Friday, July 13, 2012

ဘယ်လိုပဲသေသေ၊ဘယ်သူပဲသတ်သတ် နတ်ကတော့နတ်

ရေးသားသူ-မောင်သာချို   -  7Day News Journal မှ ကူးယူဖော်ပြအပ်ပါတယ်..။

(တစ်)
    ကျွန်တော် မန္တလေးကနေ မြောက်ဘက်တစ်လွှား မြို့ရွာများ ရှိရာဆီသို့ စာပေဟောပြောပွဲကို အခြေခံကာ တစ်ခါတစ်ခါ ခရီး သွားဖြစ်ပါသည်။ ကားက မန္တလေး တောင်ကိုဝိုက်ပြီး အုတ်ကျစ်
ကျော်အေး မန္တလေး၊ ရတနာပုံမန္တလေး၊ စည်မျက်နှာကဲ့သို့ ညီညာပါပေသည်ဆိုသော မန္တလေး၏ မြောက် ဘက်ကိုထွက်လိုက်တော့ဒဏ္ဍာရီတွေ ဒဏ္ဍာရီတွေက လူကို စောင့်ကြိုနေလိုက်ကြတာ။
    မန္တလေး မတ္တရာကားလမ်း အတိုင်း မြောက်ယွန်းယွန်းသို့ ထွက်လာကြသောအခါ ငါးမိုင် ကျော်ကျော် ခြောက်မိုင်မရှိတရှိ လောက်ရောက်သည်နှင့် တောင် တော်သခင်မနတ်(သို့မဟုတ်)မရွှေဥနတ်စံမြန်းရာ မရွှေဥတောင်ကို လှမ်း၍မြင်ရပါပြီ။ ထို့နောက်သုံး၊လေးမိုင်မရှိတရှိ ဆက်မောင်း
လိုက်ပြန်တော့ ကားလမ်းဝဲဘက် မှာ တောင်ပြုန်းရွာသို့ဆိုတဲ့ တောင်ပြုန်းမင်းညီနောင်ဆီသို့ သွားရာ လမ်းခွဲကလေး။ ရှေ့ဆက်တက် တော့ မတ္တရာ။ ရှေ့ဆက်တက် တော့ စဥ့်ကူး။ ရှေ့ဆက်တက် တော့ သပိတ်ကျင်းမိုးကုတ်လမ်း ခွဲ။ ရှေ့ဆက်တက်တော့ ပန်းပဲ မောင်တင့်တယ်ရဲ့ တကောင်း။ ပြီးတော့ မြစ်တစ်ဖက်ကမ်းအ နောက်ဘက်သို့ လှမ်းမျှော်ကြည့် လိုက်သောအခါ ထီးချိုင့်တဲ့။ ကသာတဲ့။ သည့်နောက်မှာဖြင့် ကချင်ပြည်နယ်က မှိုင်းမို့ ဆိုင်းညို့ စွာ စောင့်ကြိုနေလျက်။
    အော်..မန္တလေး မတ္တရာ ကားလမ်းဝဲယာမှာကလည်း ပုဂံ ဘုရင်တို့နှင့် ပတ်သက်ဆက်စပ် ရာဒဏ္ဍာရီ အတိုအထွာ အစအန တွေက ပြန့်ကျဲလို့ပါကလား။

(နှစ်)
    မြန်မာပြည်က နတ်ပွဲတွေ ထဲမှာ တောင်ပြုန်းပွဲကဖြင့် တော် တော့ကို စည်ကားပြီးတော်တော် လည်း နာမည်ကြီးပါသည်။ ပန်း ဆက်သမားကိုဗျတ္တနှင့် ပုပ္ပါးသူ ပန်းစားဘီလူးမ မယ်ဝဏ္ဏတို့၏ သားနှစ်ယောက်ဖြစ်သော မင်းကြီးမင်းလေးအဖြစ် နာမည်ကြီး သော ရွှေဖျဉ်းကြီး ရွှေဖျဉ်းလေးတို့ ကို ပူဇော်ပသကြသည့် ပွဲပဲဖြစ်ပါသည်။
    တောင်ပြုန်းမင်းညီနောင် နှစ်ပါးနတ်ဖြစ်သွားကြပုံ ဒဏ္ဍာရီ ဇာတ်လမ်းက ကျွန်တော်တို့လူမျိုး
နှင့် အထိအတွေ့များပါသည်။ ငယ်ငယ်တုန်းက အိပ်ရာဝင်ပုံပြင် အဖြစ် နားထောင်ခဲ့ကြရသည်။နောက်တော့ အသဲချဲ့စက်ထဲက နေ နားဆင်ခဲ့ကြရသည်။ နောက် ဇာတ်သဘင်စင်မြင့်ပေါ်က တင် ဆက်ကပြမှုများကို ငေးမောကြည့် ရှုခဲ့ကြရသည်။ ထို့ပြင် ၀တ္ထုကဗျာ နတ်ကိုးကွယ်ယုံကြည်မှုဆိုင်ရာ စာမျက်နှာများ။ တစ်ခုနှင့်တစ်ခု မတူကြ။ သိုးကာသီကာ အကွဲကွဲ အပြားပြား အခြားခြား အနားနား။
    ဗျတ္တဆီကနေ နည်းနည်း ကလေး ပြန်စကြည့်ကြပါစို့။ အ နော်ရတာ၏ ပုဂံတပ်မတော်ကြီး သထုံသို့ဝင်ရောက်တိုက်ခိုက်စဉ် ဗျတ္တကျဆုံးသည်ဟု ဆိုသည်။ တချို့က အနော်ရထာမင်းထံ ပန်း အဆက်နောက်ကျ၍ ကွပ်မျက်ခံ ရသည်ဟု ဆိုသည်။
ပုပ္ပါးသူ မယ်ဝဏ္ဏကလည်း ခင်ပွန်းသည် ဗျတ္တသေဆုံးသည့် သတင်းကြား၍ ရင်ကွဲနာကျ၍ သေရသည်
ဟု ဆိုသူက ဆိုသလို သားနှစ်ယောက်အသတ်ခံရပြီးကာမှ လင်သေသားဆုံးဖြစ်ကာ ရင်ကွဲနာ
ကျရကြောင်း ဆိုသူက ဆိုပြန်ပါသည်။ ဘာပဲ ဖြစ်ဖြစ်သူက ပုပ္ပါး မယ်တော်နတ်။
    ပန်းတော်ဆက် ဗျတ္တတို့ မယ်ဝဏ္ဏတို့၏ သားနှစ်ယောက် ဖြစ်သော ရွှေဖျဉ်းကြီး ရွှေဖျဉ်း လေးတို့ကမူ ပုဂံနန်းတွင်းသို့ ရောက်ကာ အနော်ရထာမင်းထံ ၌ အမှုထမ်းပါသည်။ အနော်ရ ထာမင်း တရုတ်ပြည် ဥတည် ဘွားဘုရင်ဆီမှအပြန် ဧရာဝတီ ကိုစုန်လျက် ပြန်ဆင်းလာရာ ကျောက်စည်အရပ် ၀ါးရင်းတုတ် ကျေးရွာအနီးတွင် ယုံကြည်တော် မမူ၍ ရွှေဖျဉ်းညီနောင်ကို ကွပ် မျက်ကြောင်း ဦးကုလားတို့ မှန် နန်းတို့ တွင်းသင်းတို့ ရာဇ၀င်အ စောင်စောင်က ဆိုပါသည်။ သို့သော် အနော်ရထာမင်းက တောင်
ပြုန်းရွာ၌ ဂူဘုရားတစ်ဆူတည်ခိုင်းရာ မူးရူးသောင်းကျန်းပျော်ပါးနေ ကြသော ရွှေဖျဉ်းညီနောင်က အုတ်ခဲစီရန် တာဝန်လစ်ဟင်း သဖြင့် အုတ်နှစ်ချပ်လပ်လေရာ ကျန်စစ်သားကို ဆုံးမခိုင်းသဖြင့် ကျန်စစ်သားက လည်မျိုကိုတုတ် တိုဖြင့် ရိုက်သတ်၍ ညီနောင် နှစ် ယောက် သေကြေရကြောင်း ရေးကြသားကြ ကပြတင်ဆက်ကြသည် များကလည်း မျက်ရည်လွယ်သော ပရိသတ်အတွက် လွမ်းမောဖွယ် ဖြစ်ပါသည်။
    ဆရာမကြီး ဒေါ်ခင်မျိုးချစ် ကမူ သူ့ ပုဂံသူရဲကောင်းများ ၀တ္တု ထဲ၌ ကသာရွှေလီသစ်တောကြီး များထဲ၌ မောင်ရင်မောင်အမှု ထမ်းနေစဉ် ဇနီးသည် မရွှေဥကို ပါ ခေါ်သွားခဲ့ပြီး အတူနေကြရာ သစ်ခိုးသူရွှေဖျဉ်းညီနောင်တို့နှင့် တွေ့ဆုံပြီး ရွှေဖျဉ်းလေးက မရွှေဥ ကို အဓမ္မကြံစည်သဖြင့် ရုန်းရင်း ဆန်ခတ်ဖြစ်ကာ မောင်ရင်မောင် မရွှေဥလည်းသေ ကျန်စစ်သား နှင့် သူ့စစ်သည်များရောက်လာ ကာ ၀င်ရောက်ထိုးနှက်မှုကြောင့် ရွှေဖျဉ်းညီနောင်လည်း သေရ သည့်ဇာတ်ကွက်ကို ထည့်ရေး ထားသည်ကို တွေ့နိုင်ပါသည်။ ထား။
    မည်သို့ပင်သေသေ ရွှေ ဖျဉ်း ညီနောင်တို့ အစိမ်းသေသေကာ မကျွတ်မလွတ်နှင့် နတ်ဖြစ်ကြ သဖြင့် အနော်ရထာမင်း ဖောင် တော်ဖြင့်ဆက်လက်စုန်ဆင်းစဉ် တက်မကို ကိုင်ကာတားထားပြီး အပိုင်စားတောင်းရာ တောင်ပြုန်း ရွာ ဆုတောင်းပြည့်ဘုရား၌ နတ် ကွန်းဆောက်၍နေစေ၊ ကျော် စည်ရွာ တစ်တန်းက လူတို့ပူဇော် ရာဖြစ်စေ စသည် စသည်ဖြင့် အ မိန့်ချမှတ်ရုံမက အရှေ့ဘက်ကို ကျောက်ဆီမီးလက် နွားလား တောင်ရိုးမအထိ၊ အနောက်ဘက် ကို ဧရာဝတီအထိ၊ တောင်ဘက် ကို ရွှေကြက်ယက်ဘုရားအထိ အ ပိုင်စားပေးကြောင်းလည်း နတ် သမိုင်း အမျိုးမျိုးတို့က ရေးသား လေ့ရှိပါသည်။
    ဤတွင် မရွှေဥ သေပုံ မူကွဲ တစ်ခုကလည်း စိတ်ဝင်စားဖွယ် ဖြစ်ပါ၏။ သူက မန္တလေး မတ္တရာ ကားလမ်းဘေး အင်ကျင်ရွာက သူကြီးဦးရွှေသီး ဒေါ်အိုဇာ၏ သမီး။ တောင်ပြုန်းရွာသားကိုရင် မောင်နှင့် အကြောင်းပါ။ ကိုရင် မောင် မဲဇာသို့သစ်ဖောင်ချရန် အ သွား အစိမ်းသေ ရွှေဖျဉ်းလေးက နတ်ဘ၀နှင့် ရောက်လာကာ မေတ္တာကို အဓမ္မတောင်းဆိုရာ လက်မခံ၍ ရွှေဖျဉ်းလေးက စီး တော်ကျားနှင့် တိုက်သတ်ရာ သေ သော်နတ်ဖြစ်သည်ဟု ယုံကြပြန်ပါ၏။
    မည်သို့ပင် သေသည်ဖြစ် စေ မရွှေဥဘက်က စဉ်းစားကြည့် တော့ တောင်ပြုန်းမင်းညီနောင် က စိတ်နာစရာဖြစ်ပါသည်။ သို့ ကြောင့် တောင်ပြုန်းပွဲကျင်းပ သည့် ရက်များတွင် မရွှေဥတောင် မရွှေဥနတ်ကွန်းထဲက မရွှေဥနတ် ရုပ်ကို တောင်ပြုန်းပွဲကျင်းပရာ ရွာ ကိုကျောခိုင်းသည့်အနေအထား မျိုးဖြင့် ထားပေးကြရသည်ဟု ဆို ပါသည်။
    ''အော် ...တောင်တော် သခင်မ စိတ်ချမ်းသာအောင်..  ယုံကြည်သူတွေက လုပ်ပေးကြရ တာပေါ့။ အဲဒါနဲ့ ပြောရဦးမယ်.. မရွှေဥက သရဖီပန်း သိပ်ကြိုက်တာတဲ့ ..ဒါမို့လို့ တပေါင်း တန်ခူး သရဖီတွေ ပွင့်ပြီဆိုမှဖြင့် ..ကျုပ်တို့အရပ်မှာ ပန်းကောက် ပွဲဆိုပြီး လုပ်ကြသပတော်ရယ်''
       ဒေသခံ ရွာသူကြီးက မန္တလေး မတ္တရာ ကားလမ်းပေါ် မှာ ကျွန်တော့်ကို သည်လိုပြောဖူး ပါသည်။ ဆရာကြီး ဒေါက်တာ သန်းထွန်းတို့လို တကယ့်သမိုင်း ဆရာကြီးတို့ ဘယ်လိုမှ လက်မခံ နိုင်သော အကြောင်းခြင်းရာတွေ မို့ ဒဏ္ဍာရီဟု ဆိုရသော်လည်း သည်ဒဏ္ဍာရီက ကြေကွဲလွမ်းဆွတ် စရာ ဒဏ္ဍာရီဖြစ်၍ နေပါသည်။
        အော် မန္တလေး မတ္တရာ ကားလမ်းဝဲယာက မရွှေဥတောင် နှင့် ဟိုးတောင်ပြုန်းရွာကလေးက မြူတွေထဲမှာ ဆိုင်းမှိုင်းလို့။ တစ် ခါတစ်ခါ လေနီကြမ်းကြီးတွေ ဆင်လာပြီဟုဆိုလျှင် လေကပင် နီရဲနေသယောင် ထင်ရတတ် သည်။ အော်...တောင်ပြုန်း။

(သုံး)
    တောင်ပြုန်းပွဲက ၀ါခေါင် လဆန်း ၈ ရက်ကနေ ၀ါခေါင် လပြည့်အထိ ကျင်းပသော နတ်ပွဲ ပင်ဖြစ်ပါသည်။ ပထမနေ့ကန် တော့ခံ၊ ဒုတိယနေ့ ကန်တော့ခံ၊  တတိယနေ့ ညညီလာခံ၊ စတုတ္ထ နေ့ ချိုးရေတော်သုံး၊ ပဉ္စမနေ့ နန်း တက်ပွဲ၊ ဆဋ္ဌမနေ့ ယုန်ထိုး၊ သတ္တမနေ့ ထိန်ခုတ်၊ အဋ္ဌမနေ့ ရွှေဘုံဆင်း ဟူ၍ကျင်းပသော ပွဲ လည်း ဖြစ်ပါသည်။
    တစ်နိုင်ငံလုံးက နတ်ကိုး ကွယ်သူတွေ၊ နတ်ကတော်တွေ၊ သူတောင်းစားတွေ၊ ဈေးသည် တွေ၊ ခါးပိုက်နှိုက်တွေ၊ အမူး သမားတွေ၊ ကလေးတွေ၊ မိန်းမ တွေ ကားနဲ့ ရထားနဲ့ အရောက် လာကြသော ပွဲလည်းဖြစ်ပါ သည်။ ယုံကြည်သူတွေ များပြား လွန်းလို့ မန္တလေး၊ မတ္တရာ အထူး ရထားကိုပင် ပြေးဆွဲခုတ်မောင်း ပေးရသည် မဟုတ်ပါလား။ ၀ါ ခေါင်လ ဇွန်ပန်းပွင့်များနဲ့အပြိုင် ကန်တော့ပွဲရောင်းသည့်ဆိုင်၊ ဗောင်းတော်ခေါ် ပ၀ါရောင်း သည့်ဆိုင်၊ ကနားတဲတွေ၊ ကရေ ကရာမုန့်၊   စလူမုန့်၊  အနူဆုပ်မုန့် ဆိုင်တွေကြားထဲမှာ လူတွေ လူ တွေ။ ကန်တော့ခံဖို့၊ ကန်တော့ဖို့၊ နတ်မေးဖို့၊ ပသဖို့။
    ခေတ်သစ် တောင်ပြုန်းပွဲ၏ အကြောင်းကို ဘ၀သရုပ်ဖော် စာ ရေးဆရာမ မနုနုရည်(အင်းဝ)က ၀တ္ထုရှည်တစ်ပုဒ်ရေးသားခဲ့ဖူးပါ သည်။ ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန် တော့ခံတော်မူပါ ဆိုသော ၀တ္ထု။ Smile As they Bow ဟူသော အမည်ဖြင့် Alfred Barnburm က ဘာသာပြန်ဆိုထားသော စာ အုပ်ကလေးကို ကျွန်တော်တွေ့ဖူးပါသည်။ တောင်ပြုန်းကို လျှပ် တစ်ပြက်ရေးခြစ်ထားသော ရေး ချက်များဟု ခံစားရပါ၏။
    မိန်းမလျာတို့ အဓိကကြီး စိုးမောင်းနှင်ကာ တောင်ပြုန်း ယန္တရားလည်ပတ်နေပုံများကို ရိပ်
စားမိနိုင်သော ၀တ္ထုဟု ဆိုနိုင်ပါ ၏။ ဟိုးတုန်းကတော့ နတ်က တော်ဆိုတာ မိန်းမသားတွေ။ အခုမူ မဟုတ်ပါလေတော့။
    ''ဟိုးတုန်းက တော်ရုံ သည်းခံ စိတ်နဲ့ တောင်ပြုန်းကို သွားလို့မရ ဘူး...ဖရုဿဝါစာကို လွတ် လွတ် လပ်လပ် ပြောလို့ရတဲ့ ပွဲပေါ့ မိန်းကလေးတွေများဆို သားပြော မယားပြော ကြိုက်ရာ ပြောလို့ရ တယ်။ ကလေးအရုပ်ကို လိုက်ပေး ပြီး ကိုယ့်မိန်းမလို ပြောရင်လည်း ခံနိုင်ရတယ် ...ညစ်ညစ်ပတ် ပတ်တွေ အယုတ္တ အနတ္တတွေ ဆဲ ကြဆိုကြနဲ့ ဒါ သူု့သဘာဝပေါ့''
    တောင်ပြုန်းအတွေ့အကြုံ ရှည်လျားသူတစ်ယောက်က ကျွန်တော့်ကို ဖောက်သည်ချရင်း ယခုတော့သည်လို မဟုတ်တော့ ကြောင်း သူ့စကားကို ဆက်ပါ သည်။ ဟိုတုန်းက တောင်ပြုန်း ပွဲ ခပ်ကြမ်းကြမ်းရှိပုံကို ဆရာမြို့မငြိမ်းက ပျို့တောင်ပြုန်း သီချင်း ဖြင့် မှတ်တမ်းတင်ခဲ့ဖူးပါသည်။
    အစ အနောက်သန်တာကို ခွင့်လွှတ်ဖို့ ဆိုထားသော သီချင်း ပဲဖြစ်ပါ၏။
    ပထမနေ့ ကန်တော့ခံ၊ ဒုတိယနေ့ ကန်တော့ခံ၊ တတိယ နေ့ ညညီလာခံ၊ စတုတ္တနေ့ ချိုး ရေတော်သုံးမှာ မင်းညီနောင်နှစ် ပါး တောင်ပြုန်းချောင်းထဲ ရေချိုး ဆင်း၊ ပဉ္စမနေ့ နန်းတက်၊ ဆဋ္ဌမ နေ့ ယုန်ထိုး၊ သတ္တမနေ့ ထိန်ခုတ်၊ အဋ္ဌမနေ့ ရွှေဘုံဆင်း။
    ''မင်းညီနောင်က နတ်ဘ၀ မှာ လူယောင်ဖန်ဆင်းပြီး ထန်း ရည်နဲ့ ယုန်သားနဲ့ လာလာပြီး သုံးဆောင်တတ်တာလေ အဲဒါ ကြောင့် ယုန်ထိုးနေ့မှာ ယုန်သား ဆက်ရတာ''
    အနော်ရထာမင်းစောက တောင်ပြုန်းနားက ထိန်ပင်ကို ဓား ဖြင့်ခုတ်မိသဖြင့် ထိန်ပင်စောင့် နတ်က မကျေနပ်ရာက ကျွဲနှင့် တိုက်၍ အနော်ရထာ နတ်ရွာစံရ လေသတဲ့။ ထို့ကြောင့် အနော် ရထာနှင့် မင်းကြီး မင်းလေးတို့က နတ်ဘ၀တွင် ထိန်ပင်တွေကို ဓား ဖြင့် ခုတ်တတ်လေသတဲ့။ ဒါ့ ကြောင့် ထိန်ပင်များကို မြေတွင် စိုက်ကာ နတ်ဝင်သည်များက ထိန်ခုတ်ပွဲကို တစ်ရက်ကျင်းပရ ခြင်းပါတဲ့။
    အော်..တောင်တော် သခင်မ မရွှေဥကျောခိုင်းထားရ တဲ့ တောင်ပြုန်းပွဲ။
    အနော်ရထာကပဲ သတ် သတ်၊ ကျန်စစ်သားကပဲ သတ် သတ်၊ ဗျတ္တနှင့်မယ်ဝဏ္ဏတို့၏ သား နှစ်ယောက်ကဖြင့် တောင် ပြုန်းမင်းညီနောင်ခေါ် မင်းကြီး မင်းလေးအဖြစ် နတ်ကိုးကွယ်သူ တို့၏ ကမ္ဘာထဲမှာ ကြီးစိုး၍နေပါ သည်။ သားတော်နှစ်ပါး၏ နတ်ပွဲ သို့ လာရောက်သော ပုပ္ပားမယ် တော် မယ်ဝဏ္ဏပုပ္ပားသို့ အပြန် ခရီးတစ်ထောက်နားရာ အမရပူ ရ ငယ်တိုးကျေးရွာအုပ်စု ရွှေလွန်း ရွာ ရတနာ့ဂူဘုရားမှာလည်း ၀ါခေါင်လဆုတ် ၈ ရက်ကနေ ၁၄ ရက်အထိ နတ်ပွဲတွေ ဆက်ကြပါလိမ့်ဦးမည်။
    ပုဂံဒဏ္ဍာရီဟာသည်လောက် ကျယ်ပြန့်ခိုင်ခံ့တည်တံ့နေခဲ့သည်မှာ အံ့တော့ အံ့သြစရာ ကောင်းလှ ပါရဲ့။ ပုံပြောကောင်း သူဟာ ဘယ်သူများပါလိမ့်မလဲ။

ရေးသားသူ-မောင်သာချို   -  7Day News Journal

ဘာလဲဟဲ့ လူ့ ငရဲ ဦးဝင်းတင်

ဇော်ဝင်း8888 ပေးပို့ အပ်ပါတယ်


Zaw Win Htwd

``ပြန်လည်ဆယ်ယူတော့မည့် ဓမ္မစေတီခေါင်းလောင်းတော်ကြီးသမိုင်း´´




``ပြန်လည်ဆယ်ယူတော့မည့် ဓမ္မစေတီခေါင်းလောင်းတော်ကြီးသမိုင်း´´

ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူတောမည့် သတင်များကြားရပြီး ခေါင်းလောင်းကြီး ၏
သမိုင်စုံကို မသိ့သေးသူများအတွက် မျှဝေလိုက်ပါသည်။


ဓမ္မစေတီ ခေါင်းလောင်းကြီး

ခေါင်လောင်းတော်ဘွဲ့ - အဝိန္ဒဆောက် ခေါင်းလောင်းတော်
အလေးချိန်- ၁၈၀၀၀၀ ပိဿာ (တန်ချိန် ၂၉၀)
အတိုင်းအတာ - အဝ(၈)တောင်၊ xxx (၁၂) တောင်
သွန်းလုပ်သည့်နေ့ - သက္ကရာဇ် (၈၃၇) ခုနှစ်၊ တပေါင်းလဆန်း(၈)ရက်၊ ကြာသတေးနေ့
ရွှေတီဂုံစေတီတော်သို့ တင်လှူသည့်နေ့ - သက္ကရာဇ် (၈၃၈) ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့
ဒေါပုံမြစ်လည်တွင် နစ်မြုပ်သွားသည့်နှစ် - သက္ကရာဇ် (၉၇၄)ခုနှစ်
ကျော်ကြားမှု - ပျောက်ဆုံးနစ်မြှုပ်နေမှု

ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး

ဓမ္မစေတီ ခေါင်းလောင်းကြီးသည် ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းအဖြစ် သတ်မှတ်ထားသော ခေါင်းလောင်းကို စိန်ခေါ်သည့် ခေါင်းလောင်းတစ်ခု ဖြစ်သည်။ ယင်းကား မွန်ဘာသာအားဖြင့် 'အပိန္နသော်' သို့မဟုတ် 'ဓမ္မစေတီ' ခေါင်းလောင်းပင် ဖြစ်သည်။ ခေါင်းလောင်း ဘွဲ့အမည်မှာ မြန်မာဘာသာအားဖြင့် 'အဝိန္ဒဆောက်'ဟု ခေါ်ပါသည်။ ဓမ္မစေတီ ခေါင်းလောင်းသည် ဇာကိုလိုကော ခေါင်းလောင်းထက် မင်းကွန်းခေါင်းလောင်းတော်ကြီး တစ်ခုစာ ပို၍ ကြီးမားနေသည်ကို အံ့သြဖွယ်ရာ တွေ့ရှိရသည်။ ဓမ္မစေတီ ခေါင်းလောင်းကို ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းအဖြစ် သတ်မှတ်ရမည် ဖြစ်ပေသည်။ ထို့အပြင် ဇာကိုလိုကော ခေါင်းလောင်းသည် (၁၈) ရာစုတွင် သွန်းလုပ်သော ခေါင်းလောင်းဖြစ်ပြီး ဓမ္မစေတီခေါင်းလောင်းမှာ အေဒီ ၁၅ ရာစုက သွန်းလုပ်ခဲ့သော ခေါင်းလောင်း ဖြစ်သဖြင့် နှစ်(၃ဝဝ) ပို၍ စောနေသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မစေတီ ခေါင်းလောင်းသည် ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်း ဖြစ်သင့်ပေသည်။

ခေါင်းလောင်းတော်ကြီးကို ဆယ်ယူရရှိမည်ဆိုပါက မွန်အမျိုးသားတို့၏ ယဉ်ကျေးမူအမွေအနှစ် ခေါင်းလောင်းကြီးနှင့်ပက်သက်သည့် အသေးစိတ် အချက်အလက်တို့ကို ပြည်သူများသို့ အသေအချာတင်ပြနိုင်မည် ဖြစ်ပါသည်။ ၄င်းအပြင် တရုပ်တို့၏ ကြေးသွန်အတတ်ပညာထက် နှစ်ပေါင်း(၁၅၀၀)ခန့် စောသည့် မွန်တို့၏ ယိုးဒယားနိုင်ငံ ဘန်းချိုင်းဒေသ ကြေးသွန်အတတ်ပညာအတွက်ကြီးမားသော သက်သေ အထောက်အထားတစ်ခု ဖြစ်လာ မည်။

လှူဒါန်းခြင်း

မြန်မာ့ သမိုင်းတွင် မွန်တို့၏မဂဒူးမင်းဆက်တွင် ၁၆ ဆက်မြောက် မွန်ဘုရင် ဓမ္မစေတီမင်း သည် ဟံသာဝတီ (ယခု ပဲခူး) မှ အုပ်စိုးပြီး ၁၄၈၀ ခုတွင် လူဦးရေ စစ်တမ်း ကောက်ယူခဲ့သည်။ ဓမ္မစေတီမင်းကြီးသည် ဥပိုက်၊ သမန္တရာဇ်၊ ဘုရင်ရာဇာ၊ စွန္တရာဇာ အမတ်လေးဦးကို အိမ်ဦးရေစာရင်း ကောက်ယူရန် တာဝန် ပေးခဲ့သည်။ အမတ်များက အိမ်စာရင်းသာမက အိမ်တိုင်းမှ ကြေးကိုပါ ကောက်ခံခဲ့ရာ ကြေးစင် တစ်သန်းနှင့် ရှစ်သိန်း ရရှိခဲ့သည်။ မင်းကြီးက ကြေးပါ ကောက်ယူခဲ့သော အမတ်လေးဦး အား အပြစ်ဒဏ်ပေး၏။ ကြေးများကို ကာယကံရှင်များအား ပြန်ပေးစေသည်။ ပိုင်ရှင်များက ပြန်မယူပဲ မင်းကြီး သင့်တော်သလိုသာ အသုံး ပြုရန်လျှောက်ထားလေသည်။ ထို့ကြောင့် ဓမ္မစေတီမင်းကြီးသည် ဤကြေးများဖြင့် အမတ်ကြီး ဗညားအိမ်ကို အကြီးအမှူး ခန့်တော်မူသည်။ အမတ်ကြီးသည်လည်း ဇေယဗာဟု၊ ပဲခူးသဥတ္တရာ၊ နန္ဒစည်သူကျော်၊ သံဃရာဇာ စသည့် ဆရာတို့ အခါပေးသည့် အတိုင်း တပေါင်းလဆန်း (၈)ရက်၊ ကြာသပတေးနေ့ သိဟ်လဂ်တွင် ပွဲကြီးသဘင် ကြီးစွာပြု၍ ခေါင်းလောင်းကြီးကို သွန်းလုပ်စေသည်။

အမတ်ကြီးသည်လည်း ဆရာတို့ အခါပေးသည့်အတိုင်း တပေါင်းလဆန်း (၈)ရက်၊ ကြာသာပတေးနေ့ သိဟ်လဂ်တွင် ပွဲကြီးသဘင်ပြု၍ ခေါင်းလောင်းကြီးကို ပြုလုပ်တော်မူသည်။ သို့သော် ခေါင်းလောင်းကြီးမှာ ထူးထူးခြားခြား အသံမမြည်ပဲရှိခဲ့သည်။ (သမိုင်းအရ ထိုခေါင်းလောင်းကြီးကို နက္ခတ္တဗေဒသဘောအရ မကောင်းသော ၁၄၈၄-ခု၊ ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် စတင်သွန်းခဲ့ပြီး အသံမမည်ဟု ဆိုသည်။) ခေါင်းလောင်းသွန်းလုပ်စဉ် `လောကဥာဏ´ အမည်ရှိ ဗေဒင်ဆရာတစ်ဦးက ခေါင်းလောင်းသွန်းလုပ်ပြီးလျှင် အပြစ်အနာအဆာမရှိ ချောမောလိမ့်မည်။ သို့သော်အသံကာ မြည်မည်မဟုတ်ဟု မင်းကြီးအားလျှောက်၏။ မင်းကြီးက အကြောင်းစုံမေးမြန်းရာ ခေါင်းလောင်းပြုလုပ်ရန် ဆရာတို့ပေးသောအခါသည် နက္ခတ်ခြောက်လုံးဖြစ်သည်။ ခြောက်လုံးမှာ မိကျောင်းနက္ခတ် ဖြစ်သဖြင့် မိကျောင်းမှာ လျှာမရှိ၍ အသံမမြည်နိုင်ချေ။ မင်းကြီးလည်း ခေါင်းလောင်းကို မွန်ဘာသာဖြင့် အပိန္နသော်ဟု ဘွဲ့အမည်ပေးပြီး ကောဇာသက္ကရာဇ်(၈၃၈)ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့တွင် ရွှေတိဂုံရင်ပြင်တွင် ချိတ်ဆွဲလှူဒါန်း ရေစက်ချတော်မူသည်။ ခေါင်းလောင်းကြီးကို မြန်မာဘာသာဖြင့် “အဝိန္ဒဆောက်’’ဟု အမည်ရ သည်။ (ရွှေတိဂုံ စေတီတော် တည်ရှိရာ ကုန်းတော်ပေါ်တွင် ပထမဦးဆုံးလှူဒါန်းသော ခေါင်းလောင်းမှာ ဓမ္မစေတီ ခေါင်းလောင်းကြီးပင် ဖြစ်သည်။ ယခုအခါ ရွှေတိဂုံကုန်းတော်ပေါ်ရှိ ခေါင်းလောင်းစုစုပေါင်း (၂၉)လုံးရှိသည်။ သုတေသန= မေယာအမ်တီ)

ရှေးခေတ်စာ မှတ်တမ်းများအရ ၄င်း ခေါင်းလောင်းကြီးတွင် ကြေးနီ အပြင် ရွှေ၊ ငွေ တို့လည်း ပါသည်ဟုဆိုသည်။ ခေါင်းလောင်းထဲတွင် မြ နှင့် နီလာ ရတနာတို့လည်း မြှုပ်ထားသည်ဟု ဆိုသည်။ ဓမ္မစေတီမင်း ဥစ္စာကြွယ်ဝ ပုံအရ ၄င်းမှာဖြစ်နိုင်သည်။ ခေါင်းလောင်းကြီးသည် ၁၂-တောင် မြင့်ပြီး ၈-တောင် ကျယ်သည်။ တစ်ပြိုင်တည်းမှာပင် ၅၀၀ပိဿာရှိ ခေါင်းလောင်းအသေးလည်း သွန်းလောင်းလှူတန်း ခဲ့သည်ဟုအဆိုရှိသည်။

နိုင်ငံခြားသားများ ရောက်ရှိခြင်း

နောင် နှစ်တစ်ရာ ကြာပြီးနောက် ၁၅၈၂ ခုတွင် အီတလီကျောက်ကုန်သည် `ဂစပါရို ဘယ်ဘီ´သည် ရွှေတိဂုံဘုရား သို့ရောက်ရှိခဲ့ပြီး ရွှေတိဂုံဘုရားကို အသေးစိတ် မှတ်တမ်းတင်ခဲ့သည်။ သူရေးခဲ့သည်မှာ "ကျွန်ုပ် တွေ့ခဲ့ရသည်မှာ အလွန်ခမ်းနားသော ခန်းမကြီးထဲတွင် အလွန့်အလွန် ကြီးမားသော ခေါင်းလောင်းကြီး ရှိပြီး အတိုင်းအတာအားဖြင့် ခြောက်လှမ်း နှင့် သုံးဖန် ရှိပြီး အထက်မှ အောက်သို့ စာလုံးတစ်ခုနှင့် တစ်ခုပူးကပ် နေသော စာများ အပြည့်ရေးထားပြီး ဖတ်ရမည်ပုံ မပေါ်ပေ။"

၁၅၃၀-ခုတွင် မွန်ဘုရင်များ၏ အာဏာစက် ကျဆင်းလာပြီး ၁၅၃၅-ခုတွင် အောက်ပြည်သည် အထက်ပြည်နှင့် ခြားနားသွားသည်။ တစ်ချိန်တည်းမှာ ဥရောပကုန်သည် နှင့် စွန့်စားရှာဖွေသူများ အောက်မြန်မာပြည် သို့ ရောက်လာ ကြသည်။ ၁၅၉၀-ခုနှစ်များတွင် ပေါ်တူဂီလူမျိုး စွန့်စားရှာဖွေသူ `ဖီလစ်ဒီဘရုတ်တို ရနီကုတ်´အား စီရမ်(သန်လျင်)တွင် ရခိုင်ဘုရင်က ကုန်သွယ်ရုံးဖွင့်ခွင့် ပေးလိုက်သည်။ ၁၆၀၀-ခုတွင် သူ၏သြဇာမှာ မြစ်ကြောင်းတစ်လျှောက် ဘေးပတ်ဝန်းကျင် အပါအဝင် ဒဂုံအထိ ရောက်သည်။

ယူဆောင်ခြင်း

ခရစ်သက္ကရာဇ် ၁၆၀၈-ခုနှစ်တွင် ပေါ်တူဂီလူမျိုး ဖိလစ်ဒိုဘရစ်တိုသည် ဓမ္မစေတီခေါင်းလောင်းကြီးကို အရည်ကြို၍ အမြောက်သွန်းလုပ်ရန် တောင်ပေါ်မှ လှိမ့်ချ၍ မြစ်ကမ်းနားထိ ဆင်များဖြင့်ဆွဲကာ ပုဇွန်တောင် ရေလက်ကြားတွင် ဖေါင်ပေါ်သို့ တင်ခဲ့သည်။ ဖောင်ဖြင့် သန်လျင်သို့ သယ်ဆောင်ခဲ့သည်။ သို့သော် ပဲခူးမြစ်၊ ရန်ကုန်မြစ်နှင့် ငမိုးရိပ်ချောင်း သုံးသွယ်ဆုံဆည်းရာ ဒေါပုံမြစ် နေရာတွင် ဖောင်ပျက်ပြီး ခေါင်းလောင်းကြီးမှာ ရေအောက်သို့ ကျသွားခဲ့သည်။ ဖိလစ်ဒိုဘရစ်တိုလည်း ရေအောက်သို့ ပါသွားခဲ့သည်။ ပေါ်တူဂီတို့လည်း ၄င်းကိုခိုးယူခြင်းကြောင့် အထိနာသည်။ ပေါ်တူဂီ ဂတ်ရုံးအား ဒေါသထွက်သော ဗမာများက တိုက်ခိုက်ခဲ့ပြီး မှတ်တမ်း များအရ ပေါ်တူဂီခေါင်းဆောင်မှာ ဝါးရင်းတုတ်ဖြင့် တစ်ချက်ခြင်း ရိုက်၍ တဖြေးဖြေးခြင်း သေစေသည် ဟုဆိုသည်။ ဒေါပုံမြစ်အကူးတွင် ဖောင်နစ်ပြီး ခေါင်းလောင်းကြီး ရေထဲနစ်မြှုပ်သွားသည်မှာ ယနေ့ထက်တိုင် ဖြစ်သည်။ ဓမ္မစေတီခေါင်းလောင်း ရေအောက်နစ်မြှုပ်နေသည်မှာ နှစ်ပေါင်း (၄၀၀) နီးပါးရှိချေပြီ။

( ဖီလစ် ဒီဘရေဒိုမှာ ရခိုင်ဘုရင့်တပ်မတော်၏ ကြေးစား စစ်ဗိုလ်တစ်ဦးဖြစ်ပီး ရခိုင်ဘုရင် ထံမှာ့ သန်လျှင်မြို့ကိုစားခွင့်လျှောက်ထား ရယူသူဖြစ်သည်။ သူအင်အားကြီးမားလာသော အခါ ရခိုင်ဘုရင်ကိုပြန်လည်ပုန်ကန်လေသည်။ ထိုအခါ ရခိုင်အိမ်ရှေ့မင်း မင်းခမောင်းကိုယ်တိုင်ဦးစီးသော ရခိုင်ဘုရင့်ရေတပ်မတော်မှာ့ သန်လျှင်ကိုလာရောက်တိုက်ခိုက်လေသည်။ ဖီလစ်ဒီဘရေတိုလည်း သင်္ဘော သုံးစီးဖြင့်ထွက်ပြေးလေသည် ထွက်ပြေးရာလမ်းတွင် ရခိုင်ဘုရင့်ရေတပ်မတော်ကြီးနှင့် ထိပ်တိုက်တိုးလေသည်။ ရခိုင်ရေတပ်မတော်ကြီးသည်လည်း သန်လျှင်ကို မရောက်သေးသောကြောင့် ပေါ့ပေါ့လျှော့လျှော့နှင့် ချီတက်လာသည့်အပြင် တပ်ဦးတွင် ရခိုင်အိမ်ရှေ့မင်း မင်းခမောင်း ကိုယ်တိုင်ချီတက်လာရာ ရခိုင်မင်းသားသည် ပေါ်တူဂီ တို့၏ဖမ်းစီးခြင်းကိုခံရလေသည်။ ဖီလစ်ဒီဘရေတိုက မိမိကိုယ့် ပြည်ထောင်ဘက်မင်းအဖြစ်သတ်မှတ်ပါက အိမ်ရှေ့မင်းကို ပြန်လည်လွတ်ပေးမည်ဟု အရေးဆိုသော် ကြောင့် ရခိုင်ဘုရင် သည်လည်း မိမိသားတော်အသက် မသေရေးအတွက် ပြည်ထောင်ဘက်မင်းအဖြစ်သတ်မှတ်လိုက်ရသည်။ ထိုနောက်တွင်ကား ဖီလစ်ဒီဘရေတိုသည် သန်လျှင်တွင် ထင်တိုင်းကျဲလေတော့သည်။ နောင်တွင် အနောက်ဖက်လွန်မင်းက ကြီးမားသော တပ်မတော်ကြီးနှင့် သန်လျှင်ကို လာရောက်တိုက်ခိုင်လေသည်။ ဖီလစ်ဒီဘရေတိုသည်၊ တောင်ငူဘုရင် နတ်သျှင်နောင် နှင့်အတူအဖမ်းခံရပီး အနောက်ဖက်လွန်မင်းက တရားရုံးတင် စစ်ဆေးပီး သန်လျှင်မြို့ သူ့၏ အိမ်ရှေ့တွင်ပင် တံကြင်လျှိုသတ်ခံခဲ့ရသည်။ သန်လျှင်တွင် ယခုတိုင် ဖီလစ် ဒီဘရေဒို၏ အုတ်ဂူရှိသေးသည်။ ( တချို့သောအကြောင်းအရာများ မှားကောင်းမှားနိုင်သည် သို့သော် သေချာသည် များကား ဖီလစ်ဒီဘရေဒိုသည် ခေါင်းလောင်းကြီးနှင့်အတူ နစ်မြုပ်သွား ခြင်းမဟုတ်ပေ))

ဆယ်ယူရန် ကြိုးပမ်းမှုများ

ရန်ကုန်ရှိ သမိုင်းအထောက်အထားများအရ ၁၈၀၀-ခုနှစ်တွင် ခေါင်းလောင်းကြီးကျရာနေရာတွင် ဝဲကတော့ ထိုးသည်ဟု ပါသည်မှတပါး ဓမ္မစေတီခေါင်းလောင်းကြီးအား ဆယ်ယူမှု မရှိချေ။ ယခုခေတ် လူကြီးများ ပင် ၄င်းဝဲကတော့ကို မျက်မြင်ကိုယ်တွေ့ရှိသည်ဟု ဆိုကြသည်။ မြစ်မှာ မနက်ပေ။ ပေ-၄၀ သာရှိပြီး ရေအောက်ရွှံညွှန်များမှာ နောက်ထပ် ပေ-၄၀ လောက် ရှိမည်ဖြစ်ပြီး ၄င်းရွှံညွှန်များထဲတွင် ခေါင်းလောင်း ရှိပေမည်။

ဘိုးတော်ဘုရားခေါင်းလောင်း (ခေါ်) ခေါင်းလောင်းအသေးသည်လည်း ဗြိတိသျှ သိုက်သမား (British Prize Agent) များက ၁၈၂၆-ခုတွင် ရွှေတိဂုံစေတီတော် မှချကာ မြစ်ထဲကျခဲ့ပြန်သည်။ သို့သော် ဗြိတိသျှတို့ စွန့်လွှက်ခဲ့သော် ၄င်းခေါင်းလောင်းအား ရွာသားများက ဆယ်ယူခဲ့ပြီး စေတီတော်ထက် သို့ ပြန်ပို့ခဲ့သည်။

ဗြိတိသျှ တို့ ကြိုးပမ်းမှု

ဗြိတိသျှတို့ ဓမ္မစေတီခေါင်းလောင်းကြီးအား ဆယ်ယူရန် အကြိမ်ကြိမ် ကြိုးစားသော်လည်းမအောင်မြင်ခဲ့ပေ။ မြန်မာတို့က ခေါင်းလောင်းကြီးအား မူလတည်ရှိရာ ရွှေတိဂုံစေတီတော်သို့ ပြန်ပို့လျှင် ကူညီမည်ဟု ဆိုသဖြင့် ဗြိတိသျှတို့လည်း မစဉ်းစားပဲ ခေါင်းညှိပ်ခဲ့သည်။ မြန်မာတို့တွင် ဉာဏ်နီဉာဏ်နက်ရှိသည်။ ရေငုတ်သမားများက ခေါင်းလောင်း၏ အောက်တွင် ဝါးလုံးခေါင်းများ တစ်လုံးခြင်း သယ်ယူထဲ့ပြီး စုပေါင်းတွဲချည်ကာ ရေပေါ်ပေါ်စေမည်။ ၄င်းကြိုးစားချက်သည် ထိုအချိန်က မြန်မာတို့ အမျိုးသားရေး ရစေခဲ့သည်။

မြန်မာ အစိုးရ ကြိုးပမ်းမှု

ဓမ္မစေတီ ခေါင်းလောင်းကြီးကို ရှာဖွေရန် စတင်လှုံ့ဆော်သူမှာ သမိုင်းပညာရှင် ဒေါက်တာ ဒေါ်ရီရီ ဖြစ်ပါသည်။

မြန်မာ အစိုးရသည် အင်္ဂလိပ် ရေငုတ်၊ ဇီဝ၊ ရှေးဟောင်း နှင့် စွမ်းအင် ပညာရှင် မိုက်ဟက်ခြာ (Mike Hatcher)အား ခေါင်းလောင်းကြီးအား ဖော်ယူ၍ စေတီတော်သို့ ပြန်လည်ပို့ဆောင်ရန် အကူအညီ ရယူခဲ့ပါသည်။ ဂျပန်၊ သြစတြေးလျနှင့် အမေရိကန် တို့ပါဝင်သော ၄င်းလုပ်ငန်းကို ဟက်ခြာက သဘောတူခဲ့ပါသည်။ ဗုဒ္ဓသာသနာ ထွန်းကားရေး အကျိုးဆောင် ရစ်ချတ်ဂရီက အားတက်သရော ပါဝင်၍ ရံပုံငွေရှာခဲ့သည်။ ၄င်းလုပ်ငန်းကို အပြည်ပြည်ဆိုင်ရာ အဆင့်ထိ စိတ်ဝင်စားစေသည်မှာ သံသယရှိစရာ မလိုပါ။ ဂျာမန်ရုပ်ရှင်ကုမ္ပဏီ တစ်ခုကလည်း ၄င်းစွင့်စားခန်းကို ရုပ်ရှင်ရိုက်ကူးမည် ဖြစ်ပြီး "ဒီတူးဖေါ်ရေးသာ အောင်မြင်ခဲ့လျှင် ဗုဒ္ဓဘာသာနဲ့ပတ်သက်၍ ဒါဟာ ခရစ်ယာန်မှာ လိုတရခွက် (Holy Grail) ရသလိုပါပဲ"ဟု ဆိုခဲ့သည်။

ဘာသာရေး ကိုင်းရှိုင်းသော မြန်မာတို့ကမူ ဗုဒ္ဓ၏ မြင့်မြတ်သော် အမွေကို ပြန်လည်ထိန်းသိမ်းခြင်းဖြင့် မြန်မာ နိုင်ငံ၏ ကံ ပြန်လည်ကောင်းမွန် လာလိမ့်မည်ဟု ယုံကြည်ကြသည်။ ဓမ္မစေတီ ခေါင်းလောင်းကြီးအား ဆယ်ယူခြင်းသည် မြင့်မြတ်သောမင်းနှင့် သူ၏ပြည်သူပြည်သားများ၏ ဆုံးရှုံးနေသော အမွေကို ပြန်လည်ရရှိကြမှာ သေချာပါသည်။ ထို့ပြင် ၄င်းခေါင်းလောင်းကြီးတွင် ရေးထိုးထားသော ခေါင်းလောင်းစာများက သမိုင်းနှင့် ဘာသာစကားပညာရှင် တို့အတွက် အဖိုးမဖြတ်နိုင်သော အထောက်အထားပင် ဖြစ်ပေမည်။

၁၉၉၇-ခုနှစ်၊ စက်တင်ဘာ (၂၉)ရက်နေ့တွင် ဓမ္မစေတီမင်း ခေါင်းလောင်းတော် ရှာဖွေဆယ်ယူရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးပွဲကို ရန်ကုန်မြို့၊ မြို့တော်ခန်းမရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အစည်းအဝေးခန်းမ(၄)၌ ကျင်းပခဲ့သည်။[2]

၎င်းလုပ်ငန်းကို ကန့်ကွက်သူ မရှိဘူးတော့ မဟုတ်ချေ။ အချို့သော ဒီမိုကရေစီလိုလားသူများက ၄င်းဆယ်ယူမှုသည် မြန်မာနိုင်ငံ၏ စစ်အစိုးရအား အားပေးအားမြှောက်ပြုရာ ရောက်သည်ဟု ဆိုသည်။ ယခုခေတ်ကိုကျော်ပြီး နောင် ဒီမိုကရေစီအစိုးရ ဖြစ်မှ ထိုလုပ်ငန်းကို စသင့်သည် ဟုဆိုသည်။

မိုက်ဟက်ခြာနှင့် ၄င်း၏အဖွဲ့များက ဓမ္မစေတီခေါင်းလောင်းကြီးအား ဆယ်ယူခြင်း လုပ်ငန်းကို ၂၀၀၁-ခုနှစ်တွင် စရန် ရည်ရွယ်ခဲ့ပြီး ခေါင်းလောင်းကြီး၏ နေရာကို အတိအကျ စရှာရန် သတ်မှတ်ခဲ့သည်။ ဘီဘီစီ၏ သတင်းကြေငြာချက်ကြောင့် လူအများ ၄င်းဆယ်ယူခြင်း လုပ်ငန်းကို စိတ်ဝင်စားခဲ့သောလည်း မဖြစ်မြောက်ခဲ့ပေ။ ထင်ဆချက်အရ ၂၀၀၀-ခုနှစ်၊ ဇွန်လတွင် ၄င်းအဖွဲ့သည် အင်ဒိုနီးရှား ဆယ်ယူရေး ပြဿနာကြောင့် ကြံ့ကြာခဲ့ခြင်း ဖြစ်ဟန်တူသည်။

ထိုဆယ်ယူခြင်း လုပ်ငန်းသာစခဲ့လျှင် ရေငုတ်သမားများသည် ညကြည့်မှန် တက်ထားသော ခေါင်းစွက်များဖြင့် အတူ copper sulphate ရှာဖွေရေး ကိရိယာများဖြင့် ခေါင်းလောင်းကို ရှာမည်ဖြစ်သည်။

ဦးစံလင်း၏ ကြိုးပမ်းမှု

ဓမ္မစေတီခေါင်းလောင်းကြီးအား စေတနာရှင် ဦးစံလင်းက မြန်မာ့နည်း၊ မြန်မာ့ဟန်ဖြင့် ပြန်လည်ဆယ်ယူကာ ခေါင်းလောင်းကြီး၏ မူလနေရာ ရွှေတိဂုံကုန်းတော်မြတ်ပေါ်သို့ အမြန်ဆုံး ပြန်လည်တင်လှူနိုင်ရန် သက်ဆိုင်ရာသို့ ခွင့်ပြုချက် တောင်းခံလျှက်ရှိသည်။ ဦးစံလင်းသည် ၄င်း၏ ကိုယ်ပိုင်ငွေဖြင့် ၁၉၉၇-ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၉၈-ခုနှစ်တွင်နှစ်ကြိမ်၊ ၁၉၉၉-ခုနှစ်တွင်တစ်ကြိမ်၊ စုစုပေါင်း လေးကြိမ်တိတိ ဆယ်ယူရေးအတွက် ဆောင်ရွက်ခဲ့ဖူးသည်။ ဦးစံလင်းသည် ရေငုတ်ကျွမ်းကျင်သူတစ်ဦး ဖြစ်ပြီး ခေါင်းလောင်းကြီးရှိသည့်နေရာကို ကိုယ်တိုင်ရေငုတ်၍ ရှာဖွေခဲ့ဖူးသူ တပ်မတော်(ရေ) အငြိမ်းစား ၀န်ထမ်းတစ်ဦး ဖြစ်သည်။

ဦးစံလင်း၏ အဆိုအရ ခေါင်းလောင်းကြီးသည် ပုဇွန်တောင်ချောင်းဝရှိ ရေအောက်မြေအောက် (၅၂)ပေတွင် နစ်မြုပ်လျှက်ရှိနေပြီး ခေါင်းလောင်းကြီးနှင့် အတူ

* ပေါ်တူဂီ သင်္ဘောပျက် နှစ်စီး၊
* အခြားခေါင်းလောင်းတစ်လုံး၊
* ဥာဏ်တော် ခုနှစ်တောင်စီရှိ ရွှေသားအစစ်ရပ်တော်မူ ဗုဒရုပ်ပွားတော် နှစ်ဆူ
* ကျောက်သံ ပတ္တမြားများပါသည့် သေတ္တာ (၁၁)လုံး ယနေ့ထက်တိုင်ရှိနေသည်ဟု ဆို၏။

ဦးစံလင်း၏ သဘောထား

မြန်မာ့နည်း၊ မြန်မာ့ဟန်၊ မြန်မာ့အဆင့်မြင့် နည်းပညာဖြင့် ပြန်လည်ဆယ်ယူကာ ရွှေတိဂုံကုန်းတော်မြတ်ပေါ်သို့ အမြန်ဆုံး ပြန်လည်တင်လှူနိုင်ရန်၊ တိုင်းပြည်နှင့် လူမျိုးဘာသာ၊ သာသနာအတွက် စေတနာ အရင်းခံ၍ဲ ဆောင်ရွက်မည်ဖြစ်သည်။ နိုင်ငံတော်မှ စက်ယန္တရား ပံ့ပိုးမှုလိုအပ်ကာ သောင်တူးစက် (သို့) ရေယာဉ်တစ်စီး အဓိက လိုအပ်ပါသည်။ ၂၀၁၁-ခုနှစ်အတွင်း အပြီးဆောင်ရွက်ရန် ရာထားပါသည်။ အခုနှစ်မိုးရာသီတွင် လုပ်ငန်းဆောင်ရွက်မှာ ဖြစ်ပြီး မိုးတွင်းတွင် ချောင်းထဲသို့ ရေငုတ်ဆင်းရသည်မှာ ရေအောက်ခြေရှိ ကြမ်းပြင်သည် သမံသလင်းလို ပြောင်ရှင်းနေ၍ ဖြစ်သည်၊ နွေရာသီတွင် နှုန်းမြေများ ထူထပ်နေ၍ အဆင်မပြေနိုင်ဟု ဆိုသည်။

မြန်မာတက်ကနစ်ဖိုရမ်မှ ဗဟုသုတအဖြစ်သာမျှဝေပါသည်။
လေစားစွာဖြင့် .... မောင်မြင့်
နိုင်လင်းထွန်း

ဒု သမ္မတလောင်း ဦးမြင့်ဆွေကို ဘယ်လိုမြင်ကြသလဲ




ရန်ကုန်မြို့ ကမ်းနားလမ်းရှိ စထရင်းဟိုတယ်တွင် ကျင်းပသော ရှေးဟောင်း အဆောက်အအုံများ ထိန်းသိမ်းရေး ကွန်ဖရင့်တွင် တွေ့ရသော ဦးမြင့်ဆွေ (ယာစွန်) (ဓာတ်ပုံ – ဧရာဝတီ)
ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေကို ဒုသမ္မတလောင်းအဖြစ် လွှတ်တော်ရှိ စစ်တပ်ကိုယ်စားလှယ်တွေက အမည်စာရင်း တင်သွင်းလိုက်တဲ့အပေါ် အမျိုးမျိုး ဝေဖန်သုံးသပ်ပြောဆိုနေကြပါတယ်။
ကျန်းမာရေးကြောင့် အနားယူသွားတဲ့ သီဟသူရ တင်အောင်မြင့်ဦးရဲ့ လစ်လပ်နေတဲ့ ဒု သမ္မတနေရာကို အစားထိုးဖို့အတွက် နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးမှာ ယမန်နေ့က ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေကို အမည်စာရင်း တင်သွင်းလိုက်ကြတာပါ။
သူဟာ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လက်ရင်းတပည့်တဦးဖြစ်သလို သဘောထား တင်းမာသူ၊ ခေါင်းမာ ဂိုဏ်းသားတဦးအဖြစ် နိုင်ငံတကာ မီဒီယာတွေကပါ ရေးသား ဖော်ပြနေကြပါတယ်။
ဒါပေမယ့် ယခင် ဒုသမ္မတ သီဟသူရ တင်အောင်မြင့်ဦးထက် စာရင်တော့ အလွန်ငြိမ်ပြီး ခိုင်းတာလုပ်မယ့်သူတဦး ဖြစ်တာကြောင့် ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ သမ္မတ ဦးသိန်းစိန်ကို ကလန်ကဆန်လုပ်မယ်သူ မဟုတ်ဘူးလို့ သုံးသပ် ပြောဆိုနေတာတွေလည်း ရှိပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်ကတော့ ဦးမြင့်ဆွေအနေနဲ့ ဒုသမ္မတ ဖြစ်လာရင်လည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အလေးပေးလုပ်ဆောင်မယ့် ပုဂ္ဂိုလ်အဖြစ် မျှော်လင့်ကြောင်း ပြောပါတယ်။
“အဲဒီပုဂ္ဂိုလ်ဟာ ဒေါ်အောင်ဆန်းစုကြည်ပြောသလိုပဲ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စမျိုး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကိစ္စမျိုးတွေ အလေးပေး ဆောင်ရွက်နိုင်မယ့်ပုဂ္ဂိုလ် ဖြစ်လိမ့်မယ်လို့ အဲဒီလိုပဲ မျှော်လင့်တယ်ပေါ့ဗျာ။ ကျနော်တို့ ပြောချင်တာက ဒီပုဂ္ဂိုလ်ရဲ့ ပုဂ္ဂိုလ်ရေးနဲ့ ပတ်သက်လို့ ကျနော်တို့ သိရသလောက်ဆိုလို့ရှိရင်တော့ သူဟာ ပြီးခဲ့တဲ့ စစ်အစိုးရ ခေါင်းဆောင်ပေါ့နော်၊ ဦးသန်းရွှေနဲ့ အလွန်ရင်းတဲ့လူလို့ ပြောလို့ရတယ်” လို့ ဦးဝင်းတင်က ဧရာဝတီကို ပြောပါတယ်။
လွှတ်တော်ထဲမှာ ကိုယ်စားလှယ်တွေ ရောက်နေတဲ့ NLD ပါတီ အနေနဲ့ ဖြစ်ဖြစ်၊ တိုင်းပြည်အနေနဲ့ဖြစ်ဖြစ်၊ လွှတ်တော်က ဆုံးဖြတ်တဲ့အတိုင်းဖြစ်မှာမို့ ဦးမြင့်ဆွေသာလျှင် အတည်ဖြစ်မယ်လို့လည်း သူက ဆက်ပြောပါတယ်။
ရန်ကုန် နိုင်ငံရေးအသိုင်းအ၀ိုင်းမှာတော့ ဦးမြင့်ဆွေဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ လူရင်းတပည့် ဖြစ်ခဲ့တာ၊ ဦးသန်းရွှေ လက်ထက် ရန်ကုန်တိုင်းမှူး ဘ၀တုန်းက တချိန်က စစ်ထောက်လှမ်းရေး အကြီးအကဲ၊ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ကို ရန်ကုန်လေဆိပ်မှာ တာဝန်ယူ ဖမ်းဆီးထိမ်းသိမ်းခဲ့တာတွေ၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင် ရေးအထူးအဖွဲ့မှူး (ကစထမှူး) တာဝန်နဲ့ နောက်လူတွေ ကျော်တက်ပြီး ဒု ဗိုလ်ချုပ်ကြီး အဆင့်အထိ ရာထူးတိုးပေးခံရတာတွေ အပေါ် သုံးသပ်ပြီး ဦးသန်းရွှေဟာ အခုအထိ အစိုးရ ရာထူးအပြောင်းအလဲတွေကို ကိုင်တွယ်နေဆဲလို့ ဝေဖန်မှုတွေလည်း ရှိကြပါတယ်။
အငြိမ်းစားယူသွားပေမယ့် သူ့လက်ရင်းတပည့်တွေပဲ အခုထိနေရာ ရနေတာကို ကြည့်ပြီး ပြောဆိုကြတာဖြစ်ပြီး တချို့ကလည်း အခုသွားနေတဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်မှာ လူတဦးရဲ့ ရာထူးအပြောင်းအလဲဟာ ဖြစ်စဉ်တခုလုံးကို ပြောင်းလဲသွားစရာ မရှိဘူးလို့ ပြောဆိုသူတွေလည်း ရှိပါတယ်။
“တစုံတယောက် တဦးတယောက် အပြောင်းအလဲ ဖြစ်တဲ့အပေါ်မှာတော့ တခုလုံးရဲ့ အပြောင်းအလဲကို ပြောဖို့တော့ မဖြစ်နိုင်ဘူး ထင်ပါတယ်။ ဒါက အပြောင်းအလဲတွေက ရှိနေမှာပါပဲ” လို့ တချိန်က ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPP) ခေါင်းဆောင် တဦးလည်းဖြစ်၊ ရခိုင်ပါတီ ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ဦးအေးသာအောင်က ဆိုပါတယ်။
ဒါပေမယ့် မကြာသေးခင်က ရခိုင်ပြည်နယ်က ပဋိပက္ခများနဲ့ပတ်သက်ပြီး စာနယ်ဇင်းသမားတွေကို ခေါ်ပြီး ကြိမ်းမောင်းတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ စည်းကမ်းတွေကို လိုက်နာရရုံသာမက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ဦးဆောင်တဲ့ ရန်ကုန်တိုင်းအစိုးရရဲ့ လမ်းညွှန်ချက်နဲ့ စည်းကမ်းတွေကိုပါ လိုက်နာရတာ၊ ရန်ကုန်တိုင်းအစိုးရဆီ ဂျာနယ် စိစစ်ဖြတ်တောက်မှုကိစ္စ သတင်းပို့ရတာတွေ လုပ်လာရတာ၊ သတင်းဂျာနယ်တွေကိုလည်း စာပေစိစစ်ရေးက ချမှတ်ထားတဲ့ စည်းကမ်းတွေကို သေချာလိုက်နာကြဖို့ ဦးမြင့်ဆွေ ဦးဆောင်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖိအားပေး ပြောကြားခဲ့ပါသေးတယ်။
ဒါကြောင့်လည်း ရန်ကုန် စာနယ်ဇင်းလောကသားတဦးက “အခု သူ့ကို အမည်စာရင်း တင်လိုက်တယ်ဆိုတော့ ကျနော်တို့ စာနယ်ဇင်းလောကအတွက် ရတက်မအေးစရာပဲလား တွေးမိတယ်။ ဒါဆိုရင် တခြားနယ်ပယ်တွေ အတွက်လည်း စိတ်ပူမိတယ်။ လုပ်ပိုင်ခွင့်က ပိုရသွားပြီလေ”လို့ သူက ဆိုပါတယ်။
ဦးမြင့်ဆွေအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်တာဝန် ယူထားပေမယ့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဖြစ်နေ တဲ့ မြေယာသိမ်းဆည်းမှုတွေမှာ တာဝန်ယူ မဖြေရှင်းနိုင်ခဲ့ကြောင်းကို မြေယာအသိမ်းခံကြရတဲ့ ဒေသခံ ပြည်သူတွေဘက်က ရပ်တည်ဆောင်ရွက်ပေးနေတဲ့ ရန်ကုန်မြို့က ကိုနေမျိုးဝေက ထောက်ပြပါတယ်။
“အခု သူက ဒုသမ္မတ ဖြစ်သွားတယ်ဆိုတော့ ကျနော်တို့ ရန်ကုန်တိုင်းအတွက်တော့ လွတ်သွားပြီးတော့ တနိုင်ငံလုံးကိစ္စမှာ ဒု သမ္မတ အနေနဲ့က ကာ/လုံ (နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ) မှာ ပါပြီဆိုတော့ ဆုံးဖြတ်ချက်တွေ ဘယ်လို ချမလဲပေါ့” လို့ သူက ဆိုပါတယ်။
ဦးမြင့်ဆွေဟာ သဘောထားတင်းမာသူ တဦးလို့ ဝေဖန်ပြောဆိုမှုတွေ ရှိတာကြောင့် သဘောထားတင်းမာသူ ဦးတင်အောင်မြင့်ဦးရဲ့ ဒု သမ္မတနေရာကို အလားတူ ပြန်ရွေးခံရတာဟာ တကယ်တော့ အပြောင်းအလဲလို့ မခေါ်နိုင်ဘူးလို့ လူငယ် တက်ကြွလှုပ်ရှားသူတချို့ကလည်း ဆိုပါတယ်။
“ဦးမြင့်ဆွေဆိုတဲ့ပုဂ္ဂိုလ်က တော်တော်တော့ ဆိုးတယ်ဗျ။ ၂၀၀၇ စက်တင်ဘာ အရေးအခင်းမှာ သူက ဘုန်းကြီးတွေ သတ်တဲ့အထဲမှာ သူပါတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးကို ဒုတိယ သမ္မတ ရွေးချယ်လိုက်တာဟာ ကျနော်တို့နိုင်ငံအတွက် တော်တော် ရင်ခုန်ဖို့ကောင်းနေပြီ” လို့ မကြာခင်က ဆဲဗင်း ဇူလိုင်အကြို တညတာထိမ်းသိမ်းခံရပြီး ပြန်လွတ်လာတဲ့ ကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဒီငြိမ်းလင်းက ဆိုပါတယ်။
ဦးမြင့်ဆွေဟာ ၁၉၇၃ ခုနှစ်မှာ မေမြို့ (ပြင်ဦးလွင်) စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၁၅ က ကျောင်းဆင်း ဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ အမှတ် ၅  အထူး စစ်ဆင်ရေး ဗြူရို အဖွဲ့ခေါင်းဆောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး စတဲ့ တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။

တရား ဥပဒေ ဘာလဲ ?????


ရဲစခန်းမှာ ရဲက စစ်ဆေးစဉ် သေဆုံးသွားသူ ကုလားကြီး ခေါ် မျိုးမြင့်ဆွေ


လွန်ခဲ့တဲ့ ဇွန်လကုန်က ရန်ကုန်တိုင်း မရမ်းကုန်း မြို့နယ်မှာ ဖြစ်ပွားတဲ့ လူသတ်မှုနဲ့ပတ်သက်ပြီး မရမ်းကုန်း ရဲစခန်းက လူသတ်မှု မသင်္ကာသူ ဒဂုံမြို့သစ်က မျိုးမြင့်ဆွေ ခေါ် ကုလားကြီးဆိုသူကို ဖမ်းဆီး စစ်ဆေးစဉ်မှာဘဲ မျိုးမြင့်ဆွေဟာ ရဲတွေရဲ့ ရိုက်နှက်တဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားပါတယ်။

ဇွန်လ ၂၈ ရက်နေ့က အသက် ၁၉ နှစ် အရွယ် ပန်းရောင်းသူ မပိုးပိုးမွန် ဟာ သူ့နေအိမ် အခန်းတခုထဲမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး လူသတ်တရားခံလို့ ယူဆသူကို ရဲက စစ်ဆေးရင်း လက်လွန်သွားတဲ့ သဘော လည်းဖြစ်ပါတယ်။ တရားရုံး မတင်ရသေးခင် ရဲစခန်းက ရဲတွေက ထုံးစံအတိုင်း တရားတယောက်ကို အတင်းရိုက်နှက် စစ်ဆေးလေ့ရှိတာ မြန်မာနိုင်ငံမှာ အထူးအဆန်းလည်း မဟုတ်တော့ပါ။ ဒါပေမယ့် အခုတော့ ရဲစစ်ဆေးစဉ်မှာဘဲ လူတဦး အသက်ဆုံးရှုံးသွားရပြန်ပြီ။

ဒီလို သေဆုံးသွားမှုနဲ့ပတ်သက်ပြီး သေဆုံးသူရဲ့ မိသားစုဝင်တွေထဲက အကိုတော်စပ်သူ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့ နယ်၊ အမှတ်-၁၄၀၊ ၉ လမ်း၊ ငမိုးရိပ်ရပ်ကွက်နေ ဦးစိုးလင်းကလည်း ညီဖြစ် သူ သေဆုံးရမှုနဲ့ပတ်သက်ပြီး မရိုးသားတဲ့ သေဆုံးမှုလို့ ပြောလာပါတယ်။

“မောင်မျိုးမြင့်ဆွေ ခေါ် ကုလားကြီးကို အခု ဇူလိုင်လ ၅ ရက်နေ့ ညနေ ၅ နာရီခွဲလောက်က ဖမ်းခေါ်သွားပါ တယ်။ ကုလားကြီးရဲ့ မိခင်၊ ကျနော့် အဒေါ်အရင်းဖြစ်တဲ့ ဒေါ်စိန်စိန်ကို လည်း နောက်တနေ့ ၆ ရက်နေ့ နေ့ခင်းမှာ ထပ်ပြီး လာခေါ်သွားတယ်။ ပြီးတော့ ကျနော့်ကိုလည်း အဲဒီနေ့ ည ၈ နာရီခွဲလောက်ကို ကျနော့်နေ တဲ့ တောင်ဥက္ကလာပ အိမ်က နေ လာခေါ်သွားတယ်” လို့ ဦးစိုးလင်းက ဆိုပါတယ်။

ဒါနဲ့ ရဲစစ်ရင်းသေဆုံးသွားသူနဲ့ အတူ မိခင်နဲ့ အကိုဖြစ်သူ ဦးစိုးလင်းတို့ ၃ ဦးကို မရမ်းကုန်းရဲစခန်း၊ ဘုရင့်နောင် ရဲစခန်းတို့ မှာ လူခွဲစစ်ပြီး မရမ်းကုန်း ရဲစခန်းမှာ ၂ ည အိပ် ထိမ်းသိမ်းခဲ့ပါတယ်လို့ သူက ဆက်ပြောပါတယ်။


“ဇူလိုင်လ ၈ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ ကျွန်တော်နဲ့ ကျနော့် အဒေါ် ကုလားကြီးအမေ ဒေါ်စိန်စိန်တို့ကို ရဲစခန်း အပေါ်ထပ်ကို ခေါ်သွားပြီး မောင်မျိုးမြင့်ဆွေ (ခ) ကုလားကြီးဟာ သူတို့ အမှု စစ်ဆေးနေတုန်း တက်တဲ့ ရောဂါကြောင့် သေဆုံးသွားပြီဆိုပြီး သင်္ဂြိုလ်စရိတ် ၅ သိန်းကို စေတနာနှင့် ကူညီတယ် ပြောပြီး ကျနော့်အဒေါ်ကို အတင်းလက်မှတ် ထိုးခိုင်းလို့ သူက ကြောက်ပြီး လက်မှတ်ရေးထိုးခဲ့ရတယ်” လို့ ဦးစိုးလင်းက ဆိုပါတယ်။

ပြီးတော့ သူတို့ကို ရဲ့စခန်းက ပြန်လွှတ်ပေးလိုက်ပြီး အိမ်ပြန်လာကြတော့ သေဆုံးသူ အသုဘ ချရေးအတွက် ဇူလိုင် ၁၀ ရက်နေ့ ချဖို့နဲ့ အမျိုးတွေ ကြည့်ဖို့ ဆိုင်းငံ့ပေးဖို့ ပြောတာကို ဘုရင့်နောင်ရဲကင်း ဒုရဲအုပ် ဇော်ဝင်းအောင်ဆီ အကြောင်းကြား ဖို့ ပြောလာလို့ ပြောပေမယ့် မရဘဲ ၉ ရက်နေ့မှာ ချက်ချင်း အသုဘချဖို့လုပ်ကြတယ်လို့ သူက ဆက်ပြောပါတယ်။


အသုဘ ကိစ္စမှာ အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ သေဆုံးသူရဲ့ မိခင် ဒေါ်စိန်စိန်ဟာလည်း ရဲက ညည်းပမ်းနှိပ်စက် စစ်ဆေးတဲ့ ဒဏ်ကြောင့် အောက်ပိုင်းချိနေပြီး စိတ်လည်း အလွန်ထိခိုက်နေတယ်လို့ သိရပါတယ်။

သေဆုံးသူရဲ့ အလောင်းကို မြင်ရတဲ့ အခါ ရဲက ဘယ်လောက်နှိပ်စက်ခဲ့တယ်ဆိုတာနဲ့ ဆေးရုံ တာဝန်ရှိ သူတွေ ဖြစ်တဲ့ ဒေါက်တာနုနုငယ်ထွေး၊ အထက်တန်း သူနာပြု ဒေါ်ချိုချိုကျော် (အင်းစိန်ဆေးရုံ)၊ ဘုရင့်နောင် ရဲတပ်ဖွဲ့စခန်း စခန်းမှူး ရဲအုပ်ငွေစိုး၊ မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကျော်ဝင်း၊ အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး မျိုးအောင်တို့နှင့်လည်း သူက လိုက်လံ တွေ့ဆုံခဲ့ပြီးဖြစ်တယ် လို့ လည်း သိရပါတယ်။


“တာဝန်အရ စစ်ဆေးတာမှာ လွန်ကဲတဲ့ အပြုအမှုတွေကြောင့် ကျနော့်ညီ သေဆုံးခဲ့ရတဲ့ကိစ္စမှာ ကျူးလွန်သူတွေ ကို တရားဥပဒေအရ အရေးယူပေးဖို့ပါ” လို့ ဦးစိုးလင်းက ဆိုပါတယ်။



နှိပ်စက်ခံထားရတဲ့ ဒဏ်ရာများနဲ့ ရဲစခန်းမှာ စစ်ဆေးရင်း သေဆုံးသူရဲ့ ရုပ်အလောင်း ဓာတ်ပုံများ ( မှတ်ချက်- နှလုံးမကောင်းသူများ မကြည့်သင့်၍ များစွာသော ဓာတ်ပုံများ မတင်ပြတောပါ )

ပန်းတောင်းမြို့နယ် တောင်သူလယ်သမား အရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများသို့ အရေးပေါ် ထုတ်ပြန်ကြေငြာချက်

ပန်းတောင်းမြို့နယ် တောင်သူလယ်သမား အရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများသို့ အရေးပေါ် ထုတ်ပြန်ကြေငြာချက်
ဒီမိုဝေယံ

အသွင် ကူးပြောင်းရေးအတွက် မျှော်လင့်ချက်


by ပြည်သူ့ခေတ် on Thursday, July 12, 2012 at 2:45pm ·
မြန်မာ့နိုင်ငံရေး တွေးတောသူတို့က ၂၀၁၅ ကို စိုးရိမ်ကြသည်။ ၂၀၁၅ တွင် ဖြစ်ပေါ်နိုင်သည့် အနေအထားများကို မလွဲမသွေ စဉ်းစားလာကြရမည့် ၂၀၁၃၊ ၂၀၁၄ လောက်မှာပင် ၂၀၁၅ ၏ အလားအလာကို အကြောင်းပြုကာ ဒီမိုကရေစီ အကူးအပြောင်း လမ်းကြောင်း၌ ခလုတ်ကန်သင်းတွေ ပေါ်လာနိုင်သည်ဟု ချင့်တွက် ပူပန်ကြခြင်း ဖြစ်သည်။
          ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အကြီးအကျယ် အနိုင်ရခဲ့ပြီး၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ပါတီက လစ်လပ်နေရာအားလုံးနီးပါး ရရှိသွားခဲ့သည်ကို ကြည့်ကာ ၂၀၁၅ တွင် အင်အားစုချင်း ထိပ်တိုက် ရင်ဆိုင် မိနိုင်သည့် အန္တရာယ်ရှိသည်ဟု အများပင် ရှုမြင်ကြသည်။
          သည်တွင်၊
          အသွင်ကူးပြောင်းဆဲ တိုင်းပြည်တို့၌ ဒီမိုကရေစီ ခိုင်ခိုင်မာမာ ဖြစ်မဖြစ် အကဲဖြတ်သည့် အခြင်းအရာတစ်ရပ်ကို ဖော်ပြလိုသည်။ ယင်းက အာဏာ အလွဲအပြောင်း ကိစ္စဖြစ်သည်။ ရွေးကောက်ပွဲတွင် ရှုံးနိမ့်သည့် အာဏာ လက်ရှိတို့က အနိုင်ရလာသူတို့အား ဣနြေ္ဒမပျက် အာဏာ လွှဲပြောင်းပေးသော ဖြစ်စဉ်များ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မျှ အပြန်အလှန် ဖြစ်ပေါ်ခဲ့ပြီဆိုလျှင် အဲသည် တိုင်းပြည်၌ ဒီမိုကရေစီ အခြေခိုင်ပြီ၊ ဒီမိုကရေစီ ဓလေ့များ အသားကျပြီ မှတ်ယူကြလေ့ ရှိသည်။
          စဉ်းစားကြသူတို့က အကယ်၍ ၂၀၁၅ တွင် လွှဲပြောင်းရမည့် အနေအထားမျိုး ပေါ်ပေါက်ခဲ့သော် ဒီမိုကရေစီဓလေ့ ပြည့်ဝစွာ ကျင့်သုံးနိုင်ကြမည်လား၊ သို့တည်း မဟုတ် မကြာခင်ကမှ စတင်ခဲ့သည့် နိုင်ငံရေး ပြိုင်ပွဲစည်းကမ်းများ ပျောက်ပျက်သွား မည်လား တွေးတောစိုးရိမ်ကြခြင်း ဖြစ်သည်။
          မြန်မာ့ ဒီမိုကရေစီ အကူးအပြောင်း ကိစ္စကို ပညာရှင် မျက်စိဖြင့် ကြည့်သည့် နိုင်ငံရေး သဘောတရားဆရာ လယ်ရီဒိုင်းမွန်းက ၂၀၁၅ တွင် အကျပ်အတည်း ရှိနိုင်သည်ဟု ရှုမြင်ပြီး၊ ယင်းအကျပ်အတည်းကို ကျော်လွှားနိုင်ရန်အတွက် အင်အားစုကြီးများအကြား နိုင်ငံရေး သဘောတူညီချက် (political pact) တစ်ခု ရရှိဖို့ လိုသည်ဟု သုံးသပ်သည်။ နိုင်ငံရေး ပြိုင်ပွဲမှ ထွက်ပေါ်လာနိုင်သည့် မသေချာသော ရလဒ်အတွက် စိုးရိမ်ပူပန်ခြင်း၊ ရလဒ်ထွက်လာပြီးမှ လက်မခံနိုင်ဟု ငြင်းဆန်ခြင်း စသည့် ပြဿနာများကို တားဆီးနိုင်ရန်အတွက် အင်အားကြီးအုပ်စု အားလုံး လက်ခံနိုင်သည့် ရလဒ်တစ်ခုကို ကြိုတင် ညှိနှိုင်း သတ်မှတ်ပြီး၊ ယင်းအတိုင်း အဖြေထွက်အောင် ကစားခြင်းမျိုး ဖြစ်သည်။
          သည်သဘောအရ သူ တင်ပြသည့် နည်းလမ်းတစ်ရပ်က ရွေးကောက်ပွဲစနစ်ကို ပြုပြင်ဖို့ ဖြစ်သည်။
          ယခု ကျင့်သုံးနေသည့် မဲများသူ အနိုင်ယူ (First-past-the post) စနစ် [မဲ အများဆုံးရသူက တစ်မဲတည်းပဲ သာသည်ဖြစ်စေ အနိုင်ရ၍၊ တစ်မဲနှင့် ကပ်ရှုံးလျှင်လည်း လုံးဝ အရှုံး ဖြစ်သည့်စနစ်] အစား၊ အချိုးကျ ကိုယ်စားပြုသော (proportional representation) စနစ် [ပါတီအသီးသီးတို့က မဲဆန္ဒနယ်မြေအားလုံး၌ မိမိတို့ ရရှိသည့် စုစုပေါင်း မဲအရေအတွက်ပေါ် မူတည်၍ လွှတ်တော် ကိုယ်စားလှယ် ဦးရေကို အချိုးကျရရှိသည့်စနစ်] ကျင့်သုံးမည်ဆိုလျှင် တစ်ပါတီတည်းက အပြတ် အသတ် အနိုင်ရ၍ တစ်ဖက်သူတို့ စိုးရိမ် ပူပန်လောက်အောင် ကြီးစိုးလွှမ်းမိုးသွားသည့် အနေအထားမျိုး ဖြစ်ပေါ်နိုင်မည် မဟုတ်ဟု ဆိုသည်။
          သူက မဲများသူ အနိုင်ယူစနစ်နှင့် အချိုးကျစနစ်တို့ကို ပေါင်းစပ် အသုံးပြုနိုင် ကြောင်းလည်း အကြံပြုသည်။
          သည်တွင် ဖြစ်စေချင်သော ရေတို ရလဒ်တစ်ခုကို မျှော်မှန်းကာ ရွေးကောက်ပွဲစနစ်ကို ပြင်ဆင်ခြင်းသည် သင့်မသင့်ကို လည်းကောင်း၊ ယင်းစနစ်မျိုးမှ မည်သို့သော မလိုလားအပ်သည့် ရလဒ်များ ပေါ်ထွက်လာနိုင်သေးသည်ကို လည်းကောင်း စဉ်းစားဖို့ လိုပါလိမ့်မည်။
          ထို့ပြင် အင်အားစုကြီးများမှ ဦးဆောင်သူတို့ ညှိနှိုင်းကာ နိုင်ငံရေး လမ်းကြောင်းကို သတ်မှတ် ပြဋ္ဌာန်းကြမည်ဆိုလျှင် အများပြည်သူကို လျစ်လျူရှုရာ ရောက်သဖြင့် ဒီမိုကရေစီ သဘောမပြည့်ဝဟု ဆိုစရာလည်း ရှိပါသည်။ ဒီမိုကရေစီ ဆိုသည်က လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများသည် အယူအဆမျိုးစုံ ရှိသူတို့ ၀င်ရောက် ယှဉ်ပြိုင်ကြလျက် ပြည်သူတို့က မိမိတို့ နှစ်သက်သူ၊ မိမိတို့နှင့် သဘောထားချင်း တူညီသူတို့ကို ရွေးချယ်ပေးရခြင်းဖြစ်ရာ ရလဒ်သည် ပြည်သူ့ ဆန္ဒပေါ်တွင် မူတည်သည်။ အဲဒါကြောင့်လည်း ဒီမိုကရေစီ (လူထု-အုပ်စိုးမှု) စနစ် သို့မဟုတ် ပြည်သူ့ကိုယ်စားလှယ်များ အုပ်စိုးသော စနစ်ဟု ခေါ်ကြခြင်း ဖြစ်သည်။ ရလဒ်ကို ကြိုတင် ညှိနှိုင်းရယူကြမည်ဆိုလျှင် ဒီမိုကရေစီနှင့် ကွာဟသွားလိမ့်မည်။
          သို့သော် သည်ကနေ့သည် ဒီမိုကရေစီသို့ ဦးတည် ကူးပြောင်းနေဆဲ ကာလသာဖြစ်ရာ ပွင့်လင်းမြင်သာမှု မရှိတာ၊ အများပြည်သူ ပါဝင်ဆွေးနွေးခွင့် မရှိရုံမက သိခွင့်ပင် မရှိတာ စသည့် ဒီမိုကရေစီ မပြည့်ဝမှုတွေက ဟိုမှာ သည်မှာ ရှိနေဦးမည်သာ ဖြစ်သည်။
          တစ်ဖက်တွင် နယ်ပယ်စုံမှ နိုင်ငံရေး ဦးဆောင်သူများအကြား ဆက်ဆံမှု တိုးတက်လာခြင်းကမူ ပြည်သူတို့အတွက် ၀မ်းမြောက်စရာဟု ဆိုချင်သည်။
          မကြာမီက သတင်းဓာတ်ပုံတစ်ခုတွင် ၈၈ မျိုးဆက် ခေါင်းဆောင်များနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ လည်ကတုံး ရှပ်အင်္ကျီဖြူ ကိုယ်စီ ဆင်မြန်းလျက် ညီရင်းအစ်ကိုများပမာ တစ်သားတည်း ဆင်တူစွာ တွေ့မြင် ရသည့်အခါ အံ့သြ၀မ်းသာမိရသည်။
          NLD  ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်တို့ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံရှေ့တွင် အတူတွဲရပ်ကြသည့် ရှုခင်းကို မြင်တွေ့ကြ ရပြီးနောက်၊ NLD  ပါတီ ရွေးကောက်ပွဲဝင်လာခြင်း၊ ဒေါ်အောင်ဆန်း စုကြည်အား လွှတ်တော်က ကြိုဆိုခြင်းများ ဆက်လက် ဖြစ်ပေါ်ခဲ့သည်ကို ထောက်ရှုကာ ၈၈ တို့ကိုလည်း နိုင်ငံရေးပြိုင်ပွဲသို့ စတင် လက်ကမ်း ကြိုဆိုလိုက်ခြင်း ဖြစ်သည်ဟု ရှုမြင်မိသည်။
          တစ်ဖက်တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတို့တွင် ဆက်လက် ဆောင်ရွက်ဆဲ အဆင့်မှာပင် ရှိနေသေးသော်လည်း ငြိမ်းချမ်းရေး ကိစ္စကို တောက်လျှောက် တာဝန်ယူ ဆောင်ရွက်လာခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အရ နောက် အစိုးရလက်သို့ လွှဲပြောင်းပေးရမည့် ၂၀၁၅ မတိုင်မီ တိုင်းရင်းသားပေါင်းစုံ၊ နိုင်ငံရေးပါတီစုံ ပါဝင်သည့် အစည်းအဝေးကြီးတစ်ရပ် ကျင်းပပြီး အနာဂတ်အရေး ဆွေးနွေးနိုင်ရန် ရည်ရွယ် ကြိုးပမ်းလျက် ရှိကြောင်း ကြားသိရရာ ဗဟိုနှင့် ဒေသ အသီးသီးရှိ နိုင်ငံရေး ဦးဆောင်သူများအကြားတွင်လည်း ဆက်သွယ်မှု၊ ဆွေးနွေးမှု၊ ညှိနှိုင်း အဖြေရှာမှုများ တိုးတက်လျက် ရှိသည်ဟု ဆိုနိုင်သည်။
          ပြန်ချုပ်သော်
          အနာဂတ် မြန်မာ့နိုင်ငံရေး အထူးသဖြင့် ၂၀၁၅ အရေးနှင့် စပ်လျဉ်း၍ စိုးရိမ်မကင်းမှုများရှိသည့်တိုင် နိုင်ငံရေးတွင် သက်ဆိုင်ရာ အစိတ်အပိုင်း အသီးသီးမှ ဦးဆောင် ဖန်တီးနိုင်စွမ်းရှိသူတို့အကြား အင်အားသုံး ပြိုင်ဆိုင်မှုများထက် ညှိနှိုင်း အဖြေရှာသည့် ဘက်သို့ ရွေ့လျားလာနေသည်ဖြစ်ရာ ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ်အတွက် မျှော်လင့်ချက်များ တိုးတက်လျက် ရှိသည်ဟု ဆိုချင်ပါသည်။       

Thursday, July 12, 2012

မြန်မာ မီဒီယာ ဘာလဲ ဘယ်လဲ ဆွေးနွေးပွဲ



ယနေ့ မီဒီယာအကြောင်းဆွေးနွေးပွ္ပဲမှာ ဦးဆောင်ဆွေးနွေးသူများ၊ ချင်းမိုင်း တက္ကသိုလ်၊ ဓာတ်ပုံများ- ဧရာဝတီ

ဒီကနေ့ ချင်းမိုင်းတက္ကသိုလ်ထဲက Social Research Center မှာ လုပ်တဲ့ Burma Now: Accessing The Reforms, Part 3, Evolving Media Landscapes အမည်ရ ဆွေနွေးပွဲမှာ အဓိက ဆွေးနွေးသူများက မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲ မီဒီယာရဲ့ အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးသွားကြပါတယ်။


ဆွေးနွေးပွဲ တက်ရောက်လာကြသူများ
ဆွေးနွေးပွဲမှာ စာပေစိစစ်ရေးကြောင့် ပြည်တွင်း သတင်းမီဒီယာလောက ပွင့်လင်းမှု မရှိသေးတဲ့ အခြေအနေ၊ ဆက်လက် ရုန်းကန်ကြရ အုံးမယ့် အနေအထား၊ ပြည်ပမီဒီယာတွေရဲ့အခန်းကဏ္ဍနဲ့ အခု မီဒီယာလောကမှာ ထည့်သွင်းရမလိုဖြစ် လာတဲ့ ဖေ့စ်ဘုတ် (Facebook) အသုံး တွင်ကျယ်လာမှုတွေကိုလည်း အလွန် စိတ်ဝင်စား ဖွယ် ပြောဆိုသွားကြပါတယ်။



ဦးဆောင်ဆွေးနွေးသူတွေဖြစ်တဲ့ ချင်းမိုင်တက္ကသိုလ်က Dr. Jennifer Leehey က Burma’s Media in the 1990’s and the Media’s Role in Burma’s Democratic Transition၊ ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်က Media Reforms in Burma and the Capacity of Native Journalists in Burma၊ ကရင် သတင်းစင်တာက အယ်ဒီတာ နန်းဖောဂေး က Burma’s Ethnic Media နဲ့ ဖေ့စ်ဘုတ် သုံးစွဲမှု စောင့်ကြည့် သုတေသနပြုနေသူ မမွန်မွန်မြတ်က The Rise and Impact of Social Media in Burma တို့ကို အလွန် စိတ်ဝင်စားဖွယ် ဆွေးနွေး တင်ပြသွားကြပါတယ်။


အမေးအဖြေတွေကလည်း အတော်အသက်ဝင်ပြီး မေးသူနဲ့ ဖြေသူများကြားပါမက ပရိတ်သတ် ၇၀ ကျော်ကို လည်း ဖမ်းစား ခဲ့ပါတယ်။



လယ်သမားတွေ ထွန်တုံးတိုက်ပွဲ စပြီ


မန္တလေးတိုင်း မိထ္တီလာခရိုင် မြို့နယ် ၄ မြို့နယ်ရှိ သိမ်းဆည်းခံ လယ်မြေများ ပြန်ရရေးအတွက် အဆိုပါ လယ်မြေများပေါ်တွင် ၀င်ရောက် ထွန်ယက်မှုများကို ယနေ့မှ စ၍ ၃ ရက်ကြာ ပြုလုပ်မည်ဖြစ်ကြောင်း လယ်သမားများက ပြောသည်။
“ကျနော်တို့ပိုင်တဲ့ လယ်တွေ ပြန်ရဖို့ လုပ်တာပါ။ ထွန် ရှဉ်း ၉ ရှဉ်းနဲ့ တပြိုင်တည်း ထွန်နေကြတာပါ။ အရေးယူခံရမှာ မကြောက်ပါဘူး။ မစိုးရိမ်ပါဘူး။ ကိုယ်ပိုင်တာ ရအောင်လုပ်လို့ ကိုယ့်ဘက်က မှန်တယ်လို့ ထင်တယ်။ သမ္မတကြီး ဆီကိုလည်း လယ်တွေ ပြန်ရရေး စာတင်ထားပါတယ်” ဟု ၀မ်းတွင်းမြို့နယ် အိုးပြွန်ကန် ကျေးရွာမှ လယ်သမား ဦးကျော်ဝင်းက ပြောသည်။
ထိုကဲ့သို့ ဝင်ရောက်ထွန်ယက်ခြင်းကို လယ်သမားများက ထွန်တုံးတိုက်ပွဲဟု အမည်ပေးထားကြောင်း သိရသည်။
ဒေသခံ တောင်သူ ၁၈ ဦးပိုင် လယ်ယာမြေ ဧက ၇၀ ကျော်ကို ကောင်းကင် ကုမ္ပဏီက ကုမ္ပဏီပိုင်မြေအဖြစ် ယမန်နှစ် နိုဝင်ဘာ လက သိမ်းဆည်းခဲ့ကြောင်း၊ လျော်ကြေး တစုံတရာလည်း မရရှိကြောင်း၊ ယခုအခါ အဆိုပါ မြေများ၏ တချို့အစိတ်အပိုင်းများတွင် သရက်ပင်နှင့် သနပ်ခါးပင်များကို စိုက်ပျိုးထားကြောင်း ဦးကျော်ဝင်းက ဆိုသည်။
ထို့အတူ မိထ္ထီလာမြို့နယ်၊ မလှိုင်မြို့နယ်၊ ၀မ်းတွင်းမြို့နယ်နှင့် သာစည်မြို့နယ်များရှိ အဓမ္မ သိမ်းဆည်းခံထားရသော လယ်မြေ ဧက ၃၀၀ နီးပါးတွင်လည်း သိမ်းဆည်းခံ လယ်မြေပြန်ရရေးအတွက် ထွန်ယက် စိုက်ပျိုးမှုများလုပ်နေပြီး တချို့လယ်ယာမြေများမှာ ထွန်ယက်မရသည့်အတွက် မိမိပိုင်မြေအဖြစ် တိုင်စိုက်မှတ်သားမှုများ ပြုလုပ်ကြသည်ဟု လယ်ပိုင်ရှင်များက ပြောသည်။
လယ်ယာမြေ ပြန်လည်ရရှိရေးအတွက် သိမ်းဆည်းခံလယ်မြေများတွင် ၀င်ရောက်ထွန်ယက်မှုများ ပြုလုပ်သည်ကို မြို့နယ်အုပ်ချုပ် ရေးရုံး တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့မှ စောင့်ကြည့်မှုများ၊ ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်း ရိုက်ယူခြင်းများ ပြုလုပ်နေသည်ဟု လယ် သမား များကို ကူညီသူများက ပြောသည်။
“အနှောင့်ယှက်တော့ မပေးပါဘူး။ ကုမ္ပဏီနဲ့ လယ်သမားတွေကြား ညှိနှိုင်းပေးမယ်ဆိုတဲ့ သဘောမျိုး၊ ပြဿနာ မဖြစ်အောင် ထိန်း ထိန်းသိမ်းသိမ်းလုပ်တဲ့ အနေအထားမျိုးပေါ့လေ။ ခရိုင်အုပ်ချုပ်ရေးမှူးကတော့ ဒီကိစ္စကို ဖြေရှင်းပေးပါမယ် ပြောတယ်” ဟု မိထ္တီလာမြို့ ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ဒေါ်မြင့်မြင့်အေးက ပြောသည်။
မလှိုင်မြို့နယ် တပ်ကုန်းအုပ်စု သရက်ခြံကျေးရွာ အမြန်လမ်းမ မိုင်တိုင် ၂၄၇ အနီးရှိ လယ်ယာမြေများကို ရန်ကုန်-မန္တလေး အဝေးပြေးလမ်း ဖောက်လုပ်စဉ်က ခေတ္တသိမ်းယူခြင်းဟုဆိုကာ သိမ်းဆည်းခဲ့ပြီး ယနေ့ချိန်အထိ လယ်ပိုင်ရှင်များ ပြန်လည် ထွန်ယက်ခွင့် မရခဲ့ကြောင်း သူက ဆိုသည်။
“အမြန်လမ်းဖောက်ဖို့ ခေတ္တသိမ်းတယ်ဆိုပြီး ဆောက်လုပ်ရေးဌာနက သိမ်းထားတာ၊ အခုထိ ပြန်မရသေးဘူး။ လယ်ယာမြေ ဥပဒေ အရ တောင်သူတွေ ပြန်ရပိုင်ခွင့်ရှိတဲ့မြေ ဖြစ်တဲ့အကြောင်း၊ သမ္မတဆီ ပြီးခဲ့တဲ့အပတ်က စာတင်ထားတယ်။ သာစည် ဘက်က ဆိုရင်လည်း အသိမ်းခံရတာ နှစ် ၂၀ ကျော်တဲ့ လယ်မြေတွေပါတယ်” ဟုလည်း ဒေါ်မြင့်မြင့်အေးက ပြောသည်။
၎င်းကဆက်၍ “မလှိုင် မြို့နယ်၊ ရွာသစ်နဲ့ မန်ကျည်းကန်ကြားဆိုရင်လည်း ၂၀၀၄ ခုနှစ်ကတည်းက ရွာတဆက်တည်း ဖြစ်အောင် လုပ်ဖို့ တန်ဖိုးနည်း အိမ်ရာ စီမံကိန်း လုပ်မယ်ဆိုပြီး သိမ်းထားတာကို စာသင်ကျောင်းပဲ ဆောက်ထားသေးတယ်။ ကျန်တာဘာမှ မလုပ်ဘူး။ သိမ်းထားတာကြာတော့ လယ်တွေက အခု ပြန်ဖော်နေရတယ်” ဟု ပြောဆိုသည်။
မိတ္ထိလာ မြို့နယ်တွင်သာမက တခြားသော ပြည်နယ်နှင့် တိုင်းတချို့တွင်လည်း အလားတူ လယ်ယာမြေများ သိမ်းဆည်းခံ ထားရသဖြင့် လယ်သမားများက ၎င်းတို့ပိုင် လယ်မြေများအတွင်း ဝင်ရောက်ထွန်ယက်သော ထွန်တုံးတိုက်ပွဲ လှုပ်ရှားမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။
လယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် ဥပဒေပြဌာန်းခဲ့သည့် ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် စီမံကိန်းများအတွက် လယ်မြေများ သိမ်းယူခြင်း၊ လက်ဝါးကြီးအုပ် မြေရှင်စနစ် ကြီးစိုးလာခြင်း၊ မြို့ပြချဲ့ထွင်မှု၊ စက်မှုဇုန်များ ထူထောင်မှု၊ တပ်မြေတိုးချဲ့မှု၊ နိုင်ငံပိုင် စက်ရုံအလုပ်ရုံများနှင့် စိုက်ပျိုးမွေးမြူရေး ပုဂ္ဂလိက ချထားပေးခြင်း ဆောင်ရွက်မှုများတွင် မြေသိမ်းဆည်းမှုများ ဖြစ်ပွားပြီး လယ်ယာမြေ ပိုင်ရှင်များမှာ ထိခိုက်နစ်နာမှုများ ကြုံတွေ့ခဲ့ကြရသည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်နှင့် ပွင့်လင်းမြင်သာမှုများ ရှိလာသည်ဟု ဆိုကြသည်နှင့် အညီ လယ်ယာမြေသိမ်းဆည်းခံ တောင်သူလယ်သမားများ၏ လယ်ယာမြေ ပြန်လည်ရလိုမှု ဆန္ဒထုတ်ဖော်မှုများ၊ လှုပ်ရှားမှုများလည်း ဆက်တိုက် ဆိုသကဲ့သို့ ဖြစ်ပေါ်လာနေသည်။
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့အပါအ၀င် အခြားသော လူမှုရေး၊ ဥပဒေရေးရာ ကျွမ်းကျင်သူများက တောင်သူ လယ်သမားများ၏ အခွင့်အရေးအတွက် ကူညီဆောင်ရွက်မှုများ တိုးမြင့်ပြုလုပ်လာကြပြီး ဧရာဝတီတိုင်း ဇလွန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် အမတ် ဦးတင်ထွတ်ကလည်း လယ်ယာမြေ သိမ်းဆည်းခံထားရခြင်းများကို စုံစမ်းလေ့လာ ဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှု မရှိစေရေး၊ တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရေးတို့အတွက် လက်ရှိကျင်းပနေသော လွှတ်တော်တွင် အဆိုတင်သွင်း မှုများ ပြုလုပ်သည်။
ဇာနည်မာန်

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း တတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ပွဲ







ရွှေဂုံတိုင် တော်ဝင်နှင်းဆီ ငြိမ်းချမ်းခန်းမတွင် ယနေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည့်
ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း၏ တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲနှင့် အလှူရှင်များဂုဏ်ပြုပွဲ အခမ်းအနား မြင်ကွင်းဓာတ်ပုံများ။

ပြည်ထောင်စု အနာဂတ် အတွက် တိုင်းရင်းသားများ စည်းလုံးစို့... နေမျိုးဇင်




 
မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှ ညှိနှိုင်း ဆောင်ရွက်ရေး တာဝန်သိသူ ကိုနေမျိုးဇင်သည် ကချင်ပြည်နယ်မှ ငြိမ်းချမ်းရေး ဖေါ်ဆောင်ကြိုးပမ်းသူ ကချင် လူငယ်အဖွဲ့ တဖွဲ့ဧ။် ဖိတ်ကြားချက်အရ အခြားသော ငြိမ်းချမ်းရေး လှုပ်ရှားသူ အဖွဲ့ ၆ ဖွဲ့နှင့် အတူကချင်ပြည်နယ်သို့သွားရောက်ခဲ့ပါသည်။ကျနော်က လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း ၊ ဦးရဲလွင်တို့ အဖွဲ့မှာလည်း ငြိမ်းချမ်းရေးစစ်ဘေးသင့် ပြည်သူများကူညီရေး ရန်ပုံငွေ ရှာဖွေဖျော်ဖြေတဲ့ပွဲ တွေမှာလည်း ပါဝင်ခဲ့ပါတယ်။ ပန်းရဲ့ လမ်း အဖွဲ့ဝင်လည်း ဖြစ် မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှာလည်း ပါဝင်လုပ်ဆောင်နေသူဖြစ်ပါတယ်။

    • အခု ကျနော် သွားခဲ့တဲ့ ခရီးစဉ် ကိုးရက်ကြာ အတွင်း နိုင်ငံ့ ရှေ့ရေးနဲ့ ပတ်သက်ပြီး အလွန် အရေးကြီးတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဟာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မရှိမဖြစ် ကဏ္ဍမှာ တည်ရှိကြောင်း လေ့လာသိရှိခဲ့ရပါတယ်။

      ကချင်လူငယ် ငြိမ်းချမ်းရေး ကွန်ယက်တခုက ဦးဆောင်ပြီး ကျနော်တို့ကို ဖိတ်ခေါ်လို့ ကျနော်လည်း တခါ မှ မရောက်ဖူးတဲ့ မူဆယ် မြို့ကနေ တရုတ်နိုင်ငံထဲထိ လည်ပတ် လေ့လာခွင့်ရခဲ့ပါတယ်။ ကျနော့် ဘ၀ အတွက်တော့ ဒီ ခရီးစဉ်ဟာ ပထမဆုံးပါ။ ရှမ်းပြည်ဆို နောင်ချိုမြို့ကို လွန်ခဲ့တဲ့ ငါးနှစ်လောက်က တခါပဲ ရောက်ခဲ့ဖူးပါတယ်။ အခုတော့ မိတ်ဆွေများ ကောင်းမှုနဲ့ ကျနော်ဟာ တရုတ်ပြည် ရွှေလီ( သူတို့အခေါ် ရွေလီ) နဲ့ ယန်ကျန်း မြို့တွေ တခြား နယ်မြို့တွေကို ကားနဲ့ ငါးနာရီလောက် ဖြတ်သန်းမောင်းနှင်သွားတဲ့ ခရီးကို သွားရပါတယ်။

      တရုတ်နိုင်ငံ ကြယ်ခေါင် အ၀င်ဂိတ်တွင် ဇူလိုင်လ ငါးရက်နေ့က အမှတ်တရ

      မြန်မာဘက်ခြမ်း မူဆယ် လောက် ရောက်ရင်ကိုပဲ နယ်စပ်နဲ့နီးလာတဲ့ တိုးတက်မှု ခေတ်မှီမှုနဲ့ တရုတ် ဘာသာ ကြီးစိုးနေမှုတွေကို သိသိသာသာ တွေ့လာရပါတယ်။ နေရာ တကာ တရုတ် လုပ် ပစည်းတွေ ချည်း လွှမ်းမိုးထားပါတယ်။

      ဒါပေမယ့် နယ်စပ် ကူးမယ့် ဂိတ်ကြီးလည်း ရောက်ရော အရမ်းကို ကြေကွဲဝမ်းနည်းရလောက် အောင် တရုတ်တွေ ဘက်က ခမ်းနားကြီးကျယ်စွာ အဆောက်အဦးတွေ စီတန်း စနစ်ကျနစွာ တည်ရှိနေတာကို ဓါတ်ပုံပါ အတိုင်း မြင်လိုက်ရတော့ နေရာတကာ အမှိုက်တွေ ဓါတ်ကြိုးတွေနဲ့ ကွမ်းတံတွေးတွေ ပွရှုပ်နေတဲ့ အမိမြန်မာပြည်က မြို့တွေ၊ အထူး သဖြင့် ရန်ကုန်ကို ရမ်းရော် မှန်းမျှော် ၀မ်းနည်း မိပါတယ်။ ကျနော်တို့ နိုင်ငံဟာ အချင်းချင်း စစ်တွေဖြစ်၊ နိုင်ငံသားချင်း အတင်း ဖိနှိပ်အုပ်ချုပ် ရက်စက်ခဲ့တဲ့ စစ်အုပ်ချုပ်ရေး စနစ်အောက်မှာ ပြားပြားမှောက်ရင်း တိုင်းပြည် အခုလို သိပ်ဆင်းရဲ နောက်ကျ ကျန်ခဲ့ပါလား ဆိုတဲ့ အတွေး တစ က တရုတ်နယ် ခြေ အချမှာပဲ တ၀ဲလည်လည်ပါ။

      ဘတ်စ်ကားပဲ စီးစီး ကိုယ်ပိုင်ကားပဲ မောင်းမောင်း အမြဲ ခါးနာလောက်အောင် ချိုင့်ခွက်တွေ လမ်းပျက်တွေ ပြည့်နေတဲ့ မြန်မာ့ အမြဲဖါ လမ်းမ များနဲ့ တရုတ်ပြည်က ဖြူးဖြောင့်ရှင်းလင်း သပ်ရပ်ညီညာလှပ ချောမွေ့နေတဲ့ လမ်းတွေကတော့ တကယ့်ကို တခြားစီပါပဲ။ လမ်းခင်းတဲ့ အင်ဂျင်နီယာတွေ လမ်းခင်းပညာ မတတ်လို့လား သို့မဟုတ် ခေတ်ကိုက အပြိုင်အဆိုင် ပြည်သူ့ဘဏ္ဍာ ဒို့ ဘဏ္ဍာဆိုပြီး ဘုန်းခဲ့ ကြလို့ တနိုင်ငံလုံး လမ်းပီသ တဲ့ လမ်းတွေ မရှိခဲ့တာလား ဆိုတာကို ငြိမ့်ညောင်းလှတဲ့ တရုတ်လုပ် ကားပေါ်မှာ စီးရင်း ကိုယ့် အမိမြေကိုပဲ ရမ်းရော်ပုံဖေါ်ခဲ့မိပါတယ်။



      တရုတ်နိုင်ငံ ကြယ်ခေါင်၊ ရွှေလီနဲ့ ယန်ကျန်းမြို့တွေဖြတ်ပြီး မြန်မာနိုင်ငံ ကချင် တိုင်းရင်းသားများ နေထိုင်ရာ ဒေသ ဖြစ်တဲ့ လိုင်ဇာမြို့ကို ငါးနာရီလောက် ကားစီးခဲ့ရပါတယ်။ ငြိမ့်ညောင်းလှတဲ့ ကားနဲ့ ချောမွတ်နေတဲ့ တောင်ပတ်လမ်းတွေကို အရှိန်ပြင်းပြင်း မောင်းနှင်တာတောင် ကား တချက် မခုန်ပါ။ ကျနော် တိုင်းတပါး တရုတ်ပြည်က တိုးတက်မှုတွေကိုတော့ အားကျပါတယ်။ ဒါပေမယ့် အမိပြည်ထောင်စု မြန်မာနိုင်ငံကနေ ဂုတ်သွေးစုပ်နေတဲ့ စီးပွားရေး စနစ်နဲ့ နိုင်ငံရေး အရ စီးပိုးချယ်လှယ်မှုတွေကိုတော့ လုံးလုံး သဘောမကျပါ။

      ဒါနဲ့ပဲ ကချင် ကေအိုင်အို ထိန်းချုပ်ရာ လိုင်ဇာမြို့ဆီ ရောက်ခဲ့ပါတယ်။

      ကချင် ဒေသ လည်း ရောက်ရော စစ်ဘေးဒါဏ်ကြောင့် အတိ ဆင်းရဲ ဒုက္ခ္ခ္ခရောက်နေကြတာကို တွေ့ရတော့ ရင်ဆို့မတတ် ၀မ်းနည်းမိပါတယ်။ သနားစရာ ကလေးသူငယ်လေးတွေ ၊ ဖခင်မဲ့နေတဲ့ ကလေးတွေ၊ စားစရာချို့ငဲ့စွာနဲ့ ငရုတ်သီးစိမ်းကို ဟင်း အဖြစ် တို့စားနေရတာလေးတွေ တွေ့ပြီးတဲ့ နောက် ကျနော်ဟာ စစ် ဆိုတာကို အတော်လေး ရွံရှာလာမိပါတော့တယ်။

      ပိုပြီး စိတ်မကောင်းဖြစ်စရာ အဖြစ် ကချင် ကလေးသူငယ် လူမှန်းသိတတ်စ ကိုးနှစ်ဆယ်နှစ်သား လေးတွေဟာ ဗမာ ဆိုရင် ခါးခါးသည်းသည်း မုန်းတည်းနာကျည်းနေတာပါပဲ သူတို့ အဖေကို ဗမာ သတ်တယ်။ သူတို့ ယာကို ဗမာဖျက်တယ်။ သူတို့ ကျွဲနွားကို ဗမာသိမ်းသွားတယ်။ သူတို့ အခုလို တောထဲ တောင်ထဲမှာ ပုန်းအောင်းနေရတာဟာ ဗမာစစ်တပ်က သူတို့ကို လိုက်သတ်နေလို့ ဆိုတဲ့ အမြင်လေးတွေ ကြားရတော့ မြေပြန့်သား ဗမာ ကျနော်တို့တွေ လွန်စွာ စိတ်မကောင်းဖြစ်ရပါတော့တယ်။ လက်ရှိ တိုင်းရင်းသား ဒေသတွေမှာ ထိုးစစ်ဆင်နေတာတွေ၊ တိုင်းရင်းသား တပ်ဖွဲ့ အချင်းချင်း ရက်စက်စွာ အပြန်အလှန် သတ်ဖြတ်နေကြတာတွေ၊ စတဲ့ ပြည်တွင်းစစ်မီး တောက်လောင်နေမှု အတွက် ဗမာမြေပြန့်သား အရပ်သူ အရပ်သားတွေထဲမှာ ၉၉ ရာခိုင်နှုန်းက မနှစ်သက် မထောက်ခံဘူး လို့ ဆိုနိုင်ပါတယ်။ ဘယ်သူ ဘယ်ဘက်က လွန်တယ်၊ ရက်စက်တယ်လို့တော့ မဝေဖန်လိုပေမယ့် ။ အင်အားကြီးသူက အငသက်ညှာစွာနဲ့ ပြည်ထောင်စု အနာဂတ် အရေးအတွက် ရင့်ကျက်တဲ့ အမြော်အမြင်ဆင်ခြင်တုံ တရားနဲ့ ပြုကျင့်သင့်တယ်ဆိုတာကိုတော့ ပြည်သူတိုင်းက သိကြပါတယ်။ ဖြစ်စေချင်ကြပါတယ်။

      ဖြစ်သလို ဆောက်လုပ်ထားတဲ့ ၀ါးတဲတွေမှာ ယာယီ ရွက်ဖျင်တဲ ကြီးတွေမှာ မိသားစုလိုက် ပြွတ်သိပ်ကျပ်စွာ နေထိုင်စားသောက်ရင်း ကူညီစောင့်ရှောက်ပေးကမ်းမယ့် သူကို မျှော်နေရတဲ့သူတို့ ဘ၀ ဟာ တနှစ်ကျော်လာခဲ့ပါပြီ။

      ငြိမ်းချမ်းရေး ရဲ့ အရိပ်အယောင်ကိုတောင် သူတို့ မမြင်ရသေးပါ။

      ကျနော်တို့ ပြည်ထောင်စု မြေပြန့်သားတွေ အနေနဲ့ တောင်ပေါ်ဒေသ နယ်စပ်တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပွားနေတဲ့ လူမျိုးရေး မုန်းတီးမှုကြီးထွားစေတဲ့ အခုလို ပြည်တွင်း စစ်တွေကို ပြည်ထောင်စုကြီး ရေရှည်တည်တံ့ ငြိမ်းချမ်းရေး အတွက် ရှေးရှုသော ရင့်ကျက်တဲ့ အမြင်တွေနဲ့လူမျိုးရေး ကို အခြေခံတဲ့ အမုန်းတရားတွေ မဖြစ်စေဖို့ ၀ိုင်းဝန်းထိန်းသိမ်း ကြရမှာဖြစ်တယ်။ ဒါမှသာ ပြည်ထောင်စု ရေရှည် တည်တံ့ခိုင်မြဲပြီး တိုင်းရင်းသားတိုင်း တန်းတူညီမျှတဲ့ အခြေခံ ရပိုင်ခွင့်တွေ နဲ့ မျှတသော အခွင့်အရေးအသိအမှတ်ပြုမှု ဥပဒေတွေ ပေါ်ထွက်လာအောင် လွှတ်တော်တွင်းပြင် လှုပ်ရှားမှုတွေနဲ့ တည်ဆောက်ရမှာဖြစ်သလို၊ အပြင်ပ လက်တွေ့ဆက်ဆံရေး ယဉ်ကျေးမှုတွေအားဖြင့်လည်း တိုင်းရင်းသားအချင်းချင်း အပြန်အလှန် နားလည်မှုနဲ့ ယိုင်းပင်း ယုံကြည်စိတ်တွေ ခိုင်မြဲလာအောင် နွေးထွေးလှိုက်လှဲမှုနဲ့ ဖေးမ ကူညီစောင့်ရှောက် လက်တွဲကူညီ ကာကွယ်မှုတွေကို ကျနော်တို့လို မြေပြန့်သားတွေက စူးစိုက် လုပ်ဆောင်သင့်တဲ့ အချိန်လည်းဖြစ်ပါတယ်။

      ယခု ကျနော် တင်ပြတဲ့ ဓါတ်ပုံ ၊ ဗီဒီယိုဖိုင်တွေဟာ ပြီးခဲ့ ရက်ပိုင်းအတွင်းက တွေ့ဆုံ မှတ်တမ်းတင်လာတဲ့ တိုင်းရင်းသား လက်တွေ့ဘ၀ တွေဖြစ်ပါတယ်။ နှလုံးသားဖြင့် စူးစိုက်ပြီး ပြည်ထောင်စု စိတ်ထားဖြင့် မြန်မာနိုင်ငံသား အားလုံး တန်းတူညီမျှ ပါဝင် တည်ထောင်ကြိုးပမ်းမှ တိုးတက်လာမည်ဖြစ်သော မြန်မာ့ အနာဂတ် အရေး အတွက် တတ်နိုင်သည့်ဘက်မှ အားလုံး ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ပါကြောင်း ကူညီကြရန် မေတ္တာရှေ့ ထားပြီး ကျွန်တော်ဆီသို့ ဆက်သွယ်ကြရန် အထူးတင်ပြအပ်ပါသည်။ဂျိမ်းဖောမြေ ကချင်ဒေသသို့ နောက်တစ်ခေါက် သွားရောက်ရန် အစီစဉ်ရှိပါသဖြင့် မိမိတို့ တတ်နိုင်သမျှ အလှူများအရေးပေါ်လိုအပ်နေပါကြောင်း တင်ပြလိုက်ရပါသည်။ကချင်ဒေသ အတွက် တတ်နိုင်တဲ့ အကူအညီအားလုံး လိုအပ်နေပါတယ်။ ကျနော် ဖုန်းနံပတ်ကတော့ ၀၉၄၉၃၂၈၅၅၉ ဖြစ်ပါတယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ
       အားလုံးကို လေးစားလျက်
       နေမျိုးဇင်



မြန်မာစာ မြန်မာစကား

Myanmar Sar Myanmar Sarkar

အာဇာနည်နေ့..ဒို့မမေ့




အာဇာနည်နေ့..ဒို့မမေ့

နှစ်တွေဘယ်လိုဟောင်းဟောင်း
ခေတ်တွေဘယ်လိုပြောင်းပြောင်း
မဟောင်းနိုင် မပြောင်းနိုင်တာက
အာဇာနည်နေ့…။

အာဇာနည်နေ့ ဒို့မမေ့
အာဇာနည်စိတ်ဓါတ် ဒို့စိတ်ထဲမှာစွဲကပ်
အာဇာနည်သွေး ဒို့ခန္ဓာကိုယ်မှာမွေး
အာဇာနည်သတ္တိ ဒို့စိတ်ထဲမှာ အမြဲရှိ။

တက္ကသိုလ်ဘုန်းကြွယ်
(ဇူလိုင် ၁၁ ၂၀၁၂)

Who Kill Aung San? ဗိုလ်ချုပ်ကို ဘယ်သူ လုပ်ကြံသတ်ဖြတ်သလဲ?


Who Kill Aung San?
ဗိုလ်ချုပ်ကို ဘယ်သူ လုပ်ကြံသတ်ဖြတ်သလဲ?

ကျနော်တို့ကျောင်းမှာငယ်ငယ်က သင်ခဲ့ရသလို ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်များကို ဦးစော နဲ့ အပေါင်းပါများက လုပ်ကြံခဲ့ပါတယ်ဆိုတဲ့ စာတွေ့သမိုင်းကိုပဲသင်ဖူးခဲ့ပါတယ်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်ကျော်ဇောကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်များကို အင်္ဂလိပ်တွေကပဲ လုပ်ကြံသတ်ဖြတ်တယ်လို့ သမိုင်းမှတ်ချက်ချပါတယ်။

နိုင်ငံလွတ်လပ်ရေးကြိုးဖမ်းခဲ့ကြစဉ်မှာ အာဇာနည်ပေါင်းမြောက်များစွာ အသက်ပေးစတေးခဲ့ကြရပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်များကျဆုံးရတာတော့ သပ်လျှိုသွေးခွဲ ဒလံလုပ်ခံသူ မျက်ကမ်းမျိုးချစ်တွေရယ် နယ်ချဲ့ထောက်လှမ်းရေးမှုးတွေကပဲ လျှို့ဝှက်လုပ်ကြံတာခံလိုက်ရ တာဖြစ်ပါတယ်။ အထောက်အထားတွေကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်များကျဆုံးရမှုကို လိုက်လံစုံစမ်းသူ လန်ဒန်ကရှေ့နေကြီး နဲ့ ရန်ကုန်က အိုင်စီအက်စ် ဦးတင်ထွဋ် တို့ အဖြောင်ခံလိုက်ရတာတွေဟာ လုပ်ကြံခံရမှု ကွင်းဆက်တွေပြတ်သွားစေပါတယ်။

မေးခွန်းတွေ မြောက်များစွာကျန်ရစ်ခဲ့ပါတယ်။ မကြာခင်ကျရောက်တော့မဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ ဂျူလိုင် ၁၉ရက်ဟာ နီးကပ်လာပြီမို့ မြန်မာ့လွတ်လပ်ရေးအာဇာနည်များကို တသလွမ်းဆွတ်မိပါတယ်။ တသတယ်ဆိုတာထက် ယူကျုံးမရဖြစ်ရတာပါ။ ကျနော်တို့နိုင်ငံလွတ်လပ်ရေးမရခင်ကလေးဖြစ်တဲ့ မြန်မာ ခေတ်သစ် ရာဇ၀င်သစ်တခုမစခင် လက်မတင်လေးမှာပဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်များကျဆုံးခဲ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်များ သွေးစွန်းခဲ့ရတဲ့ အဖြစ် ဇစ်မြစ်ကို လိုက်ချင်တယ် ဗဟုသုတရချင်တယ် သမိုင်းသိချင်တယ် ဆိုရင်ဖြင့် ဘီဘီစီက ၁၉၉၇ မှာ ထုတ်လွှင့်ခဲ့ဖူးတဲ့ မှတ်တမ်းအစီအစဉ် ငါးပိုင်းကို ကြည့်ရှူ့ကြပါလို့တိုက်တွန်းလိုပါတယ်။

၁)http://www.youtube.com/watch?v=N003jRV75kc&feature=player_embedded
၂) http://www.youtube.com/watch?v=0EP-3-wTBj8&feature=player_embedded
၃) http://www.youtube.com/watch?v=39jnsh0LyNg&feature=player_embedded
၎) http://www.youtube.com/watch?v=LvLBHhlkeA0&feature=player_embedded
၅) http://www.youtube.com/watch?v=r3huRoNnq2A&feature=player_embedded

အာဇာနည် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်အပေါင်း ကောင်းရာသုဂတိလားပါစေ။

အိုင်စီအက်စ် ဦးတင်ထွဋ် ဆိုတာဘယ်သူလဲ သူ့ကိုယ်ရေး သမိုင်းအထောက်အထား ဝက်ဘ်ပေ့ခ်ျလင့်ခ်
http://wikimyanmar.co.cc/wiki/index.php?title=%E1%80%A1%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%85%E1%80%AE%E1%80%A1%E1%80%80%E1%80%B9%E1%80%85%E1%80%B9_%E1%80%A6%E1%80%B8%E1%80%90%E1%80%84%E1%80%B9%E1%80%91%E1%80%BC%E1%80%8B%E1%80%B9

ကိုကြည့်ရှုကြပါကုန်။

အိုင်စီအက်စ် ဦးတင်ထွဋ်

ဦးတင်ထွဋ်သည် ကိုလိုနီခေတ်အတွင်း မြန်မာ တိုင်းရင်းသားများထဲမှ အိန္ဒိယ ပဋိညာဉ်ခံဝန်ထမ်း (အိုင်စီအက်စ်) အဖြစ် ပထမဆုံး ရွေးချယ်ခန့်ထားခဲ့ရသူ ဖြစ်သည်။ အုပ်ချုပ်ရေး စာရင်းအင်းနှင့် ဥပဒေ ပညာရပ်များကို အင်္ဂလန်တက္ကသိုလ်တွင် လေ့လာဆည်းပူးခဲ့၍ အထူးချွန်ဆုံး ဝန်ထမ်းတစ်ဦး ဖြစ်သည်။ ၁၉၄၁ ခုနှစ်တွင် ဒိုမေနီယန် အုပ်ချုပ်ရေး တောင်းရန် အင်္ဂလန်သို့ သွားသည့် နန်းရင်းဝန် ဦးစော၏ အကြံပေးအဖြစ် တာဝန်ယူခဲ့ရသည်။ ဒုတိယကမ္ဘာစစ် အပြီး အိုင်စီအက်စ် ဝန်ထမ်းဘဝမှ နုတ်ထွက်၍ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရ လက်ထက်၌ ဘဏ္ဍာရေး ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ မြန်မာ့ လွတ်လပ်ရေး အတွက် နောက်ဆုံး နှလုံးရည်တိုက်ပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ ဦးဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

၁၈၉၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြင်းခြံမြို့၌ ဖွားသည်။ အဖ အရေးပိုင် ဦးဖိန်း (ကေအက်စ်အမ်၊ အေတီအမ်)နှင့် အမိ ဒေါ်မိမိ တို့ဖြစ်သည်။ မွေးချင်း ခုနစ်ယောက်တွင် သားအကြီးဆုံး ဖြစ်သည်။ ညီအစ်ကို ၄ ဦးစလုံး အင်္ဂလန်မှ ဘားအက်လော (Barat-Law) ဝတ်လုံဘွဲ့များရ၍ ထူးချွန်ထက်မြက် ထင်ရှားသူများ ဖြစ်ကြသည်။

ရန်ကုန် စိန့်ပေါလ် အထက်တန်းကျောင်း၊ အစိုးရ အထက်တန်းကျောင်း ပဲခူး အစိုးရ အထက်တန်းကျောင်း၊ ရန်ကုန် ကောလိပ်တို့တွင် ပညာသင်ခဲ့သည်။ ရန်ကုန်ကောလိပ်တွင် လပိုင်းမျှသာ နေ၍ ၁၉၁၁ ခုနှစ်တွင် အင်္ဂလန် ဂျူးဝစ် ကောလိပ်၊ ၁၉၁၄ ခုနှစ်တွင် ကိန်းဘရစ် တက္ကသိုလ် ကွင်းန်ကောလိပ်၊ ၁၉၁၄ ခုနှစ်တွင် အိုင်ယာလန် ဒဗ္ဗလင် ထရီနတီ ကောလိပ်တို့တွင် ဆက်လက် ပညာသင်သည်။ ၁၉၁၅ ခုနှစ်တွင် မက်ခ်သစ်ထရစ်ပို စာမေးပွဲ၊ ၁၉၁၇ ခုနှစ်တွင် အီကောနောမစ်ထရစ်ပို စာမေးပွဲများ အောင်သည်။ ၁၉၁၆ ခုနှစ်တွင် အင်္ဂလိပ် အက်ဆေးပြိုင်ပွဲ၌ ဟူးစ်ပရိုက်ဆု ရသည်။ ၁၉၁၇ ခုနှစ်တွင် ကိန်းဘရစ် တက္ကသိုလ်မှ ဘီအေဘွဲ့ကို သင်္ချာ၊ ဘောဂဗေဒ ဂုဏ်ထူးတို့ဖြင့် ရရှိသည်။ ၁၉၂ဝ ပြည့်နှစ်တွင် ဒဗ္ဗလင် ထရီနတီကောလိပ်မှ ဘီအေ (တီ၊ စီ၊ ဒီ) နှင့် အမ်အေဘွဲ့များ ရသည်။ ၁၉၂၁ ခုနှစ်တွင် အင်္ဂလန် မစ်ဒယ်တန်ပယ်လ် ဥပဒေကျောင်းမှ ဘရစ်စတာ (Barrister at Law) ဝတ်လုံဘွဲ့ ရသည်။

အင်္ဂလန်တွင် ပညာ သင်ကြားနေစဉ် အားကစား၌ ထူးချွန် ထင်ရှားသည်။ ဂျူးဝစ်ကောလိပ် ရတ်ဘီ အားကစား လက်ရွေးစင်၊ ပတ်ဘလစ်စကူး လက်ဝှေ့ ချန်ပီယံ၊ ကိန်းဘရစ် တက္ကသိုလ် ရတ်ဘီ ခေါင်းဆောင်နှင့် လှေလှော်အသင်း ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရသည်။

၁၉၁၇ ခုနှစ်တွင် မြန်မာ တိုင်းရင်းသားများထဲမှ အိန္ဒိယ စစ်တပ် ကော်မရှင် အရာရှိ ၄ ဦးတွင် တစ်ဦး အဖြစ် ခန့်အပ်ခံရသည်။ ၁၉၁၉ ခုနှစ်တွင် မြန်မာ တိုင်းရင်းသားများထဲမှ ပထမဆုံး အိုင်စီအက်စ် ဝန်ထမ်း အဖြစ် ရွေးချယ်ခံရကာ ၁၉၁၉-၂၁ ခုနှစ်တွင် အောက်စဖို့ဒ် တက္ကသိုလ်၌ အလုပ်သင် အဖြစ် ပညာသင်ခဲ့သည်။

၁၉၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်တွင် မြန်မာပြည်သို့ ပြန်ရောက်သည်။ ၁၉၂၂ ခုနှစ်တွင် ပဲခူးတိုင်း ကမာစဲမှ ဦးဘိုးမင်း၏ သမီး မသန်းတင်နှင့် လက်ထပ်သည်။ ၁၉၂၂ ခုနှစ်တွင် ပဲခူးဝန်ထောက်၊ ၁၉၂၄ ခုနှစ်တွင် သစ်တောဌာန အတွင်းဝန်ထောက်၊ သစ်တော ကော်မတီ အတွင်းရေးမှူး၊ ၁၉၂၅ ခုနှစ်တွင် ဘဏ္ဍာရေးဌာန အတွင်းဝန်ထောက်၊ ၁၉၂၆ ခုနှစ်တွင် အခွန်တော်နှင့် သဿမေဓ စုံစမ်းရေး ကော်မတီ အတွင်းရေးမှူး၊ ၁၉၂၇ ခုနှစ်တွင် သမဝါယမ တွဲဖက် ရီဇစ္စတြာ ဝန်ထောက် အဖြစ် ဆောင်ရွက်သည်။ ၁၉၂၈ ခုနှစ်၊ ဧပြီလ ၁ဝ ရက်မှ ၁၉၃၃ ခုနှစ်၊ ဧပြီ ၁၇ ရက် အထိ ဒေလီမြို့နှင့် ဆင်းမလားမြို့တို့တွင် အိန္ဒိယ အစိုးရ စက်မှုနှင့် အလုပ်သမားဌာန အတွင်းဝန်ထောက်၊ ဒုတိယအတွင်းဝန်၊ တွဲဖက်အတွင်းဝန် အဖြစ် အမှုထမ်းခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် ပြည်အရေးပိုင်၊ ၁၉၃၅ ခုနှစ်တွင် အတွင်းဝန်ရုံး ဘဏ္ဍာရေးဌာန ဒုတိယအတွင်းဝန်၊ ၁၉၄၁ ခုနှစ်တွင် ဝန်ကြီးချုပ်၏ အတွင်းဝန် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၃၉ ခုနှစ်မှ ၁၉၄၂ ခုနှစ်တိုင် ရန်ကုန်တက္ကသိုလ် အဓိပတိ အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၄၁ ခုနှစ်၊ အောက်တိုဘာလတွင် နန်းရင်းဝန် ဦးစော (ဂဠုန်ဦးစော) နှင့် အင်္ဂလန်သို့ လိုက်ပါ၍ အကြံပေး အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ဆင်းမလားရှိ မြန်မာပြည်ပြေး ဒေါ်မန်စမစ် အစိုးရ၏ အကြံပေး၊ ၁၉၄၅ ခုနှစ်၊ ကန္နီဆွေးနွေးပွဲ အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့သည်။ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဗြိတိသျှ အစိုးရ၏ အော်ဒါအော့ဖ် ဗြိတိသျှ အင်ပါယာဘွဲ့ (အိုဘီအီး) ချီးမြှင့်ခဲ့ရသည်။ ၁၉၄၆ ခုနှစ်တွင် အိုင်စီအက်စ် ဝန်ထမ်းဘဝမှ နုတ်ထွက်၍ The Burmese Review (သည်ဘားမိစ် ရီဗျူး)၊ New Time of Burma (နယူးတိုင်းမ်အော့ဖ် ဘားမား) သတင်းစာများကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သည်။ လန်ဒန်တိုင်း သတင်းစာ၏ အထူးသတင်းထောက် အဖြစ်လည်း ဆောင်ရွက်၍ မြန်မာပြည်နှင့် ပတ်သက်သော သတင်းနှင့် ဆောင်းပါးများ ရေးသားခဲ့သည်။

၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရ အဖွဲ့၌ ဘုရင်ခံခန့် ဝန်ကြီး၊ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလတွင် အောင်ဆန်း အက်တလီ စာချုပ် ချုပ်ဆိုရေး မြန်မာ ကိုယ်စားလှယ် အဖွဲ့ဝင်၊ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပင်လုံစာချုပ် ချုပ်ဆိုရေး မြန်မာကိုယ်စားလှယ်၊ ရီးဝီလျံ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သော နယ်ခြားဒေသ စုံစမ်းရေး ကော်မတီ အဖွဲ့ဝင်၊ ၁၉၄၇ ခုနှစ်၊ ဧပြီလတွင် တိုင်းပြုပြည်ပြု လွှတ်တော် (ဟင်္သာတခရိုင်) အမတ်၊ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီ အဖွဲ့ဝင်၊ အခြေခံဥပဒေ အချောကိုင် ကော်မတီ အဖွဲ့ဝင်၊ ၁၉၄၇ ခုနှစ်၊ ဇွန်လတွင် အင်္ဂလန်သွား မြန်မာ ချစ်ကြည်ရေး အဖွဲ့ဝင်၊ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်တွင် လန်ဒန် မြန်မာပြည်ဆိုင်ရာ ကော်မရှင်နာ မင်းကြီး၊ ၁၉၄၇ ခုနှစ်၊ အောက်တိုဘာလတွင် သခင်နု (ဦးနု) ဦးဆောင်သော ကြားဖြတ်အစိုးရ ဘဏ္ဍာရေး ဝန်ကြီး၊ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရ၏ နိုင်ငံခြားရေး ဝန်ကြီး၊ ၁၉၄၈ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်တွင် မြန်မာ့ အရန်တပ်မတော် တပ်မင်းကြီး တာဝန်များကို ယူခဲ့သည်။ ထိုသို့ တာဝန်ယူနေစဉ် ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် နယူတိုင်းမ်အော့ဖ် ဘာမား သတင်းစာတိုက်မှ နေအိမ်အပြန် ကားပေါ်အတက်တွင် ဗုံးခွဲ လုပ်ကြံခံခဲ့ရသည်။

ဘ၀နိဂုံး

အိုင်စီအက်စ် ဦးတင်ထွဋ်သည် ဗုံးဒဏ်ရာဖြင့် ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက် ည ၇ နာရီ ၃၅ မိနစ်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်သန်းတင်နှင့် သမီး ၃ ယောက် ကျန်ရစ်သည်။
 ZAW WIN

သမိုင်းရဲ့ အရိပ်မဲတွေအောက်က ရုန်းထွက်နိုင်ဖို့-----







ပြုပြင်ပြောင်းလဲရေးလုပ်ချင်ပါတယ် ဆိုတဲ့ အစိုးရသစ်ဟာ အာဏာရှင်ဟောင်းတွေ ကျူးလွန်ခဲ့တဲ့ သမိုင်းရဲ့ အရိပ်ဆိုးတွေအောက်မှာ အထိတ်တလန့်နေ နေကြတဲ့အဖြစ်ကို စဉ်းစားလို့မရအောင်ပါပဲ။


လွတ်လပ်တဲ့အာရှအသံရဲ့ အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ တင်ဆက်ခဲ့တဲ့ ဆောင်းပါးလေးပါ။

သောတရှင်များခင်ဗျား


မကြာသေးမီရက်များအတွင်းက ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံခဲ့တဲ့ ဦးစော မိသားစု မျိုးဆက်ရဲ့ လူမသိ သူမသိနေထိုင်ခဲ့ရတဲ့ ၊ လူ့အဖွဲ့အစည်းကို ပေါ်ပေါ်ထင်ထင် မိတ်မဆက်ရဲရှာတဲ့ ဆောင်းပါးလေးတပုဒ်ကို ဖတ်ခဲ့မိပါတယ်။ သမိုင်းဆိုတဲ့ အရာက သင်ခန်းစာယူစရာတွေ၊ သံဝေဂ ရစရာတွေ၊ ပြစ်ဒဏ်ခပ်မှုတွေ နဲ့ ပြည့်နှက်နေတာကို တွေ့မြင်ရပါတယ်။ တကယ်တော့ ဒီလိုအဖြစ်အပျက်တွေက ဦးစော မိသားစု တခုတည်းကြုံတွေ့ခဲ့ရတာ မဟုတ်ပါဘူး။ နိုင်ငံရေးလောကမှာလည်း ပြည်သူလူထုရဲ့ ခံစားမှုအပေါ် မထေမဲ့မြင်ပြုလုပ်ပြီး၊ အကြမ်းဖက်မှုတွေ နဲ့ တုန့်ပြန်ခဲ့မှုတွေကြောင့် အဖွဲ့အစည်းတခုလုံး ဂုဏ်သိက္ခာပျက်၊ နလံပြန်မထနိုင်တော့တဲ အဖြစ်မျိုးတွေကိုလည်း တွေ့မြင်နေခဲ့ရပါတယ်။
“ ၁၉၉၀ ရွေးကောက်ပွဲ ပြီးခါစ က အဖြစ်အပျက်တချို့ကို သတိယနေမိတယ်ဗျ။  မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ကို အသွင်ပြောင်းထားတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဟာ ၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပြီးရင်၊ ဒုတိယအများဆုံး အနိုင်ရတဲ့ ပါတီတခုဖြစ်တယ်။ တစည ပါတီ ခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲရလဒ်ကိုကြည့်ပြီး နောက်ထပ်ရွေးကောက်ပွဲအတွက် အားကြိုးမာန်တက်ပြင်ဆင်ကြပြန်တယ်။ သူတို့ရဲ့ အနာဂတ်အတွက် မျှော်လင့်ချက်ကြီးကြီး ပြန်ထားကြတယ် ဆိုတာ အဆန်းတော့မဟုတ်ဘူး။  တချို့နယ်တွေမှာဆိုရင် အန်အယ်ဒီ ကိုယ်စားလှယ်တွေရဲ့ နောက်ခံသမိုင်းတွေ၊ ကိုယ်ကျင့်သိက္ခာတွေကို မကြိုက်ကြတဲ့ အသံတွေကို ကြားနေရသလို၊ တောင်သာလို နယ်မြေတွေမှာလည်း  မဲက သိတ်ပြတ်လှတာမဟုတ်ဘူး ဆိုတော့၊ သူတို့ရဲ့ ပါတီအတွေ့အကြုံကို အသုံးချပြီး နောက်ထပ်ရွေးကောက်ပွဲမှာ၊ အနိုင်ရနိုင်တယ် ဆိုတဲ့ ယုံကြည်မှုတွေကလည်း ရှိနေတာပေါ့။ ဒီလို ယုံကြည်မှုတွေကို ၂၀၁၀ ရွေးကောက်ပွဲကာလတုံးက တစညပါတီ ရဲ့ အင်တာဗျုးတခုမှာ အထင်အရှားတွေ့ရမယ်”


၂၀၁၀ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဝင်ရောက် ယှဉ်ပြိုင်မှု မပြုလုပ်ခဲ့တဲ့အခါ၊ တစည ပါတီရဲ့ခေါင်းဆောင်တယောက်က “ အန်အယ်ဒီ ပါတီ နဲ့ တပွဲတလမ်း ပြန်ပြီး ပြိုင်ချင်ပါသေးတယ်ဗျာ” လို့ ပြောခဲ့ဘူးပါတယ်။ ဒါပေမဲ့ အားလုံးမြင်ကြတဲ့အတိုင်းပါပဲ။ ပြည်သူလူထုကြားမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဆိုတာ  ပြန်အဖတ်ဆယ် လို့မရတော့တဲ့ အဖွဲ့အစည်းတခုဖြစ်ခဲ့ပါတယ်။ တကယ်တော့ တစည ပါတီ ရဲ့ အရှုံးကို သင်ခန်းစာယူပြီး နိုင်ငံရေးဇာတ်ခုံကို စံနစ်တကျ ပြန်အသက်သွင်းခဲ့သူတွေက အာဏာသိမ်းစစ်ခေါင်းဆောင်တွေပဲဖြစ်ပါတယ်။ သူတို့ဟာ စစ်အာဏာသိမ်းပြီး နှစ်အနည်းငယ်အတွင်းမှာ ဗိုလ်ချုပ်ကြီးနေဝင်း ကို ဆက်လက် သစ္စာစောင့်သိပြီးကာကွယ်ခဲ့ပါတယ်။ မတ်လ (၂၇) တော်လှန်ရေးနေ့အခမ်းအနားတွေမှာ ဦးနေဝင်းရဲ့ပုံတွေကို အစိုးရသတင်းစာရဲ့ မျက်နှာဖုံးတွေမှာ ဝေဝေဆာဆာဖေါ်ပြခဲ့ဘူးပါတယ်။ ဒါပေမဲ့ ၉၀ ရွေးကောက်ပွဲရလဒ်ဟာ သူတို့ရဲ့ သစ္စာစောင့်သိမှုကို အကြီးအကျယ် ထိတ်လန့်စေခဲ့ပါတယ်။ ပြည်သူလူထုရဲ့ ဒီမိုကရေစီရေးတောင့်တမှု ဆန္ဒတွေ ကို တားဆီးနှောက်ရှက်နိုင်ဖို့မဖြစ်နိုင်တော့ဘူး ဆိုတာ သဘောပေါက်လိုက်တဲ့အခါမှာတော့ ဦးနေဝင်း မိသားစု နဲ့ ခပ်ခွာခွာနေဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အာဏာရှင်ဟောင်းတွေရဲ့ သြဇာခံတွေ ကို သူတို့ရဲ့အာဏာပြိုင်ဘက်တွေလို သဘောထားပြီး ဖမ်းဆီးအရေးယူခဲ့ကြတယ်။
“  အာဏာသိမ်းစစ်ခေါင်းဆောင်တွေဟာ ဦးနေဝင်းအပေါ် ပုဂ္ဂိုလ်ရေးကိုးကွယ်မှု ကို ကျောခိုင်းပစ်လိုက်ယုံသာမကဘူး စစ်ခေါင်းဆောင်တွေရဲ့ ထောက်ပံ့မှုတွေနဲ့ ရှင်သန်ရပ်တည်နေတယ် လို့ ပြည်သူလူထုက စွပ်စွဲဝေဖန်နေတဲ့ တစည ပါတီ ကိုလည်း အဆက်ဖြတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူတို့မျိုးဆက်အတွက် နိုင်ငံရေးဆက်လက် လုပ်ကိုင်နိုင်ခွင့်ရမဲ့ အဖွဲ့အစည်းတခုကို အသက်သွင်းခဲ့ပါတယ်။ မကြာခင်နှစ်ကာလများအတွင်းမှာတော့  ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အဖြစ် ပေါ်ပေါက်လာခဲ့ပြီး အနာဂတ်နိုင်ငံရေးကို လွှမ်းမိုးခြယ်လှယ်ချင်တဲ့ အစိုးရအဖွဲ့အစည်းအဖြစ်လူသိများခဲ့ကြတယ်”

မြန်မာစစ်အစိုးရရဲ့ စံနစ်တကျပုံလောင်းထားတဲ့ နိုင်ငံရေးအစီအစဉ်တွေ၊ ပြုပြင်ပြောင်းလဲရေးတွေကို အနောက်အုပ်စု နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကကြိုဆိုခဲ့ကြပါတယ်။ နိုင်ငံရေးအကျဉ်းသမားတွေကို လွတ်ပေးခဲ့တယ်။ သတင်းမီဒီယာတွေကို အတိုင်းအတာတခုအထိ လွတ်လပ်ခွင့်ပေးခဲ့တာကြောင့်၊ အာဏာရှင်တွေ ကြောက်လန့်တကြီးအုပ်မိုးထားတဲ့ အမှောင်ထုဟာ ပျောက်ကွယ်သွားတော့မယ် လို့၊ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့် နဲ့ ကျောင်းသားသမိုင်းဆိုင်အရာအဖြစ်အပျက်တွေအပေါ်မှာ ပြုမူဆက်ဆံနေတဲ့ လက်ရှိအစိုးရရဲ့ သဘောထားတွေဟာ ယုံကြည်မှုတွေကို သံသယနွံထဲမှာ ပစ်ချလိုက်သလိုဖြစ်နေခဲ့ရပါတယ်။


သောတရှင်များခင်ဗျား
လွတ်လပ်ရေး၊ အမျိုးသားရေးနဲ့နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲတွေမှာ ထိပ်ဆုံးကနေ အလံလွှင့်တိုက်ပွဲဝင်လေ့ရှိတဲ့                   
ကျောင်းသားသူရဲကောင်းတွေ စုဆုံရာ၊ သမဂ္ဂအဆောက်အဦ ကို ဖြိုခွဲဖျက်ဆီးဖို့ကြိုးစားခြင်းဟာ အင်မတန်ကြီးလေးတဲ့ ရာဇဝတ်မှုကြီး ဖြစ်တယ် ဆိုတာကို ဗိုလ်ချုပ်ကြီး နေဝင်းကိုယ်တိုင် သဘောပေါက်နားလည်နေခဲ့ပါတယ်။ ဒါကြောင့်လည်း သမဂ္ဂဖြိုခွဲမှုဟာ သူနဲ့တိုက်ရိုက်မသက်ဆိုင်သလိုလို နဲ့ သမိုင်းဆိုးကို အဖတ်ဆယ်ဖို့ကြိုးစားခဲ့ပါတယ်။ မဆလ ပါတီရဲ့ နောက်ဆုံးဥက္ကဋ္ဌဖြစ်ခဲ့သူ ဒေါက်တာမောင်မောင်ကလည်း “ ကျောင်းသားသမဂ္ဂကြီးကို ပျော်ပျော်ပါးပါးကြီး အုတ်မြစ်ချကြတာပေါ့” လို့ အလေးအနက်ပြောဆိုခဲ့ဘူးပါတယ်။ အတိတ်ရဲ့ အရိပ်မည်းကြီးတွေထဲကနေ ခွဲထွက်ပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလုပ်နေပါတယ် လို့ ဂတိပေးပြောဆိုနေတဲ့ မြန်မာအစိုးရသစ်ဟာ အာဏာရှင်ဟောင်းတွေ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ပြည်သူလူထုကြားမှာ ဖေါ်ထုတ်ပြီး သမိုင်းသံဝေဂ ရတဲ့ သင်ခန်းစာတွေကို လေ့လာသင့်ပါတယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်နေပါတယ် ဆိုတဲ့ မြန်မာစစ်အစိုးရကို မြင့်မြတ်တဲ့ ခွပ်ဒေါင်းတို့ ဆုံဆည်းရာ သမဂ္ဂအလံတော်အောက်မှာ အပြုံးတွေဖလှယ်ပြီး လက်ဆွဲနှုတ်ဆက်ကြတဲ့ အနာဂတ်တခု ပိုင်ဆိုင်စေချင်ပါတယ်။

 Aung Moe Win
on Thursday, July 12, 2012
 at 12:43pm ·

လက်တွဲညီညီ ဒီမိုပန်းတိုင်သို့ချီ

                                                                             ဆရာတက္ကသိုလ် ဘုန်းကြွယ်
                                     
                                        


အမျိုးသား ဒီမို ကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကို ပြည့်သူ့  လွှတ်တော် ဥက္ကဌ သူရ ဦး ရွှေမန်း က ထောက်ခံ သူ တစ် ယောက် အဖြစ် ရပ်တည် လာတာကို အစိုးရအဖွဲ့ အတွင်း က သဘော ထား တင်းမာ သူတွေ က သဘောကျပုံ မရ ဘူး လို့  လွှတ်တော် အမတ် တစ် ဦး က ပြောပါတယ်။


လက်တွဲညီညီ ဒီမိုပန်းတိုင်သို့ချီ

မီးများမီးနိုင် ရေများရေနိုင်တဲ့လောက
ပြောကြ သြချကြစတမ်းဆိုရင်
လမ်းမှန်ကိုလျှောက် အမှားပြင်ရန်မကြောက်
နောက်ကြောင်းမကောင်းလည်း
အကြောင်းအကျိုး ကောင်းဆိုးမြင်လာတဲ့ခါ
ကောင်းတာကိုမြတ်နိုး
ကောင်းအောင်ကြိုးချင်းတဲ့စိတ်နဲ့
အတိတ်ကအမှားတွေကိုသံဝေဂ
အမှန်မသွေပ ရလာကြပြီး
လက်နက်ချ အညံ့ခံ အမှားကိုဝန်ခံ
အသစ်တဖန်မွေးဖွားလာသလို
အပြေးအလွှားနဲ့ အရေးထားဆောင်ရွက်ကြလော့။

လွှတ်တော်အတွင်း ပြဿနာပေါင်းဖြေရှင်းတဲ့ခါ
နေ၀င်းလို မာန်မထနဲ့ သန်းရွှေလို ကန်မချနဲ့
ဟန်ကျပန်ကျ ဒီမိုကရေစီနည်းလမ်းကျကျ
သုံးသပ်ကြ…ဆုံးဖြတ်ကြ….
လမ်းပြတဲ့ဒေါ်စုနဲ့ အဖေါ်ပြုပြီး
လူထုအတွက် တိုင်းပြည်အတွက်
သွက်သွက်ဆောင်ရွက်ပေးကြပါလို့
စေတနာအရင်းခံနဲ့ အကြောင်းဖန်
တောင်းပန်လိုက်ရပါတယ်ဗျာ…။

ပြည်သူလူထု အများစု ကိုယ်စား

တက္ကသိုလ်ဘုန်းကြွယ်
(ဇူလိုင် ၁၀ ၂၀၁၂)



ရန်ကုန် စီးပွားရေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဖွဲ့စည်း ကြောင်း ထုတ်ပြန်ကြေငြာချက် ။

ဗကသများ အဖွဲ့ချုပ် (အထက်ဗမာပြည်လုပ်ငန်းကော်မတီ)


ရန်ကုန် စီးပွားရေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဖွဲ့စည်း ကြောင်း ထုတ်ပြန်ကြေငြာချက် ။
ကျောင်းသား သမဂ္ဂ တွေ သာမက လူထုလူတန်းစား အသီးသီးမှာ ကိုယ်စားပြုတဲ့ အဖွဲ့အစည်းသမဂ္ဂတွေ ပေါ်ထွန်းလာဖို့လိုပါတယ်။
ဒါကို အစိုးရအနေနဲ့ အပြုသဘောနဲ့ အကောင်းမြင်လက်ခံကြိုဆိုဖို့လိုတယ်။ ဒီလို ပေါ်လာတာဟာ လူထုလူတန်းစားအသီးသီး ကို ကိုယ်စားပြုတဲ့ အသံတွေ အမြင်တွေ အစိုးရနဲ့ လွယ်လွယ်ကူကူ ဆက်သွယ်၊ ဆက်ဆံ ပြောဆိုနိုင်ရေးအတွက် အများကြီး အထောက်အကူ ဖြစ်စေမှာပါ။
အစိုးရအနေနဲ့ ဒီအဖွဲ့အစည်းတွေဟာ “လမ်းပေါ်ထွက်ရေး” လမ်းစဉ်ကနေ၊ “စားပွဲဝိုင်းမှာ ညှိနှိုင်းဆွေးနွေးအဖြေရှာရေး” လမ်းစဉ် ကို ဦးတည်ဖို့ အလားအလာကောင်းတွေ အထောက်အပံ့တွေ လို့ မြင်မှ၊ လက်ခံမှသာ ဒီမိုကရေစီ ရှင်သန်ထွန်းကားတဲ့ လူ့အဖွဲ့အစည်းတရပ်ဆီကို အမှန်တကယ် ဦးတည်ပြောင်းလဲ နိုင်မှာ ဖြစ်ပါတယ်။ ဒီလို အဖွဲ့အစည်းတွေ ပေါ်လာတာ
ပြည်သူက ပြောင်းလဲ ဖို့ အသင့်ပါလို့ ပြသနေတာပါ။

အစိုးရ က သာ ဘာလဲ၊ ဘယ်လဲ မေးခွန်းထုတ်ရပါတော့မယ်။

ချိုတူးဇော်