွန်းလို့ ယိုစိမ့်ထွက်လာတဲ့
နှလုံးသားရဲ့ အပျော်မြစ်ငယ်ပါ။
အင်း .............င်း ............င်း.................င်း.......................င်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဒါပေမယ့်
လည်းလေ ........ဒဏ္ဍာရီထဲက မသေသော ဘီလူး တချို့က အစွယ်လေးတွေ တလှစ်လှစ်နဲ့
လူ့ရွာကို မျက်စောင်းတွေ တခဲခဲ လုပ်နေတဲ့ သတင်းကလည်း ဟိုက သည်က ၊
လူစိမ်းတို့ မျက်လုံးတွေ အရောင်တောက်နေကြသေးတယ်။
လူစိမ်းတို့
ဆိုင်ကယ်သံတွေ အိမ်ရှေ့မှာ တ၀ဲဝဲလည်နဲ့ ဖြစ်နေချိန် အခု ည အမှောင်
မိုးစက်တွေ တဖြောက်ဖြောက်နဲ့ လမ်းပေါ်က တဘုတ်ဘုတ်တို့ ရောနေချိန်လေးမှာ
ကျနော် ကျနော့်  အဖေရဲ့ ဒိုင်ယာရီ စာအုပ်လေး ကို ယူဖတ်လိုက်မိတယ်။
ကျနော်
မျက်ရည်တွေ ဝေ့ချင်လာတယ်။ ဖခင်တယောက်ရဲ့ အဲဒီအချိန်က ခံစားချက်ကို သိပ်
ဂရုဏာသက်မိတယ်။ သူ ဒီကဗျာကို ရေးနေချိန် က ကျနော် ဟာ
သံတိုင်တွေကန့်ထားတဲ့ လူ့ငရဲ ခန်း ငယ် တခုမှာ တယောက်ထဲ လေ။
နေမျိုးဇင် ရဲ့ အဖေ ဖခင် ဦးငွေဇင်က သူ့ ဒိုင်ယာရီစာအုပ်ငယ်လေးထဲမှာ အခုလို ရေးထားတယ်။
သူ့စာလေးကို ကျနော် စဖတ်လိုက်ချိန်မှာ အိမ်ရှေ့မှာ ဆိုင်ကယ် ရပ်သံလိုလို ကြားလိုက်ရတယ်။ ကျနော် ရင်မခုန်တော့ပါ။
အဖေ့  ကဗျာလေးတွေကို ကျနော်ဆက်ဖတ်လိုက်တယ်။ လူစိမ်းတွေ အိမ်ရှေ့မှာ ရောက်နေ နေပေါ့။
အဖေများ ရင်ခုန်နေပြီလား မသိ။
ကဗျာ့ခေါင်းစဉ်က သားဗိုလ်ကြီးဟောင်း နေမျိုးဇင် သို့ အမှတ်တရ ..................တဲ့။
မိဘ ဧ။် သောက
ချစ်သောဖေဖေ ဦးငွေဇင် ဧ။် သားအတွက် ရတက်မအေးစဉ်က ကဗျာငယ်
၁။ ကြားလျှင် ကြားခြင်း
ဤသတင်းက.....
ရင်တွင်း မချိ
ခံစားမိ၍
ငါဧ။် နှုး
အပူ ဆုံးမို့
မီး အုံး လောင်စာ မြိုက်သည့်နှယ်။
၂။ မြကွန်း ခေါ်ကြ
ဥက္ကဌ နှင့်
ဌါန အက်(စ်)ဘီ
ဆွေလင်း မည်သည့်
အနှီ နှစ်ဖေါ်
လာ၍ခေါ်တော့
ရွှေလှော်မျက်ရှု
သားရွှေဥလည်း
ယခု ချက်ခြင်း
သူ မငြင်းဘဲ
စင်းစင်း ထ၍ လိုက်ရပြီ။
၃ နှစ် ၊ လေး ၊ ဆယ့်တစ်
ညနေ ဖြစ်ဧ။်။
သားချစ်မျက်နှာ
ငါ ပြန်လာတော့
အိမ်မှာ မမြင်
အိမ်ကို ကြဉ်၍
သူလျှင် ဆက်ဆက်
ခရီးထွက်သည်
ဘယ်တွက် ပြန်မလာပါလိမ့်နော်။
၎။ သူမောင်း၍သွား
သူ့ ဂျစ်ကားက
ဖေ့ သား မပါ
အိမ်ပြန်လာတော့ .....
စိတ်မှာ မရွှင်
မကြည်လင်ဘဲ
ပူပင် သောက
ငါ ရောက်ရသည်
သား က ဘယ်ဆီ ရောက်နေသနည်း.....။
၅။ ခေါ်သည့် နေ့က
ဘာကိစ္စ ဟု
ပြောပြ ဖို့ ငြင်း
ဦးဆွေလင်း က
မေးခြင်း စုစု
ခွင့် မပြုတော့
ဘာမှု နဲ့ဖမ်း
ဘယ် စခန်းမှာ
စံမြန်းနေလဲ
မသဲကွဲ ၍
ရင်ထဲ မအေး
သောက မွေးသည်
သားလေး အတွက် ပူပါ ဘိ။
၆။ ပူလောင် ခံစား
စိတ်ထွေပြားတော့
ငါ ကား မရွှင်
မွေးမိခင်လည်း
ဘ၀င် နွမ်းလျ
ပင်ပန်း လှ၍
မှောင်ည များစွာ
အိပ်ပျက်လာပြီး
အစာ မစား
ပိန်ချုံးသွားပြီ
ချစ်သား အတွက် ခံစား ချက်.......။
၇။ သား ပြန် မရောက်
စိတ်တွေ နောက်တော့
ပြေပျောက် လိုငြား
ယတြာများဖြင့်
ထွန်း ထား ဆီမီး
ထိန်ထိန် ညီး တည့်
ပုတီး ကိုစိပ်
မီး ကို ပိတ်၍
တိတ်တိတ် ဆုတောင်း
အောင် စေကြောင်းဖြင့်
ရန်ပေါင်း ငြိမ်းစေ
ဆု ပန်ခြွေ သည်
ရန်တွေ ကျွတ်ကျွတ် လွတ်စေ သတည်း
ငွေဇင်
၈/၄/၂၀၁၁
၂-၄-၂၀၁၁ စနေနေ့က အဖမ်းခံရသော သား
နေမျိုးဇင် သို့။
အဖမ်း ခံရပြီး၊ ရက်သတ္စ္တ တစ်ပတ် အကြာတွင် ဤ ကဗျာကို ရေးပါသည်။
သား အလွမ်းပြေ ကဗျာ ဟုဘဲ ဆိုပါစို့။
.................................................................................................
အဖေက
သူ့ ဒိုင်ယာရီလေးမှာ ဒီကဗျာလေးကို ရေးထားသည်။ စာသား အချို့နေရာလေးတွေမှာ
မှင်လေးတွေ ၀ါးနေ ကွက်နေသည်။ အဖေ့ မျက်ရည်စက်များ လော။ အမေ့ မျက်ရည်
စက်များ ကျဆင်းထားသည်လော မသိ။ သေချာတာကတော့ ကျနော် ထောင်က ထွက်လာချိန်
အဖေရော အမေပါ အတော် အိုစာ ပိန်ကျနေသည်ကို သတိပြုမိလိုက်ခြင်းပင်။
ကျနော် အဖေ့ ကဗျာလေးကို ဖတ်ရင်း စာရိုက်ရင်း မျက်ရည်တို့ ဝေ့၀ဲ လာမိပါသည်။
ယခု
ဆယ်နှစ်သား ရှိလာပြီဖြစ်သည့် ကျနော့် သားလေး ကြီးပြင်းလာချိန်တွင် ကျနော်
ကိုယ်တိုင် ဒီလို သား အလွမ်းပြေ ကဗျာမျိုး မရေးလိုတော့ပါ။ သား
ငယ်လေးကိုလည်း ကျနော်တို့ ဖြတ်သန်းခဲ့ရသည့် ဆောင်းအိမ်မက် ကြမ်းကြမ်း၊
လမ်းဝင်္ကပါ နာနာ ၊ ဟာတာတာ အနာဂတ် တွေနဲ့ မကြီးပြင်းစေချင်တော့။ ပေးဆပ်လို့
ရသမျှ အားလုံး ပေးဆပ်ပြီး သားတို့ အပါအ၀င် နောက်မျိုးဆက်သစ်များ အတွက်
အနာဂတ်လှလှလေးတွေ လမ်းခင်းပေးနိုင်အောင် ကြိုးစားသွားမှာပါ
..................................................................................
နေမျိုးဇင်
(ဇူလိုင်လ ၂၆ ရက်၊ ၂၀၁၂)