အမေရိကန်က ပိတ်ဆို့မှုတွေ ဘာကြောင့် ဆက်ထားချင် တာလဲဆီနိတ်တာ မက်ကောနဲလ် နဲ့ ဒေါ်စုတို့ မကြာသေး ခင်က ပိတ်ဆို့မှု အကြောင်း ဆွေးနွေခဲ့
အမေရိကန်
အစိုးရက မြန်မာ နိုငံ အပေါ် ချမှတ်ထားတဲ့ Burma Freedom and Democracy Act
ကို သက်တမ်း တိုးဖို့ အမေရိကန် အထက် လွှတ်တော် ဘဏ္ဍာရေး ကော်မီတီမှာ
ဗုဒ္ဓဟူးနေ့က မဲခွဲ ဆုံးဖြတ်လိုက် ပါတယ်။
၂၀၀၃ ခုနှစ်က စတင် ချမှတ်
ထားခဲ့ပြီး မကြာခင် ရက်ပိုင်းမှာ သက်တမ်း ပြည့်တော့မယ့် ဒီဥပဒေ အရ မြန်မာ
နိုင်ငံကနေ အမေရိကန်ကို တင်ပို့မယ့် ကုန်ပစ္စည်း တွေကို ဆက်လက် ကန့်သတ်
ထားဦးမှာ ဖြစ် ပါတယ်။
မြန်မာ နိုင်ငံမှာ ပြုပြင် ပြောင်းလဲရေး
လုပ်ဆောင်မှု တွေကြောင့် ရင်နှီး မြှုပ်နှံမှု အပါ အဝင် ပိတ်ဆို့ အရေး ယူမှု
အတော် များများကို အမေရိကန်က ဖယ်ရှား ပေးနေချိန်မှာ အခု ပိတ်ဆို့မှုကို
သက်တမ်း ထပ်တိုး ဖို့ အမေရိကန် အထက် လွှတ်တော်က ဆုံးဖြတ် တာဖြစ်ပါတယ်။
မြန်မာ
နိုင်ငံရဲ့ ပို့ကုန်တွေကို အခုလို ဆက်လက် ပိတ်ဆို့ထားခြင်း အားဖြင့်
ဈေးကွက် စီးပွားရေး အရ အမေရိကန် ဘက်က နစ်နာမှု ရှိနိုင် ပေမဲ့ သူတို့
မျှော်မှန်းတဲ့ ရလဒ်တွေ မရသေးတဲ့ အတွက် ဆက်ထားတာ ဖြစ်နိုင် တယ်လို့
အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရဲ့ ပိတ်ဆို့ အရေးယူမှု
ဆိုင်ရာ သုတေသန အဖွဲ့က ဦးနိုင်းနိုင်းက ပြောပါတယ်။
လောလောဆယ် မြန်မာ
နိုင်ငံ အတွင်း ဖြစ်နေတဲ့ လူ့အခွင့် အရေး ကိစ္စ၊ တိုင်းရင်းသား
ပြည်နယ်တွေမှာ အေးချမ်း တည်ငြိမ်မှု မရှိသောတဲ့ ကိစ္စ၊ သတင်း မီဒီယာ
လွတ်လပ်ခွင့်ကို ကန့်သတ် ချုပ်ချယ် နေသေးတဲ့ ကိစ္စ တို့ ကို ဖြေရှင်းပြီး
ထောင်တနေကြတဲ့ နိုင်ငံရေး အကျဉ်းသား တွေကို လွှတ်ပေးဖို့ အမေရိကန် ဘက်က
လိုလားတယ်လို့ ဦးနိုင်းနိုင်းက ပြောပါတယ်။
မြန်မာ နိုင်ငံမှာ ဒီမို
ကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေ တိုးတက် ဖြစ်ထွန်းတဲ့ လုပ်ရပ် ဆိုတာကို
သက်ဆိုင်ရာ ပြည်ပ အစိုးရတွေကသာ တိုင်းတာကြမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဒါပေမဲ့
အန်အယ်လ်ဒီ အနေနဲ့ ကတော့ ဒီမိုကရေစီရေး တွန်းအား ပေးတဲ့ ဘယ်လို
လုပ်ရပ်မျိုးကို မဆို မူအားဖြင့် ကြိုဆို တယ်လို့ ဦးနိုင်းနိုင်းက ပြော
ပါတယ်။
Burma Freedom and democracy Act ကို အထက် နဲ့ အောက်
လွှတ်တော် နှစ်ရပ် စလုံးရဲ့ ထောက်ခံမှု ရပြီးရင် သမ္မတက လက်မှတ် ရေးထိုး
အတည်ပြု ရမှာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံ သွားမယ်သမ္မတဦးသိန်းစိန်နဲ့ ထိုင်းဝန်ကြီးချုပ် တို့ တနင်္လာနေ့မှာ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ဖို့ရှိ
သမ္မတဦးသိန်းစိန်
ထိုင်းနိုင်ငံကို တရားဝင် ချစ်ကြည်ရေး ခရီးစဉ် အဖြစ် လာမယ့် တနင်္ဂနွေနေ့
ကနေ အင်္ဂါနေ့ အထိ ၃ ရက် သွားရောက်ဖို့ ရှိပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့
ထိုင်းဝန်ကြီးချုပ် ယင့်လတ်ခ် ချင်နဝပ်တို့ တွေ့ဆုံတဲ့ အခါ ဆွေးနွေးမယ့်
အကြောင်းတွေကို ကြိုတင် ညှိနှိုင်းတဲ့ အနေနဲ့ ဘန်ကောက် အခြေစိုက် မြန်မာ
သံအမတ် ဦးတင်ဝင်းနဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံ
ဆွေးနွေးခဲ့ပါတယ်။
နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံတဲ့ အခါ
ဆွေးနွေးဖို့က ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း ကိစ္စ၊ နယ်စပ်ဂိတ် ၅ နေရာ
ဖွင့်ဖို့ အရေးတို့ကို ထိုင်းဘက်က တင်ပြထားပါတယ်။
နောက်ပြီး
ကော့သောင်မှာ အဖမ်းခံထားရတဲ့ ထိုင်းနိုင်ငံသား ၉ဝ ကျော် ကိုလည်း သက်သက်
ညှာညှာ ဆောင်ရွက်ပေးဖို့ အတွက် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး စူရဖုန်း
တိုးဝိကျတ်က်ချိုင်းကွန်း ပြောတယ်။
သံအမတ် ဦးတင်ဝင်း ကတော့
ထိုင်းနိုင်ငံမှာ ရှိနေတဲ့ မြန်မာ အလုပ်သမားတွေကို ယာယီ နိုင်ငံကူး
လက်မှတ် ထုတ်ပေးနေတဲ့ ကိစ္စအပြင် တရား မဝင် အလုပ် ခိုးလုပ် နေရတဲ့ မြန်မာ
အလုပ်သမားတွေကို ထိုင်းက အလုပ် လုပ်ခွင့် မှတ်ပုံတင် အသစ် ထပ်မံ
လုပ်ပေးဖို့တွေကို တောင်းဆိုခဲ့ ပါတယ်။
နှစ်ဘက် ခေါင်းဆောင်တွေ တွေ့ဆုံတဲ့ အခါ အသေးစိတ် ဆွေးနွေးကြမှာ ဖြစ်တယ်လို့ နှစ်ဘက် အစိုးရ အသိုင်းအဝိုင်း ကနေ သိရပါတယ်။
နယ်စပ်ဂိတ်
၅ ခု ဖွင့်မယ့် အထဲမှာ ထားဝယ် ရေနက် ဆိပ်ကမ်းနဲ့ ဆက်သွယ်မယ့် ကန်ချဘူရီ
နယ်စပ်ဂိတ် ဖွင့်ရေးပါဝင်တယ်လို့ ကန်ချနာ့ ဘူရီ ခရိုင်ဝန် ချိုင်းဝပ်
လင်မ်းဝမ်ထါ့ ရှင်းပြပါတယ်။
သမ္မတဦးသိန်းစိန်နဲ့ ထိုင်းဝန်ကြီးချုပ်ယင့်လတ်ခ် ချင်နဝပ်တို့ တနင်္လာနေ့မှာ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ဖို့လည်း ရှိပါတယ်။
ရင်းနှီး မြှုပ်နှံမှု ဥပေဒကြမ်း ဆြေးနွေးနိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေ ဆွေးနွေး
နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေ မူကြမ်း နဲ့ စပ်လျဉ်းပြီး ပြည်သူ့ လွှတ်တော်မှာ မနေ့က ဆွေးနွေး ခဲ့ကြပါတယ်။
အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် မိတ္ထီလာ ကိုယ်စားလှယ် ဦးဝင်းထိန် နဲ့ ဒေါ်
စန္ဒာမင်းတို့လဲ တခြား ကိုယ်စားလှယ် ၁၆ ယောက် နဲ့အတူ ပါဝင် ဆွေးနွေး
ခဲ့ပါတယ်။
ဒီ ပြည်ပ မြှုပ်နှံမှု တွေကြောင့် အလုပ်အကိုင် သစ်တွေ
ပေါ်လာမှာ ဖြစ်ပေမယ့် ပြည်တွင်းက အလတ်စားနဲ့ အသေးစား လုပ်ငန်းတွေ ဆက်ရပ်တည်
နိုင်အောင် ဘယ်လို ကာကွယ် ပေးမလဲ NLD က ဆွေးနွေး ခဲ့ကြတယ်လို့ လွှတ်တော်
ကိုယ်စားလှယ် ဦးအုန်းကြိုင်က ဆိုပါတယ်။
ကိုယ့်တိုင်းပြည်ထဲ ရင်းနှီးမှုတွေ ဝင်လာအောင် အခြေခံ အဆောက်အအုံတွေ ကို ပြင်ဆင် ထားရမယ်လို့လဲ ဆိုပါတယ်။
တပ်မတော် ကိုယ်စားလှယ် ကတော့ သယံဇာတ တူးဖော်ရေး တွေမှာ လုံခြုံရေး အမြင်နဲ့ ဆောင်ရွက်ဖို့ ဝင်ရောက် ဆွေးနွေးတယ်လို့ သိရ ပါတယ်။
လွှတ်တော် နှစ်ရပ် လုံးမှာ ဆွေးနွေးပြီးမှ ပြည်ထောင်စု လွှတ်တော်က အတည်ပြု ရမှာ ဖြစ်ပါတယ်။
ပြည်သူ့ လွှတ်တော်မှာလဲ ပြင်ဆင်ချက် တွေ ထည့်သွင်းဖို့ ထပ်ဆွေးနွေး အုံးမှာ ဖြစ်ပါတယ်။
အာဖရိကအတွက် တရုတ်ငွေချေးတရုတ်အာဖရိက ထိပ်သီးဆွေးနွေးပွဲ
တရုတ်ကထုတ်ချေးမယ့်
ဒေါ်လာ ဘီလျံ ၂၀ ဟာ အာဖရိကတိုက်မှာ အခြေခံ အဆောက်အဦတွေဆောက်ဖို့၊
စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ငန်းနဲ့ အသေးစား လုပ်ငန်းတွေ ဖွံ့ဖြိုးအောင်
ဆောင်ရွက်ဖို့အတွက် ဖြစ်တယ်လို့ တရုတ်သမ္မတ ဟူကျင်းတောင်က ပြောပါတယ်။
ဒါဟာလွန်ခဲ့တဲ့သုံးနှစ်တုန်းက
တရုတ်အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာညီလာခံမှာ ကတိပေးခဲ့တဲ့ပမာဏထက် ၂
ဆပိုများပါတယ်။ ဒါ့အပြင်မစ္စတာဟူကျင်းတောင်က၊ တရုတ်နဲ့အာဖရိကဟာ နိုင်ငံတကာ
ရေးရာတွေမှာ ပိုပြီးပူးပေါင်းဆောင်ရွက်သင့်ကြောင်း ကုလသမဂ္ဂပဋိဉာဉ်တွေကို
ထိမ်းသိမ်းဖို့၊ နိုင်ငံတကာ ဆက်ဆံရေးမှာပိုပြီး ဒီမိုကရေစီနည်းလမ်းကျဖို့၊
ဟန်ချက်ညီတဲ့ ကမ္ဘာ့ဖွံ့ဖြိုးမှုတွေ ဖြစ်လာဖို့ အတွက်
ပူးပေါင်းဆောင်ရွက်ရဖို့ ကြီးနိုင်ငယ်ညှဉ်းလုပ်တာတွေ၊ ချမ်းသာတဲ့သူက
ဆင်းရဲတဲ့သူကို လွှမ်းမိုးတာမျိုးတွေကို ဆန့်ကျင်ရမှာဖြစ်ကြောင်း တရုတ်သမ္မတက
ဆိုသွားပါတယ်။
ပေကျင်းမြို့မှာကျင်းပတဲ့ ဒီညီလာခံကို တောင်အာဖရိက၊
ကင်ညာ၊ နီဂျဲ နဲ့အီကွေတိုးရီးယဲဂီနီ တို့အပါအဝင်အာဖရိနိုင်ငံ ၅၀
ကခေါင်းဆောင်တွေတက်ရောက် ကြပါတယ်။ အခုဆိုရင် တရုတ်နိုင်ငံဟာအာဖရိကတိုက်ရဲ့
အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ၂၀၁၁ ခုနှစ်ကုန်သွယ်မှု
ပမာဏဟာဒေါ်လာဘီလျံ ၁၆၀ ကျော်ပါတယ်။ အာဖရိကတိုက်ဟာ စီးပွားရေးတိုးတက်နေတဲ့
တရုတ်ပြည်အတွက် ကုန်ကြမ်းရယူတဲ့နေရာဖြစ်သလို ဈေးပေါတဲ့
တရုတ်ပစ္စည်းတွေအတွက်လည်း ကြီးမားတဲ့ဈေးကွက်ဖြစ်ပါတယ်။ အာဖရိ
ကတိုက်အနေနဲ့လည်း တရုတ်ရဲ့အခြေခံအဆောက်အဦ ဆောက်လုပ်ရေးပိုင်းမှာ
ရင်းနှီးမြှုပ်နှံမှုတွေကြောင့်အကျိုးရှိ ပါတယ်။ ဒါပေမယ့် တရုတ်အစိုးရဟာ
ဇင်ဘာဘွေ၊ ဇမ်ဘီယာနဲ့အခြားနိုင်ငံတွေမှာ တရုတ်ကုမ္ပဏီတွေရဲ့လူ့အခွင့်အရေး
ချိုးဖောက်မှုကို မသိကျိုးကျွန်ပြုနေတယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်းရှိနေပါတယ်။
တရုတ်သမ္မတကတော့ ဒီပြဿနာမျိုး တွေအပါအဝင်၊ သဘာဝပတ်ဝန်းကျင်
ထိမ်းသိမ်းရေးနဲ့ ယဉ်ကျေးမှု ကွာဟချက်တွေကိုပါ
လျှော့ချနိုင်ဖို့အတွက်ဆောင်ရွက် သွားမယ်လို့ဆိုခဲ့ပါတယ်။
စစ်ရုံးကို ဆီးရီးယား သူပုန် ဖောက်ခွဲကြောင်း ကြေညာဒမတ်စကပ် မြို့ထဲမှာ ကျီးလန့်စာစား မတည်ငြိမ်တော့
ဆီးရီးယား
ထိပ်တန်း အစိုးရ အဖွဲ့ဝင်တွေ သတ်ဖြတ် ခံရမှုကြောင့် သမ္မတ အာဆတ် အစိုးရရဲ့
ချုပ်ကိုင် နိုင်မှု ကျဆင်း နေပြီလို့ အမေရိကန် ဘက်က ဆိုပါတယ်။
ဒမတ်စကပ် မြို့တော် စစ်ရုံးချုပ်က အစည်းအဝေး ကို ဖောက်ခွဲရေး သမားက ပစ်မှတ်ထား တိုက်ခိုက်တာလို့ ဆီးရီးယား အစိုးရ ရုပ်သံ က ဆိုပါတယ်။
မနေ့က
ဖြစ်ပွားတဲ့ ပေါက်ကွဲမှုကို သူတို့ လက်ချက်လို့ ဆီးရီးယား လွတ်မြောက်ရေး
သူပုန်တွေက ကြေညာ လိုက်ပေမယ့် အစ္စလာမ် အုပ်စု တစုကလဲ သူတို့ လက်ချက်လို့
ဆိုပြန် ပါတယ်။
ဆီးရီးယား ပဋိပက္ခ ကြီးမား လာတဲ့ အတွက် သမ္မတ
အိုဘားမားနဲ့ ရုရှ သမ္မတ ပူတင်တို့ တယ်လီဖုန်း ဆက် ဆွေးနွေး ခဲ့တယ်လို့
အိမ်ဖြူတော်က ပြောကြား ပါတယ်။
ဒါပေမယ့်လဲ အပစ်အခတ် အမြန် ရပ်စဲရေး အတွက် ၂ ဘက် ကွဲပြားမှု တွေ ကျန်နေ သေးတယ်လို့ ဆိုပါတယ်။
ဆီးရီးယားကို
စစ်ရေး အရ စွက်ဖက်မှာကို ရုရှက လက်မခံကြောင်း ပြောကြား ခဲ့ပြီးနောက်
ဆီးရီးယား အပေါ် ပိတ်ဆို့ အရေးယူဖို့ လုံခြုံရေး ကောင်စီမှာ မဲခွဲ
ဆုံးဖြတ်မှာကို ကြာသပတေး နေ့အထိ နောက်ဆုတ် လိုက်ပါတယ်။
ဗုံးပေါက်ကွဲမှု ကြောင့် အစိုးရ ထိပ်တန်း ပုဂ္ဂိုလ် ၃ ယောက် သေဆုံးတယ်လို့ ဆီးရီးယား က ကြေညာ ပါတယ်။
၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ထူးခြားစွာ ကျင်းပဒီနှစ် အခမ်းအနားကို ပါတီတွေနဲ့ လူထု လူတန်းစား အလွှာ အသီးသီးကို တက်ရောက် ဂါဝရ ပြုခွင့်ပေး
ဗိုလ်ချုပ်အောင်ဆန်းနဲ့
တကွ အမျိုးသား ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ရတဲ့ ၆၅ နှစ်မြောက်
အာဇာနည်နေ့ အခမ်းအနားကို အစိုးရက ဦးစီးပြီး နိုင်ငံတော် အခမ်းအနား အနေနဲ့
ကျင်းပခဲ့ပါတယ်။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ဗိုလ်ချုပ်
အောင်ဆန်း၊ သခင်မြ၊ ဦးဘဝင်း၊ ဒီးဒုတ်ဦးဘချို၊ မိုင်းပွန်စော်ဘွားကြီး
စပ်စံထွန်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊ ဦးအုန်းမောင်နဲ့ ရဲဘော်ကိုထွေးတို့
အတွင်းဝန်ရုံးမှာ လုပ်ကြံ သတ်ဖြတ်ခံခဲ့ကြရတာပါ။
ဒီနှစ်
အခမ်းအနားကို ပါတီအသီးသီးနဲ့ လူထု လူတန်းစား အလွှာအသီးသီးကို လာရောက် ဂါဝရ
ပြုခွင့် ပေးခဲ့ပြီး၊ နှစ်ပေါင်းများစွာ အတွင်း ပထမဦးဆုံး အကြိမ်အဖြစ်
အစိုးရ ရုပ်သံ နဲ့ ပုဂ္ဂလိက သတင်း မီဒီယာတွေ ကနေ တိုက်ရိုက် ထုတ်လွှင့် ပြသ
သွားခဲ့တာကို ထူးထူး ခြားခြား တွေ့မြင်ရ ပါတယ်။
ဒုတိယသမ္မတ
စိုင်းမောက်ခမ်းက အစိုးရ အဖွဲ့ ကိုယ်စားပြု တက်ရောက်ပြီး လွမ်းသူ့ပန်ခွေချ
အလေးပြုခဲ့ပြီး၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ
ဦးအောင်ဆန်းဦးတို့ သီးခြားစီ လွမ်းသူ့ပန်ခွေချ ဂါဝရ ပြုခဲ့ပါတယ်။
အဲဒီနောက် ကျဆုံးသွားသူ အာဇာနည်တွေရဲ့ မိသားစုတွေကလည်း လွမ်းသူပန်းခွေချ ဂါဝရပြု ခဲ့ပါတယ်။
အာဇာနည်
ဗိမာန်နဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ NLD ဌာနချုပ်ရုံးမှာလည်း အာဇာနည်နေ့
အခမ်းအနားကို ကျင်းပခဲ့ရာ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
မိန့်ခွန်း ပြောကြားခဲ့ ပါတယ်။
နိုင်ငံတဝန်းမှာလည်း NLD အပါအဝင်
အဖွဲ့ အစည်းအသီးသီးနဲ့ ကျောင်းသားတွေ ကနေ အာဇာနည်နေ့ အခမ်း အနား တွေကို
ကျင်းပခဲ့ရာ အာဏာပိုင်တွေထံ တင်ကြို ခွင့်ပြုချက် တောင်းခံ ခဲ့ရပါတယ်။
တချို့နေရာ တွေမှာတော့ အာဏာပိုင် တွေက ကန့်သတ်မှုတွေ လုပ်ခဲ့တယ်လို့ လည်း
သတင်းရရှိပါတယ်။
စစ်တပ်က အုပ်ချုပ်ခဲ့စဉ် နှစ်များ အတွင်း
အာဇာနည်နေ့ အခမ်းအနား တွေကို အဖြစ်သာ ကျင်းပနေ ခဲ့ရာက၊ အခုနှစ် မှာတော့
အစိုးရက ဦးစီးပြီး အခုလို ထူးထူး ခြားခြား ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အခုလို
တခမ်းတနား ပြုလုပ်ပေးတဲ့အပေါ် ဝါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း
ကတော့ အစိုးရဟာ လူထုဆန္ဒကို ကြည့်ပြီး၊ လမ်းမှန်ပေါ် ရောက်လာနေပြီလို့
ယူဆလို့ ရကြောင်း ဘီဘီစီကို ပြောပါတယ်။
မန္တလေး အစိမ်းရောင် လုပ်ငန်းငယ်များ ဖယ်ရှားပြောင်းရွှေ့ခံရ
နေမျိုး | ကြာသပတေးနေ့၊ ဇူလိုင်လ ၁၉ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၅၇ မိနစ်
နယူးဒေလီ
(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ဥယျာဉ်
သာယာလှပရေး အကောင်အထည်ဖော်ဆောင်ရွှက်ခဲ့သည့် ပန်းပညာရှင်များ၏
ပျိုးပင်လုပ်ငန်း ဆိုင်ခန်းများအား ဇူလိုင် ၁၉ ရက်နေ့က စည်ပင်မှ စတင်
ဖယ်ရှားနေကြောင်း သိရသည်။
ကာလပေါက်ဈေး တဆိုင်လျှင် ကျပ်ငွေ
သိန်း ၂ဝဝ ခန့်တန်ဖိုးရှိ ပျိုးဥယျာဉ်လုပ်ငန်း လုပ်ကိုင်သည့်ဆိုင် ၎
ဆိုင်အား စည်ပင်အမိန့်ဖြင့် ဖယ်ရှားဖြိုချလိုက်ကြောင်း ပန်းပညာရှင်လည်းဖြစ်
ဥယျာဉ်မှူးတဦးလည်းဖြစ်သူ ဦးလှထွန်းအောင်ကပြောသည်။
“ကျနော်တို့
အဆောက်အဦး၊ ဆိုင်ခန်းတွေ ဖျက်ဆီးဖြိုချလိုက်တယ်။ သစ်ပင်၊ ပန်းပင်တွေလည်း
သေကြေ၊ ပျက်ဆီး တယ်။ ဒုသမ္မတကြီးပြောတဲ့ အစိမ်းရောင် စီးပွားရေး၊
အများပြည်သူ ဝိုင်းဝန်းကူညီပေး ဆိုတဲ့ ဆောင်ပုဒ်၊ လေထဲမှာပဲပျောက်သွားတယ်။
ဘယ်သူက ကာကွယ်ပေးမလဲ၊ အစိမ်းရောင် စီးပွားရေးကို ဘယ်သူမှ အကာကွယ်
မပေးပါဘူး” ဟု မဇ္ဈိမကို ပြောသည်။
မြို့တော်ဥယျာဉ်အနီးတဝိုက်ရှိ
ညဘက် လုပ်ငန်းများဖြစ်သည့် ဘီယာ၊ အရက်၊ ကာရာအိုကေ တေးဂီတ လုပ်ငန်းများ အား
ဖယ်ရှားခြင်းမရှိဘဲ ပျိုးဥယျာဉ်လုပ်ငန်းလုပ်ကိုင် ဆိုင်ခန်းများအား
ရွှေးချယ်ဖယ်ရှားခဲ့ခြင်း ဖြစ်သည်ဟု ၎င်းဆိုသည်။
မန္တလေးမြို့၏
ဂုဏ်သိက္ခာနဲ့အညီ အများပြည်သူ အပန်းဖြေရန် ဥယျာဉ်တခု လိုအပ်ချက်ကြောင့်
အကောင်အထည်ဖော်ရန် ဦးလှထွန်းအောင် အပါအဝင် ပန်းပျိုးပင် လုပ်ငန်း ပညာရှင် ၎
ဦးအား ၁၉၉၄ ခုနှစ်က မန္တလေးမြို့တော်ဝန် ဦးထွန်းကြည်က တာဝန်ပေးခဲ့ခြင်း
ဖြစ်သည်။
နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ပြီး
စိမ်းစိမ်းစိုစိုဖြင့် မြို့တော်ဥယျာဉ် အကောင်အထည် ပေါ်လာပြီးနောက်
ဥယျာဉ်နှင့် လိုက်လျောညီထွေရှိသည့် ပျိုးပင်များ ရောင်းချသည့်
ဆိုင်ခန်းများအား ဖွင့်လှစ်စေကာ စည်ပင်အား လစဉ် ဆိုင်ခန်း ငှားရမ်းခများ
မပျက်မကွက် ထမ်းဆောင်ခဲ့ရသည်ဟု သူက ဆက်ပြောသည်။
“တကယ်ဆို
ပျိုးပင်လုပ်ငန်းဆိုတာ စီးပွားဖြစ်တဲ့ အလုပ်မျိုး မဟုတ်ပါဘူး။ ဝါသနာ
တကယ်ပါမှ လုပ်လို့ရတဲ့ လုပ်ငန်းပါ။ အရက်၊ ဘီယာတွေဟာ လူအတွက် အန္တရာယ်တွေပါ။
အင်မတန်ပူတဲ့ မန္တလေးလို မြို့ကြီးမှာ သစ်ပင်ပန်းပင်ရောင်းတဲ့ လုပ်ငန်းတွေ
အသက်တိုပြီး ပျောက်ဆုံးသွားမှာ အရမ်းစိုးရိမ်ပါတယ်” ဟု ပြောသည်။
ထိုကိစ္စနှင့်ပါတ်သက်ပြီး
မြို့တော်ဝန်ထံ စာတင်ခဲ့ရာ မြို့တော်ဝန်က ပြန်လည် နေရာချထားပေးမည်ဟု ဆိုကာ
နှစ်စဉ်ရေမြုပ်သည့် ကန်တော်ကြီးတွင် မြေနေရာချပေးကြောင်း “သစ်ပင်၊ ပန်းပင်
သမားတွေဆိုတာက မြေအမျိုးအစား အရေးကြီးပါတယ်။ တခြားလုပ်ငန်းနဲ့ မတူပါဘူး”
ဟု ဦးလှထွန်းအောင် က ဆိုသည်။
စည်ပင်မှဆွေးနွေး
တိုင်ပင်ညှိနှိုင်းခြင်းမရှိဘဲ ပြောင်းရွေ့ရမည့်ရက် အလွန်နီးကပ်ချိန်တွင်
တဘက်သတ် ပြောင်းရွှေ့မိန့် ထုတ်ကာ ဆိုင်ခန်းများအား ဖြိုချခဲ့သည်ဟု ၎င်းက
ဆိုသည်။
စည်ပင်သာယာမှ ကစားကွင်းနှင့် မြို့တော်ဥယျာဉ်
အဆင့်မြှင့်တင်ရေး စီမံချက်အတွက်ဟု အကြောင်းပြ၍ ထိုသို့ ဆိုင်ခန်းများအား
ပြောင်းရွှေ့နေရာချထားစေခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် ဥယျာဉ်
အနီးတဝိုက် စည်းကား လာမှုကြောင့် ဥယျာဉ်အတွင်းရှိ ကစားကွင်းအား လေလံဆွဲသည့်
လုပ်ငန်းရှင်ကြီးများ ဝင်ရောက်လာခြင်းကြောင့်ဟု လူအများက
ခန့်မှန်းပြောဆိုကြသည်။
ယခင်က အဆိုပါ ပန်းပညာရှင်နှင့်
စည်ပင်သာယာတို့ ပူးပေါင်းကာ အကြိမ်ဖန်များစွာ အစိမ်းရောင် ဗဟုသုတ
အတွက်ပြည်သူအား ပန်းပြပွဲ၊ ပန်းပြိုင်ပွဲများ ကျင်းပ ပြုလုပ်ခဲ့လေ့ရှိသည်။
မွန်စာပေ သင်ကြားရေး ဒေါ်လာတသန်း အစိုးရထောက်ပံ့မည်ဆို
ကွန်းချမ်း | ကြာသပတေးနေ့၊ ဇူလိုင်လ ၁၉ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၁၃ မိနစ်
စံခလပူရီ
(မဇ္ဈိမ) ။ ။ ကျောင်းချိန်ပြင်ပတွင် တိုင်းရင်းသားစာပေကို
သင်ကြားခွင့် ပြုမည် ဖြစ်ပြီး မွန်စာပေ သင်ကြားရေးအတွက် တနှစ်လျှင်
ဒေါ်လာတသန်း ထောက်ပံ့သွားမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်နှင့် ဒီမိုကရေစီ
မိတ်ဆွေများ ပါတီများမှ ခေါင်းဆောင်များ ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင်
တွေ့ဆုံစဉ် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။
တိုင်းရင်းသားဒေသများတွင်
ကျောင်းချိန်အတွင်း သင်ခန်းစာများကို တိုင်းရင်းသား ဘာသာနှင့် တွဲ၍
သင်ကြားပေးရန် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ဒု-ဥက္ကဌ
ဒေါက်တာနိုင်လှအောင်၏ တင်ပြချက်နှင့် ပတ်သက်ပြီးပြည်ထောင်စုဝန်ကြီးက သမ္မတ၏
ခွင့်ပြုချက်ဖြင့် ပြန်လည်ဖြေကြားလိုက်ခြင်း ဖြစ်သည်ဟု တွေ့ဆုံရာတွင်
ပါဝင်သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) အထွေထွေ
အတွင်းရေးမှူး ဦးဦးလှစောက ပြောသည်။
မဆလ အစိုးရလက်ထက်က ပညာရေးဝန်ကြီးဌာန ကျောင်းသုံးစာအုပ်ကော်မတီမှ ပုံနှိပ်ဖြန့်ဝေသည့် တတိယအကြိမ်ထုတ် သူငယ်တန်း မွန်ဖတ်စာ မျက်နှာဖုံး
“မွန်ပြည်သစ်ပါတီက
နေပြီးတော့ မွန်ဒေသမှာ တိုင်းရင်းသားဘာသာ စာသင်ကျောင်းတွေ အတွက်
တင်ပြထားတာ ရှိတယ်။ အလှူရှင်များကလည်း လှူထားတာ ရှိတယ်။ ငြိမ်းချမ်းရေး
ဖြစ်မြောက်လို့ရှိရင် အဲဒီလှူထားတာကို ငြိမ်းချမ်းရေးဒေသတွေမှာ
ပြန်အသုံးချမှာဖြစ်တယ်။ မွန်စာသင်ကျောင်းတွေအတွက် တနှစ်ကို
ဒေါ်လာတသန်းပေးမယ်လို့ သူတို့ စီစဉ်ထားတဲ့အကြောင်းကို ဦးအောင်မင်းက
ပြောတာပါ” ဟု မဇ္ဈိမကို ပြောသည်။
AMDP မှ အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက ဝန်ကြီး၏ ပြောဆိုချက်ကို စဉ်းစား
သုံးသပ်ရန် လိုကြောင်းနှင့် နိုင်ငံတော် အစိုးရအနေနှင့်
တိုင်းရင်းသားတိုင်း၏ ပညာရေးဌာနကို ဖွင့်လှစ်ပေးပြီး စာပေ ယဉ်ကျေးမှု
ရေရှည်တည်တံ့အောင် တာဝန်ယူရန် လိုကြောင်း ပြောသည်။
“အခုပေးပါတယ်
ဆိုတဲ့ ဥစ္စာကလည်း စနစ်တကျ ရေရှည်ပုံစံနဲ့ ပေးတာ မဟုတ်ဘူး။ ဒီနှစ် ရပြီး
နောင်နှစ် မရရင် မရဘူး။ ဒါက လတ်တလော တောင်းဆိုမှုကို ဖြေသိမ့်တာများ
ဖြစ်နေမလား။ ဒါက ကျနော်တို့ စဉ်းစားစရာ။ နိုင်ငံတော် အစိုးရအနေနဲ့
ရိုးရိုးသားသားနဲ့ ဒီလောက် ပွင့်လင်းလာတယ်၊ ဒီလောက် စေတနာ ထားလာတယ်
ဆိုရင်တော့ အများကြီး ဝမ်းသာပါတယ်” ဟု ဒေါက်တာဗညားအောင်မိုးက ပြောသည်။
ကျောင်းချိန်
ပြင်ပတွင်သာ အတန်းတင် စာမေးပွဲအတွက် အကြုံးမဝင်သည့် မိခင်စာပေ
သင်ကြားခြင်းမှာ တိုင်းရင်းသား ကလေးငယ်များအတွက် ဝန်ထုပ်ဝန်ပိုး
ဖြစ်လာစေနိုင်သည်သာမက ရေရှည် အကျိုးဖြစ်ထွန်းမှု
နည်းပါးသည့်အတွက်ကျောင်းချိန် တွင်းတွင်သာ စာမေးပွဲစနစ်ဖြင့်
သင်ကြားလိုကြောင်း တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်များကပြောသည်။
“ကျောင်းပြင်ပဆိုတာ
ကလေး ကစားချိန်၊ မလေးနက်တဲ့အချိန်။ အဲဒီတော့ ကျောင်းပြင်ပချိန်ကို
စာသင်ခွင့် ပေးတယ် ဆိုတာ တိုင်းရင်းသားတွေကို လုံးဝ ဂရုမစိုက်တဲ့
သဘောမျိုးလို့ မြင်ပါတယ်။ ဒါက ကောင်းစေချင်တဲ့ သဘောမျိုး မဟုတ်ဘူး။
ဝတ်ကျေတန်းကျေ လုပ်တဲ့သဘောမျိုး။ ဒါ့ကြောင့် ကျနော်တို့ပါတီက
ကျောင်းပြင်ပချိန်ကို လက်မခံတာ” ဟု ဒေါက်တာဗညားအောင်မိုးက ပြောသည်။
ရှမ်းတိုင်းရင်းသားများ
ဒီမိုကရက်တစ်ပါတီ (SNDP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက
“ကျောင်းချိန် အတွင်း ကာယအချိန်မှာပဲ ဖြစ်ဖြစ် ထည့်သွင်းပြီး
သင်ကြားစေချင်ပါတယ်။ ဖြစ်နိုင်ရင်တော့ အတန်းတင် စာမေးပွဲမှာ လည်း
ဖြေစေချင်တာပေါ့နော်။ အဲဒီတော့မှ ကျမတို့အတွက်လည်း ပိုပြီးတော့ အဓိပ္ပါယ်
ရှိလာမယ်။ ကျမတို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက်ကော အဓိပ္ပါယ်
ရှိလာမယ်” ဟု ဆိုသည်။
တိုင်းရင်းသားစာပေကို လွတ်လပ်ရေး
အကြိုခေတ်တွင် စိတ်ကြိုက် ဘာသာရပ်အဖြစ် လည်းကောင်း၊ ပါလီမန်
ဒီမိုကရေစီခေတ်တွင် မူလတန်း အောက်အဆင့်၌လည်းကောင်း၊ မဆလ အစိုးရလက်ထက်တွင်
ပညာရေး လက်တွေ့ ဖွံ့ဖြိုးရေးအချိန်၌လည်းကောင်း သင်ကြားခွင့် ရခဲ့သော်လည်း
အတန်းတင် အစီအစဉ်တွင် ပါဝင်ခြင်း မရှိသည့်အတွက် ထိုက်သင့်သလောက်
အကျိုးမရှိခဲ့ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက ပြောသည်။
ကျောင်းချိန်ပြင်ပတွင်သာ
တိုင်းရင်းဘာသာကို သင်ကြားပေးရန် လျာထားကြောင်းကို
ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးကလည်း ဇွန်လ ၁၅ ရက်နေ့တွင်
နေပြည်တော် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့်
တိုင်းရင်းသားဘာသာ သင်ကြားရေး အစည်းအဝေးတွင် ပြောကြားခဲ့ဖူးသည်။
မိခင်ဘာသာ
သင်ခန်းစာများကို တိုင်းရင်းသားဆရာ/ဆရာမများ၊ တိုင်းရင်းဘာသာ
ကျွမ်းကျင်သူများ ဝိုင်းဝန်းစုပေါင်းပြုစုရမည် ဖြစ်ပြီး သင်ခန်းစာနှင့်
ဆရာ့လက်စွဲများကို အခြေခံပညာ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာနှင့်
ကျောင်းသုံး စာအုပ် ကော်မတီက ဦးဆောင်၍ တိုင်းရင်သားစာပေနှင့်
ယဉ်ကျေးမှုအသင်း (သို့မဟုတ်) တိုင်းရင်းသား စာပေပြန့်ပွားရေးအဖွဲ့တို့မှ
ပူးပေါင်းရေးဆွဲမည် ဖြစ်ကြောင်း ဒေါက်တာမြအေးက ပြောဆိုသွားသည်။
news ....myanmar journal